မဟာမိတ်အစစ်
Vol. 91 Ch. 1268
အခန်း (၁၂၆၈) မဟာမိတ်အစစ်
ရန်သူ၏ စူးစိုက်ကြည့်ခြင်းကိုခံရသည့်အခါ ရန်ကျောက်ကဲတစ်ကိုယ်လုံး အေးစက်သွားသည့်ပမာ ခံစားလိုက်ရသည်။
ခန်းမဝိညာဉ်က အေးစက်သောအသံဖြင့် အော်ဟစ်လိုက်သည်။
“ငါ့ရဲ့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ခိုးယူတဲ့ကောင်စုတ်... မင်းကိုယ်တိုင် ငါ့ဆီရောက်လာတယ်ဆိုတော့ ငါ့အတွက်ပိုပြီး လွယ်ကူသွားတာပေါ့”
ထို့နောက် လေထုထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် နျဲ့ကျင်းရှန်က မတ်တတ်ထရပ်လိုက်သည်။
တစ်ချိန်တည်းပင်း သူ၏ဦးခေါင်းထက်တွင်ရှိနေသော ကောင်လေးကလည်း ထိုနည်းတူစွာ ပြုလုပ်လိုက်၏။
ခန်းမဝိညာဉ်’ထျန်းစူး’ က ဤသို့သောအခြေအနေမျိုးတွင် တိုက်ပွဲဝင်နိုင်စွမ်းရှိကြောင်း မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
စောစောက ထုံးတမ်းအစီအရင် ပြုလုပ်နေစဉ် သူ၏တန်ခိုးးစွမ်းအား ကန့်သတ်ခံထားရသည့်အချိန်နှင့် မတူညီပေ။ လက်ရှိတွင် သူက ဆန္ဒရှိသလောက် စွမ်းအားကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
မဟာတာအို၏ စူးရှတေးသံမရှိသော်လည်း ရိုးရှင်းပြီး ခမ်းနားသည့်တန်ခိုးစွမ်းအားလှိုင်းလုံးက သမင်ဖြူနတ်မိစ္ဆာ၏ အမတချီစွမ်းအား (၅)ခု ပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအားနှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်။
ရန်ကျောက်ကဲ၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။
သူက...
“မင်း ဒီလိုအစီအစဉ်အလုပ်ဖို့အတွက် အတော်လေး ကြိုးစားခဲ့ရတဲ့ပုံပဲ ၊ ဒါပေမဲ့ တခြားသူတွေကို တိုက်ခိုက်ဖို့ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ တန်ခိုးစွမ်းအားကို အသုံးချနိုင်ပေမယ့် ဂိုဏ်းတူအစ်ကို’နျဲ့ဲ့ ရဲ့ ရုပ်ခန္ဓာကို အပြည့်အဝ ရယူနိင်ဖို့ အချိန်လိုအပ်တယ် ၊ မီးလျှံထက်ယံအရှင်သခင်က အချိန်မရွေး ဒီနေရာကို ရောက်လာနိုင်တယ်”
“အိုး... မင်းနားလည်အောင်ပြောရမယ်ဆိုရင်...မီးလျှံထက်ယံအရှင်သခင်ဆိုတာ ငါတို့ခေတ်ရဲ့ မီးလျှံကြယ်သခင်လို့ပြောလို့ရတယ်...”
ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ရင်း...
“ပြီးတော့ သမင်ဖြူအိုကြီးလည်း ဘက်ပြောင်းပြီး မင်းကို အရင်ဆုံးရှင်းပစ်ဖို့ ရောက်လာနိုင်တာပဲလေ”
ခန်းမဝိညာဉ်က ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...
“ကောင်စုတ်လေး... မင်းက အရမ်းစကားများတာပဲ ၊ သူတို့ ဒီနေရာကိုရောက်မလာခင် ငါက မင်းကို အကြိမ်ပေါင်း ရာနဲ့ချီပြီး သတ်ပစ်နိုင်တယ်”
ရန်ကျောက်ကဲက သူ့ကိုမကြည့်ဘဲ ခေါင်းကိုအခြားဘက်သို့ လှည့်လိုက်သည်။
သူက အသေးစိတ်အချက်အလက်များကို စဉ်းစားပြီးနောက်...
“ကျစ်... မင်းလက်ချက်ဖြစ်မယ်လို့ ငါ ခန့်မှန်းမိသားပဲ”
သူ့စကားဆုံးသွားသည်နှင့် ဗလာနယ်ထဲတွင် လက်တန်းပါသော ထိုက်ရှီကုလားထိုင်တစ်လုံးပေါ်လာသည်။ ကုလားထိုင်ထက်တွင် ခရမ်းရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ပျင်းရိပျင်းတွဲ ကျောမှီပြီးထိုင်လျှက် ရှိသည်။
သူက ရန်ကျောက်ကဲနှင့် ခန်းမဝိညာဉ် စကားပြောနေသည်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေလေသည်။
ထိုသူက အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး အခြားသူမဟုတ်ပေ။ သူနှင့် ရန်ကျောက်ကဲ မဆုံဖြစ်သည်မှာပင် အချိန်အတော်ကြာနေပြီ ဖြစ်၏။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“... မင်းကို အထက်ရပ်ထိပ်တန်းအရှင်သခင်လို့ ခေါ်လို့မရတော့ဘူးပဲ... အခု အစစ်အမှန်နတ်ဘုရားဖြစ်သွားပြီဆိုတော့... ဧကရာဇ်ဘွဲ့ရသွားပြီ မဟုတ်လား”
ခရမ်းရောင်ဝတ်လူငယ် ‘ချန်ချန်းဟွာ’ က တိုက်ခိုက်ခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်မှ စွမ်းအားရောင်ဝါကို အခြေခံပြီး ထိုသူမှာ နတ်ဘုရားတံခါးကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးအဖြစ် တက်လှမ်းခဲ့ပြီကို ရန်ကျောက်ကဲ အတတ်ပြောနိုင်သည်။
ယခုဆိုလျှင် သူက လူသားနတ်ဘုရား ‘ချန်ချန်းဟွာ’ မဟုတ်ဘဲ အစစ်အမှန်နတ်ဘုရား ‘ချန်ချန်းဟွာ’ ဖြစ်ပေသည်။
ချန်ချန်းဟွာ နတ်ဘုရားတံခါးဖွင့်လှစ်နိုင်ခြင်းက အခြားသူများနှင့် မတူကွဲပြားသည်။
သူ၏တန်ခိုးစွမ်းအားက နဂိုကတည်းကပင် အလွန်ထူးခြားပြိး ကျင့်ကြံခြင်းအဆင့် တူညီသူများအားလုံးထက် သာလွန်သည်။
သူ နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်သည့်အခါ ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရား (၅)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်လာနိုင်ပြီး တန်ခိုးစွမ်းအားတွင်လည်း မြင့်မားလွန်းသည်။
ဤသည်က စိတ်ချရသည့် ခန့်မှန်းချက်တစ်ခုပင် ဖြစ်၏။
ထိုခန့်မှန်းချက်က ချန်ချန်းဟွာ ကျင်ကြံခြင်းအဆင့်တက်ခဲ့သည့် အချိန်ကာလကိုလည်း အခြေခံထားသည်။ သူက ကျင့်စဉ်စွမ်းအားများစုဆောင်းရန် အချိန်ပေးထားသည်ဖြစ်ရာ ယခု ပို၍ကြောက်စရာကောင်းလာမည်မှာ အမှန်ပင်။
ထို့ပြေင် သူ့တွင် အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘ထျန်းရှင်းပေတံ’ လည်း ရှိနေသေးသည်။
လူသားနတ်ဘုရားတစ်ယောက်တွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ရှိနေခြင်းနှင့် အစစ်အမှန်နတ်ဘုရားတစ်ပါးတွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ရှိနေခြင်းက ကွာခြားချက် အလွန်တရာ ကြီးမားသည်။
ချန်ချန်းဟွာက အလေးအနက်မထားဟန်ဖြင့်...
“ဧကရာဇ်ဘွဲ့လား... အဲဒါက အရေးမကြီးပါဘူး”
သူက ဆက်ပြောသည်။
“ငါက ဒီ အဂ္ဂိရတ်ခန်းမကိုတောင် သိပ်ပြီး အလေးအနက်ထားတာ မဟုတ်ဘူး”
ထို့နောက် သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။
“အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ် ကိုယ်ပိုင်အသိဉာဏ်ရနေတဲ့ကိစ္စကိုပဲ ငါစိတ်ဝင်စားတယ် ၊ ပြီးတော့ မင်းတို့သားအဖနဲ့ နျဲ့ကျင်းရှန်တို့ ဒီနေရာကိုရောက်လာတာကိုလည်း ငါ အံ့သြမိတယ်”
ရန်ကျောက်ကဲက မျက်လုံးလှန်လိုက်ရင်း...
“ထင်တဲ့အတိုင်းပဲ... ဒီ ထုံးတမ်းအစီအရင် ထူးဆန်းနေတာ မင်းလက်ချက်ကိုး...”
ခန်းမဝိညာဉ်’ထျန်းစူး’ က နတ်ဆေးလုံးများနှင့် ရတနာပစ္စည်းများစွာကိုအသုံးပြုပြီး ဆေးပစ္စည်းသိုလှောင်ရုံတွင် လူသားရုပ်ခန္ဓာတစ်ခုပြုလုပ်နိုင်ရန်အတွက် ထုံးတမ်းအစီအရင်တစ်ခု ပြုလုပ်ခဲ့သည်။ ထိုအချိန်ကတည်းက တစ်ခုခုထူးဆန်းသည်ဟု ရန်ကျောက်ကဲ ခံစားနေရသည်ပင်။
သူအသုံးပြုသည့်ပညာရပ်က အလွန်တရာ လူသိနည်းသော်လည်း အပြောင်းအလဲများပြီး နက်နဲသိမ်မွေ့သည်။
ဤအစီအရင်ပညာရပ်က ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်ခြင်း မရှိပေ။ ကျင့်ကြံခြင်းအဆင့် အလွန်တရာမြင့်မားသူများသည်ပင် ထိုအစီအရင်မျိုးနှင့် ထိတွေ့နိုင်ရန် အလွန်ပင် အခွင့်အရေးနည်းပါးသည်ဖြစ်ရာ ထိုပညာရပ်ကို သိရှိနိုင်မည် မဟုတ်ပေ။
စွယ်စုံဗဟုသုတရှိပြီး အလွန် အသိပညာကြွယ်ဝမှသာလျှင် ဤ အစီအရင်နှင့်ပတ်သက်ပြီး အနည်းငယ်ကို သိရှိနိုင်စွမ်းရှိမည် ဖြစ်သည်။
ချန်ချန်းဟွာက ပေါ့ပါးစွာပင် ရယ်မောလိုက်ရင်း...
“သူ လူသားတစ်ယောက်အဖြစ်ပြောင်းလဲချင်တာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားမိလို့ ငါ သူ့ကို အကြံတစ်ခုပေးလိုက်တာလေ...”
ရန်ကျောက်ကဲကလည်း ရယ်မောလိုက်သည်။
“အဟက်... သေချာတာပေါ့... ဒီလိုလုပ်မယ့်သူ မင်းအပြင် ဘယ်သူရှိမှာလဲ”
အဂ္ဂိရတ်ခန်းမအတွင်းသို့ ရောက်ရှိနေသူများထဲတွင် ချန်ချန်းဟွာက အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကို စိတ်ရင်းမှန်ဖြင့်ကူညီပေးမည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သည်။
အခြားသူများအနေဖြင့် ခန်းမဝိညာဉ်ဖြင့် ပူးပေါင်းမည်ဆိုပါက ရေတိုအကျိုးအမြတ်အတွက်သာ ဖြစ်သည်။ နောက်ဆုံးမှာတော့ အားလုံးက ခန်းမဝိညာဉ်ကိုလုပ်ကြံရန် အခွင့်အရေးစောင့်နေကြသူများသာ ဖြစ်၏။
လူတိုင်း လိုချင်မက်မောသည်က အဂ္ဂိရတ်ခန်းမနှင့် ခန်းမအတွင်းမှ ရတနာပစ္စည်းများပင် မဟုတ်ပါလား။
ခန်းမဝိညာဉ်’ထျန်းစူး’ အတွက် ဤနေရာသို့ရောက်လာသူတိုင်းက သူ၏ရန်သူ ဖြစ်သည်။
သူက အဂ္ဂိရတ်ခန်းမ၏ ချည်နှောင်မှုမှလွတ်မြောက်ရန် လူသားရုပ်ခန္ဓာတစ်ခု ရယူချင်ခဲ့သည်။ သူ၏ဒဏ်ရာဟောင်းများကို ကုသပြီး ကျင့်ကြံရန်အတွက် အခွင့်အရေးရယူလိုသည်။
သို့သော် ဤသို့ဖြစ်ခြင်းက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နိုင်သည့် အခွင့်အရေးအားလုံးကို စွန့်လွှတ်မည်ဟု မဆိုလိုပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက လူသားတစ်ယောက်အဖြစ်ပြောင်းလဲပြီးနောက် အဂ္ဂိရတ်ခန်းမကို ဆက်လက်ထိန်းချုပ်ထားနိုင်စွမ်း ပို၍ပင် အားကောင်းလာပေမည်။
အဂ္ဂိရတ်ခန်းမ၏ ပင်မထိန်းချုပ်ရေးဗဟိုဖြစ်သော ခရမ်းရောင်ဝိညာဉ်ခန်းမတွင် နေထိုင်ရန်မလိုတော့ဘဲ သူ အလိုရှိသည့်အချိန်တိုင်း အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ နောက်ဆုံးတွင် မည်သူအနိုင်ရသည်ဖြစ်စေ အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာည်ကိုတော့ ဖယ်ရှားပစ်ရန်နည်းလမ်းကို တွေးတောရပေမည်။
ခန်းမဝိညာဉ်’ထျန်းစူး’ ဘက်တွင် ရပ်တည်ပေးမည့် တစ်ယောက်တည်းသောသူမှာ ‘ချန်ချန်းဟွာ’ သာလျှင် ရှိပေလိမ့်မည်။
ချန်ချန်းဟွာ၏ စိတ်ဝင်စားမှုကို စွဲဆောင်နေသည့်အရာမှာ အဂ္ဂိရတ်ခန်းမ မဟုတ်သလို ခန်းမအတွင်းမှ ရတနာပစ္စည်းများလည်း မဟုတ်ပေ။
သူက ရန်ကျောက်ကဲတို့အုပ်စုထက်နောက်ကျပြီး အဂ္ဂိရတ်ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထျန်းစူးနှင့် အရင်ဆုံး ထိတွေ့ခွင့်ရခဲ့သည်။
နောက်ဆုံး သူတို့နှစ်ယောက် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြ၏။
ဟုတ်ပေ၏။ ခန်းမဝိညာဉ်’ထျန်းစူး’ မှာလည်း အရင်ကသူ့ကို မယုံကြည်ခဲ့ပေ။
သို့သော် ချန်ချန်းဟွာက လုံးဝ စိတ်ထဲမထားပေ။
အချိန်ကြာလာသည်နှင့်အမျှ အလုပ်ကသက်သေပြသည်ဖြစ်ရာ ခန်းမဝိညာဉ်မှာလည်း သူ့ကို ယုံကြည်လာခဲ့သည်။
ခန်းမဝိညာဉ်’ထျန်းစူး’က စွမ်းအားကြီးမားသော်လည်း ချန်ချန်းဟွာ အနားတွင်ရှိနေလျှင် စိတ်သက်သောင့်သက်သာ ခံစားရသည်။
သမင်ဖြူနတ်ဆိုးနှင့် နှိုင်းစာလျှင် သူတို့နှစ်ယောက်က ပိုမိုစစ်မှန်သော မဟာမိတ်များ ဖြစ်ကြသည်ပင်။
စကားအနည်းငယ်ပြောဆိုပြီးသည်နှင့် ဗလာနယ်ကိုဖြတ်သန်းကာ သူတို့ဆီသို့ အခြားသူများ နီးကပ်လာကြသည်။
ရန်တိ ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ ဆက်တိုက်ဆိုသလို ရောက်ရှိလာသည်။
ပိုမိုနီးကပ်သော ဧရိယာအတွင်းရောက်ရှိလာသည်နှင့် ရန်ကျောက်ကဲက သူတို့အားလုံးအားဆက်သွယ်ရန် လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုလိုက်သည်။
ခန်းမဝိညာဉ်’ထျန်းစူး’ ကတော့ အရာအားလုံးကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
စောမင်ကျန့်နှင့် သမင်ဖြူနတ်မိစ္ဆာမဟုတ်သရွေ့ သူက ထိုသူများကို စိတ်ဝင်စားမည် မဟုတ်ပေ။
ယခုအချိန်တွင် ခန်းမဝိညာဉ်၏တန်ခိုးစွမ်းအားက ကျန်းပုရွှီး ၊ တိမ်လွှာခွင်းဧကရာဇ် ၊ လုန်ရွှယ်ကျီးတို့နှင့် တိုက်ခိုက်ချိန်ကထက် ပိုမိုအားကောင်းနေသည်။
ရန်တိကိုမြင်တော့ ချန်ချန်းဟွာ၏မျက်ဝန်းများ တောက်ပသွားသည်။
“ဟား.... မင်းရဲ့ ထိုက်ယိဟွာတိမ်တိုက်ကို ငါ ခွဲထုတ်ပစ်နိုင်မလား ကြည့်တာပေါ့”
ထိုစကားကိုကြားသည်နှင့် ရန်ကျောက်ကဲတို့အုပ်စု ချက်ချင်း သဘောပေါက်သွားသည်။
“ထင်တဲ့အတိုင်းပဲ သူ နတ်ဘုရားအဆင့်ကိုမတက်ခင် ကောင်းကင်ဖွင့်ကျမ်းစာကို ကျင့်ကြံနိုင်ခဲ့တာပဲ”
နဂိုကပင် အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသော ‘ချန်ချန်းဟွာ’ မှာ ကောင်းကင်ဖွင့်ကျမ်းစာကို ထပ်မံရရှိသွားသည့်အခါ ပြောနေစရာပင် မလိုတော့ပေ။
မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်နှင့် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် စုစည်းမိပါက နတ်ဘုရားတံခါးကို မဖွင့်နိုင်သေးသည့်တိုင် တန်ခိုးစွမ်းအား အလွန်တရာ မြင့်မားမည် ဖြစ်သည်။
သို့သော် ထိုအထဲတွင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ပါဝင်ခြင်း မရှိသေးပေ။
အကယ်၍ နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးသူဆိုပါက ဤ အခြေခံအုတ်မြစ်ဖြင့် ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့ပါက ပြိုင်ဘက်တိုင်း ကြောက်ရွံ့ရသူတစ်ယောက် သေချာပေါက် ဖြစ်လာပေမည်။
သို့သော် ရန်တိ၏မျက်နှာကတော့ လုံးဝ ကြောက်ရွံ့ခြင်းမရှိ တည်ငြိမ်နေဆဲပင်။
သူက စိတ်အားထက်သန်လာလိုက် ဒေါသဖြင့်ပြည့်နက်လာလိုက်ဖြစ်နေသော နျဲ့ကျင်းရှန်၏ မျက်နှာအမူအရာကို လှမ်းကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ထိုအချိန်...
“ကောင်းကင်သခင်လေး’ချန်ချန်းဟွာ’ ... ငါတို့အချင်းချင်း ဆုံတွေ့ခွင့်မရခဲ့ကြဘူး ၊ အခုတော့ အခွင့်အရေးရပြီဆိုတော့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ဘယ်တော့မှာ ငါတို့ တိုက်ခိုက်ဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
ရောက်လာသူက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူဆောင်းထားသည့် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် ဖြစ်သည်။
ချန်ချန်းဟွာ မျက်တောင်တစ်ချက်ခတ်ရင်း...
“လုန်ရွှယ်ကျီး...”
သူက ဆက်ပြောလိုက်သည်။
“မင်းက အရမ်းတန်ခိုးစွမ်းအားမြင့်မားတဲ့သူပါ ၊ ဒါပေမဲ့ ငါတို့တိုက်ခိုက်မယ်ဆိုရင်တော့ ပျော်စရာ သိပ်ကောင်းမှာမဟုတ်ဘူး လုန်ရွှယ်ကျီး...”
လုန်ရွှယ်ကျီးက သူ့စကားကို အရေးမစိုက်ဟန်ဖြင့်...
"ဒါက မင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး"
ပြောပြီးသည်နှင့် သူက ဓားကိုပင့်မြှောက်လိုက်ပြီး ချန်ချန်းဟွာဆီသို့ ထိုးစိုက်ချလိုက်လေတော့၏။