ဒီရေပြောင်းပြန်
Vol. 91 Ch. 1269
အခန်း (၁၂၆၉) ဒီရေပြောင်းပြန်
လုန်ရွှယ်ကျီးက ဓားဖြင့်ထိုးစိုက်လိုက်သည်နှင့် အဖြူရောင်ဓားအလင်းတန်းက ကောင်းကင်ထက်မှ မြစ်ရေများ စီးဆင်းလာသည့်ပမာ ချန်ချန်းဟွာဆီသို့ ဦးတည်ဝင်ရောက်သွားတော့သည်။
ချန်ချန်းဟွာ မျက်လုံးလှန်လိုက်ရင်း...
“စိတ်ရှုပ်စရာပဲ...”
ထို့နောက် သူက အထက်သို့ ပျံတက်သွားပြီး လုန်ရွှယ်ကျီး၏ တိုက်ခိုက်မှုကို ခန့်မှန်းနေမိသည့်အလား အဖြူရောင်ဓားအလင်းတန်းများကို ရှောင်ထွက်သွားသည်။
လုန်ရွှယ်ကျီးမျက်ဝန်းများအေးစက်သွားပြီး သူ၏စိတ်ထဲမှ အမိန့်ပေးသံတစ်ချက်နှင့်အတူ အဖြူရောင်ဓားအလင်းတန်းအတွင်းမှ အစိမ်းရောင်ဓားအလင်းတန်းများထွက်ပေါ်လာပြီး စိမ်းပြာရောင်နဂါးများ ကောင်းကင်ထက်သို့ ထိုးဖောက်ထွက်သွားသည့်ပမာ ဖြစ်သည်။
ချန်ချန်းဟွာ မျက်ဝန်းများတောက်ပသွားပြီး...
“နတ်ဘုရားသုတ်သင်ဓားသိုင်း... ဒီလို အစွမ်းထက်တဲ့ဓားသိုင်းနဲ့ တိုက်ခိုက်ရရင်တော့ ပျင်းစရာမကောင်းတော့ပါဘူး”
သူက လုံးဝမရှောင်တိမ်းဘဲ သူ၏လက်ညိုးလက်ခလယ်ကိုအသုံးပြုကာ ဓားဝိညာဉ်တစ်ခု ထုတ်ဖော်ပြီး အောက်သို့ ခုတ်ပိုင်းချလိုက်သည်။
သူ၏လက်ဖဝါးထက်မှ အမတချီစွမ်းအားအလွှာများထွက်ပေါ်လာပြီး ပုဆိန် သို့မဟုတ် လှံရှည်တစ်ခုနှင့်တူသည့် အရာတစ်ခု ထွက်ပေါ်လာသည်။
ထိုလှံရှည်ပမာ ချီစွမ်းအားက မိုးနှင့်မြေကို ပိုင်းခြားတော့မည့်ပမာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ကြီးကျယ်ခမ်းနားလွန်းသည်။ ထိုစွမ်းအားက မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော လုန်ရွှယ်ကျီး၏ ဓားအလင်းတန်းဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
စန့်ချင်အဆက်အနွယ်နှင့် ယွိချင်အဆက်အနွယ်...။
သူတို့ကြားမှ မဆုံးနိုင်သော ပဋိပက္ခများက ခေတ်အဆက်ဆက်ကြာမြင့်ခဲ့ပေပြီ။
နတ်ဘုရားသုတ်သင်ဓားသိုင်းနှင့် ကောင်းကင်ဖွင့်ကျမ်းစာတို့ ထပ်မံရင်ဆိုင်တွေ့ကြပြန်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀)ခန့်က ရှောင်ကျန့်နတ်ဓားရှင်နှင့် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)ခန့်က ကောင်းကင်သခင်လေး။
အထက်ဘုံကမ္ဘာတွင် ချန်ချန်းဟွာ စတင်ကျော်ကြားလာချိန် လုန်ရွှယ်ကျီးက အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝါစဉ်မတူသည့် သူတို့နှစ်ယောက် တစ်ခါမှ ဆုံတွေ့ခဲ့ဖူးခြင်း မရှိပေ။
ယခုတော့ နတ်ဘုရားတံခါးဖွင့်လှစ်ပြီးကြသည့် ယိုစိမ့်ခြင်းမရှိ အစစ်အမှန် နတ်ဘုရား (၂)ပါး တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ကြပြီး ကြီးမားသောတိုက်ပွဲဖြစ်လာသည်မှာ သဘာဝကျလှသည်။
လုန်ရွှယ်ကျီးက ချန်ချန်းဟွာအား ခုခံနေသည်ကိုအကဲခတ်လိုက်ပြီး ရန်ကျောက်ကဲက သူတို့ထံမှအကြည့်ကို ပြန်လည်ရုတ်သိမ်းကာ အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကို လှည့်ကြည့်လိုက်သည်။
နျဲ့ကျင်းရှန်က အလွန်တရာ အန္တရယ်များသည့် အနေအထားတွင် ရှိနေသည်။
သူ၏ မျက်ဝန်းများက သူ၏ဦးခေါင်းထက်မှ ကောင်ငယ်လေးပမာ ရေခဲတမျှ အေးစက်နေပြီး အခြားသူများကို မကြည့်ဘဲ ရန်ကျောက်ကဲကိုသာ စူးစိုက်ကြည့်နေသည်။
အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်’ထျန်းစူး’ က ...
“ဆေးလုံးခန်းမထဲက အရာအားလုံး ငါပိုင်တယ်...”
သူက ဆက်ပြောသည်။
“ငါ့ရဲ့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ငါ့ကိုပြန်ပေးပါ...”
သူ့စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲမှာ အဂ္ဂိရတ်ခန်းမထဲတွင် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ရော လုံးဝ လှုပ်ရှားမရတော့ဘဲ တုပ်နှောင်ခံလိုက်သလို ခံစားလိုက်ရသည်။ ခန်းမဝိညာဉ်၏စွမ်းအားက သူ့ကို ကိုယ်တွင်းမှ ဆုပ်ညှစ်ထားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက တုန်ခါသွားပြီး ရန်ကျောက်ကဲ၏ထိန်းချုပ်မှုမှ လွတ်ကင်းလုနီးပါးဖြစ်သွားကာ ခန်းမဝိညာဉ်ဆီသို့ ဦးတည်သွားနေသည်။
ခန်းမဝိညာဉ်က အေးစက်စွာဖြင့်...
“မသိတတ်တဲ့ကောင်စုတ်... ဒီနေ့ ငါ့ရန်ငြိုးဘယ်လောက်ကြီးတယ်ဆိုတာ မင်း သိစေရမယ်”
သူ၏ပတ်ဝန်းကျင်မှဖိအားများ ပိုမိုပြင်းထန်လာကြောင်း ရန်ကျောက်ကဲ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကြိတ်ချေခံရတော့မည်ကို သိရှိလိုက်သည်။
ဤသည်က သူ၏အသွေးအသားနှင့်အရိုးများကို ရိုးရှင်းစွာ ကြေမွသွားစေခြင်းမျိုး မဟုတ်ပေ။
သူ၏ခန္ဓာကိုယ် အသွေးအသား အပိုင်းအစများအားလုံး ၊ အရိုးအစိတ်အပိုင်းတိုင်းအားလုံး အပြင်ဘက်သို့ ပြန့်ကားထွက်လာပြီး လေထဲသို့ အမှုံအဖြစ်လွင့်ပျံကာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
သည်းမခံနိုင်သောဝေဒနာကို ရင်ဆိုင်နေရသည့်တိုင် ရန်ကျောက်ကဲက မျက်မှောင်ကျုံ့လျှက် ခန်းမဝိညာဉ်ကို ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းများက တည်ငြိမ်နေပြီး အေးအေးဆေးဆေး ရှိနေဆဲပင်။
သူက...
“ကံကောင်းတာက မင်းက ခန်းမဝိညာဉ်တစ်ခုဖြစ်နေတာပဲ ၊ မင်းက လူသားခန္ဓာကိုယ် အပြည့်အဝ မရသေးတဲ့ ခန်းမဝိညာဉ်တစ်ခုပဲ”
“မင်းက သမင်ဖြူနတ်မိစ္ဆာမဟုတ်လို့ တော်သေးတာပေါ့”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်မှ အလင်းရောင်တစ်ချက် တောက်ပသွားသည်။
တစ်ချိန်တည်းပင် သူ၏ဦးခေါင်းထက်တွင် အင်းသင်္ကေတတစ်ခု တိတ်ဆိတ်စွာ လွင့်ပျံလာပြီး ထိုအရာက လျှင်မြန်စွာ ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအားလွှမ်းခြုံသွားသည့် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အစပိုင်းတွင် ခန်းမဝိညာဉ်တုန်လှုပ်သွားသော်လည်း ထိုအစီအရင်က သူ၏စွမ်းအားကို လုံးဝမမကာကွယ်နိုင်ကြောင်းသိလိုက်ရတော့ နှာတစ်ချက်မှုတ်လိုက်ရင်း...
“မသိတတ်တဲ့ကောင်စုတ်လေး...”
သူ စကားမဆုံးခင်မှာပင် ရန်တိ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ယွီယဲ့တို့၏ ဦးခေါင်းထက်တွင်လည်း အင်းသင်္ကေတစ်ခုစီထွက်ပေါ်လာပြီး အစီအရင်တစ်ခုစီအဖြစ် ပြောင်းလဲသွားသည်။
ဤသည်ကလည်း ခန်းမဝိညာဉ်ကို မခြောက်လှန့်နိုင်ခဲ့ပေ။
သို့သော် တစ်ချိန်တည်းမှာပင် သူ သိမ်းပိုက်နိုင်လုနီးပါးဖြစ်နေသော နျဲ့ကျင်းရှန်၏ ဦးခေါင်းထက်တွင်လည်း အင်းသင်္ကေတတစ်ခု ထွက်ပေါ်ပြီး ထိုအရာက အစီအရင်တစ်ခုအဖြစ် ဖြန့်ကျက်ပြောင်းလဲသွားသည်။
ခန်းမဝိညာဉ်’ထျန်းစူး’ တုန်လှုပ်သွားသည်။
“ဒါက ဘယ်လိုဖြစ်တာလဲ...”
သူ့အနေဖြင့် နျဲ့ကျင်းရှန်၏ခန္ဓာကိုယ်ကို သိမ်းပိုက်ရာတွင် မအောင်မြင်သေးသော်လည်း နျဲ့ကျင်းရှန်ထံတွင် လျှို့ဝှက်ယန္တရားများရှိနေပါက သေချာပေါက် သတိပြုမိမည်ပင်။
သို့သော် ရန်ကျောက်ကဲ၏ ဤထူးဆန်းသောအစီအရင် ရုတ်တရက်ထွက်ပေါ်လာခြင်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
ခဏမျှ အံ့အားသင့်သွားပြီးနောက် ခန်းမဝိညာဉ်’ထျန်းစူး’ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
အကြောင်းမှာ သူ၏တန်ခိုးစွမ်းအားနှင့်ယှဉ်လျှင် ဤအစီအရင်က အလွန်တရာ အားနည်းနေသောကြောင့် ဖြစ်၏။
ပြီးတော့ ခန်းမဝိညာဉ်’ထျန်းစူး’ အနေဖြင့် ဤအစီအရင်ထဲတွင် ဤအတိုင်းဆက်လက်နေထိုင်ရန် အစီအစည် မရှိပေ။ သူ့တွင်လည်း ဖုံးကွယ်ထားသည့်လှည့်ကွက်များ ရှိနေမည်ပဲ ဖြစ်သည်။
သို့သော် ခန်းမဝိညာဉ်’ထျန်းစူး’ က အစီအရင်ထဲမှ ထွက်ခွာရန်ဟန်ပြင်လိုက်စဉ်မှာပင် အစီအရင် (၅)ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
အစီအရင် (၅)ခုလံးတွင် ရတနာပစ္စည်း (၁)ခု စီ ပါရှိသည်။
ထို ရတနာပစ္စည်းများမှာ ယိုးမင်ဂမ္ဘီရစက်ဝန်း ၊ ထူးကဲယန်စည်းတံဆိပ် ၊ မိစ္ဆာဓားတောင်းတျဲ ၊ တိမ်လွှာအလင်းဓားနှင့် ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်တို့ ဖြစ်ကြသည်။
ယခုတော့ ရတနာပစ္စည်း (၅)မျိုးက ရန်ကျောက်ကဲလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရန်ကျောက်ကဲ ၊ ရန်တိ ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ (၄)ယောက်က အစီအရင် (၄)ခု၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်လျှက် ရှိကြသည်။
နျဲ့ကျင်းရှန်၏ ခန္ဓာကိုယ်ကိုတော့ ပဉ္စမမြောက်အစီအရင်ဖြင့် လွှမ်းခြုံထားသည်။
အစီအရင် (၅)ခု တစ်သားတည်းပေါင်းစပ်သွားသည်နှင့် အလင်းတန်းများထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံးသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုအလင်းတန်းများက နေရာတိုင်းသို့ပျံ့နှံ့သွားပြီး အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာတစ်ခုလုံး ထောင့်တစ်ခုပင်မကျန်အောင် လျှင်မြန်စွာ ရောက်ရှိသွားသည်။
နျဲ့ကျင်းရှန်၏ ရုပ်ခန္ဓာအား မထိန်းချုပ်နိုင်တော့ကြောင်းသိလိုက်ရသည့်အခါ ခန်းမဝိညာဉ် ‘ထျန်းစူး’ အံ့အားသင့်သွားသည်။
သူက နျဲ့ကျင်းရှန်၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ရုံသာမက အဂ္ဂိရတ်ခန်းမတစ်ခုလုံးသည်လည်း သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။
အစီအရင် (၅)ခုက ရန်ကျောက်ကဲအား ဗဟိုပြုပြီး ပေါင်းစည်းသွားသည်။
သူက တစ်ဝက်ထိုင်လိုက်ပြီး သူ၏လက်ထဲမှ စည်းတံဆိပ်များက အဆက်မပြတ် ပြောင်းလဲနေသည်။
သူ၏ဘယ်ဘက်လက်ကို မျက်ခုံးနှစ်ခုကြားတွင် တင်ထားပြီး ညာဘက်လက်ကို အစီအရင် ဝိညာဉ်သင်္ကေတ ပုံစံများထက်တွင် တင်ထားသည်။
အစီအရင်က ပြင်းထန်စွာတုန်ခါနေပြီး နျဲ့ကျင်းရှန်၏ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ခါနေသည်။
ထို့နောက်မှာတော့ နျဲ့ကျင်းရှန်၏ မျက်ဝန်းများထဲမှ အေးစက်သောအငွေ့အသက်များ မှိန်ဖျော့သွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။
နျဲ့ကျင်းရှန်က အေးစက်ပြီး ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက် ဖြစ်သော်လည်း စောစောကလိုမျိုး ခံစားချက်ကင်းမဲ့သည့် သက်မဲ့တစ်ယောက်ပမာ မဟုတ်တော့ပေ။
နျဲ့ကျင်းရှန် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။
သူက ရန်ကျောက်ကဲကိုလှမ်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်ဖြစ်ရာ အဆင်ပြေနေပြီဟု အဓိပ္ပါယ်သက်ရောက်သည်ပင်။
ထိုအခါမှ ရန်ကျောက်ကဲတို့အားလုံး သက်ပြင်းချလိုက်မိကြသည်။
နျဲ့ကျင်းရှန် ခေါင်းမော့ကြည့်လိုက်တော့ သူ၏ဦးခေါင်းထက် ဗလာနယ်ထဲတွင် ဒေါသတကြီး ကြုံးဝါးအော်ဟစ်နေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ကောင်လေး၏ခန္ဓာကိုယ်အား ခရမ်းရောင်နှင့် ရွှေရောင်အလင်းတန်းများက လှည့်ပတ်ချုပ်နှောင်ထားသည်။
ထို့နောက် ကောင်လေး၏ခန္ဓာကိုယ်မှ အခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူ၏ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ အစီအရင်အလယ်ဗဟိုသို့ ဆွဲယူခံလိုက်ရသည်။
ရန်ကျောက်ကဲမှလွဲပြီး ရန်တိ ၊ နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့က အစီအရင်၏ မြောက် ၊ တောင် ၊ အရှေ့နှင့်အနောက် အရပ်မျက်နှာများတွင် နေရာယူထားသည်။
သူတို့က စည်းတံဆိပ်တစ်ခု တညီတညွတ်တည်းဖွဲ့စည်းထားပြီး ရန်ကျောက်ကဲနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်။
သူတို့ (၅)ယောက် အတူတူ ပူးပေါင်းလုပ်ဆောင်နေကြပြီး ခရမ်းရောင်အလင်းတန်းများက ကောင်ငယ်လေး၏ခန္ဓာကိုယ်ထက် လှည့်ပတ်နေသည်။
ခန်းမဝိညာဉ်’ထျန်းစူး’ က အဆက်မပြတ် ကြုံးဝါးသံများပြုနေပြီး သူ၏ခန္ဓာကိုယ် လှုပ်ရှားမရတော့ပေ။ တန်ခိုးစွမ်းအားရှိသည့်တိုင် အသုံးချနိုင်ခြင်း မရှိတော့ပေ။
ကျောရိုးကျိုးသွားသည့်မြွေတစ်ကောင် မည်သည့်အရာကိုမှ လုပ်နိုင်စွမ်း မရှိတော့သကဲ့သို့ ဖြစ်၏။
ရန်ကျောက်ကဲက တိုးတိတ်သည့်လေသံဖြင့်...
“ဂိုဏ်းတူအစ်ကို’နျဲ့’ ရဲ့ ရုပ်ခန္ဓာကို ရယူမယ်ဆိုရင် မင်း သူ့ရဲ့မှတ်ဉာဏ်တွေကို အဆုံးထိသိမ်းပိုက်နိုင်ဖို့လိုတယ် ၊ ဒါပေမဲ့ ငါတို့ (၅)ယောက် ဒီအစီအရင်ကို ဖော်ထုတ်ထားသရွေ့ မင်းမှာ အခွင့်အရေး မရှိနိုင်ဘူး”
ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သတင်းပို့အကြောင်းကြားသည်မှာ အစီအရင်ပြုလုပ်ရန်အတွက် ပဉ္စမမြောက်လူ ရှာဖွေရန်ဖြစ်ကြောင်း လုန်ရွှယ်ကျီး သိရှိပြီး ဖြစ်သည်။
ထို့ကြောင့် သူက အဂ္ဂိရတ်ခန်းမသို့ရောက်သည်နှင့် ခန်းမဝိညာဉ်ကို သိပ်အရေးမစိုက်ဘဲ ရန်တိကိုကူညီပြီး ချန်ချန်းဟွာကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဂ္ဂိရတ်ခန်းမအတွင်းမှ ပစ္စည်းများရယူရန် နောက်ပိုင်းတွင် အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့ တိုက်ခိုက်ကြမည်ဆိုသည့်တိုင် ကိစ္စအောင်မြင်ပြီးမှ စဉ်းစားရမည့်အရာ ဖြစ်သည်။
ယခုအချိန်မှာတော့ သူတို့အားလုံး ခန်းမဝိညာဉ်ဖြစ်သည့် ‘ထျန်းစူး’ ကို ဦးစွာ ထိန်းချုပ်ရန် လိုအပ်သည်။ မဟုတ်ပါက အဂ္ဂိရတ်ခန်းမထဲတွင် မည်သူမှ နေထိုင်နိုင်မည် မဟုတ်ပေ။
သူတို့ (၅)ယောက် ပြုလုပ်ထားသည့် အစီအရင်ကိုမြင်တော့ ချန်ချန်းဟွာ အံ့အားသင့်သွားသည်။ သူက ရှုံးနိမ့်သွားသည်ဟု မခံစားရဘဲ အံ့အားသင့်သွားခြင်းသာ ဖြစ်သည်။
“ဒီလိုမျိုး ပွဲကြီးပွဲကောင်းကြည့်ရတာ ဒီကိုလာတာ အလကားမဖြစ်ဘူးပဲ”
ချန်ချန်းဟွာက ချီးကျူးစကားဆိုလိုက်သည်။
ရန်ကျောက်ကဲက သူ့ကိုအရေးစိုက်ရန် အချိန်မရှိပေ။
သူက အစီအရင်ကိုအသုံးပြုပြီး ခန်းမဝိညာဉ်’ထျန်းစူး’ ကို ဖိနှိပ်ထားပြီး အဂ္ဂိရတ်ခန်းမတစ်ခုလုံးအား ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။
ကောင်ငယ်လေး၏ ခန္ဓာကိုယ်က နောက်ဆုံး လုံးဝပြိုကွဲသွားပြီး အလင်းပုံရိပ်တစ်ခုအသွင်ဖြင့် မူလပုံစံအတိုင်း ဆက်လက်တည်ရှိနေသည်။
ထို့နောက် ထိုအလင်းပုံရိပ်အလယ်တွင် အခိုးအငွေ့များထွက်ပေါ်လာပြီး ၊ ထိုအခိုးအငွေ့များက ဆေးလုံးသန့်စင်သည့်အခါ သာမန်ပင် ထုတ်လွှတ်လေ့ရှိသော ‘ဆေးလုံးချီ’ များ ဖြစ်ကြသည်။
သို့သော် ထိုဆေးလုံးချီက အဂ္ဂိရတ်ခန်းမကိုထိန်းချုပ်ရန်အတွက် အဓိကသော့ချက် ဖြစ်၏။
ထိုအရာကိုမြင်တော့ ရန်ကျောက်ကဲမျက်နှာအမူအရာ လင်းလက်သွားသည်။ သို့သော် သူ့စိတ်ထဲ တစ်ချက်တုန်ခါသွားပြီး အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
ဗလာနယ်ထဲတွင် ကုချင်တေးသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’...။