← Chapters

မိုးမြေခွင်းသည့်ဓားဝိညာည်

Vol. 91 Ch. 1270

မိုးမြေခွင်းသည့်ဓားဝိညာည်

Vol. 91 Ch. 1270

အခန်း (၁၂၇၀) မိုးမြေခွင်းသည့်ဓားဝိညာည်

ဗလာနယ်ထဲတွင် ချောမောခန့်ညားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

သူ၏ကျောထက်တွင် ကုချင်ထည့်သည့်အိတ်တစ်လုံးလွယ်ထားပြီး သူ၏ရှေ့မှာတော့ ကုချင်တစ်လုံးရှိနေကာ လက်များက ကုချင်တေးသွားကို အဆက်မပြတ်တီးခတ်နေသည်။

ထိုသူက စုန်းဟွမ်ခန့်ညားဧကရာဇ် ‘ကျန်းပုရွှီး’ ပင် ဖြစ်၏။

ကုချင်တေးသွား ပဲ့တင်ထပ်ထွက်ပေါ်လာသည့်အခါ ရန်ကျောက်ကဲနှင့်အခြားသူများ မျက်မှောင်ကျုံ့လိုက်မိကြသည်။

အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်နှင့် သမင်ဖြူနတ်မိစ္ဆာတို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ အားလုံးက မဟာမိတ်များဖြစ်ခဲ့ကြပြီး ရန်သူကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။

သို့သော် ယခု အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် ဘာမှမလုပ်နိုင်တော့သည့်အချိန်တွင် စုန်းဟွမ်းမြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ ထွက်ပေါ်လာသည်။

လူတိုင်းက မဟာမိတ်များ မဟုတ်ကြတော့ပေ။

အရင်က အတူတူပူးပေါင်းတိုက်ခိုက်ကြပြီးနောက် ယခု အချင်းချင်း ပြန်လည်တိုက်ခိုက်ကြပြန်သည်။ အခြေအနေက အလွန်ပင် သိမ်မွေ့လွန်းသည်။

ရန်ကျောက်ကဲပဲဖြစ်ဖြစ် ကျန်းပုရွှီးပဲဖြစ်ဖြစ် မိတ်ဆွေမှ ရန်သူအဖြစ်သို့ ချက်ချင်းပြောင်းပြောင်းလဲရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

လုန်ရွှယ်ကျီးနှင့် ယွီယဲ့ကဲ့သို့ စန့်ချင်အဆက်အနွယ်ကျင့်ကြံသူများသည်ပင် ကျန်းပုရွှီးရှေ့ထွက်လာသည်ကို တွေ့မြင်သည့်အခါ မျက်မှောင်ကျုံ့လိုက်ကြသည်။

လေထုထဲတွင်ရှိနေသည့် အစီအရင်ထဲမှာတော့ ဆေးလုံးချီမှား ထုတ်လွှတ်နေပြီး ခန်းမဝိညာဉ်ကို ဖိနှိပ်ထားကြောင်းတွေ့ရသည့်အခါ ကျန်းပုရွှီးမျက်နှာထက် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။

ကျန်းပုရွှီးက...

“အရင်က မိတ်ဆွေလေး’ရန်’ ရဲ့ ပုံတူပန်းချီကားကို မြင်ဖူးပါတယ် ၊ အခု လူချင်းတွေ့ရတော့ ကြားထားတဲ့ကောလဟလတွေထက်တောင် ပိုတော်တယ်ဆိုတာ သိလိုက်ရတယ်”

စုန်းဟွမ်မြင့်မားဧကရာဇ်၏မျက်ဝန်းများက အစီအရင်အလယ်ဗဟိုတွင်ရှိနေသည့် ရန်ကျောက်ကဲထံသို့ ကျရောက်သွားသည်။

“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား... နာမည်နဲ့ညီတယ်ဆိုတာ ထင်ရှားလွန်းပါတယ်”

ရန်ကျောက်ကဲက နက်ရှိုင်းသောအသံဖြင့်...

“စုန်းဟွမ်မြင့်မားဧကရာဇ်က ချီးကျူးလွန်းနေပါပြီ ၊ ကျွန်တော် အောင်မြင်ခဲ့တာက ကံကောင်းလို့ပါ ၊ အရင်ကဆိုရင် ကျွန်တော်က ဘာလုပ်ရမှန်းတောင်မသိတဲ့ လူတစ်ယောက်ပါ”

စုန်းဟွမ်မြင့်မားဧကရာဇ်က ရယ်မောလိုက်ရင်း...

“မိတ်ဆွေလေး’ရန်’ အချိန်ဆွဲဖို့အတွက် ဒီလိုအဓိပ္ပါယ်မရှိတဲ့ စကားတွေပြောမနေပါနဲ့”

သူက ဆက်ပြောသည်။

“ငါ့လိုအဘိုးကြီးတစ်ယောက်က လူငယ်မျိုးဆက်တွေဆီက ရတနာပစ္စည်းတွေလုယူရတာ ရှက်စရာကိစ္စပါပဲ ၊ အထူးသဖြင့် မင်းတို့အပေါ် အခွင့်အရေးယူပြီး လုယူရတာ ပိုပြီး ရှက်စရာကောင်းပါတယ် ၊ ဒါပေမဲ့ ဒီနေရာမှာရှိနေတဲ့လူတိုင်း အဂ္ဂိရတ်ခန်းမရဲ့တန်ဖိုးကိုနားလည်ကြမှာပါ ၊ ဒီတစ်ကြိမ်တော့ ငါ အရေထူထူနဲ့ မင်းတို့ဆီက လုယူမှဖြစ်လိမ့်မယ်”

ထိုအချိန် အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာ တုန်ခါမှုကိုခံစားလိုက်ရပြီး ပူလောင်မှုက အဆက်မပြတ် မြင့်တက်လာနေသည်။

သူက သက်ပြင်းတစ်ချက်ချရင်း...

“ဒါက စောမင်ကျန့်ပဲ ဖြစ်ရမယ် ၊ ဒီကိစ္စမှာ သူဝင်စွက်မယ်လို့ ဘယ်တုန်းကမှ‌ မျှော်လင့်မထားခဲ့ဘူး ၊ အခုတော့ စောမင်ကျန့်ကို ထိန်းထားပေးတဲ့ အဲဒီသမင်ဖြူကြီးကို ကျေးဇူးတင်ရမယ် ၊ မဟုတ်ရင် ငါ့အတွက် အခွင့်အရေးရမှာ မဟုတ်ဘူး”

စကားဆုံးသွားသည်နှင့် ကျန်းပုရွှီးက အစီအရင်ထဲတွင်ရှိနေသော ရန်ကျောက်ကဲတို့အုပ်စုထံသို့ တိုးကပ်လာသည်။

လက်ရှိတွင် အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်က ဖိနှိပ်ခံနေရသည်။ အစီအရင် ပျက်ဆီးသွားသည့်တိုင် ခန်းမဝိညာဉ်’ထျန်းစူး’ အနေဖြင့် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ကျန်းပုရွှီး၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ဆေးလုံးချီကို ရယူနိုင်ရန် လုံလောက်သည်။ ပြီးတော့ သူ၏ ကျင့်ကြံခြင်းစွမ်းအားက ရန်ကျောက်ကဲနှင့် အခြားသူများကို အရေးစိုက်စရာ မလိုခဲ့ပေ။

သူက သေမျိုးလူသားများ၏ နှောက်ယှက်ခြင်းမှ ကင်းဝေးသော “ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား” တစ်ပါး မဟုတ်ပါလား။

ဤနေရာရှိလူများထဲတွင် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်ရောက်ရှိသူမှာ ‘လုန်ရွှယ်ကျီး’ တစ်ယောက်တည်းသာ ရှိသည်။ ယခု သူက ချန်ချန်းဟွာဖြင့် တိုက်ခိုက်နေရသည်။

ကျန်းပုရွှီး၏ အပြုအမူကိုမြင်တော့ ချန်ချန်းဟွာမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။

ချန်ချန်းဟွာက လုန်ရွှယ်ကျီးကို သူနှင့်အတူ တိုက်ပွဲထဲ ပိတ်လှောင်ထားသည်ဖြစ်ရာ လုန်ရွှယ်ကျီးအနေဖြင့် ကျန်းပုရွှီးနှင့် သွားရောက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ချန်ချန်းဟွာက အဂ္ဂိရတ်ခန်းမ မည်သူ့လက်ထဲရောက်သွားမည်လဲ အရေးမစိုက်ပေ။ သို့သော် ရန်ကျောက်ကဲတို့အုပ်စု ဒုက္ခရောက်မည်ကိုတော့ သူ အလွန်တွေ့ချင်မိသည်။

ရန်ကျောက်ကဲတို့အုပ်စုတွင် လုန်ရွှယ်ကျီးမှလွဲပြီး အခြားသူများ ကျန်းပုရွှီးကိုရင်ဆိုင်မည်ဆိုပါက ဘာမှအရာထင်မည် မဟုတ်ပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခံစစ်အမျိုးအစား အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပါက ရန်ကျောက်ကဲအနေဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ကိုင်ဆိုင်ပြီး ကျန်းပုရွှီးကို ခုခံကာကွယ်ရန် အခွင့်အလမ်း အနည်းငယ် ရှိသည်။

သို့သော် သူက သတ်ဖြတ်ရာတွင်အသုံးပြုသည့် အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေလေရာ စုန်းဟွမ်မြင့်မားဧကရာဇ်ကို ရင်ဆိုင်ရာတွင် အသုံးဝင်ခြင်း မရှိတော့ပေ။

လက်ရှိအသုံးပြုထားသော အစီအရင်က ခန်းမဝိညာဉ်ကိုဖိနှိပ်ရန် အထူးအသုံးပြုထားခြင်းဖြစ်လေရာ စုန်းဟွမ်မြင့်မားဧကရာဇ်နှင့် သမင်ဖြူနတ်မိစ္ဆာကဲ့သို့ တန်ခိုးစွမ်းအားရှင်များကို ဖိနှိပ်ရန်အတွက် လုံးဝ အသုံးမဝင်ပေ။

စုန်းဟွမ်မြင့်မားဧကရာဇ်၏ လှုပ်ရှားမှုများက အလွန်တရာပေါ့ပါးပြီး ချီစွမ်းအားဂီတသံက သူ့နောက်လိုက်ပါလာသည်။

ရန်ကျောက်ကဲနှင့် အခြားသူများ ထိန်းထားသော အစီအရင်မှ အလင်းတန်းများ ချက်ချင်းပင် မရပ်မနား တုန်ခါသွားတော့သည်။

အစီအရင်၏ ဦးဆောင်သူဖြစ်သော ရန်ကျောက်ကဲနှင့် အခြားသူများအားလုံး ကြီးမားသောဖိအားကို ခံစားနေကြရသည်။

ဤဖိအားက ခန်းမဝိညာဉ်’ထျန်းစူး’ ၏ဖိအားလောက် ကြီးမားခြင်းမရှိသော်လည်း ရန်ကျောက်ကဲ ခံနိုင်ရည်ရှိသည့် အရာတစ်ခုတော့ မဟုတ်ပေ။

ကုချင်တေးသွားက အလွန်တရာ ငြိမ့်ညောင်းသာယာသော်လည်း ရန်ကျောက်ကဲ၏နားထဲတွင်တော့ သူ တစ်ခါမှမကြားဖူးသော ကျယ်လောင်သည့်အသံတစ်သံအဖြစ် ထွက်ပေါ်လာကာ နားစည်များ ကွဲအက်သွားသည့်ပမာ ခံစားလိုက်ရသည်။

သူ၏သွေးများ ပွက်ပွက်ဆူလာပြီး အရိုးများလည်း အက်ကွဲလာသည့်ပမာပင်။ သူ၏ကိုယ်တွင်းမှ ဝိညာဉ်သည်ပင် တုန်လှုပ်ခြင်းကို မခံရပ်နိုင်ဘဲ အတွင်းမှ ပေါက်ကွဲထွက်တော့မည့်ပမာ ဖြစ်လာသည်။

ရန်ကျောက်ကဲက သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး...

“ငါတို့ လောင်းကြေးထပ်ရတော့မှာပါ့...”

ထို့နောက် သူက နျဲ့ကျင်းရှန်ကို လှမ်းကြည့်လိုက်သည်။

နျဲ့ကျင်းရှန်က ခေါင်းအနည်းငယ်ညိတ်ရင်း...

“ငါတို့က ကံကောင်းတတ်ပါတယ်”

သူ့စကားဆုံးသွားသည်နှင့် အဝေးဆီမှ အသံတစ်သံထွက်ပေါ်လာသည်။

ဓားခြိမ်းသံ....။

ထိုဓားခြိမ်းသံက ထက်ရှသော ဓားသွားပမာ ထင်မှတ်ရပြီး စကြာဝဠာတစ်ခုလုံးတွင်ပြည့်နက်နသော ကုချင်တေးသွားကို လွှမ်းခြုံသွားကာ အလယ်မှ ဖြတ်တောက်ပစ်လိုက်သည်။

ပဲ့တင်သံအနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး တေးသွားက ဆက်လက်ထွက်ပေါ်လာခြင်းမ ရှိတော့ပေ။

ထို့နောက် ဓားခြိမ်းသံနှင့်အတူ ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းတစ်ခု ကျန်းပုရွှီးရှေ့တွင် ပေါ်လာသည်။

ကျန်းပုရွှီး၏မျက်နှာက တည်ကြည်လေးနက်သွားသည်။

သူက ကျောထက်တွင်လွယ်ထားသည့် ကုချင်သေတ္တာကို ဖွင့်လှစ်လိုက်သည့်အခါ ဓားအလင်းတန်းများ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။

ထိုဓားအလင်းတန်းများက သူ့ကိုတိုက်ခိုက်လာသော ဓားအလင်းတန်းရှိရာသို့ ဦးတည်ထွက်ခွာသွားလေသည်။

နှစ်ဘက်ထိပ်တိုက်တွေ့ပြီးသည့်နောက် ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီး ကျန်းပုရွှီး တစ်ချက်တုံ့ဆိုင်းသွားသည်။

အဝေးတစ်နေရာ ဗလာနယ်ထဲတွင် ဖြောင့်စင်းသည့်ဓားအလင်းတန်းက စကြာဝဠာကို နှစ်ပိုင်းပိုင်းခြားလိုက်သည့်ပမာ ဖြစ်သည်။

ဓားအလင်းတန်းက လမ်းကြောင်းတစ်ခုပမာ အဝေးဆီမှ သူတို့အားလုံးရှိရာနေရာသို့ ရောက်ရှိလာသည်။

လမ်းကြောင်းပေါ်တွင် ရှေ့သို့ ရွေ့လျားနေသော ပုံသဏ္ဌန်တစ်ခုရှိသည်။ အရှိန်သည် နှေးသည် သို့မဟုတ် မြန်သည်မဟုတ်သော်လည်း လူတိုင်းရှေ့သို့ ချက်ချင်းရောက်လာသည်။

နျဲ့ကျင်းရှန်က ပထမဆုံး နှုတ်ဆက်စကားဆိုလိုက်သည်။

“တပည့် နျဲ့ကျင်းရှန် ဆရာ့ကို ဂါရဝပြုပါတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ရန်ကျောက်ကဲ ဆရာဦးလေး’ယွဲ့’ ကို ဂါရဝပြုပါတယ်”

ရန်တိကလည်း ဦးညွှတ်လိုက်ရင်း...

“ဂိုဏ်းတူအစ်ကို’ယွဲ့’ ...”

ဟု နှုတ်ဆက်လိုက်သည်။

ရောက်လာသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး ဦးခေါင်းထက်တွင် သရဖူဆောင်းနှင်းထားကာ ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားသည်။

သူက အသက် (၄၀)ကျော်အရွယ် ရှိပုံရပြီး မျက်နှာအမူအရာက တည်ငြိမ်ကာ မျက်ဝန်းများက စူးရှလွန်းသည်။

သူ့ပုံစံက ကောင်းကင်ကို ထိုးခွင်းတော့မည့် ဓားတစ်လက်ပမာပင်။

သူက စွမ်းအားရောင်ဝါကို ထုတ်ဖော်ပြသခြင်းမရှိဘဲ ငြိမ်သက်စွာ မတ်တတ်ရပ်နေသည့်တိုင် ကောင်းထိတိုင်အောင်မြင့်မားသော တောင်မြင့်ကြီးတစ်လုံးပမာ ထင်မှတ်ရသည်။ သူ၏ရုပ်သွင်ကိုတွေ့မြင်လိုက်သည်နှင့် အခြားသူများက ချက်ချင်းပင် လေးစားကြည်ညိုသွားရအောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။

ရောက်လာသူက အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးထဲမှ တစ်ပါးဖြစ်ပြီး ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်၏ အရှင်သခင် ဖြစ်သည်။

ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ။

သူက ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ၏ တပည့်ဖြစ်သည်။

သူက မြေကမ္ဘာထက်ယံအရှင်သခင် ‘ကျန်းရှန်’ ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ တို့နှင့်ယှဉ်လျှင် အထက်ဘုံကမ္ဘာ၏ဧကရာဇ် (၃)ပါးတွင် အသက်ရော ဝါစဉ်ရော အငယ်ဆုံး ဖြစ်သည်။

အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်ရှိသော စန်းချင်း (၃)ပါးအဆက်အနွယ်များထဲတွင် ကျင့်ကြံခြင်းအဆင့်တူညီသူများကြား အသက်အငယ်ဆုံး နက်ရှိုင်းနတ်ဘုရားတစ်ပါးလည်း ဖြစ်၏။

ကျန့်ဟွမ်ဓားဧကရာဇ်က ယခင်အချိန်ကပင် ပြင်ပဗလာနယ်ထဲတွင် နေထိုင်သူဖြစ်ပြီး အထက်ဘုံကမ္ဘာသို့ ပြန်လာခြင်း မရှိပေ။

ဆရာဦးလေးဖြစ်သူနှင့် ပထမဆုံးတွေ့ဆုံမှုက အဂ္ဂိရတ်ခန်းမထဲတွင်ဖြစ်မည်ဟု ရန်ကျောက်ကဲ ထင်မထားခဲ့မိသည် အမှန်ပင်။

မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ မှလွဲပြီး အခြားသူများ အဂ္ဂိရတ်ခန်းမအတွင်း ဝင်ရောက်လာသည်ကို ရန်ကျောက်ကဲ သတိပြုခဲ့မိသည်။

ထိုသို့ဝင်ရောက်လာသူများထဲတွင် ‘ယွဲ့ကျန့်ပေ’ ပါဝင်မည်ဟု ခန့်မှန်းခဲ့သော်လည်း သူ၏ခန့်မှန်းချက်မှန်ကန်သည်ဟု အကြောင်းပြချက် မပေးနိုင်ခဲ့ပေ။

ထို့ကြောင့် သူက “ငါတို့ လောင်းကြေးထပ်ရတော့မှာပါ့...” ဟု ပြောခဲ့ခြင်း ဖြစ်၏။

နျဲ့ကျင်းရှန်ပြောခဲ့သလိုပင် ရန်ကျောက်ကဲတို့အုပ်စု၏ကံကြမ္မာက မဆိုးရွားခဲ့ပေ။

ယွဲ့ကျန့်ပေ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။

သူက ရန်ကျောက်ကဲတို့အုပ်စုအား ‌ဖော်ရွေဟန်အနည်းငယ်ဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီးနောက် သူ့အကြည့်များက ကျန်းပုရွှီးထံသို့ ကျရောက်သွားသည်။

ကျန်းပုရွှီးက ယွဲ့ကျန့်ပေကိုကြည့်၇င်း...

“ယွဲ့ကျန့်ပေ... ရန်ရှင်းထန်ရဲ့တပည့်...”

သူက ဆက်ပြောသည်။

“ငါ့ရဲ့ ဂိုဏ်းတူညီလေး ‘ခုန်’ က မင်းရဲ့ဓားချက်နဲ့ သေသွားတာ မဟုတ်လား ၊ ငါက တပည့်ဝတ္တရားကျေပွန်တဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး ၊ ဆရာ့ကို အမြဲဒေါသထွက်အောင် လုပ်ခဲ့တယ် ၊ ဒါပေမဲ့ ကံကောင်းတာက ဂိုဏ်းတူညီလေး’ခုန်’ က ငါ့ကိုယ်စား တပည့်ဝတ္တရားကျေပွန်ပေးခဲ့တယ် ၊ ဒါပေမဲ့ သူက မင်းလက်ချက်နဲ့ သေခဲ့ရတယ်”

ထို့နောက် သူ့အရှေ့တွင် ကျောက်စိမ်းဖြင့်အလှဆင်ထားသည့် ကုချင်တစ်လက် ပေါ်လာသည်။

“ရန်ရှင်းထန်ဆီက မင်း ပညာအမွေ ဘယ်လောက်ရခဲ့လဲ ငါ့ကို သက်သေပြစမ်းပါ...”

ကုချင်တေးသံ ထပ်မံထွက်ပေါ်လာသည်။

အစိမ်းရောင် ၊ သွေးနီရောင် ၊ အနက်ရောင်နှင့် အဖြူရောင်ရှိသော ရောင်စုံဓားအလင်းတန်းများ ကောင်းကင်ထက်တွင် ပြည့်နက်နေပြီး တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားကြသည်။

ထိုဓားအလင်းတန်းများက တစ်ခုနှင့်တစ်ခု အကန့်အသတ်မရှိ လေးနက်သော စွမ်းအားများကို ကျင့်ကြံထားပုံရပြီး အလွန်ကြောက်စရာကောင်းသော အဖျက်စွမ်းအားများ ပါဝင်နေသည်။

ဓားအလင်းတန်းများက ကောင်းကင်တစ်ခွင်လုံးလွှမ်းခြုံသွားပြီး ယွဲ့ကျန့်ပေထံသို့ ဖြတ်သန်းဝင်ရောက်လာသည်။

ယွဲ့ကျန့်ပေက တည်ငြိမ်စွာဖြင့်...

“မင်းက ရွှမ်ဟွမ်ဧကရီမှ မဟုတ်တာ...”

ပြောပြီးသည်နှင့် သူ့ထံမှ သန့်စင်သောဓားအလင်းတန်းတစ်ခု ထွက်ပေါ်ာလပြီး စကြာဝဠာအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေ၏။

All Chapters