ဓားချက်တစ်ချက်ဖြင့်အနိုင်ယူ
Vol. 91 Ch. 1271
အခန်း (၁၂၇၁) ဓားချက်တစ်ချက်ဖြင့်အနိုင်ယူ
ယွဲ့ကျန့်ပေ၏ ဓားအလင်းတန်းဖြတ်သန်းသွားရာနေရာတိုင်းတွင် သိမ်မွေ့သည့်လေထုအလွှာများ ထွက်ပေါ်လာကာ ဓားအလင်းတန်းကို အလယ်ဗဟိုပြုပြီး ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာသည်။
ပုံရိပ်ယောင်၏လွှမ်းခြုံမှုအောက်တွင် ဓားအလင်းတန်းက ပုဆိန်သွားပမာ ၊ လှံရှည်ပမာ အရာဝတ္ထုတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
မှောင်မိုက်နေသော စကြာဝဠာအတွင်းမှ ဗလာနယ်က မိုးမြေကိုပိုင်းခြားနိုင်စွမ်းရှိသော စွမ်းအားဖြင့် အက်ကွဲသွားပြီး အကန့်အသတ်မရှိသော လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာသည်။
ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင် ကွာဟမှုကြားတွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်နေပုံရပြီး တစ်ချိန်တည်းမှာပင် ပူနွေးမှုနှင့် အေးစက်မှု ဒွန်တွဲလျှက် ရှိနေခဲ့သည်။
အချင်းချင်း ဝိရောဓိဖြစ်နေပြီး များပြားလှစွာသော နက်နဲမှုများနှင့် ကြောက်မက်ဖွယ်ရာဖိအားက အတွင်းထဲတွင် ပါဝင်လို့နေသည်။
ဤသည်က ရွှေစင်ထက်ယံအရှင်သခင် ၊ ဓားနတ်ဘုရား ‘ရန်ရှင်းထန်’ ဖန်ဆင်းထားသည့် ဓားသိုင်းပညာပင် ဖြစ်၏။
အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ၊ ကျောက်စိမ်းကျောက်ဆောင်မှ ယွိချင်အဆက်အနွယ်များကို ကျော်လွန်ပြီး ကိုယ်တိုင်ဖန်တီးခဲ့သော အပြင်းထန်ဆုံး ဓားသိုင်းပညာတစ်ရပ် ဖြစ်သည်။
ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း...။
သန့်စင်သည့်ဓားအလင်းတန်းက အရှေ့သို့ဝင်ရောက်လာပြီး ကျန်းပုရွှီး၏ ဓားအလင်းတန်းနှင့် ရိုက်ခတ်မိသွားသည်။
ဤ တိုက်ခိုက်မှုက ကျ့င်ကြံသူ (၂)ယောက်၏ တန်ခိုးစွမ်းအားကို ထင်ရှားပေါ်လွင်စေသည်။
ကျန်းပုရွှီးက ကျင့်ကြံခြင်းတွင် နှစ်ပေါင်းထောင်ချီပြီး အောင်မြင်ခဲ့သူ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် အမတချီးစွမ်းအား (၄)မျိုးအား ကျင့်ကြံထားပြီး ထို (၄)မျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးနောက် သူ၏ကိုယ်ပိုင် အမတစွမ်းအားရောင်ဝါအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဓားအလင်း၏လှည့်ပတ်မှုအောက်တွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နို့နှစ်ရောင် ရောင်ဝါတစ်ခုထွက်ပေါ်လာပြီး ထိုအရာက မြူခိုးများပမာ ဖြစ်သည်။
ထို အမတစွမ်းအားရောင်ဝါထဲတွင် လှည့်ပတ်နေသည့် ချီစွမ်းအားစီးကြောင်း (၄)ခု ရှိသည်။
ချီစွမ်းအားစီးကြောင်းတစ်ခုက အသိဉာဏ်ရှိသည့်ပမာလှည့်ပတ်နေပြီး သဏ္ဌန်မရှိ ပြောင်းလွယ်ပြင်လွယ်ဖြစ်သလို အဆုံးမရှိပေ။
နောက်ထပ် ချီစွမ်းအားစီးကြောင်းတစ်ခုကတော့ တောက်ပပြီး နူးညံ့သိမ်မွေ့သည်။ ထိုအရာမှ အသက်ဓာတ်စွမ်းအားများ ပေါက်ကွဲထွက်နေပြီး အသက်ဓာတ်စွမ်းအားများသည်လည်း ထူထဲရှည်လျားပုံရသည်။
အခြားသော ချီစွမ်းအားစီးကြောင်းကတော့ ပုံမှန်အတိုင်းပင် အေးဆေးစွာရှိပြီး အရေးမပါဘူးထင်မှတ်ရသည့်တိုင် သိသာထင်ရှားမှုကို ပေးစွမ်းသည်။
အခြားတစ်ခုကတော့ ပြင်းထန်လွန်းပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ရက်စက်ခြင်းကို ကိုယ်စားပြုသော အလွန်ကြောက်မက်ဖွယ်ရာ မိစ္ဆာချီစွမ်းအားဖြစ်သည်။
အမတချီစွမ်းအား (၅)မျိုး ရှိသည်။
စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ က ဖြောင့်မတ်ခြင်းချီစွမ်းအားမှလွဲပြီး အခြား အမတချီစွမ်းအား (၄)မျိုးကို သန့်စင်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားနိုင်ပြီ ဖြစ်သည်။
အမတစွမ်းအားရောင်ဝါကို သန့်စင်ခြင်းက စန့်ချင်အဆက်အနွယ်၏ ကြိုးခုနစ်သွယ်ဓားသိုင်း၏ ခမ်းနားသော အသွင်ပြောင်းခြင်းနှင့် အထူးပင် သီးသန့် အံဝင်ခွင်ကျဖြစ်ပြီး အတွင်းပိုင်းစွမ်းအားများကို အပြည့်အဝ ပြသနိုင်ခဲ့သည်။
ယွဲ့ကျန့်ပေ ဓားကွက်ထုတ်ဖော်ချိန်တွင်လည်း သူ၏ နို့နှစ်ရောင် အမတစွမ်းအားရောင်ဝါက သူ၏ခန္ဓာကိုယ်ထက်တွင် လွင့်ပျံလျှက် ရှိသည်။
ယွဲ့ကျန့်ပေ၏ အမတစွမ်းအားရောင်ဝါထဲတွင်တော့ လှည့်ပတ်နေသည့် ချီစွမ်းအား (၃)မျိုး ရှိသည်။
ဘက်လိုက်ခြင်းမရှိ တိတ်ဆိတ်ငြိမ်သက်သော ချီစွမ်းအား ၊ အစွန်းရောက်မိစ္ဆာဆန်သော မိစ္ဆာချီစွမ်းအားနှင့်အတူ လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ အလွန်ခိုင်မာတည်ကြည်သော ဖြောင့်မတ်ခြင်းချီစွမ်းအားများကို တွေ့မြင်ရသည်။
ယွဲ့ကျန့်ပေက သူထက်အရင် နှစ်ထောင်ပေါင်းများစွာကတည်းက သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ခဲ့သော ကျန်းပုရွှီးနှင့် ယှဉ်ပါက အမတချီစွမ်းအား (၃)မျိုးကိုသာ သန့်စင်နိုင်သေးသည်။
သို့သော် သူ၏ဓားအလင်းတန်း ထွက်ပေါ်လာသည်နှင့် ဓားအလင်းတန်းများ အချင်းချင်းဖြတ်တောက်သွားပြီး အလိုလို အသွင်ပြောင်းလဲသွားကြသည်။
အလွန်ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းများက ပါးလွှာသော ချည်မျှင်များပမာ ပြောင်းလဲသွားပြီး ကျန်းပုရွှီး၏ ဓားအလင်းတန်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ထို့နောက် အားနည်းသောအသွင်အပြင်ရှိသော ဓားအလင်းတန်းက ရုတ်တရက်ပင် အားကောင်းသော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တောင်နှင့်မြစ်ရေတို့ကို စုပ်ယူမျိုချရန် လုံလောက်သော တန်ခိုးစွမ်းအား ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်ကို ထိုးခွင်းပစ်လိုက်သည်။
ထိုဓားအလင်းတန်းက ကျန်းပုရွှီး၏ စန့်ချင်အဆက်အနွယ်ဓားအလင်တးန်းကို အတွင်းမှခွဲထုတ်လိုက်ကာ ပြိုကွဲသွားစေသည်။
စန့်ချင်အဆက်အနွယ် ဓားအလင်းတန်းက နဂိုကပင် ကနဦးကောင်းကင် ပရမ်းပတာစွမ်းအားတစ်ခုပမာ ဖြစ်သည်။
ယခု ယွဲ့ကျန့်ပေ၏ ဓားအလင်းတန်းကြောင့် မငြိမ်သက်ဖြစ်သွားပြီး မိုးနှင့်မြေကိုပိုင်းခြားကာ ဖန်ဆင်းခြင်းဖြစ်စဉ်ကို ထင်ရှားပြသလာကြသည်။
စန့်ချင်အဆက်အနွယ်ဓားအလင်းတန်း ပြိုကွဲသွားပြီးနောက် ‘မရှိမှု’ အဖြစ် ပြောင်းလဲသွားသည်။
ယွဲ့ကျန့်ပေ၏ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ က နျဲ့ကျင်းရှန်၏ဓားသိုင်းနှင့် တူညီခြင်း မရှိပေ။ နျဲ့ကျင်းရှန်၏ ဓားသိုင်းထဲတွင် သူ၏နားလည်မှုကိုယ်ပိုင်အသိဉာဏ်များ ထည့်သွင်းထားသည်။
သို့သော် ယွဲ့ကျန့်ပေကတော့ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကို အမြင့်ဆုံးအဆင့်ထိ နားလည်နေပြီ ဖြစ်သည်။
ဓားသိုင်းပညာအတွင်းမှ ပြောင်းလဲမှုဖြစ်စဉ်က ဓားအလင်းတန်းထဲတွင် ခိုင်မာသိပ်သည်းနေပြီး ဓားဝိညာဉ်၏လက်မတိုင်းတွင် များပြားလှစွာသော နိမိတ်ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်။
ထိုဓားသိုင်းကို တွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲတို့တစ်အုပ်စုလုံး စိတ်ထဲမှကြိတ်ပြီး ချီးကျူးလိုက်မိကြသည်။
“သူက တင်းကျပ်တဲ့အခြေအနေကိုရင်ဆိုင်ရပေမယ့် သူ့ရဲ့စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်နေဆဲပဲ...”
အတွေးနှင့်အတူ ရန်ကျောက်ကဲ၏မျက်ဝန်းများ တောက်ပလျှက် ရှိသည်။
သိုင်းကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ သူတို့၏တန်ခိုးစွမ်းအားကို အသေးစိတ်အခြေအနေအထိ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့ထိန်းချုပ်နိုင်သည့်အတိုင်းအတာမှာ လူတစ်ဦးစီအပေါ်အခြေခံ၍ ကွဲပြားသည်။ အချို့က မသိသာသော်လည်း အချို့က သိသာထင်ရှားသော ထိန်းချုပ်မှုကို ပြသနိုင်သည်။
ဤအကြောင်းအရာနှင့်စပ်လျဉ်းပြီး ရန်ကျောက်ကဲသိရှိသူများထဲတွင် စွမ်းအားထိန်းချုပ်နိုင်မှု အကြီးမားဆုံးသူ (၂)ယောက် ရှိသည်။
တစ်ယောက်က သူ၏မိခင် ရွှယ်ချူးချင်ဖြစ်ပြီး နောက်တစ်ယောက်တော့ သူ့ရှေ့မှ ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’ ပင် ဖြစ်သည်။
အခြားအရာများကိုမဆိုထားနှင့် ၊ သူတို့၏ ကိုယ်ပိုင်စွမ်းအားထိန်းချုပ်ခြင်း အသေးစိတ်ကျမှုတစ်ခုတည်းကပင် သူတို့ကို ထိပ်တန်းအဆင့် ရှောက်ရှိစေရန် လုံလောက်သည်။
ဤသည်ကို သိုင်းပညာထဲမှ အရည်အချင်းအနှစ်သာရတစ်ခုအဖြစ် ခွဲခြားသတ်မှတ်နိုင်သည်။
လုန်ရွှယ်ကျီး လူသားအထွတ်ထိပ် သိုင်းသူတော်စင်အဆင့်တွင် အထွတ်ထိပ်မှော်ဝင်လက်နက်များစွာကို အသုံးပြုခဲ့ခြင်း မရှိပေ။
သို့သော် သာမန်အခြေအနေမှာပင် သူ၏အစွမ်းသတ္တိကို အပြည့်အဝ အသုံးချပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ထို့ပြင် သူက အထွတ်ထိပ်မှော်ဝင်ပစ္စည်းမဟုတ်သော သာမန် သံမဏိဓားတစ်လက်ကို အသုံးပြုပြီး စန့်ချင်အဆက်အနွယ်ဓားသိုင်းဖြစ်သည့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းကဲ့သို့ ဓားသိုင်းမျိုးကိုလည်း အသုံးပြုနိုင်သည်။
ထိုဓားသိုင်းက ဖန်ဆင်းခြင်းဓားသိုင်းနှင့်မတူညီဘဲ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ခွင့်ပြုထားပြီး ပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်ပေ။ နတ်ဘုရားအဆုံးသတ်ဓားသိုင်း၏ ကရုဏာတရားကင်းမဲ့မှုက ဤကမ္ဘာပေါ်ရှိ ထိပ်တန်းသိုင်းပညာရပ်များထဲမှ ရှားပါးပညာရပ်တစ်ခု ဖြစ်သည်။
ဤသည်က လုန်ရွှယ်ကျီး သူ၏စွမ်းအားကို မည်သို့ထိန်းချုပ်နိုင်သည်ကို အသေးစိတ် သိသာထင်ရှားစေသောအချက် ဖြစ်၏။
ယခုလည်း ယွဲ့ကျန့်ပေ၏ နက်နဲသည့်ဓားသိုင်းနှင့် စွမ်းအားထိန်းချုပ်နိုင်မှုကို ရန်ကျောက်ကဲ သိရှိခံစားနိုင်ခဲ့သည်။
သိုင်းကျင့်ကြံသူမားအတွက် အလွန်အသေးစိတ် တိကျသော ဓားသိုင်းပညာကို အမြင့်ဆုံးအဆင့်အထိ တွေ့မြင်နိုင်ရခြင်းမှာ ပျော်ရွှင်စရာကိစ္စတစ်ခုပင် ဖြစ်သည်။
တိုက်ခိုက်နေကြသော ချန်ချန်းဟွာနှင့် လုန်ရွှယ်ကျီးတို့သည်ပင် ယွဲ့ကျန့်ပေနှင့် ကျန်းပုရွှီး၏တိုက်ပွဲကို လှမ်းကြည့်လိုက်ကြသည်။
ဓားသိုင်းပညာရပ်တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ‘လုန်ရွှယ်ကျီး’ ၏မျက်ဝန်းများ အံ့အားသင့်ခြင်းများဖြင့် တောက်ပနေသည်။
ကျန်းပုရွှီး၏ ဓားကွက်အပြောင်းအလဲ မည်မျှရှုပ်ထွေးပါစေ ၊ သူ၏ဓားဝိညာဉ် မည်မျှပြင်းထန်ပါစေ ယွဲ့ကျန့်ပေက ကြောက်ရွံ့ခြင်း မရှိပေ။
ဓားချက်မည်မျှ ခုတ်ထစ်ပိုင်းဖြတ်ပါစေ ၊ သို့မဟုတ် မည်မျှ ထိုးနှက်တိုက်ခိုက်ပါစေ အနိုင်ယူရန် ဓားချက်တစ်ချက်သာလျှင် လိုအပ်သည်။
ကျန်းပုရွှီး၏မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေပြီး သူ၏မျက်လုံးများက အာရုံစူးစိုက်မှု ပြည့်နက်နေသည်။
သို့သော် သူ၏ အာရုံစူးစိုက်မှုထဲတွင် ပုံရိပ်ယောင်အရိပ်အမြွက်များ ပါရှိနေသည်။
နက်ရှိုင်းနတ်ဘုရားတစ်ပါးအဖြစ် သူ၏ခန္ဓာကိုယ်ထဲတွင် အမတချီစွမ်းအား (၄)ခု ပေါင်းစည်းနိုင်ပြီဖြစ်ရာ အမတချီစွမ်းအား (၃)ခု ပေါင်းစည်းထားသူထက် ပိုမိုစွမ်းအားကြီးမားသည်မျာ သဘာဝကျသည်။
သို့သော် ယွဲ့ကျန့်ပေသာ အပြင်းအထန်တိုက်ခိုက်မည်ဆိုလျှင် သူ့ထက်စွမ်းအားကြီးမားသူတစ်ယောက်ကို လုံးဝ ရှုံးနိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်၏တိုက်ပွဲက သူသေကိုယ်သေတိုက်ပွဲဖြစ်ပြီး အနိုင်အရှုံးက မျဉ်းပါးပါးလေးတစ်ခုအပေါ်တွင်သာ မူတည်သည်။
ကျန်းပုရွှီးသာ သတိမထားပါက ခန္ဓာကိုယ်ထဲတွင် အမတချီစွမ်းအား (၄)ခု ပေါင်းစည်းထားသည့် အထွတ်ထိပ်အဆင့် နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သည့်တိုင် ယွဲ့ကျန့်ပေ၏ဓားချက်အောက်တွင် ရှုံးနိမ့်သွားနိုင်သည်။
ကျင့်ကြံခြင်းအဆင့် ကွာဟသည့်တိုင် ကျန်းပုရွှီး တိုက်ပွဲရှုံးနိမ့်သွားနိုင်သည့် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ယွဲ့ကျန့်ပေက ဓားသိုင်းပညာတွင် အောင်မြင်မှု သူ့ထက် ပိုမိုမြင့်မားသောကြောင့် ဖြစ်သည်.
ရင်းနှီးပြီးသားဖြစ်သော ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကိုတွေ့မြင်လိုက်ရသည့်အခါ ကျန်းပုရွှီး၏စိတ်အစဉ်က ဝေးကွာသည့်အတိတ်တစ်ချိန်သို့ ပြန်လည်သတိရသွားရသည်။
တစ်ချိန်တုန်းက ဓားသိုင်းပညာတစ်ရပ်ကို အတူတူလေ့ကျင့်ခဲ့ကြသော ဂိုဏ်းတူညိအစ်ကို (၂)ယောက် ရှိခဲ့ဖူးသည်။
သူတို့က အထက်ဘုံကမ္ဘာမှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်လာကြပြီး မာနကြီးလွန်းသော စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူများကို ဓားပညာအသုံးပြုကာ အနိုင်ယူခဲ့ပြီး သူတို့၏ဓဦးသိုင်းကျွမ်းကျင်မှုအား အသိအမှတ်ပြစေခဲ့သည်။
ထိုစဉ်အချိန်က ကျန်းပုရွှီးက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားခြင်း မရှိသေးပေ။
ထိုညီအစ်ကို (၂)ယောက်မှာ ရန်ရှင်းထန်နှင့် လုန်ရှင်းချွမ် ဖြစ်ပြီး သူတို့နှစ်ယောက်၏ အရှက်ခွဲခြင်းအား သည်းခံသူများထဲတွင် ကျန်းပုရွှီးလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။
ယခု အတိတ်အချိန်က တစ်ဖန်ပြန်လည် တစ်ပတ်လည်လာသည့်ပမာ ဖြစ်သည်။
ယခုအခြေအနေက ယခင်တစ်ချိန်ကနှင့်မတူညီပေ။ နှစ်ဖက်လုံးက အကောင်းဆုံး တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ထိုစဉ်အချိန်ကတော့ ဓားသိုင်းယှဉ်ပြိုင်ရာတွင် အနိုင်ရမည့်သူကို ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
အတိတ်အကြောင်းများကိုတွေးမိတော့ ကျန်းပုရွှီး၏မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများထင်ဟပ်လာသည်။
သို့သော် သူက လျှင်မြန်စွာပင် ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မသက်ဆိုင်သည့်အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်သည်။
ထို့နောက် သူက ယွဲ့ကျန့်ပေအား ကြီးကျယ်ခမ်းနားသော ဓားသိုင်းစွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။
ယွဲ့ကျန့်ပေ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူကစိတ်ပူပန်ခြင်းမရှိသလို စိတ်အစဉ်က အလွန်တရာ ငြိမ်သက်နေသည်။
တိုက်ပွဲတိုင်းတွင် အကောင်းဆုံးတိုက်ခိုက်ခဲ့သောစိတ်ဓာတ်ခိုင်မာခြင်းဖြင့် အာရုံစူးစိုက်လျှက် ပင်လယ်အော်မြည်သံနှင့် ညီမျှသော စွမ်းအားရှိသည့် ဓားအလင်းကို သူ့အရှေ့တွင်ထုတ်လွှတ်လိုက်ပြီး မိုးနှင့်မြေကို ပိုင်းခြားသွားစေသည်။
ထိုအချိန် ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...
“ကျေးဇူးပြုပြီး စုန်းဟွမ်မြင့်မားဧကရာဇ်... ကျွန်တော်တို့က ဂိုဏ်းမတူပေမယ့် ခင်ဗျားက အဂ္ဂိရတ်ခန်းမရဲ့သတင်းကို အမတခုံရုံးကမိစ္ဆာတွေဆီ မပေါက်ကြားစေတာကြောင့် ကျွန်တော်တို့နဲ့ ဘက်တူတယ်လို့ သတ်မှတ်လို့ရတယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ အခုလည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဆရာဦးလေး’လုန်ရွှယ်ကျီး’ နဲ့ ဂိုဏ်းတူအစ်မ’ယွီယဲ့’ တို့ရဲ့အကူအညီကြောင့် ကျွန်တော်တို့ အောင်မြင်ခဲ့တာပါ ၊ ဘာပဲဖြစ်ဖြစ် အဂ္ဂိရတ်ခန်းမက လမ်းမှန်တာအိုဝါဒရဲ့ လက်ထဲမှာ ရှိနေဆဲပါပဲ”
ကျန်းပုရွှီးစကား စကားပြန်မပြောခင်မှာပင် ခန်းမဝိညာဉ်’ထျန်းစူး’ ၏ ဒေါသတကြီးအသံက မိုးမြေတစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“မင်းက အပြောတော့ ကောင်းသားပဲ ၊ တကယ်တော့ မင်းတို့အားလုံးက သစ္စာမဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေပဲ ၊ အရင်တုန်းက ကောင်းကင်ဘုံနန်းတော်က အတွင်းပိုင်း အချင်းချင်းတိုက်ခိုက်ကြတဲ့တိုက်ပွဲကြောင့် ပျက်ဆီးခဲ့ရတယ် ၊ မင်းတို့တွေလည်း သူတို့လိုပဲ ဖြစ်လာမှာပဲ”
သူက ဆက်ပြောလိုက်သည်။
“အဲဒါ မင်းတို့ရဲ့သဘာဝပဲ ၊ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး”