အဂ္ဂိရတ်ခန်းမအားထိန်းချုပ်ခြင်း
Vol. 91 Ch. 1272
အခန်း (၁၂၇၂) အဂ္ဂိရတ်ခန်းမအားထိန်းချုပ်ခြင်း
ခန်းမဝိညာဉ်၏စကားကိုကြားတော့ လူတိုင်း အံ့အားသင့်သွားကြသည်။
ယွဲ့ကျန့်ပေ ၊ ကျန်းပုရွှီး ၊ နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာသည်။
အရာအားလုံးကို စိတ်ဝင်စားဟန်မရှိသော ချန်ချန်းဟွာသည်ပင် စိတ်ဝင်တစားဖြင့် လှမ်းကြည့်သည်ကို တွေ့လိုက်ရ၏။
သူက ကောင်းကင်ဖွင့်ကျမ်းစာကိုအသုံးပြုပြီး အတိတ်အကြောင်းအရာများစွာကို သိမြင်နိုင်စွမ်းရှိခဲ့သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် သူ သိမြင်နိုင်သည့်အရာများက အကန့်အသတ်ရှိသည်။
ချန်ချန်းဟွာအတွက်တော့ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်အတွင်း ဖြစ်ပျက်ခဲ့သည်များက အလွန်ပင်စိတ်ဝင်စားစရာ ကောင်းလှသည်။
သို့သော် သူတို့အားလုံးထဲတွင် အထိတ်လန့်ဆုံးဖြစ်သွားသူမှာ ရန်ကျောက်ကဲဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။ ခန်းမဝိညာဉ်’ထျန်းစူး’ ပြောသည့်စကားကိုကြားပြီးနောက် ရန်ကျောက်ကဲ မျက်လုံးများပြူးကျယ်သွားသည်။
အတိတ်တစ်ချိန် မဟာကပ်ဘေးကြီးကျရောက်စဉ်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က အားလုံးထဲတွင် ပထမဆုံး ပျက်ဆီးသည့်နေရာ ဖြစ်သည်။
ထိုအချိန်က သူက သိုင်းကျမ်းစာကြည့်တိုက်ခန်းမဝိညာဉ်ဖြစ်သော သူသည်လည်း ပျောက်ကွယ်ပျက်ဆီးသွားခဲ့သည်။ ဤသည်က အချိန်အတော်ကြာအောင် စိတ်အနှောင့်အယှက်ဖြစ်စေသော အရာတစ်ခုလည်းဖြစ်သည်။
သူက သိုင်းပညာရပ်များနှင့် အမြင့်ဆုံးသောကျင့်ကြံခြင်းစာပေများ မှတ်တမ်းတင်ထားသည့် စာအုပ်ပင်လယ်ထဲတွင် နစ်မြုပ်နေခဲ့သည်။
သူ အသိစိတ်ဝင်လာချိန်တွင် သူ့မျက်လုံးထဲတွင် ပြည့်နက်နေသည့်မြင်ကွင်းက မိုးမြေတစ်ခုလုံးအား လွှမ်းခြုံသွားသည့် လက်ဖဝါးကြီးတစ်ခုပဲ ဖြစ်၏။
ထိုလက်ဖဝါးကြီးကျဆင်းလာသည်နှင့် မဟာကပ်ဘေးကြီးသည်လည်း နောက်မှ လိုက်ပါလာခဲသည်။ ထိုနေ့မှစပြီး ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။
အရာအားလုံးက ရုတ်တရက် ဆန်လွန်းသဖြင့် တုံ့ပြန်နိုင်စွမ်းမရှိသော်လည်း သူက ဖြစ်ပျက်သမျှကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့ပြီး ထိုအကြောင်းအရာများကို သူ ထပ်ခါထပ်ခါ တွေးတောခဲ့မိသည်ပင်။
ထိုအချိန်က ကျဆင်းလာသော လက်ဖဝါးကြီးက အသင်္ချေကမ္ဘာ၏ပျက်သုဉ်းခြင်းကို သက်သေပြနေပြီး ထိုလက်ဖဝါးကြီးက ဗုဒ္ဓဘာသာဘက်မှ ကျရောက်လာသော လက်ဖဝါးတစ်ဖက် ဖြစ်နိုင်သည်။
သူ လုံးဝ အမှတ်မှားမည်မဟုတ်ကြောင်း ရန်ကျောက်ကဲ ယုံကြည်ထားသည်။
သို့သော် ထိုအချက်က အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ပြောသောစကားနှင့် မတူညီဖြစ်နေသည်။ သို့သော် ခန်းမဝိညာဉ်’ထျန်းစူး’ က အမှန်တရားကို လှည့်ဖြားရန် ရည်ရွယ်ချက်မရှိဟု ရန်ကျောက်ကဲ ခံစားရသည်။
ထိုအစား စိတ်ပျက်ခြင်းနှင့် ဒေါသကြောင့် သူ့နှုတ်မှ ပေါက်ကွဲထွက်လာသည့် စကားများ ဖြစ်ဟန်တူသည်။ သို့မဟုတ် ရန်ကျောက်ကဲ ပျော်ရွှင်နေသည်ကို သူ မတွေ့မြင်လိုခြင်း ဖြစ်နိုင်၏။
မဟာကပ်ဘေးကြီးမတိုင်ခင်က သူက အသိဉာဏ်မရှိသေးသော်လည်း ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သမျှအရာအားလုံးကို မှတ်ဉာဏ်ထဲတွင် ရေးထိုးထားသည်။
ယခုအချိန်မှာတော့ ခန်းမဝိညာဉ်က ကိုယ်ပိုင်အသိဉာဏ်ပိုင်ဆိုင်ထားပြီဖြစ်ရာ ရုပ်သေးရုပ်တစ်ရုပ် မဟုတ်တော့ပေ။ သူ၏မှတ်ဉာဏ်ထဲတွင် ရေးထိုးထားသည်များက သူ၏အမှတ်တရများ ဖြစ်လာခဲ့သည်။
သူတို့နှစ်ယောက်၏ မှတ်ဉာဏ်များက အစစ်အမှန်များဖြစ်ဟန်တူသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။
သူတို့ထဲကတစ်ယောက်က မှားနေခြင်း မဟုတ်ပေ။
သူတို့၏မှတ်ဉာဏ်များထဲမှ အထင်အမြင်များ မှားယွင်းနေခြင်း ဖြစ်နိုင်သည်။ မဟုတ်ပါက သူတို့၏အမှန်တရားများက တစ်ခုနှင့်တစ်ခု ဆက်နွယ်နေခြင်း ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက ခန်းမဝိညာဉ် ‘ထျန်းစူး’ ၏ စိတ်ကိုစွပေးရန်အတွက် ရည်ရွယ်ချက်ရှိရှိ စကားဆိုလိုက်သည်။
“အမှန်တရားကို ပုံမှားရိုက်ပြီး မင်းအတ္တကိုမြှင့်တင်ဖို့ လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနေစရာ မလိုပါဘူး”
သူက ဆက်ပြောလိုက်သည်။
“မင်းက အသိဉာဏ်နည်းနည်းရှိလာပေမယ့် ငါတို့ကိုအတုခိုးပြီး ကိုယ်နဲ့မဆိုင်တဲ့အရာတွေကို သင်ယူနေတယ် ၊ ဒီလိုတွေလျှောက်ပြောတော့ မင်းက ပိုပြီး ရယ်စရာကောင်းနေတာပေါ့”
“ငါတို့မျက်စိထဲမှာတော့ မင်းက လူကိုအတုခိုးနေတဲ့ မျောက်ဝံတစ်ကောင်ပဲ ၊ ဒါနဲ့... မျောက်ဝံဆိုတာဘာလဲ သိလား”
ခန်းမဝိညာဉ်၏ရုပ်ခန္ဓာက အမှန်တကယ်ပင် ဆုံးရှုံးသွားပြီ ဖြစ်သည်။
သူ၏အသံက အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာထဲတွင် ပဲ့တင်ထပ်နေသည့်ပမာ ထင်မှတ်ရသော်လည်း သူက ရန်ကျောက်ကဲတို့အုပ်စု ပြုလုပ်ထားသော အစီအရင်ထဲတွင် ချုပ်နှောင်ခံထားရဆဲပင်။
ခန်းမဝိညာဉ်က ဒေါသတကြီးဖြင့် ရယ်မောလိုက်ရင်း...
“ငါ့ရဲ့ ‘ထျန်းစူးခန်းမ’ မှာ ဖြစ်ပျက်သွားတာတွေကို ငါမသိဘူးလို့ မင်းက ထင်နေတာလား”
ခန်းမဝိညာဉ်၏စကားကိုနားထောင်ပြီးနောက် ရန်ကျောက်ကဲ အတွေးနက်နဲသွားသည်။
“ငါက သိုင်းကျမ်းစာကြည့်တိုက်ထဲမှာရှိနေတာ... တခြားကိစ္စတွေကိုမသိတာ အံ့သြစရာတော့မရှိဘူး”
ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်သည်။
ရုတ်တရက် သူ့စိတ်ထဲ အတွေးပေါင်းများစွာ ပေါ်လာသည်။
အပိုင်းအစများဖြင့် ချိတ်ဆက်ထားသည့် ကြိုးတစ်ချောင်းကိုတွေ့လိုက်ရပြီး အဖြစ်အပျက်များက ကွဲကြေနေသော လည်ဆွဲတစ်ခုပမာဖြစ်ကြောင်း ယောင်ဝါးဝါး ခံစားလိုက်ရသည်။
သို့သော် လူပေါင်းများစွာရှေ့တွင် ခန်းမဝိညာဉ်’ထျန်းစူး’ ထံမှ နောက်ထပ်အချက်အလက်များကိုမေးမြန်းရန် ခက်ခဲပေလိမ့်မည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများ တိတ်ဆိတ်သွားသည်။
စိတ်အာရုံစုစည်းလိုက်ပြီး သူ့အရှေ့မှကိစ္စကို အရင်ဆုံးဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
ယွဲ့ကျန့်ပေက ကျန်းပုရွှီးကို တားဆီးထားပြီး လုန်ရွှယ်ကျီးကလည်း ချန်ချန်းဟွာကို ရှေ့မတိုးနိုင်အောင် ပြုလုပ်ထားသည်။ ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စု အေးဆေးသက်သာနေကြပြီး ခန်းမဝိညာဉ်’ထျန်းစူး’ ကိုကိုင်တွယ်ရန် အာရုံစိုက်နိုင်ကြသည်။
ခန်းမဝိညာဉ်’ထျန်းစူး’ က ဒေါသတကြီးဖြင့်...
“မင်း ငါ့ရဲ့ အဂ္ဂိရတ်ခန်းမကို မယူရဘူး”
ရုတ်တရက် အဂ္ဂိရတ်ခန်းမတစ်ခုလုံး တုန်ခါသွားသည်။ သို့သော် အစီအရင်ထဲတွင် ကန့်သတ်ထားသည့် ဆေးလုံးချီများက ရှေ့ဆက်မတိုးနိုင်သေးပေ။
ရန်ကျောက်ကဲ၏လက်မှ စည်းတံဆိပ်က အဆက်မပြတ် ပြောင်းလဲနေသည်။ သူက စည်းတံဆိပ်များစွာ ထုတ်လွှတ်လိုက်သည့်အခါ အားလုံးက ဆေးလုံးချီ မြူခိုးများကြားသို့ ရောက်ရှိသွားသည်။
သူ့ဘေးနားတွင်ရှိနေသော ရန်တိ ၊ နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ကလည်း ရန်ကျောက်ကဲ၏လှုပ်ရှားမှုအတိုင်း လိုက်ပါလုပ်ဆောင်ကြသည်။
ရန်ကျောက်ကဲ စောစောက သူတို့ကိုပြောခဲ့သည့်အတိုင်းပင် သူတို့လက်မှ စည်းတံဆိပ်များကို အဆက်မပြတ်ပြောင်းလဲစေပြီး စည်းတံဆိပ်များစွာ ထွက်ပေါ်လာစေကာ ဆေးလုံးချီမြူခိုးများဆီသို့ ထုတ်လွှတ်ပေးလိုက်ကြသည်။
မြူခိုးငွေ့များက ဖြည်းညင်းစွာပင် တောက်ပသည့်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းတန်းထဲတွင် ရှုပ်ထွေးသောကျမ်းစာကြောင်းတစ်ခု ဖြည်းညင်းစွာပေါ်လာသည်။
အစီအရင်ထဲတွင် အလင်းတန်းများက ပြည့်နက်တောက်ပနေပြီး အားလုံးကို ဖြတ်သန်းသွားလေရာ ၊ သူတို့အားလုံး နတ်ဘုံနတ်နန်းတစ်ခုသို့ ရောက်ရှိသွားသည့်ပမာ ထင်မှတ်ရသည်။
အစီအရင်စွမ်းအား အဆက်မပြတ်လှည့်ပတ်လာသည်နှင့် ထိုအလင်းတန်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။
အလင်းစီးကြောင်းအတွင်းမှ ရှေးဟောင်းကျမ်းစာက ဖြည်းဖြည်းချင်း ရှင်းလင်းသည်ထက် ရှင်းလင်းလာသည်။
ခန်းမဝိညာဉ်’ထျန်းစူး’ ၏ အသံက ထပ်မံ၍ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ဒီလိုဆိုမှတော့... ငါတို့အတူတူ သေကြတာပေါ့”
ယခုတစ်ခါမှာတော့ သူ့အသံထဲတွင် ဒေါသနှင့် မလိုလားသော ခံစားချက်များ မပါဝင်တော့ပေ။
သို့သော် တစ်ခါမှမကြုံဖူးလောက်အောင် ရေခဲတမျှအေးစက်နေပြီး လူတစ်ယောက်၏ အတွင်းစိတ်သဏ္ဌန်ကို တုန်လှုပ်စေနိုင်စွမ်းရှိသည်။ လူတစ်ယောက်၏စိတ်ကို အေးခဲသွားစေနိုင်သည့်ပမာ ထင်မှတ်ရသည်။
အလင်းစီးကြောင်းများအတွင်းမှ ကျမ်းစာက စတင်ရွေ့လျားလာသည်။ ထိုအရာက ဖဲသားအုပ်စာမျက်နှာတစ်ခုပမာ စုတ်ပြဲသွားတော့မည့်အလား ထင်မှတ်ရသည်။
ခန်းမအတွင်းမှ စကြာဝဠာဗလာနယ်ထဲတွင် ပင်မထိန်းချုပ်ရေးဗဟိုဖြစ်သော ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ က အတွင်းထဲမှ ပြိုကျသွားပုံရသည်။
လူတိုင်း၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြ၏။
သူတို့က အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသည်ဖြစ်ရာ မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ နှင့် ထွက်ပြေးနိုင်စွမ်းရှိသော လူအချို့မှလွဲပြီး ကျန်လူများအားလုံး အဂ္ဂိရတ်ခန်းမပြိုကျသည်နှင့် အတူသေဆုံးကြရမည် ဖြစ်သည်။
ရန်ကျောက်ကဲ၏မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိပေ။ သူက ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
ထို့နောက် သူ့အရှေ့တွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကြီး ထွက်ပေါ်လာသည်။ ထို့နောက် လက်ဖဝါးကိုပင့်မြှောက်ပြီး လွင့်မျောနေသောကျမ်းစာများကို မီးဖိုထက်တွင် ဖိနှိပ်ချလိုက်သည်။
ထိုအခါ မီးပြင်းဖိုထက်တွင် ကျမ်းစာများ ရေးထိုးပြီးသား ဖြစ်သွားသည်။
မရေမတွက်နိုင်သောအလင်းတန်းများက မီးပြင်းဖိုနှင့် ကျမ်းစာများကို အလယ်ဗဟိုတွင်ထားကာ နေရာတိုင်းသို့ လွင့်စင်ထွက်သွားသည်။
ထိုအလင်းတန်းများက အစီအရင်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာတစ်ခုလုံးဆီသို့ ဖြန့်ကျက်ရောက်ရှိသွားသည်။
ဤသက်ရောက်မှုကိုခံစားရပြီးနောက် အစီအရင်အပြင်ဘက်မှ ဗလာနယ်က ပရမ်းပတာ ဖြစ်လာသည်။
တိုက်ခိုက်နေကြသည့် ယွဲ့ကျန့်ပေ ၊ ကျန်းပုရွှီး ၊ လုန်ရွှယ်ကျီးနှင့် ချန်ချန်းဟွာတို့သည်ပင် ဟန်ချက်ပျက်သွားပြီး ဗလာနယ်ထဲတွင် ယိမ်းယိုင်သွားကြသည်။
အဂ္ဂိရတ်ခန်းမအပြင်ဘက်မှ ကြည့်မည်ဆိုလျှင်တော့ နဂိုက နက်မှောင်နေသည့် အဂ္ဂိရတ်ခန်းမကြီးမှ အနက်ရောင်များ ပျောက်ကွယ်သွားပြီး မူလအတိုင်း ကျောက်ဖြူသားအသွင် ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရသည်။
ခန်းမတစ်ခုလုံး ရွှေရောင်အဆင်းသဏ္ဌန်ဖြင့်တောက်ပနေပြီး ခရမ်းရောင်အခိုးအငွေ့များသည်လည်း ပတ်ပတ်လည်တွင် လွင့်မျောလှည့်ပတ်လျှက် ရှိသည်။
ခန်းမတံခါးကြီးပွင့်ထါက်သွားပြီး လေများက ဒရောသောပါး လွင့်စင်ဝင်ရောက်လာသည်။
တဟုန်ထိုးတိုက်ခတ်လာသော လေစီးကြောင်းများနှင့်အတူ များပြားလှစွာသောလူရိပ်များ အပြင်ဘက်သို့ လွင်စင်ထွက်သွားကြသည်။
ထိုသူများက ပြေးသူလိုက်သူမကွဲပြားဘဲ အဆုံးမရှိသော ဗလာနယ်၏ အစွန်အဖျားတွင်ပျောက်ကွယ်သွားကြသည်။
အဂ္ဂိရတ်ခန်းမအတွင်းရှိ ပရမ်းပတာ စကြာဝဠာ ဗလာနယ်ထဲရှိ အစီအရင်ထဲမှာတော့ ရန်ကျောက်ကဲတို့အုပ်စု အေးဆေးစွာပင် ရှိနေကြသည်။
အစီအရင်ထဲတွင် ခန်းမဝိညာဉ်’ထျန်းစူး’ ၏အသံက ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ သူ၏ လက်မခံလိုသောဆန္ဒများပါဝင်သည့်စကားသံက လုံးဝ ပြတ်တောက်သွားသည်။
ရန်ကျောက်ကဲ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို အရှေ့သို့ တွန်းထုတ်လိုက်သည်။
သူက လက်နှစ်ဖက်ဆန့်ထုတ်လိုက်ပြီး လက်တစ်ဖက်က သူ၏မျက်ခုံးနှစ်ခုကြားကို ထိထားကာ ကျန်လက်တစ်ဖက်က မီးပြင်းဖိုထက်သို့ ဖိကပ်ထားသည်။
မီးပြင်းဖိုထက်တွင် ရေးထွင်းထားသော ကျမ်းစာက အသက်ဝင်လာသည့်ပမာ အလင်းရောင်များ တောက်ပလာသည်။
ထို့နောက် စီးဆင်းနေသည့်ရေများပမာ ရန်ကျောက်ကဲ၏ မျက်ခုံးနှစ်ခုကြားသို့ ထိကပ်ထားသည့် လက်မှတစ်ဆင့် သူ၏နဖူးဆီသို့ ရောက်ရှိပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး သူတို့ရှိနေသော အစီအရင်ထဲတွင် အလင်းရောင်များ တောက်ပလာသည်။
မြင်ကွင်းများပြီးဆုံးသွားပြီး စိတ်မအေးနိုင်သေးခင်မှာပင် သူတို့က အဂ္ဂိရတ်ခန်းမ၏ ပင်မထိန်းချုပ်ရေးဗဟိုဖြစ်သော ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ အတွင်းသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
ရန်ဒီနှင့် အခြားလူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဤသည်က ဘာကိုဆိုလိုကြောင်း သူတို့အားလုံး သိရှိကြသည်ပင်။
အဂ္ဂိရတ်ခန်းမအား ရန်ကျောက်ကဲက အပြည့်အဝ အောင်မြင်စွာ ထိန်ချုပ်နိုင်ခဲ့ပြီ မဟုတ်ပါလား။