ညတွင်းချင်းသူဌေးဖြစ်ပြီ
Vol. 91 Ch. 1273
အခန်း (၁၂၇၃) ညတွင်းချင်းသူဌေးဖြစ်ပြီ
ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်သို့ လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားပြီး ကျန်လက်တစ်ဖက်က သူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ထားသည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲ၌ ခန်းမကိုးခုပန်းချီကား၏ အနေအထားကို အခြေခံပြီး အလင်းတန်းကိုးစင်းထွက်ပေါ်လာသည်။ အလင်းတန်းများက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်ထားသည်။
သူ၏စိတ်အစဉ်က အဂ္ဂိရတ်ခန်းမနှင့် ဖြည်းဖြည်းချင်းချိတ်ဆက်နေသည်ဟု ရန်ကျောက်ကဲ ခံစားလာရသည်။
ဤဖြစ်စဉ် ပြီးဆုံးသည့်နောက် အဂ္ဂိရတ်ခန်းမအတွင်းမှ ပရမ်းပတာ စကြာဝဠာက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
အဂ္ဂိရတ်ခန်းမတံခါးကြီး ပြန်ပိတ်သွားပြီး အဂ္ဂိရတ်ခန်းမတစ်ခုလုံး ရွှေရောင်တောက်ပနေကာ ခရမ်းရောင်အခိုးအငွေ့များဖြင့် လွှမ်းခြုံထားသည်။
ကျောက်ဖြူသားခန်းမဆောင်ကြီးသည် ယခင် ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုံနတ်နန်းတစ်ခုပမာ ပိုမိုထင်ရှားလာသည်။
ဗလာနယ်ထဲတွင် ထီးတည်းတည်ရှိနေခြင်းမဟုတ်ဘဲ အနီးပတ်ဝန်းကျင်တွင် အခြားသော နန်းဆောင်များ ရှိနေဦးမည်ဆိုပါက မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်သို့ ပြန်လည်ရောက်ရှိသွားသည့်ပမာ ခံစားရပေမည်။
ရန်ကျောက်ကဲက သူ၏အောင်မြင်မှုအတွက် ဂုဏ်ယူနိုင်ခြင်းမရှိသေးဘဲ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
သူက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ပြီးသည်နှင့် အဂ္ဂိရတ်ခန်းမမှ ထုတ်လွှတ်နေသည့် ရောင်ဝါနှင့် အလင်းတန်းများကို ပြန်လည်ရုတ်သိမ်းနိုင်ရန် ပထမဆုံး လုပ်ဆောင်ခဲ့သည်။
တခြားသူများ အကျိုးအမြတ်ရရှိသွားရန်အတွက် သူက ကြိုးကြိုးစားစားဖြင့် အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ရန် ကြိုးစားခဲ့ခြင်း မဟုတ်ပေ။
‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ သို့မဟုတ် ‘ဘုရားလောင်း’ တို့ကဲ့သို့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ကြီးများကို မည်သို့သောအကြောင်းပြချက်နှင့်မှ လျှော့မတွက်သင့်ပေ။
အထူးသဖြင့် “အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်” ဖြစ်၏။
ရန်ကျောက်ကဲက မဟာကပ်ဘေးကြီး ဖြစ်ပျက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သဲလွန်စများကို ထပ်မံစုဆောင်းနိုင်ခဲ့သည်။ ကိစ္စရပ်အားလုံးက မရေမရာ ဖြစ်နေသေးသော်လည်း ရန်ကျောက်ကဲစိတ်ထဲတွင် ယေဘူယျအတွေးတစ်ခု ရှိနေသည်။
‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုသည်က မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်ပိုင်းမှ ထွက်ပေါ်လာသည့်လူတစ်ယောက် မဟုတ်ပေ။
အနည်းဆုံး ထိုသူက ယုံကြည်ခြင်းစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ‘ရတနာအလင်းတန်း’ အကြောင်းကို အစောပိုင်းကတည်းက စတင်ရှာဖွေနေခြင်း ဖြစ်ဟန်တူသည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ထိုသူက ‘ကောင်းကင်ဘုံအရှင်’ (ထျန်းကျွင်း) တစ်ယောက်ယောက် ဖြစ်နိုင်သည်။
ယခု ကြည့်ခြင်းအားဖြင့် ဤ တာအိုဝါဒ၏ ကောင်းကင်ဘုံအရှင်(ထျန်းကျွင်း) ဆိုသည်မှာ ကောင်းကင်ဘုံနန်းတော်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။
ထိုသူကြောင့်ပင် ကောင်းကင်ဘုံနန်းတော်ထဲတွင် အတွင်းပိုင်းပဋိပက္ခများ ပရမ်းပတာ ဖြစ်ခဲ့ဟန် ရှိသည်။
ထို့နောက်မှာတော့ ဗုဒ္ဓဘာသာ၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ အရာအားလုံး ပြန်လမ်းမရှိတော့သည်အထိ ဆိုးရွားသွားခဲ့ဟန် တူသည်။
သီးခြားအသေးစိတ်အချက်အလက်များကိုတော့ ရန်ကျောက်ကဲ သေသေချာချာ သိရှိနိုင်ခြင်း မရှိသေးပေ။
သူက အဂ္ဂိရတ်ခန်းမကို အသေအချာသိမ်းပိုက်ပြီးနောက် အတိတ်ကအဖြစ်အပျက်များကို ခပ်ဖြည်းဖြည်းပင် စူးစမ်းလေ့လာခဲ့သည်။ ဤနည်းအားဖြင့် သူသည်လည်း များစွာ အကျိုးအမြတ်ရရှိနိုင်ပေသည်။
ခန်းမဝိညာဉ် ‘ထျန်းစူး’ က ရန်ကျောက်ကဲတို့တစ်အုပ်စုလုံးအား သူနှင့်အတူ သေရွာသို့ခေါ်သွားချင်သော်လည်း ရန်ကျောက်ကဲက သူ့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
အဆုံးသတ်မှာတော့ ရန်ကျောက်ကဲတို့အုပ်စု တစုံတရာ ထိခိုက်ခြင်းအလျဉ်းမရှိဘဲ ခန်းမဝိညာဉ်’ထျန်းစူး’ သာလျှင် ဤလောကမှ ပျက်သုဉ်းပျောက်ကွယ်သွားခဲ့သည်။
ခန်းမဝိညာဉ်ထံမှ နောက်ထပ်အချက်အလက်များကို မေးမြန်းနိုင်ခြင်းမရှိတော့သော်လည်း ရန်ကျောက်ကဲက ထိုအချက်ကို စိတ်ထဲမထားပေ။ အဂ္ဂိရတ်ခန်းမအား ထိန်းချုပ်နိုင်ပါက သူလိုချင်သောအရာများကို ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာလေ့လာသိရှိနိုင်သည်။
ခန်းမဝိညာဉ်’ထျန်းစူး’ ပျက်ဆီးသွားပြီးနောက် အဂ္ဂိရတ်ခန်းမကို တခြားသူများ လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ခန်းမဝိညာဉ် မသေလျှင်လည်း ရန်ကျောက်ကဲက သူ့ကို စစ်ဆေးမေးမြန်းပြီးသည့်နောက် ရှင်းပစ်မည်ပဲ ဖြစ်သည်။
မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ သူ့ဘက်မှ အားနည်းလာနိုင်ပြီး ပင်ပင်ပန်းပန်းကြိုးစားအားထုတ်ရန် ခွန်အားကျန်ရှိမည် မဟုတ်တော့ပေ။
ရန်ကျောက်ကဲက တစ်ချိန်တုန်းက ခန်းမဝိညာဉ်တစ်ခု ဖြစ်ခဲ့လေရာ သူ့အနေဖြင့် ‘ထျန်းစူး’ ကို မိတ်ဆွေဟောင်းအဖြစ် မှတ်ယူရန်ကတော့ ပြီးပြည့်စုံသည့် ဟာသတစ်ပုဒ်သာ ဖြစ်သည်။
ရှေးယခင်ကပင် သူတို့အချင်းချင်း ရင်းနှီးမှု မရှိခဲ့ကြပေ။
ရန်ကျောက်ကဲက သိုင်းကျမ်းစာကြည့်တိုက်မှ ခန်းမဝိညာဉ်ဖြစ်ကြောင်း ခန်းမဝိညာဉ်’ထျန်းစူး’ သာ သိရှိသွားပါက သူတို့၏ တန်ခိုးစွမ်းအားကွာဟမှုကို အခွင့်ကောင်းယူပြီး ရန်ကျောက်ကဲ သိရှိထားသမျှအရာအားလုံးကို ထျန်းစူးက ရသမျှ ညှစ်ထုတ်သွားမည် ဖြစ်သည်။ ထို့နောက် သူ့ကို ချေမှုန်းပစ်ပေလိမ့်မည်။
“အင်း... ဒီအဂ္ဂိရတ်ခန်းမလည်း မဟာကပ်ဘေးကြီးကြောင့် ပျက်ဆီးမှုတွေ ရှိခဲ့တာပဲ...”
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို သေချာစစ်ဆေးရင်း တွေးတောလိုက်သည်။ ယခု သူက အဂ္ဂိရတ်ခန်းမ၏အခြေအနေကို ပိုမိုရှင်းလင်းစွာ နားလည်လာပေပြီ။
မဟာကပ်ဘေးကြီးကျရောက်စဉ်က အဂ္ဂိရတ်ခန်းမသည်လည်း မငြိမ်မသက်ဖြစ်ခဲ့ပုံရသည်။ သို့သော် ဘေးဒဏ်များက အခြားနေရာများသို့ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး ဤနေရာကိုတော့ အကောင်းအတိုင်း ထိန်းသိမ်းထားနိုင်ခဲ့သည်။
ကောင်းကင်ထက်မှ ဆင်းသက်လာသော ဧရာမလက်ဖဝါးကြီးသည် အဂ္ဂိရတ်ခန်းမကို တိုက်ရိုက် ထိခိုက်ခဲ့ဟန် မတူပေ။
“... ငါရှိနေတဲ့ သိုင်းကျမ်းစာကြည့်တိုက်ကိုပဲ ဒီလက်ဝါးကြီးက ကျလာတာဖြစ်နိုင်တယ်”
ရန်ကျောက်ကဲ တွေးရင်း မျက်လုံးတစ်ချက်လှန်လိုက်သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းမှ အလင်းတန်း (၉)သွယ်က တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ရန်ကျောက်ကဲတို့အုပ်စုသည်လည်း သူတို့၏အစီအရင်ကို ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
နတ်ဆေးလုံးများ ၊ ဝိညာဉ်ဆေးလုံးများနှင့် ရတနာပစ္စည်းများကိုအသုံးပြုပြီး ခန်းမဝိညာဉ် ပြုလုပ်ထားသော လူသားရုပ်ခန္ဓာ ပြိုကျပျက်ဆီးသွားပြီး မူလအတိုင်း နတ်ဆေးလုံးများနှင့် ဝိညာဉ်ဆေးလုံးများအဖြစ် ပြန်လည်ရောက်ရှိသွားကာ တောက်ပသည့်အလွှာများအဖြစ် ပြောင်းလဲသွားသည်။
အစီအရင်ရုတ်သိမ်းလိုက်သည်နှင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်တွင် ရေးထွင်းထားသော ကျမ်းစာများတွင် တောက်ပသည့်အလင်းတန်းများ လှည့်ပတ်လျှက် ရှိသည်။
အစီအရင် အပြည့်အဝ ရုတ်သိမ်းလိုက်ပြီးသည့်နောက် ထိုအလင်းတန်းများက မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
မြူခိုးများက ပြန့်ကျဲသွားပြီး သူတို့ (၅)ယောက်ထံသို့ ဦးတည်ရောက်ရှိလာသည်။
အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ မှလွဲပြီး ရန်ကျောက်ကဲနှင့် အခြားသူများက ထိုမြူခိုးများကို ရှူရှိုက်လိုက်ကြသည်။
ဆေးလုံးချီ၏စွမ်းအားက အလွန်ကြီးမားလှသဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အချိန်တိုအတွင်း သန့်စင်နိုင်ခြင်း မရှိခဲ့ကြပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...
“ဒါတွေက ငါ့အတွက်အသုံးမဝင်ဘူး ၊ မင်ကျန့်အတွက်လည်း လိုမှာမဟုတ်ဘူး ၊ မင်းတို့ပဲ ယူလိုက်ကြပါ”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော်လည်း အစစ်အမှန်နတ်ဘုရားတစ်ပါး မဟုတ်ပေ။
လူသားများအတွက် အလွန်အကျိုးရှိသော နတ်ဆေးလုံးများနှင့် ဝိညာဉ်ဆေးလုံးများက သူ့အတွက် အသုံးမဝင်ပေ။
မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ ကလည်း ၌အရာများကို အရေးစိုက်သူမဟုတ်ပေ။ သူက အဂ္ဂိရတ်ခန်းမအတွင်းမှ ရတနာပစ္စည်းများကို မက်မောသူ မဟုတ်ပေ။
ရန်ကျောက်ကဲက...
“မီးလျှံထက်ယံအရှင်သခင် စောမင်ကျန့် အချိန်မီရောက်လာတဲ့အတွက် ကျွန်တော်တို့ ကံကောင်းသွားတာ ၊ ပြီးတော့ မင်းရဲ့အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ်”
ထို့နောက် ရန်ကျောက်ကဲနှင့် အခြားသူများက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်ကြပြီး ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းမှ ဆေးလုံးချီများကို စုပ်ယူလိုက်ကြသည်။
ဤသို့ ကြီးကျယ်ခမ်းနားသော ဆေးလုံးအနှစ်သာရများက သူတို့အားလုံးအတွက် ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။
အဂ္ဂိရတ်ခန်းမအား သန့်စင်နေသည့် ရန်ကျောက်ကဲမှလွဲပြီး ကျန် (၃)ယောက်က ကြာပန်းသဏ္ဌန်ထိုင်ကာ ဆေးလုံးချီများကို စတင်စုပ်ယူလိုက်ကြသည်။
ရန်တိက ရန်ကျောက်ကဲအားလှမ်းကြည့်ရင်း...
“ကျန်တာ မင်းပဲဆက်လုပ်လိုက်တော့”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“စိတ်ချပါ...”
ထို့နောက် သူက စိတ်ဖြင့်စေစားပြီး အမိန့်ပေးလိုက်ရာ အဆုံးမရှိသော စကြာဝဠာအစွန်အဖျားတွင် ထီးတည်းတည်ရှိနေသော ကောင်းကင်ဘုံနန်းတော်၏ အဂ္ဂိရတ်ခန်းမကြီး တဖြည်းဖြည်း ပုံရိပ်ယောင်အဖြစ်ပြောင်းလဲသွားကာ နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားလေသည်။
ထိုသို့ ပျောက်ကွယ်သွားသည့်အခြေအနေသို့ရောက်ရှိသွားသည့်တိုင် ရန်ကျောက်ကဲက ရပ်တန့်ခြင်း မရှိသေးပေ။
သူက ခရမ်းရောင်ဝိညာဉ်ခန်းမအလယ်တွင် မတ်တတ်ရပ်နေပြီး လေထုထဲတွင် အင်းသင်္ကေတများစွာ ရေးဆွဲလိုက်သည်။
ထိုအင်းသင်္ကေတများ ပေါင်းစည်းသွားပြီး တောက်ပသည့် အင်းချပ် (၃)ခု အဖြစ် ပြောင်းလဲသွားကာ ခန်းမအတွင်းမှ ပျံသန်းထွက်ခွာသွားသည်။
အရာအားလုံး ပြီးဆုံးသွားသည့်နောက် ရန်ကျောက်ကဲက စိတ်ပူပန်ခြင်းမရှိတော့ဘဲ အဂ္ဂိရတ်ခန်းကို စတင်သန့်စင်လိုက်သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမကို သိမ်းပိုက်နိုင်ခဲ့ပြီး အဂ္ဂိရတ်ခန်းကို ထိန်းချုပ်ပြီးသည်နှင့်အမျှ အရေးကြီးသော သတင်းအချက်အလက်များသည်လည်း ရန်ကျောက်ကဲထံသို့ လွင့်မျောရောက်ရှိလာကြသည်။
ဥပမာအားဖြင့် အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နိုင်သည့်အခွင့်အာဏာအပြင် ပိုပြီးအရေးကြီးသည်မှာ အဂ္ဂိရတ်ခန်းမထဲတွင်ရှိသော များပြားလှသည့် ဆေးဖော်စပ်နည်းများ ဖြစ်သည်။
ယခင်တစ်ချိန်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ထိပ်တန်းအဆင့် နတ်ဆေးလုံးများနှင့် ဝိညာဉ်ဆေးလုံးများ၏ ဖော်စပ်နည်းများကို စဉ်ဆက်မပြတ်စုဆောင်းထားခဲ့ပြီး ကျင့်ကြံသူများနားလည်သဘောပေါက်အောင် သင်ယူစေခဲ့သည်။
သိူ့သော် ရင်းမြစ်ပစ္စည်းရှားပါးမှုကြောင့် ဆေးဖော်စပ်နည်းများကို လက်တွေ့ဖော်ဆပ်နိုင်ခြင်းမရှိခဲ့ကြပေ။
ဆေးဖော်ဆပ်နည်းတစ်ခု ရုပ်လုံးပေါ်လာပြီး ဆေးလုံးများထွက်ပေါ်လာပါက ထိုအရာများက ကြွယ်ဝသည့် ရတနာပစ္စည်းများပင် ဖြစ်သည်။
ရန်ကျောက်ကဲ သိုင်းကျမ်းစာကြည့်တိုက်ထဲမှာပင် မမြင်ဖူးခဲ့သော အဖိုးတန် ဆေးလုံးဖော်စပ်နည်းများကို ယခု အဂ္ဂိရတ်ခန်းမထဲတွင် တွေ့မြင်ခဲ့ရသည်။
ဆေးလုံးဖော်စပ်နည်းများစွာကို ကြည့်ရှုလေ့လာနေစဉ် ရန်ကျောက်ကဲသည် အရင်က သိုင်းကျမ်းစာကြည့်တိုက်ထဲမှ စာအုပ်ပင်လယ်ပြင်ကြီးအတွင်း ပြန်လည်ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရသည်။
အဂ္ဂိရတ်ခန်းမအတွင်းမှ နတ်ဆေးလုံးများ ၊ ဝိညာဉ်ဆေးလုံးများအပြင် သိုလှောင်သိမ်းဆည်းထားသော ဝိညာဉ်ပစ္စည်းများအပါအဝင် မဟာကပ်ဘေးကြီးကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သော အဖိုးတန် ဆေးဘက်ဝင်ပစ္စည်းများကို ပေါင်းစည်းလိုက်လျှင် ရန်ကျောက်ကဲ အရာတစ်ခု ခံစားလိုက်ရသည်။
“ငါတော့ ညတွင်းချင်းကို သူဌေးဖြစ်ပြီ”
“ပိုက်ဆံတွေ ချမ်းသာပြီ”
ခဏအကြာမှာတော့ ရန်ကျောက်ကဲ ခန်းမအပြင်သို့လွှတ်လိုက်သည့် အင်းချပ် (၃)ခုမှ အင်းချပ် (၂)ခု ပြန်လည်ရောက်ရှိလာသည်။
ထိုအင်းချပ် (၂)ခုကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တစ်ချက် ပွတ်သပ်လိုက်၏။
ထိုအခါ မီးပြင်းဖို တစ်ချက်တုန်ခါသွားပြီး အဂ္ဂိရတ်ခန်းမတံခါးပွင့်သွားကာ လေးများတိုက်ခတ်လာသည်။
လေစီးကြောင်းများလှည့်ပတ်သွားပြီး အတွင်းသို့ ပြန်လည်စီးဝင်လာသည်နှင့် လူ (၂)ယောက် လိုက်ပါလာကြောင်း တွေ့လိုက်ရသည်။
ထိုလူ (၂)ယောက် ခန်းအတွင်း ရောက်လာသည်နှင့် အပြင်ဘက်မှ ဗလာနယ်က တစ်ဖန်ပြန်လည် ပုံပျက်သွားပြန်သည်။
ဤသို့ဖြစ်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က ထိုသူ (၂)ယောက်နောက်သို့လိုက်ပါလာပါက မျက်ခြေဖြတ်ပစ်နိုင်ပြီး အဂ္ဂိရတ်ခန်းအတွင်း ရောက်ရှိလာမည်ကို တားဆီးနိုင်ပေမည်။
ထိုသူ နှစ်ယောက်က လေစီးကြောင်းနှင့်အတူ အဂ္ဂိရတ်ခန်းအတွင်း ရောက်ရှိလာပြီးနောက် ခန်းမတံခါးဖြစ်သော ကျောက်ဖြူတံခါးကြီးသည်လည်း ပြန်ပိတ်သွားကာ ခန်းမကြီးသည်လည်း အမှောင်ထုစကြာဝဠာအတွင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ခန်းမအတွင်း ရောက်ရှိလာသူ နှစ်ယောက်မှာ စောစောက ရန်ကျောက်ကဲ ခန်းမကို ထိန်းချုပ်ရန်ကြိုးစားစဉ် အခြားသူများနှင့်အတူ အပြင်ဘက်သို့ လွင့်ထွက်သွားခဲ့သော ယွဲ့ကျန့်ပေနှင့် လုန်ရွှယ်ကျီးတို့ပင် ဖြစ်လေ၏။