← Chapters

ဓားထုတ်ခြင်း နှင့် ဓားကျင့်ကြံခြင်း

Vol. 91 Ch. 1275

ဓားထုတ်ခြင်း နှင့် ဓားကျင့်ကြံခြင်း

Vol. 91 Ch. 1275

အခန်း (၁၂၇၅) ဓားထုတ်ခြင်း နှင့် ဓားကျင့်ကြံခြင်း

မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ က သမင်ဖြူနတ်မိစ္ဆာကို တားဆီးလိုက်သည်ဖြစ်ရာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် အဂ္ဂိရတ်ခန်းမထဲမှ အရာအားလုံးကို အပိုင်းသိမ်းရန် ခက်ခဲသွားခဲ့သည်။

စုန်းဟွမ်မြင့်မားဧကရာဇ်အနေဖြင့် မျှော်လင့်ချက်အချို့ရှိသော်လည်း ဤသည်က တိုက်ဆိုင်မှုသာ ဖြစ်သည်။ သူက ရန်ကျောက်ကဲတို့အုပ်စုအပေါ် အမြတ်ထုတ်ရန် မျှော်လင့်ခဲ့သည်။

မဟုတ်ပါက သူသည်လည်း ခန်းမဝိညာဉ်ကို ဖိနှိပ်ရန် တတ်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲသာ အင်္ကျီလက်ထဲတွင်ဝှက်ထားသော တိုက်ကွက်တစ်ခုမရှိပါက အဆုံးသတ်တွင် အောင်မြင်မှုရရှိသူမှာ စောမင်ကျန့် ၊ သမင်ဖြူနတ်မိစ္ဆာနှင့် ခန်းမဝိညာဉ်တို့ တစ်ယောက်ယောက် ဖြစ်သွားနိုင်သည်။

အမတခုံရုံး အချိန်တိုအတွင်း ဤနေရာသို့ရောက်မလာဘူးဆိုပါက နောက်ဆုံးအ နိုင်ရသူက စောမင်ကျန့် ဖြစ်နိုင်သည်။

လုန်ရွှယ်ကျီးက တိုက်ရည်ခိုက်ရည်ကောင်းပြီး အထူးသဖြင့် ဓားသိုင်းကျင့်ကြံသူများနှင့်တိုက်ခိုက်ရာတွင် အလွန်တော်သည်။

သို့သော် သူက ရတနာပစ္စည်းများကိုတော့ သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပေ။

ရန်ကျောက်ကဲက လုန်ရွှယ်ကျီးအား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဆရာဦးလေး’လုန်’...”

သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော အဂ္ဂိရတ်ခန်းမက ပြင်ပဗလာနယ်ထဲတွင် လွင့်မျောနေပြီး တာအိုစကြာဝဠာသို့ ပြန်သွားရန် လမ်းကြောင်းရှာနေသည်။

လမ်းခရီးတွင် လူတိုင်း စကားစမြည်ပြောဆိုဖြစ်ကြပြီး ရန်ကျောက်ကဲ ၊ နျဲ့ကျင်းရှန်နှင့် အခြားသူများက အထက်ဘုံကမ္ဘာမှ အသေးစိတ်အဖြစ်အပျက်များကို ယွဲ့ကျန့်ပေအား ရှင်းပြသည်။

ယခင်က တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ရှိပြီး သတင်းအချက်အလက် ဖလှယ်ခြင်းက ရိုးရှင်းလွန်းသည်။ ထိုသို့ပြုလုပ်သည်က အသေးစိတ်အချက်အလက်များကို မျက်နှာချင်းဆိုင်‌ဆွေးနွေးရသည်နှင့် နှိုင်းယှဉ်မရပေ။

အရေးကြီးဆုံး သတင်းအချက်အလက်မှာ မြေကမ္ဘာထိပ်တန်းအရှင်သခင်’ကျန်းရှန်’ အမတချီစွမ်းအား (၅)ခု ပေါင်းစည်းနိုင်ခဲ့သောကိစ္စ ဖြစ်၏။

သူက မူလသမ္မာတရားကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့တက်ရောက်ကာ ‘ထျန်းကျွင်း’ တစ်ပါးဖြစ်လာခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက် - ‘ထျန်းကျွင်း’ ဆိုသည့်အမည်က ကျင့်ကြံခြင်းအဆင့်နှင့်မသက်ဆိုင်သော်လည်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်ပြီးပါက ထိုသူများကို ထျန်းကျွင်းဘွဲ့အပ်နှင်းနိုင်သည် __ ဘာသာပြန်သူ)

အခြားဘက်တွင်လည်း မီးလျှံထက်ယံအရှင်သခင်က အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို ဒေါသပေါက်ကွဲစေခဲ့သဖြင့် သူတို့က စောမင်ကျန့်အား ရည်ရွယ်ချက်ရှိရှိ လိုက်လံသတ်ဖြတ်နေကြသောသတင်းကောင်းဖြစ်သည်။

ထို့အတူ အမတခုံရုံး၏ ပြိုင်ဘက်များဖြစ်သော ဗုဒ္ဓဘာသာ ၊ သုခဘုံမှလူများသည်လည်း အမတခုံရုံးစကြာဝဠာမှ အဖြစ်အပျက်များကို သတိပြုမိခဲ့ကြသည်။

သုခဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသည်ပင် အခြေအနေ ထောက်လှမ်းရန်အတွက် ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်သို့ ရောက်ရှိလာကြသည်။

အမတခုံရုံးက သူတို့ကိုထောင်ချောက်ဆင်ရန် သတင်းမှားလွှင့်ခြင်းမဟုတ်ကြောင်း အတည်ပြုပြီးသည်နှင့် ဗုဒ္ဓဘာသာ ၊ သုခဘုံမှလူများက အမတခုံရုံးကိုတိုက်ခိုက်ရန် အဖိုးတန်သောအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်နေပြီဖြစ်သော အမတခုံရုံးနှင့် ဗုဒ္ဓဘာသာကြားမှစစ်ပွဲ တစ်ဖန်ပြန်လည် ဖြစ်ပွားလာနိုင်ခြေ ရှိသည်။

အကယ်၍ အမတခုံရုံးက စောမင်ကျန့်ကို အချိန်တိုအတွင်း ချေမှုန်းနိုင်မည်ဆိုလျှင် သုခဘုံ၏ခြိမ်းခြောက်မှုကိုကာကွယ်ရန် အချိန်မီ တပ်များ ပြန်လည်ဖွဲ့စည်းနိုင်ပေမည်။

စစ်တိုက်ရမည်ဖြစ်သည့်တိုင် သူတို့အနေဖြင့် အခြေပျက်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဒါပေမဲ့ သူတို့တွေ မီးလျှံထက်ယံအရှင်သခင်ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး ၊ မီးလျှံထက်ယံအရှင်သခင်ကလွတ်သွားရုံတင်မဟုတ်ဘူး သူ့ကြောင့်လည်း အမတခုံရုံးကလူတွေ အသတ်ခံခဲ့ရသေးတယ်”

သူက ဆက်ပြောသည်။

“သူတို့အတွက် အဆင်မပြေတဲ့အခြေအနေတစ်ခု ဖြစ်သွားတာပေါ့”

ရလဒ်အနေဖြင့် ဗုဒ္ဓဘာသာဘက်မှ တိုက်ခိုက်လာပါက အမတခုံရုံးတစ်ခုလုံး ထိခိုက်သွားစေနိုင်သည်။

ကျန့်ဟွမ်ဓားဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“ဒါပေမဲ့ ဗုဒ္ဓဘာသာဘက်က ငါတို့မျှော်လင့်ထားသလို ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ဘူးလေ...”

သူက ဆက်ပြောလိုက်သည်။

“ဒီကိစ္စနောက်ကွယ်မှာ နက်နဲတဲ့အကြောင်းပြချက်တစ်ခု ရှိနိုင်တယ်”

အမတခုံရုံးက ဗုဒ္ဓဘာသာဘက်သို့ သေချာပေါက် လက်နက်ချအညံ့ခံမည် မဟုတ်ပေ။ သူတို့က စောမင်ကျန့်ကို သည်းမခံနိုင်သည့်တိုင် သုခဘုံကိုလည်း ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပေ။

သို့ပေသိ သုခဘုံက အခြေနေကို အခွင့်ကောင်းမယူသည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။

ရန်ကျောက်ကဲက မျက်မှောင်ကျုံ့ရင်း...

“အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေကို ကူညီပေးနိုင်တဲ့ မဟာမိတ်တွေများရှိနိုင်သလား”

သူက တွေးဆရင်း...

“နတ်မိစ္ဆာမျိုးနွယ်တွေများလား...”

အားလုံးက...

“ဖြစ်နိုင်တယ်...”

ဟု မှတ်ချက်ပြုလိုက်ကြသည်။

နတ်မိစ္ဆာမျိုးနွယ်များက အပြောင်းအလဲတစ်စုံတစ်ရာအတွက် လောကကြီးကို တိတ်တဆိတ်စောင့်ကြည့်လေ့လာနေကြကြောင်း သံသယဝင်စရာ မလိုခဲ့ပေ။

တစ်ခုတည်းသော စိုးရိမ်စရာမှာ နတ်မိစ္ဆာများက မည်သို့လှုပ်ရှားလာနိုင်သည်ဆိုသောအချက်နှင့် မည်သို့သောအကြံအစည်ရှိသည်ဆိုသောအချက် ဖြစ်သည်။

သူတို့က အမတခုံရုံးနှင့် မဟာမိတ်ဖွဲ့ထားသည်လား ၊ သို့မဟုတ် အခြားတစ်ခုခုအတွက် ကြံစည်နေကြသည်လား။

ရန်ကျောက်ကဲ ထိုအကြောင်းများကို စဉ်ဆက်မပြတ်တွေးတောရင်း သူ့စိတ်ထဲ အတွေးပေါင်းစုံ လှည့်ပတ်သွားသည်။ အခြေအနေများက ပိုပြီးမှန်းဆ၍ခက်ခဲလာကြောင်း သူ ခံစားရသည်။

ထိုအချိန်လုန်ရွှယ်ကျီးက ယွီယဲ့ကိုခေါ်လိုက်ပြီး ယွဲ့ကျန့်ပေထံသို့ ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ယွဲ့’...”

ယွီယဲ့ကလည်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“ဆရာဦးလေး’ယွဲ့’”

ယခုအချိန်က သူမ ရှားရှားပါးပါး အတွေးစိတ်ထဲ နစ်မျောနေသည့်အချိန်မဟုတ်ဘဲ ယွဲ့ကျန့်ပေကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့၏။

ကျန့်ဟွမ်ဓားဧကရာဇ်နှင့် စုန်းဟွမ်မြင့်မားဧကရာဇ်တို့ တိုက်ခိုက်ချိန်တွင် ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ က ‘စန့်ချင်အဆက်အနွယ်ကမ္ဘာဖျက်ဓားသိုင်း’ နှင့် ထိပ်တိုက်ရင်ဆိုင်ချိန် ထိုဓားသိုင်းထဲတွင်ပါရှိသော နက်နဲမှုများက သူမကို အသိဉာဏ်ပွင့်စေခဲ့သည်။

ထိုတိုက်ပွဲက သူမကို အလွန်ပင် စိတ်ကျေနပ်စေသည်။

ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ က စန့်ချင်အဆက်အနွယ်များနှင့် ဆက်ဆံရေးဆိုးရွားသူ ဖြစ်၏။ သို့သော် သူက လုန်ချွမ်ဧကရာဇ်နှင့် အလွန်ခင်မင်လေသည်။

လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ က သူ၏ဆရာဖြစ်သော ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ၏ ဂိုဏ်းတူညီဖြစ်သည် မဟုတ်ပါလား။

ယွဲ့ကျန့်ပေက...

“ဒီလိုလုပ်စရာမလိုပါဘူး ၊ ဆရာဦးလေး’လုန်ရှင်းချွမ်’ ရဲ့ အဆက်အနွယ်မှာ မင်းလို အရည်အချင်းရှိတဲ့လူတစ်ယောက်ကို တွေ့မြင်ရတာ အရမ်းကို ဝမ်းသာမိတယ်”

သူက ဆက်ပြီးမေးမြန်းလိုက်သည်။

“အခု ဆရာဦးလေး’လုန်’ ဘာတွေလုပ်နေလဲ”

လုန်ရွှယ်ကျီးက...

“ကျွန်တော်တို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ထွက်မလာခင်အထိ အဖေက တံခါးပိတ်ကျင့်ကြံနေတုန်းပဲ”

ယွဲ့ကျန့်ပေက...

“ဒါဖြင့် ရွှမ်ဟွမ်ဧကရီရော တံခါးပိတ်ကျင့်ကြံခြင်းက ထွက်မလာသေးဘူးလား”

လုန်ရွှယ်ကျီးက ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ်”

ယွဲ့ကျန့်ပေက...

“လီကျိထန်လည်း တံခါးပိတ်ကျင့်ကြံနေတယ် မဟုတ်လား ၊ ကျန်းပုရွှီးက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက နှင်ထုတ်ခံထားရတဲ့သူဆိုတော့... သူ့ကို ထည့်မတွက်ဘူးဆိုရင် ဒီကိုရောက်လာတာ မင်းတို့နှစ်ယောက်တည်းလား”

ယွဲ့ကျန့်ပေ၏စကားကိုကြားတော့ ယွီယဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။

“လီကျိထန်” ဆိုသည်မှာ ရွှမ်ဟွမ်ဧကရီနှင့် စုန်းဟွမ်မြင့်မားဧကရာဇ်တို့၏ ဆရာဖြစ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ တည်ထောင်သူ ဆရာဘွားဘွား ‘နွယ်ပင်ဧကရီ’ ၏ အမည် ဖြစ်သည်။

သူမက ‘လီ’ မျိုးနွယ်ဖြစ်ပြီး နာမည်က ‘ကျိထန်’ ဖြစ်၏။

သို့သော် သူမနှင့် ဝါစဉ်တူ ၊ ကျင့်ကြံခြင်းအဆင့်တူညီသူများသာ သူမကို ‘လီကျိထန်’ ဟု ခေါ်ဆိုရဲကြပြီး အခြားသူများက ထိုအမည်ကို ခေါ်ဆိုဝံ့ခြင်း မရှိကြပေ။

နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော ယွဲ့ကျန့်ပေအနေဖြင့် သူမကို နာမည်ခေါ်ဆိုသည်မှာ ပြဿနာမရှိပေ။ သို့သော် သူတို့နှစ်ယောက်၏ အသက်အရွယ်ကွာဟမှုက အလွန်ကြီးမားသည်။

ပုံမှန်ဆိုလျှင် ယွဲ့ကျန့်ပေက ဤသို့ ရိုင်းပျသည့်အပြုအမူမျိုး ပြုလုပ်သည်မှာ ခပ်ရှားရှား ဖြစ်၏။

သို့သော် ယခုတော့ သူ၏အမူအရာက တည်ငြိမ်နေပြီး မည်သို့မှ ထူးထူးခြားခြား မခံစားရသည့်ပုံမျိုးဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် လီကျိထန်နှင့် ယွဲ့ကျန့်ပေကြားတွင် ဆက်ဆံရေး မည်မျှဆိုးရွားကြောင်း သိမြင်နိုင်သည်။

ယွဲ့ကျန့်ပေ၏ဆရာ ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ဆုံးပါးသွားပြီးနောက် ရန်ရှင်းထန်နှင့်အတူ တိချင်းလျန်ကိုပါ ဆုံးရှုံးခဲ့ရသည့်အတွက် နွယ်ပင်ဧကရီ ‘လီကျိထန်’ က ရန်ရှင်းထန်ကို ပြင်းပြင်းထန်ထန် ပြစ်တင်စကားဆိုကာ နှိမ့်ချဆက်ဆံခဲ့သည်။

ထို့ပြင် သူမက ကျောက်စိမ်းကျောက်ဆောင်အဆက်အနွယ်များအပေါ်တွင် အလွန်မုန်းတီးကာ ပြင်းပြင်းထန်ထန် ရန်ငြိုးထားခဲ့သည်။

နွယ်ပင်ဧကရီက ယွဲ့ကျန့်ပေအပေါ် နက်ရှိုင်းစွာအငြိုးထားသလို ယွဲ့ကျန့်ပေသည်လည်း နွယ်ပင်ဧကရီအပေါ် အလားတူပင် ခံစားခဲ့ရသည်။

လုန်ရွှယ်ကျီးကတော့ ထိုအချက်က ပြဿနာမရှိဟန်ဖြင့် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့အပြင် တိမ်လွှာခွင်းဧကရာဇ်နဲ့ သူ့တပည့် ကောင်းကင်ကိုးထပ်သခင် ‘ဟယ်မြန်’ တို့လည်း ဒီကိုရောက်လာပါတယ်”

ယွဲ့ကျန့်ပေက ခေါင်းမော့လိုက်ရင်း...

“တိမ်လွှာခွင်းဧကရာဇ်လည်း ဒီကိုရောက်လာတာလား...”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သူက အဂ္ဂိရတ်ခန်းမကိုထိန်းချုပ်ဖို့ အပြည့်အဝ ယုံကြည်မှုမရှိဘူးဆိုရင် ဒီနေ့ကိစ္စအတွက် ဓားထုတ်မှာမဟုတ်ဘူး”

“ဓားထုတ်မှာမဟုတ်ဘူး” ဆိုသောစကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။

“ထင်ထားတဲ့အတိုင်း တိမ်လွှာဧကရာဇ်က ဓားကျင့်ကြံနေတာကိုး...”

ရန်ကျော်ကဲ ရေရွတ်လိုက်သည်။

လုန်ရွှယ်ကျီးက အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း...

“မင်း သူနဲ့တိုက်ခဲ့သေးတာလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“တိမ်လွှာခွင်းဧကရာဇ်က သူ့ရဲ့ ကျန့်ချန်ဓားကို မသုံးခဲ့ဘူးလေ ၊ ကျွန်တော်တို့ နည်းနည်းလောက်တော့ တိုက်ခဲ့ကြတယ်”

ရန်ကျောက်ကဲက တိုက်ပွဲရလဒ်ကို ထုတ်ဖော်ပြောခြင်းမရှိသော်လည်း ရန်ကျောက်ကဲ၏ တည်ငြိမ်သောအမူအရာကိုကြည့်ရင်း တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းမရှိကြောင်း လူတိုင်းရိပ်မိလိုက်ကြသည်။

တိုက်ပွဲတွင် သူက အသာစီးရခဲ့ဟန်ပင် ရှိနေ၏။

တိမ်လွှာခွင်းဧကရာဇ်က ဓားကျင့်ကြံနေသည်ဆိုသော်လည်း အစစ်အမှန်နတ်ဘုရားအဆင့်တွင် သူ့ကိုယှဉ်နိုင်သူ အနည်းငယ်သာရှိသည်။ ဤသည်က သူ မည်မျှ စွမ်းအားကြီးမားကြောင်း ပြသနေသည်။

ဓားကျင့်ကြံနေခြင်းက သူ၏တန်ခိုးစွမ်းအားကို ထိန်းထားသည်ဟု မဆိုလိုပေ။

“ဓားကျင့်ကြံခြင်း” ဆိုသည်က စန့်ချင်အဆက်အနွယ်များ၏ ရှေးဟောင်းနည်းလမ်းတစ်ခု ဖြစ်သည်။

ဓားကျင့်ကြံသူတစ်ယောက် လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ဖြတ်ကျော်တော့မည်ဆိုပါက သူ၏ဓားဝိညာဉ်နှင့် စိတ်စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ပြီး ကျင့်ကြံကြရသည်။

ဓားထုတ်သည့်အချိန်သို့ရောက်ရှိသည်နှင့် ကျင့်ကြံခြင်းနယ်ပယ် သိသိသာသာ မြင့်မားလာပေမည်။

တစ်ချိန်တည်းမှာပင် ပိုမိုမြင့်မားသောနယ်ပယ်သို့ ရောက်ရှိရန် ကျင့်ကြံခြင်းလမ်းစဉ်သည်လည်း ပိုမိုပြင်းထန်လာမည် ဖြစ်၏။

ထိုအချိန်တစ်ခု ဖြတ်ကျော်သွားသည်နှင့် စုစည်းထားသည့်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပထမဆုံးထုတ်လိုက်သည့်ဓားက လောကတစ်ခွင် အပြင်းထန်ဆုံး လှည့်ပတ်သွားမည်ပင်။

သို့ပေသည့် ဓားကျင့်ကြံခြင်း အောင်မြင်မှုမရရှိသေးသည့်တိုင် သူတို့၏တန်ခိုးစွမ်းအား အပြည့်အဝ အသုံးချခြင်းအပေါ် ထိခိုက်စေမည် မဟုတ်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက တိမ်လွှာခွင်းဧကရာဇ်ကို အနိုင်ရသွားကြောင်း ရိပ်မိသည့်အခါ ယွဲ့ကျန့်ပေနှင့် အခြားသူများ အံ့အားသင့်သွားကြခြင်း ဖြစ်သည်။

“ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်း” နည်းလမ်းကိုပြုလုပ်ရန် အလွန်ခက်ခဲသည်။

သတိတစ်ချက်လွတ်သည်နှင့် ရှေ့ဆက်တိုးတက်ခြင်းမရှိတော့ဘဲ လက်ရှိနယ်ပယ်မှာပင် တဝဲလည်လည်ဖြင့် နစ်မြုပ်သွားနိုင်သည်။

ရှေးယခင်အချိန်ကတည်းက စန့်ချင်အဆက်အနွယ်များထဲတွင် ဤနည်းလမ်းကိုကျင့်ကြံသူ အလွန်နည်းပါးသည်။

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...

“ဒါပေမဲ့... အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ဒီနည်းလမ်းကို ကျင့်ကြံနေတဲ့သူ တိမ်လွှာခွင်းဧကရာဇ်တစ်ယောက်ပဲ ရှိတာလား”

သူက ဆက်ပြီးမေးမြန်းလိုက်သည်။

“ဆရာဘိုးဘိုး’လုန်’ နဲ့ ဆရာဦးလေး’ကောင်းရွှယ်ပေါ်’ တို့လည်း ဒီနည်းလမ်းကို လေ့ကျင့်နေကြတယ် မဟုတ်လား”

All Chapters