← Chapters

ကျင့်ကြံခြင်းအခက်အခဲများ

Vol. 91 Ch. 1276

ကျင့်ကြံခြင်းအခက်အခဲများ

Vol. 91 Ch. 1276

အခန်း (၁၂၇၆)  ကျင့်ကြံခြင်းအခက်အခဲများ

ညီအစ်ကိုများဆိုသော်လည်း လုန်ရွှယ်ကျီးနှင့် ကောင်းရွှယ်ပေါ်က အတော်လေး အသက်ကွာဟသည်။

ကောင်းရွှယ်ပေါ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ထိပ်တန်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး လူသားအထွတ်ထိပ်အဆင့်ရှိသော ထိပ်တန်းအရှင်သခင်တစ်ယောက် ဖြစ်သည်။

အသက်အရွယ်နှင့် ဝါစဉ်အရ သူက မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ထက် ငယ်ရွယ်သော်လည်း အခြားသူများနှင့်ယှဉ်လျှင်တော့ ဝါစဉ်ကြီးသည့် အကြီးအကဲတစ်ယောက် ဖြစ်နေဆဲပင်။

ဝမ်ကျန်းချန်က ဒဏ်ရာဟောင်းခံစားနေရသောကြောင့် လူသားအထွတ်ထိပ်အဆင့်တွင် ရပ်တန့်နေခြင်း ဖြစ်၏။ သူ့အနေဖြင့် နတ်ဘုရားလူသားကပ်ဘေးကို အတင်းဖြတ်ကျော်ပြီး နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်မည်ဆိုပါက သေလမ်းမှလွဲပြီး တခြားရွေးချယ်စရာ မရှိပေ။

အသက်ရှည်စေသော အံ့သြဖွယ်ရာ ဆေးဝါးများကိုသာ သုံးစွဲမထားပါက သူ့အသက်သေဆုံးမည်မှာ ကြာပြီဖြစ်သည်။

ကောင်းရွှယ်ပေါ်သည်လည်း လူသားအထွတ်ထိပ်အဆင့်သို့ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သူသည်လည်း ထိုအဆင့်မှာပင် ရပ်တန့်နေခဲ့သည်။

သူ့ထက် များစွာငယ်ရွယ်သော လုန်ရွှယ်ကျီးက နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး သူ့ကိုကျော်တက်သွားခဲ့သည်။

သူ့ထက်အငယ်များဖြစ်သော ဟယ်မြန်နှင့် ယွီယဲ့တို့သည်ပင် လူသားအထွတ်ထိပ်အဆင့်တွင်ရှိနေကြပြီး သူနှင့် အဆင့်တူနေကြပြီ ဖြစ်သည်။

နောက်ဆုံးတစ်ကြိမ် ရန်ကျောက်ကဲ ကောင်းရွှယ်ပေါ်နှင့်တွေ့ဆုံစဉ်က သူသည်လည်း တိမ်လွှာခွင်းဧကရာဇ်ကဲ့သို့ပင် ဓားကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံနေသည်လားဟု ယောင်ဝါးဝါး သံသယ ရှိခဲ့သည်။

လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ သည်လည်း အလားတူအခြေအနေတွင်ရှိနေခဲ့သည်။

သို့သော် ဤသည်က ခန့်မှန်းမှုသာဖြစ်ပြီး တိကျမှုမရှိပေ။

ဟုတ်မှန်နေမည်ဆိုပါက ထိုလူ (၃)ယောက်၏ အလားအလာများ ကုန်ဆုံးသွားခြင်း ဖြစ်နိုင်သလို သူတို့၏ ကျင့်ကြံခြင်းအခြေအနေက ကြီးကြီးမားမား ပြောင်းလဲခြင်းမရှိဘဲ နောက်ဆုံးအဆင့်တွင် တစ်ဆို့နေခြင်း ဖြစ်နိုင်၏။

သို့သော် တိမ်လွှာခွင်းဧကရာဇ်နှင့် ကောင်းရွှယ်ပေါ်တို့က ထိုသို့မဟုတ်နိုင်ကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။

“ဆရာဦးလေး’လုန်’ နဲ့ ဂိုဏ်းတူညီလေး’ကောင်း’ တို့က စန့်ချင်အဆက်အနွယ်ရဲ့ ဓားကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံနေကြတဲ့သူတွေပဲ”

ရန်ကျောက်ကဲ၏မေးခွန်းကို ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေက ဖြေပေးလိုက်သည်။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ထင်တဲ့အတိုင်းပဲ...”

တူညီသော သိုင်းပညာ ၊ တူညီသောပတ်ဝန်းကျင် ၊ တူညီသောအခြေအနေအောက်တွင် မတူညီသောလူများက မတူညီသောအောင်မြင်မှုများ ရရှိကြသည်အမှန်ပင်။

ထိုသို့သောအခြေအနေတွင် ထူးခြားသောစွမ်းရည်များ ကျင့်ကြံခြင်း ၊ လက်တွေ့ပတ်ဝန်းကျင် ၊ နာမည်ကြီးဆရာများရှိခြင်း ၊ ရင်းမြစ်လုံလောက်ခြင်း စသည့် ပြင်ပအခြေအနေများစွာ လွှမ်းမိုးမှုကို ထည့်သွင်းလိုက်မည်ဆိုပါက မတူညီသောလူများ၏ ရရှိသောအောင်မြင်မှုများက အလွန်တရာ ကွာခြားပေလိမ့်မည်။

အချိန်ကြာရှည်စွာ အသက်ရှည်နေထိုင်ရခြင်းနှင့် တန်ခိုးစွမ်းအားကြီးမားခြင်းက သက်ဆိုင်ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် လူပေါင်းများစွာက သူတို့၏ကျင့်ကြံခြင်းလမ်းကြောင်းတွင် အမြင့်တစ်နေရာသို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်းတစ်ဆို့ခြင်းအား မကျော်ဖြတ်နိုင်ကြသောကြောင့် ဖြစ်သည်။

သူတို့ဘဝ၏ နှောင်းပိုင်းကာလများတွင် ကြီးမားသောအပြောင်းအလဲများ မရှိခဲ့ဘူးဆိုလျှင် သူတို့အသက်မသေမချင်း လက်ရှိအဆင့်မှာပင် ရပ်တန့်နေမည်မှာ ကံကြမ္မာပင် ဖြစ်၏။

မကာကပ်ဘေးကြီးမတိုင်ခင် တာအိုဝါဒ ထွန်းကားခဲ့သောခေတ် ၊ သို့မဟုတ် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ပြန်လည်တည်ထောင်ထားသည့်ခေတ် ၊ မည်သည့်ခေတ်တွင်ဖြစ်ပါစေ အားလုံးအတွက် အတူတူပဲ ဖြစ်သည်။

ဟုတ်ပေ၏။

အသက်ရှည်ရှည်နေထိုင်ရမည်ဆိုလျှင် ယခင်က တစ်ခါမှ မတွေ့ကြုံဖူးသည့်အရာများကို တွေ့ကြုံရန် အခွင့်အရေးရရှိပြီး ကျင့်ကြံခြင်းအဆင့်တက်ရန် မျှော်လင့်ချက် ပိုမိုရရှိလာနိုင်သည်။

အံ့သြဖွယ်ရာနည်းလမ်းများနှင့်ကြုံတွေ့ပြီး ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ကျော်ဖြတ်နိုင်ခြင်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။

သို့သော် ထိုသို့သောအခြေအနေက အလွန်ရှားပါးသည်ပင်။

လူအများစု ကြုံတွေ့ရသည့်ပြဿနာမှာ နတ်ဘုရားအဆင့်သို့ ရောက်ရှိသည်နှင့် မတူညီသော အသက်ရှည်ခြင်းများ ရရှိခြင်း ဖြစ်၏။

ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အောင်မြင်မှုရရှိရန် အခွင့်အလမ်းအတွက် အဆက်မပြတ်တိုက်ပွဲဝင်ရန် အချိန်ပိုမိုရရှိလေ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲ ၊ ရန်တိ ၊ နျဲ့ကျင်းရှန် ၊ ချန်ချန်းဟွာ ၊ လုန်ရွှယ်ကျီး ၊ ယွီယဲ့ ၊ ဟယ်မြန်နှင့် အခြားသော ပါရမီရှင်လူငယ်များအား ကောင်းကင်ဘုံ၏အချစ်ခံများအဖြစ် ယူဆခဲ့ကြခြင်းဖြစ်သည်။

ထိုသူများက တစ်နေ့တွင် ဒဏ္ဍာရီဆန်သူများ ဖြစ်လာကြပေမည်။

တစ်ဖက်တွင်မူ အသက်ငယ်ငယ်နှင့် မြင့်မားသောကျင့်ကြံခြင်းအဆင့်သို့တက်လှမ်းနိုင်သည်ဖြစ်ရာ သူတို့၏အရည်အချင်းများက ထူးခြားသည်ဟုဆိုနိုင်သဖြင့် ကျင့်ကြံခြင်းလမ်းကြောင်း လွယ်လွယ်နှင့်တစ်ဆို့နိုင်မည် မဟုတ်ပေ။

ထို့အတူ ကျင့်ကြံခြင်းတွင် ပိုမိုကြိုးစားရန် အချိန်လည်းပိုမိုရရှိပေမည်။

သို့ပေသိ အနာဂတ်ဆိုသည်က မည်သို့ဖြစ်လာမည်ကို မှန်းဆမရနိုင်ပေ။

အစပိုင်းတွင် သိသိသာသာ တိုးတက်မှုများရရှိပြီးနောက် နောက်ပိုင်းတွင် ကျင့်ကြံခြင်းအဆင့်တစ်ခုတွင် နှစ်ထောင်ပေါင်းများစွာ တစ်ဆို့နေခြင်း သို့မဟုတ် ထို့ထက်ဆိုးသည့်အခြေအနေများနှင့်လည်း ကြုံတွေ့နိုင်သည်။

ထို့ကြောင့် ကျင့်ကြံခြင်းလမ်းကြောင်းတွင် မည်သူမှ ပေါ့ပေါ့ဆဆ သတိမမူဘဲ မနေဝံ့ကြပေ။

ကျင့်စဉ်လမ်းကိုလျှောက်လှမ်းနိုင်ရန်အတွက် ကျင့်ကြံသူအားလုံးက အတတ်နိုင်ဆုံး ရသမျှ အကောင်းဆုံး ကြိုးစားကြမည် ဖြစ်သည်။

စန့်ချင်အဆက်အနွယ်၏ ရှေးဟောင်းကျင့်စဉ်တစ်ခုဖြစ်သော “ဓားထုတ်ခြင်း နှင့် ဓားကျင့်ကြံခြင်း” မှာ ဤအကြောင်းပြချက်ကြောင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဓားကျင့်ကြံသူများဆိုသည် သတ်ဖြတ်သည့်ပညာကို အာရုံစိုက် ကျင့်ကြံကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့၏ရုပ်ခန္ဓာနှင့်ပတ်သက်ပြီး ထူးခြားသည့်နည်းလမ်းဖြင့် ကျင့်ကြံထားခြင်းမရှိပါက အသက်ရှည်ခြင်းနှင့်ပတ်သက်ပြီး အားနည်းချက် ရှိနေသည်။

ရန်သူကိုတိုက်ခိုက်ရာတွင် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားရှိပြီး သတ်ဖြတ်ရာတွင် အလွန်တိကျသော်လည်း ဓားသိုင်းလမ်းစဉ်ဆိုသည်က ကျင့်ကြံခြင်းအဆင့်တက်လှမ်းရန် ပိုမိုခက်ခဲပြီး အနုတ်လက္ခဏာသက်ရောက်မှု များစွာရှိသည်။

စန်းချင်း (၃)ပါးအဆက်အနွယ်များထဲတွင် စန့်ချင်အဆက်အနွယ်များက ကျင့်ကြံခြင်းအဆင့်တက်လှမ်းရန် အခက်ခဲဆုံး ဖြစ်၏။

နတ်ဘုရားတံခါးကို မဖွင့်လှစ်ရသေးသူများအတွက် ပြဿနာမရှိသော်လည်း နတ်ဘုရားတစ်ပါးဖြစ်လာပြီးသည့်နောက် ၎င်းတို့အနေဖြင့် အတိုင်းအဆမဲ့ကပ်ဘေး သို့မဟုတ် မူလသမ္မာတရားကပ်ဘေးများကို ဖြတ်ကျော်ရန် အလွန်ခက်ခဲပေမည်။

အကြောင်းရင်းမှာ ဓားသိုင်းကျင့်ကြံသူများ အစစ်အမှန်နတ်ဘုရားအဖြစ် အဆင့်တက်သည့်အချိန်တွင် ပထမဆုံးသန့်စင်ရသည့် အမတချီစွမ်းအားမှာ မိစ္ဆာချီစွမ်းအား သို့မဟုတ် ဖြောင့်မတ်ခြင်းချီစွမ်းအား ဖြစ်သောကြောင့်ပင်။

တူညီသည့်အခြေအနေအောက်တွင် အမတချီစွမ်းအား (၂)မျိုးလုံးကို ကျင့်ကြံနိုင်ပါက အပြင်းထန်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ရရှိမည် ဖြစ်သည်။

သို့သော် ထိုချီစွမ်းအား (၂)မျိုးလုံးက အမတစွမ်းအားရောင်ဝါကိုဖန်တီးရန် အခြားသော အမတချီများနှင့်ပေါင်းစပ်ရန် အလွန်ခက်ခဲသည်။

ဓားသိုင်းကျင့်ကြံသူများထဲတွင် ကျင့်ကြံခြင်းအဆင့်တိုးတက်ရန်အတွက် ဂန္ထဝင်မြောက် အခက်ခဲဆုံး ဥပမာပြပါဆိုလျှင် ရန်ကျောက်ကဲ၏အဘိုးဖြစ်သူ ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ကိုပြရပေမည်။

ရန်ရှင်းထန်သည် ဓားနတ်ဘုရားအဖြစ် ဂုဏ်သတင်းကျော်ကြားခဲ့ပြီး ခွန်လွန်အထင်ကရ (၉)ပါးတွင် အလွန်နာမည်ကြီးသူ ဖြစ်သည်။

သို့သော် သမ္မာတရားကပ်ဘေးကိုဖြတ်ကျော်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်ရာ၌ ခွန်လွန်အထင်ကရ (၉)ပါးတွင် နောက်ဆုံးလူ ဖြစ်ခဲ့သည်။

စန့်ချင်အဆက်အနွယ်၏ လျှို့ဝှက်နည်းလမ်းဖြစ်သော ‘ဓားကျင့်ကြံခြင်း’ ပညာရပ်မှာ သိုင်းကျင့်ကြံသူတစ်ယောက်အား သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ရပ်တန့်သွားစေနိုင်ကာ တန်းတူရွယ်တူများထက် ပိုပြီး အချိန်ကြာရှည်သွားနိုင်သည်။

သို့သော် အောင်မြင်စွာဖြတ်ကျော်နိုင်လျှင်တော့ ကျင့်ကြံခြင်းအဆင့်တက်ရန် အချိန်များစွာသက်သာစေပြီး ပိုမိုမြင့်မားသော နယ်ပယ်သို့ရောက်ရှိရန် မျှော်လင့်ချက် မြင့်မားလာပေမည်။

ဤလျှို့ဝှက်နည်းလမ်း၏အကူအညီက တစ်ယောက်နှင့်တစ်ယောက် ရယူပုံမတူညီသလို ကိုယ်ပိုင်ကန့်သတ်ချက်များလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ စန့်ချင်အဆက်အနွယ်များအတွက် ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန်မှာ အလွန်ခက်ခဲသည်ဖြစ်လေရာ သူတို့အတွက် ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန် သေးငယ်သည့်အကူအညီလေးပင်လျှင် အဖိုးတန်လွန်းလှသည်။

ဤ “ဓားထုတ်ခြင်း နှင့် ဓားကျင့်ကြံခြင်း” နည်းလမ်းက အလွန်ကြီးမားသောအန္တရယ်ရှိသည်ဖြစ်ရာ ယခင်က ဓားကျင့်ကြံခြင်းကို ပြုလုပ်ရင်း ပိုမိုအားနည်းသွားရသည့် တန်ခိုးစွမ်းအားရှင် များစွာရှိခဲ့ဖူးသည်။

သို့ဖြစ်ရာ ထိုနည်းလမ်းကို ကျင့်ကြံမည်လား မကျင့်ကြံဘူးလားဆိုသည်ကတော့ ကျင့်ကြံသူတစ်ယောက်၏ သဘောအတိုင်းသာဖြစ်သည်။

စန့်ချင်အဆက်အနွယ်ကျင့်ကြံသူများအနေဖြင့် “ဓားကျင့်ကြံခြင်း” နည်းလမ်းကိုအသုံးမပြုဘဲ သာမန်အတိုင်း ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန် ဆုံးဖြတ်မည်ဆိုပါက သူတို့အနေဖြင့် နှစ်‌‌ပေါင်းတစ်ထောင်ကြာလျှင်ပင် အဆင့်တက်နိုင်မည် မဟုတ်ပေ။

ဓားကျင့်ကြံခြင်းဆိုသည်က သူတို့၏ ကျင့်ကြံခြင်းကို ခေတ္တထိန်းချုပ်ထားပြီး လက်ရှိအဆင့်မှာပင် နှစ်ပေါင်းတစ်ထောင် ရပ်တန့်သွားစေရန် ရည်ရွယ်သည်။

ထို့နောက်မှာတော့ ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန် နီးကပ်လာမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် သေချာသည့်စွန့်စားမှုတစ်ခုကိုတော့ ကိုင်တွယ်နိုင်ရန် ကြိုးစားရပေမည်။

ဟုတ်ပေ၏။

အရည်အချင်းရှိသူအချို့ကတော့ ထိုလမ်းကြောင်းကိုလျှောက်လှမ်းရန် သေချာပေါက် လိုအပ်ခြင်းမရှိပေ။ ဤသည်က သူတို့၏စိတ်ဆန္ဒနှင့် ပတ်ဝန်းကျင်အပေါ် မူတည်သည်။

အလွန်အန္တရယ်များသည့်ပတ်ဝန်းကျင်တွင်ရှိနေပါက ဤ “ဓားကျင့်ကြံခြင်း” ကို ပြုလုပ်ရန်မှာ သေချာပေါက် ခက်ခဲနိုင်သည်။

ရွှမ်ဟွမ်ဧကရီနှင့် နွယ်ပင်ဧကရီတို့သာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ထိန်းသိမ်းထားခြင်းမရှိလျှင် လုန်ချွမ်ဧကရာဇ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့သည်လည်း နှစ်ပေါင်းတစ်ထောင်အတွက် ဓားကျင့်ကြံခြင်းကို အေးဆေးစွာ ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် စန့်ချင်အဆက်အနွယ်များက အလျှော့မပေးသူများဖြစ်ကြလေရာ အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး တန်ခိုးစွမ်းအားရှင်များစွာ ဆုံးရှုံးခဲ့ရသည်။

ထို့နောက်မှာတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း အထက်ဘုံကမ္ဘာကဲ့သို့ သဘောထားကွဲလွဲမှုများရှိလာပြီး ထွက်ခွာသွားသူများ ရှိလာခဲ့သည်။

ကံကောင်းသည်မှာ အထက်ဘုံကမ္ဘာနှင့်နှိုင်းယှဉ်လျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအား စွန့်ခွာသွားသည့်တန်ခိုးစွမ်းအားရှင်များက အလွန်နည်းပါးလှသည်။

ထို့ကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် လက်ရှိအခြေအနေတွင် ရပ်တည်နေနိုင်ခြင်း ဖြစ်၏။ မဟုတ်ပါက သူတို့၏ အခြေခံအုတ်မြစ်ထိခိုက်သွားလျှင် ရပ်တည်ရန် ခက်ခဲသွားနိုင်သည်။

ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

“ချန်ချန်းဟွာက ကောင်းကင်ဖွင့်ကျမ်းစာကို ရသွားလို့ နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့တာလား”

မေးပြီးသည်နှင့် သူက လူတိုင်းကိုတစ်ချက်အကဲခတ်လိုက်ပြီး နောက်ဆုံး လုန်ရွှယ်ကျီးအား စူးစိုက်ကြည့်လိုက်သည်။

အစောပိုင်းက အဂ္ဂိရတ်ခန်းမထဲတွင် လုန်ရွှယ်ကျီးနှင့် ချန်ချန်းဟွာ တိုက်ခိုက်နေချိန် စုန်းဟွမ်မြင့်မားဧကရာဇ် ‘ကျန်းပုရွှီး’ ရောက်ရှိလာခဲ့သည်။

ယွဲ့ကျန့်ပေက ကျန်းပုရွှီးထက် နောက်ကျပြီးမှ ရောက်လာခြင်း ဖြစ်၏။

သူ့စိတ်က ကျန်းပုရွှီးကိုတိုက်ခိုက်ရန် အာရုံစိုက်ထားသော်လည်း လုန်ရွှယ်ကျီးနှင့် ချန်ချန်းဟွာတိုက်ခိုက်နေသည်ကို တွေ့လိုက်သည်နှင့် ချန်ချန်းဟွာ ကျင့်ကြံခြင်းအဆင့်တက်သွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။

လုန်ရွှယ်ကျီးက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... အဲဒါ ကောင်းကင်ဖွင့်ကျမ်းစာပဲ”

သူက ဆက်ပြောသည်။

“တကယ်တော့... သူက ကောင်းကင်ဖွင့်ကျမ်းစာကို ကျင့်ကြံပြီးမှ နတ်ဘုရားလူသားကပ်ဘေးကို ဖြတ်ကျော်ခဲ့တာဖြစ်မယ်”

ထိုစကားကြားတော့ ယွဲ့ကျန့်ပေ၏ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။

အချိန်အတန်ကြာစဉ်းစားပြီးနောက် သူက ရန်ကျောက်ကဲနှင့်အခြားသူများကို ကြည့်လိုက်ရင်း...

“မင်းတို့အားလုံး ပြောသလိုပဲ... အထက်ဘုံကမ္ဘာမှာဖြစ်နေတဲ့ကိစ္စတွေက နတ်ဘုရားအနားယူတောင်ကြားက အကြီးအကဲ’ယန်ချဲ့’ ကြောင့် ဖြစ်နေတာတွေပဲ ၊ ချန်ချန်းဟွာ ကောင်းကင်ဖွင့်ကျမ်းစာကိုရသွားတာ သူ့ကြောင့်ပဲ”

All Chapters