ငရဲကိုးထပ်နက်နဲရာမှ ‘နတ်ဆိုးပင်လယ်’
Vol. 91 Ch. 1277
အခန်း (၁၂၇၇) ငရဲကိုးထပ်နက်နဲရာမှ ‘နတ်ဆိုးပင်လယ်’
ချန်ချန်းဟွာက နဂိုကပင် အလွန်တရာ စွမ်းအားကြီးမားသူ ဖြစ်သည်။
ကောင်းကင်ဖွင့်ကျမ်းစာကို ရရှိသွားသည့်အခါ သူက မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် (၉)စောင်ကို ရရှိသွားပြီးဖြစ်ရာ သူ၏တန်ခိုးစွမ်းအားက ထပ်မံမြင့်တက်လာခဲ့သည်။
ယခုဆိုလျှင် တစ်ချိန်က သူကဲ့သို့ပင်နာမည်ကျော်ကြားခဲ့ပြီး သူ့ထက်အရင် နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့သော လုန်ရွှယ်ကျီးသည်ပင် သူ့ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပေသည်။
စန့်ချင်အဆက်အနွယ်ဓားသိုင်းက နှောင်းပိုင်း ကောင်းကင်ကျမ်းစာ (၆)စောင်ကို တန်ပြန်နိုင်သည်။
အခြားသော ထိပ်တန်းသိုင်းပညာများအပေါ်တွင် အလွန်ခိုင်မာသော ခံစစ်အား အသုံးပြုနိုင်သည်ဖြစ်ရာ နှောင်းပိုင်း ကောင်းကင်ကျမ်းစာ (၆)စောင် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က လင်ပေါင်ဓားသိုင်း (၄)မျိုးနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်ထူးခြားချက်မှ မရှိခဲ့ပေ။
ထိုက်ရှီခုန်မင်မရှိမှုခန္ဓာကဲ့သို့ ကနဦးကောင်းကင် ထိပ်တန်းသိုင်းပညာတစ်ခုကဲ့သို့ပင် ထိရောက်မှု မရှိတော့ပေ။
သို့ပေသိ ချန်ချန်းဟွာက ခုခံရန်ရည်ရွယ်ခြင်း မရှိခဲ့ပေ။
ကနဦးကောင်းကင် မူလကောင်းကင်ကျမ်းစာ (၃)စောင်ကို အသုံးပြုပြီး အဆုံးမရှိသောစွမ်းအားကိုပြသကာ လုန်ရွှယ်ကျီးနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သူက ကောင်းကင်ဖွင့်ကျမ်းစာကို လေ့ကျင့်ထားသော်လည်း ကျွမ်းကျင်မှု မရှိသေးပေ။ ရလဒ်အနေဖြင့် စန့်ချင်အဆက်အနွယ်ဓားသိုင်းများကို ကျေကျေညက်ညက်လေ့ကျင့်ထားသော လုန်ရွှယ်ကျီးကို ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်၏ ဒုတိယမြောက်ကျမ်းစာဖြစ်သော ‘မူလကောင်းကင်ကျမ်းစာ’ ၏ အကူအညီကြောင့် လုန်ရွှယ်ကျီးမှာ ချန်ချန်းဟွာအား အသာစီးမရခဲ့ပေ။
နတ်ဘုရားသုတ်သင်ဓားသိုင်းက ထိုက်ချင်အဆက်အနွယ်မှ ထိုက်ယီလက်သီးသိုင်းနှင့်အတူတူပင် ဖြစ်သည်။ သူတို့က သိုင်းပညာရပ်များအားလုံးကို ချိုးဖျက်နိုင်စွမ်း ရှိသည်။
ထိုသိုင်းပညာများက မူလကောင်းကင်ကျမ်းစာ၏ ကြိုတင်သိမြင်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ ပျက်ပြယ်သွားအောင် ပြုလုပ်နိုင်သည်။ သို့သော် လုံးဝဖြတ်တောက်နိုင်ခြင်းတော့ မရှိပေ။
လုန်ရွှယ်ကျီး၏ တိုက်ကွက်များအားလုံးမှာ ရန်သူ၏ ခန့်မှန်းချက်များအတွင်းရှီနေသည်ဟု ခံစားခဲ့ရသည်။
ကံကောင်းသည်မှာ လင်ပေါင်ဓားသိုင်း (၄)မျိုးက အလွန်ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းလွန်းသည်။
ချန်ချန်းဟွာက လုန်ရွှယ်ကျီး၏ တိုက်ကွက်များကို အကြိမ်ပေါင်းများစွာ ခန့်မှန်းနိုင်ခဲ့သော်လည်း ကြိုတင်ရှောင်တိမ်းရန်သာ တတ်နိုင်ခဲ့ပြီး ပြင်းပြင်းထန်ထန် ချေမှုန်းနိုင်ခဲ့ခြင်း မရှိပေ။
သို့တိုင် ထိုသို့ဖြစ်လျှက်နှင့်ပင် လုန်ရွှယ်ကျီးသည် တိုက်ပွဲတွင် ချုပ်နှောင်ခံရသလို ခံစားရပြီး သူ၏ အကောင်းဆုံးစွမ်းရည်ကို ပြသရန် ခက်ခဲခဲ့သည်။
“ချန်ချန်းဟွာရဲ့ သိုင်းပညာအခြေခံက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ပျိုးထောင်ပေးခဲ့တာလား”
လုန်ရွှယ်ကျီးက ရန်ကျောက်ကဲနှင့် အခြားသူများကို မေးလိုက်သည်။
ထိုမေးခွန်းကိုကြားတော့ ရန်ကျောက်ကဲနှင့် ယွဲ့ကျန့်ပေတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက...
“သိပ်တော့မသေချာဘူး ၊ ဒါပေမဲ့ သူတို့နှစ်ယောက်ကြည့်ရတာ ဆက်ဆံရေးတစ်ခုခု ရှိနေနိုင်တယ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ချန်ချန်းဟွာကို အာရုံစိုက်နေတာ ဖြစ်ရမယ် ၊ အခုလည်း သူလိုအပ်တဲ့အချိန်မှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ချန်ချန်းဟွာကို ကောင်းကင်ဖွင့်ကျမ်းစာပေးခဲ့တယ် ၊ သူက နတ်ဘုရားအနားယူတောင်ကြားမှာ တံခါးပိတ်ကျင့်ကြံနေရင်းနဲ့တောင်မှပေါ့”
လုန်ရွှယ်ကျီးက ခေါင်းညိတ်ရင်း...
“တကယ်လို့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကလည်း ‘မူလကောင်းကင်ကျမ်းစာ’ ကိုလည်း ကျ့င်ကြံထားမယ်ဆိုရင် ငါတို့ သူ့ကို သတိထားရလိမ့်မယ်”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ ကျင့်ကြံခြင်းအဆင့်က လက်ရှိတွင် ချန်ချန်းဟွာထက် မြင့်မားသည်။ သို့ဖြစ်ရာ သူသာ မူလကောင်းကင်ကျမ်းစာ ကျင့်ကြံထားလျှက် ထိုပညာကိုအသုံးပြုပြီး သတင်းအချက်အလက်များစွာကို သိမြင်ဖော်ထုတ်နိုင်ပေမည်။
ထို့ပြင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်သာ မူလကောင်းကင်ကျမ်းစာကို အမှန်တကယ် ကျင့်ကြံထားသည်ဆိုပါက အနာဂတ်တွင် ချန်ချန်းဟွာနှင့် သေချာပေါက် ထိပ်တိုက်တွေ့ပေလိမ့်မည်။
မူလကောင်းကင်ကျမ်းစာ (၁၀)ဆောင်မှ ဒုတိယမြောက်ကျမ်းစာဖြစ်သော ‘မူလကောင်းကင်ကျမ်းစာ’ ကို လူပေါင်းများစွာ ကျင့်ကြံနိုင်ခွင့်ရှိသည်။
သို့သော် နောက်ဆုံး အောင်မြင်မှုရရှိသွားသူတစ်ယောက် ထွက်ပေါ်လာပါက ထိုကျမ်းစာကို ကျင့်ကြံထားသော အခြားသူများ၏ ကျင့်စဉ်လမ်းက ပိတ်ဆို့သွားပေလိမ့်မည်။
သို့ပေသိ ဤသည်က အနာဂတ်တွင်ဖြစ်လာမည့်ကိစ္စတစ်ခုသာပင်။
အချိန်အတန်ကြာ စကားပြောဆိုကြပြီးနောက် ရန်တိ ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က ခန်းမထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး သူတို့ စုပ်ယူထားသော ဆေးလုံးချီများကို ပြန်လည်သန့်စင်လိုက်ကြသည်။
ရန်ကျောက်ကဲကတော့ အဂ္ဂိရတ်ခန်းမကိုထိန်းချုပ်သည့် စွမ်းအားကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် အတွင်းအပြင်တွင်ရှိနေသော ယန္တရားများကို စူးစမ်းနေဆဲ ဖြစ်သည်။
မီးလျှံထက်ယံအရှင်သခင်နှင့်ပတ်သက်ပြီး ရန်ကျောက်ကဲက အစောပိုင်းကပင် သူ့ထံသို့ သတင်းစကားတစ်ခု ပေးပို့ထားပြီး ဖြစ်သည်။
စောမင်ကျန့်က ဤနေရာသို့ရောက်မလာသော်လည်း ရန်ကျောက်ကဲအား အကြောင်းပြန်ခဲ့သည်။
အမတခုံရုံးမှလူများက ဤနေရာသို့ နောက်ကျမှရောက်လာခဲ့ကြသည်။ စောမင်ကျန့်က အဂ္ဂိရတ်ခန်းမ တည်ရှိခဲ့သော ဗလာနယ်ထဲတွင် ရှိနေသည်ဖြစ်ရာ တိုက်ဆိုင်စွာပင် သူတို့ ထပ်မံ ဆုံတွေ့ခဲ့ကြသည်။
စောမင်ကျန့်က သူတို့အားလုံးကို မျှားခေါ်သွားပြီဖြစ်သဖြင့် ရန်ကျောက်ကဲအနေဖြင့် သူ့ကိုစောင့်စရာမလိုဟု ပြောခဲ့သည်။ နောက်မှ အထက်ဘုံကမ္ဘာသို့ လာခဲ့မည်ဟု သူက ဆိုသည်။
ပြင်ပဗလာနယ်ထဲမှ တာအိုစကြာဝဠာသို့ ပြန်ရောက်သည်နှင့် လုန်ရွှယ်ကျီးက နှုတ်ဆက်စကားဆိုကာ ယွီယဲ့နှင့်အတူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်သွားကြသည်။
ရန်ကျောက်ကဲနှင့် အခြားသူများက အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့ကြသည်။
***
ကျယ်ပြောလှသော ငရဲကိုးထပ်နယ်မြေတွင် လေထုတစ်ခုလုံး အနက်ရောင်မိစ္ဆာချီများဖြင့် ပြည့်လျှံနေသည်။ ထိုအထဲတွင် စူးရှသည့်အနီရောင်အလင်းတန်းမျးက အဆက်မပြတ် တောက်ပလျှက် ရှိသည်။
ငရဲကိုးထပ်က ကျယ်ပြန့်လွန်းသဖြင့် အဆုံးမရှိဟုပင် ထင်မှတ်ရသည်။
အတွင်းပိုင်းသို့ ဆက်လက်ခရီးနှင်မည်ဆိုလျှင် ဗလာနယ်အလွှာများကိုဖြတ်ကျော်ပြီး ငရဲကိုးထပ်ပင်မနယ်မြေသို့ ရောက်ရှိပေမည်။
ထိုနေရာတွင် နတ်ဆိုးနယ်မြေ၏ လောင်ကျွမ်းနေသောမြေပြင်ထက်တွင် ပင်လယ်ကြီးတစ်ခုရှိနေကြောင်း တွေ့ရပေမည်။
ပင်လယ်ရေက နက်မှောင်နေပြီး မျက်နှာပြင်က မှန်သားကဲ့သို့ချောမွေ့နေကာ လှိုင်းဂယက်များမရှိဘဲ မြေကြီးပမာ ခိုင်မာနေဟန်တူသည်။
ဤ နတ်ဆိုးပင်လယ် မည်မျှကျယ်ဝန်းကြောင်း ဖော်ပြရန်ခက်ခဲသည်။ ထိုပင်လယ်ထဲတွင် ကမ္ဘာလောကများစွာကိုပင် ထည့်သွင်းထားနိုင်ပေ၏။
အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကဲ့သို့ ကမ္ဘာများသာမက ထို့ထက်ပိုမိုသော ကမ္ဘာများ ထည့်သွင်းထားရန်ပင် နေရာက ကျယ်ဝန်းသည်။
ယခု ဤနေရာက တိတ်ဆိတ်ငြိမ်သက်နေ၏။
နတ်ဆိုးချီစွမ်းအားများ ရက်စက်ကြမ်းတမ်းစာ သောင်းကျန်းပြည့်နက်နေသည့် ပြင်ပငရဲကိုးထပ်နယ်မြေများနှင့် လုံးဝမတူညီစွာ ဤနေရာက တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
သို့သော် ထိုပင်လယ်ကြီး၏ နက်ရှိုင်းရာအတွင်းပိုင်းတွင် ပို၍ကြောက်မက်ဖွယ်ရာကောင်းသော နက်နဲမှုတစ်ခု ရှိနေဟန် တူသည်။ ထိုနေရာသို့ ထိပ်တန်းအဆင့် နတ်ဆိုးများသည်ပင် ချဉ်းကပ်ဝံ့ခြင်း မရှိပေ။
ငြိမ်သက်နေသော အနက်ရောင်ပင်လယ်ပြင်၏ မျက်နှာပြင်အောက်တွင် ဗလာနယ်က အဆက်မပြတ် တွန့်ခေါက်ပြောင်းလဲလျှက် ရှိသည်။ ထိုပင်လယ်ပြင်၏ အတိမ်အနက် မည်မျှရှိကြောင်း ဆုံးဖြတ်ရန် ခက်ခဲလှ၏။
ဤနေရာရှိ ဗလာနယ်အာကာသက အထက် ၊ အောက် ၊ ဘယ် ၊ ညာ ရှိဟန်မတူပေ။
သို့သော် “အောက်ဘက်သို့ဆင်းသက်” သွားပါက နက်နဲသိမ်မွေ့သော ကမ္ဘာတစ်ခု၏ အလွှာတစ်ခုဆီသို့ ရောက်ရှိသွားပေမည်။
ထိုအရာက ပုံရိပ်ယောင်ကောင်းကင်ဘုံ (၃၃)ဘုံ ၊ သို့မဟုတ် ကောင်းကင်ကိုးထပ်အလွှာနှင့် ဆင်တူသည်။
သို့သော် “အထက်သို့တက်ခြင်း” မရှိနိုင်ဘဲ အဆက်မပြတ် “အောက်သို့” သာ သွားရမည့်နေရာဖြစ်သည်။
ပို၍ နက်လာလေလေ ပိုပြီး ရှေးကျလေလေ ဖြစ်သည်။
ဤသည်က တစ်စုံစတ်ယောက်အား နက်နဲသောအဓိပ္ပါယ်များစွာဖြင့် စွဲဆောင်နိုင်စွမ်း ရှိသည်။
ထို နတ်ဆိုးပင်လယ်ကြီးထဲတွင် အခြား မည်သည့်အရာမှ မရှိသော်လည်း သစ်ပင်တစ်ပင် ရှိနေသည်။
သစ်ပင်က ညှိုးလျော်ခြောက်သွေ့နေပြီး သစ်ရွက်များလည်းကြွေကျနေကာ ခြောက်ကပ်သည့် ပင်စည်သာလျှင် ကျန်ရှိတော့သည်။
သို့ပေသိ ထိုရှေးဟောင်းသစ်ပင်အောက်တွင် ကြီးမားသောအရိပ်တစ်ခု ရှိနေသည်။
ထိုအရိပ်မှ အဆုံးမရှိသော အသက်ဓာတ်စွမ်းအားများ အလွန်တရာ တက်ကြွပြင်းထန်စွာ ထွက်ပေါ်လျှက် ရှိသည်။
ထိုနေရာတွင် အချိန်နှင့်တူညီသော အယူအဆမျိုး မရှိပေ။
ရှေးဟောင်းသစ်ပင်အောက်ရှိအရိပ်က ရွေ့လျားသွားပြင် ရေပြင်ထက်မှ ပျောက်ကွယ်သွားသည်။ သစ်ပင်ကြီးကတော့ ဤအတိုင်းပင် နေရာတွင် ကျန်ရစ်ခဲ့ပေ၏။
ထိုအရိပ်က နတ်ဆိုးပင်လယ်အတွင်းရှိ အခြားသောနေရာတစ်ခုတွင် ပြန်ပေါ်လာသည်။
ထိုနေရာက နတ်ဆိုးပင်လယ် ၊ ငရဲကိုးထပ်နှင့်နှိုင်းယှည်လျှင် လုံးဝ မတူကွဲပြားသော နေရာတစ်ခု ဖြစ်သည်။
ထိုနေရာက သေမျိုးလူသားလောကကဲ့သို့ပင် နတ်ဆိုးများနှင့် ပတ်သက်သည့် ခြေရာ သို့မဟုတ် အရိပ်အမြွက် တစ်ခုတစ်လေပင် မရှိပေ။
ဤဗလာနယ်ထဲတွင် မတူကွဲပြားသော ကမ္ဘာများစွာ ရှိသည်။ ကမ္ဘာတစ်ခုစီတွင် မြောက်များစွာသော သက်ရှိသတ္တဝါများ ကိန်းအောင်းနေထိုင်ကြသည်။
အရိပ်က အံ့သြပုံမပြဘဲ အတွင်းထဲမှ ကမ္ဘာတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။
မြင်ကွင်းထဲတွင် မြင့်မားသည့်တောင်တန်းများ ၊ စီးဆင်းနေသည့်စမ်းချောင်းများ ပေါ်လာပြီး သေမျိုးလူသားလောကသို့ ရောက်ရှိသွားသည့်ပမာ ခံစားရစေသည်။
မြစ်ကမ်းနံဘေးတွင် ကျောက်စိမ်းရောင်ရေညှိများဖုံးလွှမ်းနေသည့် ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။
ကျောက်တုံးထက်တွင် အဘိုးအိုတစ်ဦးလဲလျောင်းရင်း မှိန်းလျှက် ရှိသည်။
သူ့ရှေ့တွင် အရိပ်ပေါ်လာတော့ အဘိုးအိုက မျက်လုံးဖွင့်ကြည့်လိုက်ပြီး ပျင်းကြောတစ်ချက်ဆန့်လိုက်ရင်း...
“မင်း သူ့ကို ရှာတွေ့ပြီလား”
အရိပ်က မြေပြင်ထက်သို့ဆင်းသက်သွားပြီး အဘိုးအို၏အရိပ်နှင့် တစ်သားတည်းပေါင်းစပ်သွားသည်။
ထို့နောက် အရိပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ နောက်ကျသွားတယ် ၊ သူမ လွတ်သွားတယ်”
အဘိုးအိုက ရယ်မောရင်း...
“ငါတို့ကသာ သေမျိုးလူသားလောကရဲ့ ကိစ္စတွေကို အမြဲတမ်း ဝင်စွက်ဖက်နေတာ ၊ ငါတို့ကိစ္စတွေကို လာစွက်ဖက်တဲ့သူက တကယ့်ကိုခပ်ရှားရှားပဲ”
အရိပ်ထဲမှအသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“အခုထိ အခြေအနေမတိုးတက်သေးပေမယ့် ငါ သူ့ကို သေချာဖမ်းမှာပါ”
အဘိုးအိုက...
“ပြဿနာက သူ့ဆီကလာတာပဲ ၊ မင်း သူ့ကိုရှာချင်ရင် စန်းချင်း (၃)ပါးအဆက်အနွယ်တွေရဲ့ သေမျိုးလူသားလောကဖြစ်တဲ့ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို သွားရလိမ့်မယ် ၊ သူက အဲဒီနေရာကို မျက်စိကျနေတာပဲ...”
အဘိုးအိုက ဆက်ပြောသည်။
“အခု အဲဒီနေရာ မငြိမ်းမချမ်းဖြစ်နေတယ်၊ အခြေအနေတွေက ရှုပ်ထွေးပြီး အချင်းချင်းတိုက်ခိုက်နေတယ် ၊ ဒီတော့... သူတို့ဘက်က ငါတို့ကိုကာကွယ်ထားတဲ့စည်းကလည်း လျော့လျဲနေပြီ”
အရိပ်က...
“ငါလည်း အဲဒီလိုရည်ရွယ်ထားတယ် ၊ သူနဲ့ပတ်သက်တဲ့ကိစ္စအပြင် တစ်ခါတည်းလုပ်ရမယ့် တခြားကိစ္စတွေလည်း ရှိသေးတယ်”
အဘိုးအိုက ကျောက်တုံးကြီးထက်တွင် မတ်တတ်ထရပ်လိုက်ရင်း...
“မင်း အလုပ်လုပ်နိုင်တာ ကောင်းပါတယ် ၊ မလုပ်နိုင်ရင်လည်း စိတ်မညစ်နဲ့ ၊ ရက်တွေအများကြီးရှိပါသေးတယ် ၊ အချိန်တိုလေးအတွင်း အရာအားလုံးကို အလျင်စလိုလုပ်စရာ မလိုပါဘူး”
သူက ဆက်ပြောသည်။
“မင်း ဒီမှာအကြာကြီးနေရင် တခြားသူတွေ သတိပြုမိသွားနိုင်တယ်”
အရိပ်က...
“ဒါပေါ့...”
ပြောပြီးသည်နှင့် သူက အနည်းငယ်လှုပ်ရှားလိုက်ပြီး ထိုကမ္ဘာလောကအစိတ်အပိုင်းမှ ပျောက်ကွယ်သွားလေသည်။
***
အချိန်အတန်ကြာ လှည့်လည်သွားလာပြီးနောက် ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကြီးကို အထက်ဘုံကမ္ဘာသို့ ပြန်သွားရန် လမ်းညွှန်လိုက်သည်။
ထို့နောက် အဂ္ဂိရတ်ခန်းမက အထက်ဘုံကမ္ဘာပြင်ပရှိ စကြာဝဠာဗလာနယ်ထဲတွင် ရပ်တန့်သွားပြီး ရန်တိနှင့် နျဲ့ကျင်းရှန်တို့က ခန်းမထဲတွင် တံခါးပိတ်ကျင့်ကြံရင်း ကျန်ရစ်ခဲ့ကြသည်။
ရန်ကျောက်ကဲနှင့် ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကတော့ အထက်ဘုံကမ္ဘာသို့ အတူတကွ ပြန်လာခဲ့ကြလေသည်။