အထက်ဘုံကမ္ဘာရဲ့ ဖွဲ့စည်းပုံက ထာဝရပျောက်ကွယ်သွားတော့မှာပါ
Vol. 91 Ch. 1278
အခန်း (၁၂၇၈) အထက်ဘုံကမ္ဘာရဲ့ ဖွဲ့စည်းပုံက ထာဝရပျောက်ကွယ်သွားတော့မှာပါ
ရန်ကျောက်ကဲနှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ အထက်ဘုံကမ္ဘာသို့ ရောက်သည်နှင့် ‘မြေကမ္ဘာထိပ်တန်းအရှင်သခင်’ ကျန်းရှန် ပြန်ရောက်နေခြင်း ရှိ မရှိ စစ်ဆေးလိုက်ကြသည်။
ထို့နောက် နတ်ဘုရားအနားယူတောင်ကြားတွင်ရှိနေသော နက္ခတ်ဧကရာဇ်နှင့် တွေ့ဆုံရန် ချိန်းဆိုပြီး သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြသည်။
ရန်ကျောက်ကဲက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ပြန်သွားခဲ့ပြီး ကျန့်ဟွမ်ဓားဧကရာဇ်ကတော့ ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်သို့ ပြန်သွားခဲ့သည်။
လက်ရှိအခြေအနေက ပရမ်းပတာဖြစ်နေပြီး ကိစ္စရပ်များစွာ ရှုပ်ထွေးနေသည်။ အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။
ဤမုန်တိုင်းအလယ်တွင် ရန်ကျောက်ကဲတို့အုပ်စု ရှင်သန်လိုသည်ဆိုလျှင်တော့ သူတို့အနေဖြင့် သင့်တော်သည့် ပြင်ဆင်မှုများနှင့် အကြံအစည်များ ပြုလုပ်ထားရပေမည်။
ဝါဒတောင်သို့ပြန်ရောက်ပြီး ယွမ်ကျန်းဖုန်းနှင့် အခြားအကြီးအကဲများကို တွေ့ဆုံပြီးနောက် ရန်ကျောက်ကဲက အဖြစ်အပျက်များ၏ ယေဘူယျအခြေအနေကို ရှင်းလင်းပြသည်။
ဟုတ်ပေ၏။
သူက အမတခုံရုံးနှင့် ပြင်ပတာအိုကျင့်ကြံသူများအကြောင်း ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အကြောင်းကိုတော့ ပြောမပြဘဲ စွမ်းအားကြီးမားသည့်ရန်သူအုပ်စုဟုသာ ရည်ညွှန်းပြောဆိုခဲ့သည်။
ယေဘူယျအခြေအနေကိုနားလည်ပြီးနောက် အခြေအနေက အလွန်ပြင်းထန်ကြောင်း ယွမ်ကျန်းဖုန်းတို့အုပ်စုသည်လည်း နားလည်လိုက်ကြသည်။
“အဖေက အခု အဂ္ဂိရတ်ခန်းမထဲမှာ တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတော့ ဆရာဘိုးဘိုးကပဲ အခြေအနေတွေကို တာဝန်ယူပေးစေချင်ပါတယ်”
ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းကိုကြည့်ရင်း ဆိုသည်။
သူက ပြင်ဆင်မှုများစွာပြုလုပ်ပြီးသည်နှင့် ဝါဒတောင်တွင်အချိန်အကြာကြီးနေထိုင်နိုင်ခြင်းမရှိဘဲ လုပ်စရာကိစ္စများကြောင့် ခရီးထွက်ရဦးမည် ဖြစ်သည်။
ယွမ်ကျန်းဖုန်းက တစ်စုံတစ်ခု သတိပြုမိသွားပြီး အခြားသူများကို ထွက်သွားခိုင်းလိုက်ကာ ရန်ကျောက်ကဲအား မေးမြန်းလိုက်သည်။
“ကျောက်ကဲ... မင်းမှာ အစီအစဉ်ရှိပြီးပြီလား...”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အခုပြောဖို့ကတော့ စောသေးတယ် ၊ ကျွန်တော်လည်း အပြည့်အဝတော့ မသေချာသေးဘူး ၊ ကြိုးစားကြည့်မယ်လို့ပဲ ပြောနိုင်သေးတယ်”
သူက ဆက်ပြောသည်။
“ရန်သူက အရမ်းအဆင့်မြင့်ပြီး အင်အားကြီးတယ် ၊ ရက်စက်ကြမ်းကြုတ်တယ် ၊ သူတို့က လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ရဲ့ ပြဿနာကို ရှင်းနိုင်ရင်တောင်မှ ကျွန်တော်တို့မှာ ပြဿနာတွေ တောင်ပုံရာပုံ အတန်းလိုက်ကြီး ကျန်နေသေးတယ်”
“ဒီတော့ ရန်သူတွေ ကျွန်တော်တို့ကို အနိုင်ယူသွားတဲ့ ဝမ်းနည်းစရာကံကြမ္မာကို ရှောင်ရှားဖို့ မတူတဲ့နည်းလမ်းတစ်ခုတော့ ရှာရလိမ့်မယ်”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ဒီကိစ္စက တကယ်အရေးကြီးတယ် ၊ ကျွန်တော်တို့ လုပ်ရပ် ပေါက်ကြားမသွားအောင် လျှို့ဝှက်လုပ်ဆောင်ရမယ်”
ရန်ကျောက်ကဲ သူ၏အစီအစဉ်အား ပြောပြလိုက်သည့်အခါ ယွမ်ကျန်းဖုန်း၏မျက်နှာက ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နက်သွားသည်။
ယွမ်ကျန်းဖုန်းက...
“ဒီလောက် ကြီးကျယ်တဲ့အစီအရင်လား ၊ မင်းလိုလူတစ်ယောက်တောင် ဒါကိုလုပ်ဖို့ ယုံကြည်ချက်မရှိတာ မအံ့သြတော့ပါဘူး”
ဂိုဏ်းချုပ်ဟောင်းက ခေါင်းညိတ်ရင်း...
“မင်းက ရန်သူ ဘယ်သူဆိုတာ ထုတ်မပြောဘဲ ရှောင်နေပုံထောက်ရင် အရင်က အရှေ့တောင်ထိပ်တန်းအရှင်သခင် ပြောခဲ့ဖူးတဲ့ ရန်သူပဲ ဖြစ်ရမယ် ၊ ငါက လူသားအထွတ်ထိပ်အဆင့်ကိုမရောက်သေးလို့ မင်း သတိထားပြီး စကားပြောနေရတာပဲ”
“မင်းစိတ်ထဲရှိတဲ့အတိုင်း လုပ်ချင်တဲ့အလုပ်ကို လုပ်ပါ ကျောက်ကဲ ၊ ငါ ပြင်ဆင်မှုတွေအားလုံး ကူညီပေးမယ်”
ရန်ကျောက်ကဲက...
“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”
ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းနှင့် ခဏမျှ ဆွေးနွေးပြီးနောက် အပြင်သို့ထွက်လာခဲ့ရာ ခန်းမတံခါးတွင်စောင့်နေသည့် အားဟူကို တွေ့ရသည်။
သူ့ကိုတွေ့သည်နှင့် ရန်ကျောက်ကဲက တာဝန်တစ်ခု ပေးလိုက်သည်။
“အားဟူ... နဂါးလိပ်ပြာတောင်ကြားကို အရင်သွားနှင့်... အဲဒီမှာ ပြင်ဆင်မှုတွေလုပ်ဖို့ မင်းရဲ့အကူအညီလိုတယ် ၊ ငါလည်း မကြာခင် အဲဒီကိုလိုက်လာခဲ့မယ်”
သူက ဆက်ပြောသည်။
“မင်း အဲဒီကိုသွားရင် ယွမ်ကျိုးမြို့ကိုဝင်လိုက်ဦး ၊ ရှောင်အိုက်ကိုပါ မင်းနဲ့အတူခေါ်ပြီး နဂါးလိပ်ပြာတောင်ကြားမှာ စောင့်နေခိုင်းလိုက် ၊ အချိန်တန်ရင် မင်းကို ထပ်ပြီး တာဝန်ပေးစရာရှိသေးတယ်"
ရန်ကျောက်ကဲ၏လေသံက အလွန်တည်ကြည်လေးနက်နေသဖြင့် အားဟူကလည်း လေးလေးနက်နက်ပင် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
အားဟူထွက်သွားသည်နှင့် ရန်ကျောက်ကဲက မိခင်ဖြစ်သူ ရွှယ်ချူးချင်အား သွားတွေ့လိုက်သည်။
ရွှယ်ချူးချင်က ရန်ကျောက်ကဲကို တွေ့သည်နှင့်...
“အရင်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အထက်ဘုံကမ္ဘာကိုပြန်လာတော့ တည်ထောင်သူဆရာဘွားဘွား ဆုံးသွားပြီဆိုတာ ပြောပြပါတယ်”
ရွှယ်ချူးချင်၏အမူအရာက တည်ငြိမ်နေဆဲပင်။
ထို့နောက် သူမက ရန်ကျောက်ကဲ၏လက်ကိုအသာကိုင်ကာ နေရာတွင် အတူထိုင်စေလိုက်ပြီး အေးဆေးစွာဖြင့်...
“ဒါပေမဲ့ အချိန်မရတဲ့အတွက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခပ်မြန်မြန်ပဲ ပြောသွားတာ ၊ အခု အချိန်ရရင် အသေးစိတ် ဘာတွေဖြစ်ခဲ့လဲ ပြောပြပါဦး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမေ့ကို အစအဆုံး အကုန်ပြောပြမယ် ၊ အမေကိုယ်တိုင် ဒီကိစ္စကို သုံးသပ်ကြည့်ပေါ့”
သားဖြစ်သူက အဖြစ်အပျက်အလုံးစုံကို ရှင်းပြနေပြီး မိခင်ဖြစ်သူက ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
ပြောပြီးသွားသည့်နောက် ရန်ကျောက်ကဲက...
“အမေ့ရဲ့ ဖန်းဝေ့အစီအရင်ကို နောက်တစ်ကြိမ် အသုံးပြုလို့ရသေးလား...”
နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် မီးလျှံထက်ယံအရှင်သခင်ကိုရှာဖွေရန် နည်းလမ်းများပေးခဲ့သဖြင့် ရွှယ်ချူးချင်က ဖန်းဝေ့အစီအရင်ကို အသုံးအပြုဘဲ ရပ်တန့်ခဲ့သည်။
အမှန်တော့ ထိုအစီအရင်က နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ နှင့် ဆက်စပ်နေပြီး ထိုအစီအရင်ထဲမှအရာများထဲတွင် သူ၏ကြံစည်မှုများ ပါဝင်နေနိုင်သည်။
ရန်ကျောက်ကဲပြောပြသည့် ဇာတ်လမ်းများကို နားထောင်ပြီးနောက် ရွှယ်ချူးချင်က ဖန်းဝေ့အစီအရင်နှင့်ပတ်သက်ပြီး ဘာကိုဆိုလိုကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
“ငါတို့အကြောင်းတွေ ဖုံးကွယ်ဖို့အတွက် ဒီဖန်းဝေ့အစီအရင်ကို အသုံးပြုမလို့လား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“သေချာတာပေါ့”
ရွှယ်ချူးချင်က ခေါင်းညိတ်ရင်း...
“ငါကိုယ်တိုင် ဒီကိစ္စကိုလုပ်လိုက်မယ် ၊ ဒါမှ တခြားသူတွေ ကြားထဲကအချောင်ဝင်ပြီး အကျိုးအမြတ် ယူမသွားနိုင်မှာ”
ရန်ကျောက်ကဲက...
“အမေ ကိစ္စတွေပြီးတာနဲ့ အဂ္ဂိရတ်ခန်းမကိုသွားပြီး အဖေနဲ့တွေ့လိုက်ပါ”
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ရန်သူက မီးလျှံထက်ယံအရှင်သခင်ကို အဓိကပစ်မှတ်ထားနေပေမယ့် ကျွန်တော်တို့နှစ်ယောက်ကိုတွေ့ရင်လည်း သေချာပေါက် အရှင်ထားမှာ မဟုတ်ဘူး”
ရွှယ်ချူးချင်နှင့်တွေ့ဆုံပြီးနောက် ရန်ကျောက်ကဲက အချိန်ဆွဲခြင်း မရှိခဲ့ဘဲ ဝါဒတောင် အနောက်ဘက်တောင်တန်းများဆီသို့ ထွက်ခွာလာခဲ့သည်။
သူ၏မျက်လုံးများက အာရုံစူးစိုက်နေပြီး ရှုတ်ထွေးသောအင်းသင်္ကေတများကို တစ်ခုပြီးတစ်ခု ရေးသားနေသည်။
များပြားလှစွာသော အင်းသင်္ကေတများက ဗလာနယ်ထဲတွင်ထွက်ပေါ်လာပြီး မြေပြင်ထက်သို့ ကျရောက်ပျောက်ကွယ်သွားသည်။
အရင်တစ်ခေါက် အစီအရင်တည်ဆောက်သည်နှင့်ယှဉ်လျှင် ရန်ကျောက်ကဲ၏လှုပ်ရှားမှုက ယခုတစ်ကြိမ်တွင် နှေးကွေးနေပုံရသည်။
သူရေးနေရင်းလမ်းတစ်ဝက်တွင် သူက မကြာခဏရပ်နားပြီး စဉ်းစားနေရပြန်သည်။
အဆုံးသတ်မှာတော့ အရာအားလုံးပြီးဆုံးသွားပြီး သူ အနည်းငယ် ဝမ်းနည်းသလိုပင် ခံစားလိုက်ရသည်။
ခဏမျှ ငြိမ်သက်စွာလေ့လာပြီးနောက် ရန်ကျောက်ကဲ ဝါဒတောင်အနောက်ဘက်တောင်တန်းများဆီမှ ထွက်ခွာသွားတော့သည်။
သူ နောက်ထပ်သွားရမည့်နေရာက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်ရှိ နဂါးလိပ်ပြာတောင်ကြား ဖြစ်သည်။
အားဟူနှင့် ရှောင်အိုက်တို့ ထိုနေရာသို့ ရောက်နေနှင့်ပြီ ဖြစ်၏။
အလုပ်လုပ်နေသည့် အားဟူနှင့် ရှောင်အိုက်ကို ရန်ကျောက်ကဲက ပြောလိုက်သည်။
“တုံကင်နံပါတ်ပြားတွေ ထပ်လုပ်ပြီး ထျန်းကျိခန်းမက ဧည့်သည်တွေကိုဝေလိုက်ပါ”
သူက ဆက်ပြောသည်။
“လုပ်ဆောင်ချက်အသစ်တွေ ထပ်ထည့်ထားတယ်လို့ သူတို့ကိုပြောလိုက်”
ဤသည်က အမှန်ပဲ ဖြစ်သည်။
ရန်ကျောက်ကဲ အစောပိုင်း တုံကင်နံပါတ်ပြားများ ဖန်တီးခဲ့စဉ်က အထူးစွမ်းရည်တစ်ခု ထည့်ပေးမည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ဧည့်သည်များအနေဖြင့် တုံကင်နံပါတ်ပြားများ၏ နောက်ထပ်တိုးတက်မှုအခြေအနေကို စောင့်မျှော်နေမည် ဖြစ်သည်။
ထိုစဉ်အချိန်ကတော့ ယနေ့ ဆုံးဖြတ်ချက်မျိုး ရန်ကျောက်ကဲ ချမှတ်ရခြင်း မရှိသေးပေ။ သို့သော် ရန်ကျောက်ကဲက အဆိုးတစ်ခုခုဖြစ်လာပါက ကြိုတင်ပြင်ဆင်ထားရန် စီစဉ်ထားခဲ့သည်။
ထိုအရာများကို အသုံးပြုရန် မလိုအပ်လျှင်တောင်မှ အကျိုးအမြတ်အနည်းငယ်တော့ ပြုလုပ်နိုင်မည် ဖြစ်သည်။
ထိုတုံကင်ပြားများထဲတွင် စွမ်းရည်အသစ်တစ်ခုပါရှိသည်။ သို့သော် အရေးပါသည့်အသုံးပြုမှုကို အခြားသူများ မသိနိုင်ပေ။
“သခင်လေး... ဒီတစ်ခေါက်ပြန်လာတာ လူသားအထွတ်ထိပ်အဆင့်ကို ရောက်သွားပြီဆိုတော့... လူအတော်များများ တုန်လှုပ်သွားကြမှာပဲ...”
အားဟူက ဘေးနားမှကူညီပေးနေရင်းမှ ပြုံးလျှက် ပြောလိုက်သည်။
“နယ်မြေ (၁၀)ခု အရှင်သခင်များနေရာမှာ နာမည်စာရင်းအသစ်တစ်ခု ဖြစ်နေပြီလေ ၊ အခု သခင်လေး ပြန်ရောက်လာပြီဆိုတော့ နာမည်စာရင်း ပြန်စီစဉ်ရတော့မယ်”
“အိုး...”
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...
“နယ်မြေ (၁၀)ခု အရှင်သခင်များ စာရင်းအသစ် ဟုတ်လား ၊ ချီလင်ကမ်းပါးက လီကျွင်းရှင်းနဲ့ မြောက်ဖေးတောင်ထွတ်က ဟယ်ရှီးရှင်တို့က လူသားအထွတ်ထိပ်အဆင့်ကိုတက်သွားပြီလို့ ပြောချင်တာလား”
ရန်ကျောက်ကဲက အပြင်သို့ရောက်နေသည်ဖြစ်ရာ သူ သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်ပြီး ထိပ်တန်းအရှင်သခင်တစ်ယောက် ဖြစ်လာသည်ကို အထက်ဘုံကမ္ဘာက အချိန်မီ သတင်းရရှိခဲ့ခြင်း မရှိပေ။
သို့သော် ကောင်းကင်သခင်လေး’ချန်ချန်းဟွာ’ နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီး နတ်ဘုရားအဆင့်တက်ရောက်သည့်သတင်းကတော့ တဖြည်းဖြည်း ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
သို့ဖြစ်ရာ အထက်ရပ်ထိပ်တန်းအရှင်သခင်ရာထူး လစ်လပ်သွားပြီဟု လူတိုင်းက တိတ်တဆိတ်ပင် သဘောတူခဲ့ကြသည်။
ရန်ကျောက်ကဲလက်ချက်ကြောင့် သေဆုံးသွားသော ဝမ်ကျန်းချန်ကိုထည့်တွက်လိုက်သည့်အခါ နယ်မြေ (၁၀)ခု အရှင်သခင်များနေရာတွင် အထက်ရပ်ထိပ်တန်းအရှင်သခင်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်ရာထူး (၂)ခု လစ်လပ်သွားခဲ့သည်။
အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏ လစ်လပ်နေရာက ရန်တိပင်ရရှိမည်ဟု အားလုံးက တိတ်တဆိတ် လက်ခံသဘောတူထားကြသည်။
“အမှန်ပဲ... မြေကမ္ဘာဝိညာဉ်သခင် လီကျွင်းရှင်းနဲ့ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးက ထိုက်ကျိရင်ခွင် ဟယ်ရှီးရှင်တို့ လူသားအထွတ်ထိပ်အဆင့်ကိုတက်သွားပြီ”
ဘေးနားတွင်ရှိနေသော ရှောင်အိုက်က ပြောလိုက်သည်။
“လီကျွင်းရှင်းက နည်းနည်းစောတယ် ၊ သူ အဆင့်တက်ပြီး တစ်လလောက်ကြာမှ ဆရာ’ဟယ်’ က အဆင့်တက်သွားတာ”
“အခုတော့ လူတွေကောလဟလပြောနေကြတာ... လီကျွင်းရှင်းက သူ့ဆရာဝမ်ကျန်းချန်ရဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင်နေရာကို အစားထိုးမယ်တဲ့ ၊ ဆရာ’ဟယ်’ ကတော့ ခွန်လွန်တောင်က ဆင်းသက်လာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက် တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့ကျင်းရှန်’ နဲ့ လဲပြီးယူမယ် ၊ ဆရာ’နျဲ့’ ကတော့ အထက်ရပ်ထိပ်တန်းအရှင်သခင် ဖြစ်လာမှာပေါ့”
ရှောင်အိုက်က လက်ချောင်းများကိုချိုးကာ ရေတွက်လိုက်ရင်း...
“နောက်ထပ် သတင်းတစ်ခုလည်း ရှိသေးတယ် ၊ ဆရာ’ဟယ်’ က အရှေ့ပိုင်းကိုရောက်လာပြီး သခင်ကြီးရဲ့နေရာဖြစ်တဲ့ အရှေ့ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကိုယူမယ် ၊ ဒါဆို သခင်ကြီးက အထက်ရပ်ထိပ်တန်းအရှင်သခင် ဖြစ်လာမယ်”
ဟယ်ရှီးရှင်က ဝါဒတောင်နှင့် အတော်လေး ဆက်ဆံရေး ကောင်းမွန်သည်။
သို့သော် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်က ဝါဒတောင်၏ လက်အောက်ခံနယ်မြေ ဖြစ်သည်။ အကယ်၍ ပြင်ပလူတစ်ယောက် လာရောက်အုပ်ချုပ်မည်ဆိုပါက နျဲ့ကျင်းရှန် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကို အုပ်ချုပ်သည့်အလား မည်သူမှ သူ့အမိန့်ကို တလိုတလား နာခံကြမည် မဟုတ်ပေ။
ဟုတ်ပေ၏။
ဤကောလဟလများက လူအများ၏ ခန့်မှန်းချက်များသာ ဖြစ်သည်။
ထိပ်တန်းအရှင်သခင်များ၏ ရာထူးများကို ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးက ဆုံးဖြတ်ရမည် ဖြစ်၏။
သို့သော်လည်း...
လက်ရှိအထက်ဘုံကမ္ဘာ၏ အခြေအနေမှာ...
ရန်ကျောက်ကဲက ပြုံးရင်း...
“ငါ အဲဒီကိစ္စတွေကို အရေးမစိုက်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များဆိုတဲ့ အထက်ဘုံကမ္ဘာရဲ့ ဖွဲ့စည်းပုံက ထာဝရပျောက်ကွယ်သွားတော့မှာပါ”