နက္ခတ်ဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်
Vol. 91 Ch. 1279
အခန်း (၁၂၇၉) နက္ခတ်ဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်
“အထက်ဘုံကမ္ဘာရဲ့ အုပ်စိုးရှင် (၅)ပါးထဲကတစ်ပါးဖြစ်တဲ့ ဖယောင်းနေခြည်ဧကရာဇ်ကို ငါနဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် နှစ်ယောက်ပေါင်းပြီး သတ်ပစ်လိုက်ပြီ”
ရန်ကျောက်ကဲက ပြုံးရင်း ဆိုလိုက်သည်။
“ဒါပေမဲ့ ချန်ချန်းဟွာက နတ်ဘုရားတစ်ပါးဖြစ်သွားပြီဆိုတော့... သူနဲ့ဆက်ဆံရတာ လွယ်မှာမဟုတ်ဘူး”
အားဟူ ချက်ချင်း သဘောပေါက်သွားသည်။
သူက ပြုံးလိုက်ရင်း...
“သခင်လေး အရေးမစိုက်တာ အံ့သြစရာမရှိတော့ပါဘူး ၊ အထက်ဘုံကမ္ဘာရဲ့ ဖွဲ့စည်းပုံက သခင်လေးကြောင့် ပျက်ဆီးသွားပြီပဲ ၊ ဘာကို အာရုံစိုက်နေတော့မှာလဲ”
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ အာဏာဖွဲ့စည်းပုံကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးခဲ့သူတစ်ယောက်က နယ်မြေ (၁၀)ခု အရှင်သခင်များစာရင်းတွင် ပါဝင်နေမည်ဆိုပါက စော်ကားသလို ဖြစ်သွားပေမည်။
‘စော်ကားသလိုဖြစ်သည်’ ဆိုရာတွင် ရန်ကျောက်ကဲက စော်ကားခံရသူမဟုတ်ဘဲ အထက်ဘံကမ္ဘာတစ်ခုလုံးက စော်ကားခံရခြင်း ဖြစ်သည်။
“ပျက်ဆီးသွားပြီလို့ပြောဖို့က စောပါသေးတယ်”
ရန်ကျောက်ကဲက ခေါင်းကိုအနည်းငယ်မော့ရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ဒီတစ်ခေါက်အစီအစဉ်အောင်မြင်သွားရင်တော့ အတိတ်ကအရာအားလုံး ဘာတစ်ခုမှ ပြန်ရနိုင်မှာ မဟုတ်တော့ဘူး”
ရှောင်အိုက်က...
“ဒီနှစ်တွေအတွင်းမှာ အက်ဘုံကမ္ဘာမှာ ထွက်ပေါ်လာတဲ့ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေ အများကြီးရှိတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အမှန်ပဲ...”
ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင် အထက်ဘုံကမ္ဘာက နှစ်ပေါင်းများစွာတဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာသည်ဖြစ်လေရာ ကျင့်ကြံသူများအတွက် အားသာချက်ရှိသော ပတ်ဝန်းကျင်အနေအထားဖြစ်လာပြီး အရည်အချင်းရှိသော ပါရမီရှင်များစွာ ပေါ်ထွက်လာနိုင်ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)အတွင်း အထက်ဘုံကမ္ဘာတွင် ပါရမီရှင် အသစ်များစွာ ထွက်ပေါ်လာခဲ့သည်။
ရန်ကျောက်ကဲတို့သားအဖအပြင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လုန်ရွှယ်ကျီး ၊ ကောင်းကင်ဘုံမှမျက်နှာသာပေးခြင်းခံရသော လူသားများဖြစ်သည့် ချန်ချန်းဟွာ ၊ နျဲ့ကျင်းရှန်တို့ကဲ့သို့သောလူများ အထက်ဘုံကမ္ဘာတွင် ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် လီကျွင်းရှင်း ၊ ဟယ်ရှီးရှင် ၊ ချင်ရှုကျီ ၊ ဖုထင်ကဲ့သို့သော လူငယ် ပါရမီရှင်မျိုးဆက်များသည်လည်း ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။
တွက်ကြည့်မည်ဆိုလျှင် နယ်မြေ (၁၀)ခု အရှင်သခင်များထဲတွင် အနောက်တောင်ထိပ်တန်းအရှင်သခင်’ပိုင်တောင်း’ နှင့် အနောက်မြောက်ထိပ်တန်းအရှင်သခင်’လျန်ကျူးလင်’ တို့သည်လည်း လွန်ခဲ့သည့် နှစ်(၁၀၀)အတွင်း ပေါ်ပေါက်လာခဲ့ကြသူများဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)အတွင်း ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာထွင် ပေါ်ထွက်လာသော ပါရမီရှင်များမှာ ရေအောက်ရေများ မြေပြင်ထက် ပန်းထွက်လာသည့်ပမာ များပြားလွန်းလှသည်။
နတ်ဘုရားတစ်ပါးဖြစ်သွားပြီဖြစ်သော ချန်ချန်းဟွာကိုတော့ ထည့်ပြောစရာမလိုတော့ပေ။
နျဲ့ကျင်းရှန် ၊ လီကျွင်းရှင်း ၊ ဟယ်ရှီးရှင်တို့က သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်ရောက်လာကြသည်။
ရန်ကျောက်ကဲတို့သားအဖကိုပါ ထည့်တွက်မည်ဆိုလျှင် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်’ကျွမ်းရှန်’ နှင့် အရှေ့ပိုင်းထိပ်တန်းရှင်သခင် တာအိုဆရာ ‘ထျန်းယိ’ တို့ သေဆုံးသွားကြသည့်တိုင် အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအရှင်သခင်အဆင့် သိုင်းသူတော်စင်များ (၁၀)ယောက်ထက်မက ရှိနေပေပြီ။
နတ်ဘရားအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သိုင်းသူတော်စင်များက အသက်ရှည်ခြင်းလည်း နည်းပါးသလို အန္တရယ်များကိုခံနိုင်ရည်ရှိမှုလည်း အားနည်းသည်။
သာမန် အသက်ရှည်ခြင်း ကုန်ဆုံးသွားခြင်း ၊ သို့မဟုတ် အသက်မပြည့်ခင် သေဆုံးခြင်းများကြောင့် အထက်ဘုံကမ္ဘာမှ နယ်မြေ (၁၀)ခုအရှင်သခင်များသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း အပြောင်းအလဲများစွာ ရှိခဲ့သည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင်’ဝမ်ကျန်းချန်’ တစ်ယောက်သာ သူ၏နေရာတွင် အချိန်အတော်ကြာအောင် ရပ်တည်ခဲ့ပြီး အခြားသော ရာထူးနေရာများကတော့ အနည်းဆုံး တစ်ကြိမ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
ပါရမီ ၊ တန်ခိုးစွမ်းအားနှင့် ကံကြမ္မာ အားလုံးတွင် ထူးချွန်သော လူအနည်းငယ်သာ နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး နယ်ပယ်အသစ်တစ်ခုသို့ တက်လှမ်းနိုင်ကြပေသည်။
သို့သော် အခက်အခဲနှင့် ပြဿနာများ ရင်ဆိုင်ကြရသည့်အခါ လူအများစုမှာ ကရုဏာကင်းမဲ့သော ကံတရားမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
သက်တမ်းကြာရှည်စွာနေခဲ့ရသော မြေကမ္ဘာထိပ်တန်းအရှင်သခင်’ဝမ်ကျန်းချန်’ ကတော့ လူနည်းစုထဲတါင် ပါဝင်ခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ ပတ်ဝန်းကျင်အခြေအနေကြောင့်ရော သူကိုယ်တိုင်ကြိုးစားမှုကြောင့်ရော ဖြစ်သည်။
သူ့ထက် များစွာငယ်ရွယ်သည့် ကောင်းရွှယ်ပေါ်သည်ပင် ‘ဓားကျင့်ကြံခြင်း’ ပြုလုပ်ရင်း ယခု သူ၏သက်တမ်း ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေပေပြီ။
စွမ်းအားကြီးမားသော သိုင်းကျင့်ကြံသူများ၏ သက်တမ်းမှာ သေမျိုးလူသားများနှင့်ယှဉ်လျှင် များစွာ ပိုမိုရှည်လျားသည်။
သို့သော် အိုမင်းခြင်းက သေခြင်းတရားအပေါ် ကြောက်ရွံ့မှုကို ဖိနှိပ်ထားသည့် အကြီးမားဆုံး အကြောက်တရားတစ်ခု ဖြစ်နေဆဲပင်။
စွမ်းအားမြင့်မားသော တန်ခိုးစွမ်းအားရှင်များက မည်မျှ တန်ခိုးစွမ်းအားကြီးမားပါစေ အိုမင်းခြင်း၏ကံကြမ္မာကို မလွတ်မြောက်နိုင်ကြသေးပေ။
ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း အိုမင်းရင့်ရော်လာသည်ကို တွေ့မြင်ရခြင်းမှာ ကူရာကယ်ရာမဲ့သည့်အဖြစ်ရပ်တစ်ခုဖြစ်ပြီး စိတ်ကိုနှိပ်စက်နေသည့်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲက...
“မြေကမ္ဘာထက်ယံအရှင်သခင်က သူ့ရဲ့ ဆုတ်ယုတ်ကျဆင်းတဲ့အချိန်အပိုင်းအခြားကို ရောက်နေပြီ ၊ ဒါပေမဲ့ သူက ချီစွမ်းအား (၅)ခုကို ပေါင်းစည်းနိုင်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်ရောက်နိုင်ခဲ့တယ် ၊ ဒီတော့ သက်တမ်း ပမာဏအများကြီး ဆက်ရှည်ဦးမှာပဲ”
သူ၏ အကြီးမားဆုံးရန်သူအကြောင်း ပြောနေသည့်တိုင် ရန်ကျောက်ကဲလေသံက အလွန်တည်ငြိမ်နေဆဲပင်။
“ပြီးတော့ သူက မဟာကပ်ဘေးကြီးက လွတ်မြောက်လာတဲ့သူတစ်ယောက်လည်း ဖြစ်တယ်”
အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရ (၉)ပါးတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင်’ကျန်းရှန်’ ၊ နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ၊ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ နှင့် ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ တို့က မဟာကပ်ဘေးကြီးမတိုင်ခင် မွေးဖွားခဲ့သူများ ဖြစ်ကြသည်။
သူတို့က ကြီးမားသောကံတရားနှင့် သက်တမ်းရှည်ကြားသော ရှေးခေတ်လူဟောင်းများဖြစ်ကြပြီး မဟာကပ်ဘေးကြီးမှလည်း လွတ်မြောက်နိုင်ခဲ့ကြသည်။
ကျန်ရှိသော ခွန်လွန်အထင်ကရ (၅)ပါးကတော့ မဟာက်ဘေးကြီးနောက်ပိုင်းမှ မွေးဖွားလာသူများဖြစ်လေရာ ကျန်းရှန်တို့ (၄)ယောက်နှင့်ယှဉ်လျှင် ဝါစဉ်ငယ်သည်ဟု သတ်မှတ်နိုင်သည်။
ထို့အတူ မဟာကပ်ဘေးကြီးမှ ကံကောင်းလွန်းစွာ လွတ်မြောက်ခဲ့သူ နောက်တစ်ယောက် ရှိသေးသည်။
ထိုသူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘နွယ်ပင်ဧကရီ’ ပင် ဖြစ်သည်။
အားဟူက အံတင်းတင်းကြိတ်လိုက်ရင်း...
“ဒါပေမဲ့ မြေကမ္ဘာထက်ယံအရှင်သခင်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကိုရောက်သွားပြီဆိုတော့... ကျွန်တော်တို့အတွက် ကိစ္စရပ်တွေ ပိုပြီးခက်ခဲသွားမှာပေါ့ သခင်လေး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဘယ်တတ်နိုင်မလဲ... ဒီလောကကြီးမှာ သူတစ်ပါးရဲ့တိုးတက်မှုကို ငါတို့တွေ သွားပြီးတားဆီးလို့ရတာမှ မဟုတ်တာ”
အားဟူ ၊ ရှောင်အိုက်တို့နှင့် စကားစမြည်ပြောဆိုနေသည့်တိုင် ရန်ကျောက်ကဲက သူ၏အလုပ်ကိုလည်း နှောင့်နှေးနေခြင်း မရှိခဲ့ပေ။
သူက တုံကင်နံပါတ်ပြားများကို တစ်ခုပြီးတစ်ခု အဆက်မပြတ်သန့်စင်ပြုလုပ်နေသည်။
အားလုံးပြီးဆုံးသွားသည့်နောက် သူက တုံကင်နံပါတ်ပြားများကို ရှောင်အိုက်အားပေးလိုက်ပြီး...
“ဒါတွေကို အမြန်ဆုံးဖြန့်ဝေလိုက်ပါ ၊ သဘာဝကျကျလေး လုပ်လိုက်...”
ရှောင်အိုက်က တုံကင်နံပါတ်ပြားများကို ယူလိုက်ရင်း...
“စိတ်ချပါ သခင်လေး ၊ ဘာလုပ်ရမယ်ဆိုတာ ကျွန်မ သိပါတယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
သူက အားဟူကိုကြည့်ရင်း...
“ဒီနေရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက် ၊ အရေးကြီးတဲ့ပစ္စည်းတွေကို ဝါဒတောင်ကို ပြန်ပို့လိုက်”
ထိုစကားကြားတော့ အားဟူ၏မျက်နှာက ပိုပြီးတည်ကြည်လေးနက်သွားသည်။
“ဟုတ်ကဲ့ပါ သခင်လေး”
ရန်ကျောက်ကဲ၏လေသံအရ ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်တော့မည်မှာ သေချာနေသည်။
ရှောင်အိုက်နှင့်အားဟူကို ခိုင်းစရာရှိသည်များ စေခိုင်းပြီးနောက် ရန်ကျောက်ကဲက နဂါးလိပ်ပြာတောင်ကြားမှ အဝေးတစ်နေရာသို့ ထွက်ခွာသွားသည်။
သူက ခွန်လွန်တောင်တန်းတစ်ခွင် ဖြတ်ကျော်ခရီးနှင်ခဲ့ပြီး နေရာတစ်ခုသို့ ရောက်ရှိလာသည်။
နတ်ဘုရားအနားယူတောင်ကြား။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ တာအိုနယ်မြေ။
တောင်ကြားသို့ ချဉ်းကပ်လာသည်နှင့် အဝေးဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသော ဓားဝိညာဉ်များစွာကို ရန်ကျောက်ကဲ တွေ့မြင်လိုက်ရသည်။
ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ က သူ့ထက်စောပြီး ဤနေရာသို့ ရောက်ရှိလာသည်ပင်။
ထိုဓားဝိညာဉ်များကိုတွေ့တော့ ရန်ကျောက်ကဲသည်လည်း နတ်ဘုရားအနားယူတောင်ကြားသို့ ဝင်ရောက်သွားသည်။
ဟုတ်ပေ၏။
အရင်တစ်ခါက်ကလို ရေခဲနံရံများ ရှိမနေတော့ပေ။
တောင်ကြားထဲတွင် နဂိုကပင် နေထိုင်သူသိပ်မရှိပေ။ ယခုတော့ ယခင်က နေထိုင်သည့် တာအိုကျင့်ကြံသူများအနည်းငယ်ကို နှင်ထုတ်လိုက်ပြီ ဖြစ်၏။
ရန်ကျောက်ကဲ ရောက်လာသည့်အခါ တောင်ကြားထဲတွင် လူ (၃)ယောက် ရှိနေကြောင်း တွေ့ရသည်။
သူတို့ထဲမှတစ်ယောက်က အသက် (၂၀)အရွယ်ခန့်ရှိပြီး သူ၏မျက်လုံးများက ဘဝ၏ ကံကြမ္မာအပြောင်းအလဲများစွာနှင့် ပြည့်နက်နေသည်။
သူက အဖြူရောင်အစင်းများပါရှိသည့် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ နှင်းဖြူရောင်ဆံနွယ်ရှည်များက ကျောပြင်ထက် လွင့်ပျံကျဆင်းလျှက် ရှိသည်။
အခြားသူတစ်ယောက်ကတော့ အသက် (၄၀)အရွယ် သက်လတ်ပိုင်းတစ်ယောက်ဖြစ်ပြီး သူ၏ပုံစံက အလွန်ပင် သာမန်ဆန်လွန်းလှသည်။
တတိယတစ်ယောက်ကတော့ ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားပြီး သရဖူတစ်ခု ဆောင်းနှင်းထားသည့် အသက် (၄၀)ကျော် လူရွယ်တစ်ယောက် ဖြစ်၏။ သူက တိတ်ဆတ်ငြိမ်သက်သောအမူအရာရှိပြီး မျက်ဝန်းများက ထက်ရှသည့်တောင်ထွတ်တစ်ခုပမာ စူးရှပြတ်သားလွန်းသည်။
လူ (၃)ယောက်မျှသာဖြစ်သော်လည်း ရန်သူတစ်ထောင်ထက်ပင် အင်အားကြီးမားလွန်းလှသည်။
သူတို့ (၃)ယောက်လုံးက နက်ရှိုင်းနတ်ဘုရားများ ဖြစ်ကြ၏။
သူတို့အားလုံးက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသမိုင်းတစ်လျှောက် အလွန်တရာ နာမည်ကျော်ကြားသော တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။
နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’။
ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ။
ရန်ကျောက်ကဲ ရောက်လာသည်ကိုတွေ့သည်နှင့် ဧကရာဇ် (၃)ပါးက ပြိုင်တူပင် လှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် သူတို့ (၃)ယောက်ကို တစ်ပြိုင်တည်း နှုတ်ဆက်လိုက်သည်။
“ဧကရာဇ် (၃)ပါးကို နှုတ်ဆက်ပါတယ်”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ပြီးနောက် ချီးကျူးစကားဆိုလိုက်သည်။
“မင်းရဲ့ သွေးကြောဆုံချက်တွေအားလုံးက နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုရောက်သွားပြီ ၊ ကိုယ်တွင်းစကြာဝဠာက ပြီးပြည့်စုံနေပြီ ၊ မင်းက သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်ကို ရောက်သွားပြီပဲ”
သူက ဆက်ပြောသည်။
“မင်း သိုင်းသူတော်စင် နဝမအဆင့်တက်ရောက်ပြီးတာတောင် ဘယ်လောက်ကြာသေးလို့လဲ ၊ အရင်ဘဝက အသိဉာဏ်နဲ့ပညာတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင်မှ ဒီလိုအောင်မြင်မှုမျိုးရဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“မဟာကပ်ဘေးကြီးမတိုင်ခင်က ကျင့်ကြံသူတွေကိုတော့ မှတ်ချက်မပေးရဲပါဘူး ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးတဲ့နောက်ပိုင်း ဒီလို အရှိန်အဟုန်နဲ့ တိုးတက်မှုမျိုးက အရမ်းကို ထူးချွန်လွန်းတယ် ၊ အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေတောင် မင်းလောက် အဆင့်တက်တာ မမြန်ကြဘူး”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ရင်း...
“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ယင်ဟွမ်လျို့ဝှက်ဧကရာဇ် ၊ ဒီနေ့ ကျွန်တော်က ပွဲလာကြည့်တာပါ ၊ ကျွန်တော့်ကို မရှိသလိုမျိုး သဘောထားလို့ရပါတယ်”
“ပွဲလာကြည့်တာ ဟုတ်လား”
ရေရွတ်လိုက်ရင်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ က နက္ခတ်ဧကရာဇ် ‘ချန်ယွမ်ကျုန်း’ ကို လှည့်ကြည့်လိုက်သည်။
“အမှန်ပဲ... ငါတို့ တိုက်ခိုက်မယ်လို့ ကတိပြုထားတာကို ဒီနေ့ အကောင်အထည်ဖော်ကြတာပေါ့”
ချန်ရွှမ်ကျုန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး...
“တိုက်ကြတာပေါ့”
သူ့စကားဆုံးသွားသည်နှင့် ကြောက်မက်ဖွယ်ရာ အအေးလှိုင်းတစ်ခုက မိုးမြေတစ်ခွင်သို့ ထိုးဖောက်ဝင်ရောက်သွားပြီး အရာအားလုံး အေးခဲသွားသည့်ပမာ ထင်မှတ်ရလေသည်။