သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ပြခြင်း
Vol. 71 Ch. 1053
ရုတ်တရက် နှောင့်ယှက်လာသည့် အသံက ဟန်တာ၏ ပြုလတ္တံ့ရှိနေသည့် လုပ်ရပ်များကို ရပ်တန့်သွားစေခဲ့သည်။
ဤအချိန်တွင် တံခါးသော့ကို ဖွင့်နိုင်သည့် လူက ဂျင်မီတစ်ယောက်တည်းသာ ရှိသည်။
ထို့ကြောင့် အခန်းထဲရှိ မည်သူကမျှ အရေးတယူ ပြုမနေကြချေ။ ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်သူများကသာ အလွန်တရာ ထိတ်လန့်တုန်လှုပ်လျက် ရှိကြလေသည်။
သူတို့သည်လည်း ၀င်လာမည့်သူက ဂျင်မီဖြစ်နိုင်ကြောင်းကို ခန့်မှန်းထားပြီးဖြစ်သည်။
သို့သော်လည်း တံခါး ပွင့်သွားသည့် အခိုက်အတန့်တွင်တော့ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ၀င်လာခဲ့သည့် လူက လင်းရီ ဖြစ်နေသောကြောင့်ပင်။
" ချီး .. မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က မဆိုးပါဘူး... ခြေတံ အရှည်ကြီးတွေ ရှိတယ်... ဒါပေမယ့် ဘာလို့ ရင်ဘက်က တအား သေးနေတာလဲ.... မင်းတော့ အသင်း ၂ ကို အရှက်ခွဲနေပြီ..."
လင်းရီကို ဤနေရာတွင် မြင်တွေ့လိုက်ရ၍ လူတိုင်းက အံ့အားသင့်သွားခဲ့ကြလေသည်။ ထို့ကြောင့် အချိန်အတော်ကြာသည့် တိုင်အောင် မတုံ့ပြန်နိုင် ဖြစ်နေကြတော့သည်။
" မင်း ဘာလို့ ဒီရောက်လာတာလဲ..."ဟန်တာ သူ့ခါးရှိ သေနတ်သို့ လက်လှမ်းရင်း မေးလိုက်သည်။
သို့သော်လည်း လင်းရီက သူ့ကို ထိုသို့ လုပ်နိုင်သည့် အခွင့်အရေး မပေး။ တဟုန်ထိုး ရောက်လာပြီး စောက်ခွက်ကို ဖြတ်ကန်လိုက်၏။
ဟန်တာကို မဆိုထားနှင့်။ ဂျင်မီပင် လင်းရီလက်ထဲ ငါးမိနစ် မခံခဲ့သဖြင့် လင်းရီ၏ ရုတ်တရက် တိုက်ခိုက်လာမှုကို ပြန်လည် တုံ့ပြန်နိုင်သည့် အရည်အချင်း ဟန်တာထံတွင် ရှိမနေချေ။
ကန်ချက်ကြောင့် ဟန်တာလည်း လွင့်ထွက်သွားခဲ့ပြီး အမြင်တစ်ခုလုံး မှောက်မိုက်သွားခဲ့ကာ ကြယ်တာရာ အစုံအလင်ကို မြင်တွေ့လိုက်ရသည်။ အချိန်အတော်ကြာသည်အထိ သတိပြန်မ၀င်နိုင်ပဲ ရှိနေသည်။
လင်းရီ၏ လှုပ်ရှားမှုတို့က ရေအလျင်ကဲ့သို့ ချောမွေ့နေပြီး ဟန်တာ ခါးနောက်ကျောရှိ သေနတ်ကို လှမ်းဆွဲယူလိုက်သည်။
သူ ချိုးယွီလော့နှင့် နင်ချဲ့တို့နောက်ရှိ လူနှစ်ယောက်ကို ချိန်ရွယ်လိုက်ပြီး တစ်ယောက်ကို တစ်ချက်စီ ပစ်ခတ်လိုက်၏။
ကျည်ဆံများက ၎င်းတို့၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်သွားပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့၏။
သူတို့နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် လင်းရီ နောက်ထပ် တိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်လိုက်ပြီး ကျန်ရှိသည့် လူလေးယောက်ထံ ပြေးသွားခဲ့သည်။
ဘန်း ဘန်း ဘန်း ဘန်း….
တစ်မိနစ် မပြည့်ခင် အချိန်အတွင်းမှာပဲ လေးယောက်လုံး ကြမ်းပြင်ပေါ် အမှောက်သိပ်ခံလိုက်ရ၏။ မည်သူ တစ်ဦးတစ်ယောက်ကမျှ မလှုပ်ရှားနိုင်ကြတော့ချေ။
“ မင်းက ဘာကောင်လဲ…”
ဟန်တာ ရင်ဘက်ကို ဖိထားရင်း “ ငါတို့ ဘော့စ် ဒီရောက်တာနဲ့ မင်း သေပြီပဲ…”
“ ခု သူ ဘယ်ချိန်ထိ အသက်ရှင်နိုင်မလဲ ဆိုတာက ကောင်းကင်ရဲ့ ဆန္ဒအပေါ် မူတည်နေတာ မင်းတို့ကို ဘယ်လိုလုပ်ပြီး လာကယ်တင်ပေးနိုင်မှာလဲ…”
ထိုစကားကြားတော့ ဟန်တာ မျက်လုံး ပြူးကျယ်သွားခဲ့သည်။
“ မင်း … မင်း တကယ်ကြီး ငါတို့ ဘော့စ် ဂျင်မီကို…..”
“ မပူနဲ့… သူ မသေပါဘူး… ငါ့ဖို့ အသုံးဝင်သေးတယ်လေ….”
ပြောပြီးနောက် လင်းရီ ဓားမြောင်ကို ထုတ်၍ ချိုးယွီလော့နှင့် နင်ချဲ့တို့အနောက် လျှောက်သွားခဲ့သည်။ သူမတို့ကို လက်နောက်ပြန် တုပ်ထားသည့် ကြိုးများအား ဓားနှင့် ဖြတ်တောက်ပစ်လိုက်၏။
“ အသင်းခေါင်းဆောင်နင်… မင်းရဲ့ အသင်း ၃က လူခေါ်သေးလား…ကျုပ်ကတော့ အသင်း ၂ က အလားအလာကောင်းတွေ ရှိမယ်လို့ မထင်ဘူး…”
နင်ချဲ့၏ မျက်လုံးများက ပိုးထည်ကဲ့သို့ ဖြူစင်နေပြီး လင်းရီ၏ ဆာလောင်မွတ်သိပ်ဟန်ရသည့် အကြည့်တို့ကို မည်သို့မျှ စိတ်အနှောင့်အယှက် ဖြစ်နေဟန် မပေါ်ချေ။
“ ငါ ပြန်ရောက်ရင် ဘော့စ်လျိုကို ကူပြောပေးမယ်လေ…”
ချိုးယွီလော့၏ အမူအရာမှာတော့ အနည်းငယ် သဘာဝမကျ ဖြစ်နေခဲ့၏။ သူမ လင်းရီကို နင်ချဲ့ကဲ့သို့ လေသံမျိုးဖြင့် မပြောဆိုနိုင်ချေ။ ထို့ကြောင့် သူမကိုယ်သူမ စောင်ဖြင့် ချည်ပတ်ထားလိုက်၏။
“ ကြည့်စရာလည်း ဘာမှ ရှိတာမဟုတ်ပဲနဲ့ စောင်နဲ့ ပတ်ပြီး ဘာလဲလုပ်တာ…” နင်ချဲ့ သူမကျောကို ဂုဏ်ယူစွာ ဖြောင့်တန်းရင်း ပြောဆိုလိုက်သည်။
ချိုးယွီလော့ထံတွင် နင်ချဲ့နှင့် စကားနိုင်လုရန်အတွက် အင်အား ရှိမနေချေ။ သူမ တစ်ခုကိုသာလျှင် သိချင်စိတ် ပြင်းပြနေသည်။
လင်းရီက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။
ပြီးတော့ အဘယ်ကြောင့် ဂျင်မီနှင့် တိုက်ခိုက်နေရသနည်း။
လင်းရီ ဓားမြောင်ဖြင့် ထောက်ချိန်နှင့် ကျန်သူများအား ချည်နှောင်ထားသည့် ကြိုးများကိုလည်း ဖြတ်တောက်ပြီး လွှတ်ပေးလိုက်၏။
“ ကောင်လေး… ငါမင်းကို တကယ် အထင်သေးခဲ့မိတာပဲကွ…. မင်းက ဒီမစ်ရှင်ရဲ့ ရှေ့ပြေး ဖြစ်နေလိမ့်မယ်လို့တောင် ထင်မထားဘူး…” ထောက်ချိန် လင်းရီ၏ ပခုံးကို ပုတ်ရင်း ကျေးဇူးတင်စွာ ပြောလိုက်သည်။
“ အသေးမွှားလေးပါ….”
လင်းရီ ကျန်သူများ၏ ကြိုးများကိုလည်း တစ်ယောက်ပြီး တစ်ယောက် ဖြည်ပေးရင်း အဆုံးတွင် ဝမ်ပင်းယွီ တစ်ယောက်တည်းသာ ကျန်ရစ်နေတော့သည်။
“ ငါ့ကျတော့ရော…” ဝမ်ပင်းယွီ ပြောလိုက်ပြီး “ ငါနင့်ကို ပုံမှန် မဟုတ်ဘူးလို့ ပြောတာကို မှတ်ထားပြီး ကိုယ်ရေးကိုယ်တာ လက်စားချေနေတာတော့ မဟုတ်ဘူးမလား….”
ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း ရှုပ်ထွေးသွားခဲ့ကြပြီး လင်းရီ ဘာဖြစ်ချင်နေလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေကြလေသည်။
သူမတို့နှင့် လင်းရီကြား ရန်ငြိုးရန်စ ရှိခဲ့ဖူးသည်မှာ မှန်သည်။ အကယ်၍ သူသာ လက်စားချေချင်သည် ဆိုပါက အစောကတည်းက လက်စားချေ၍ ရနေသည်မဟုတ်ပါလား။ မည်သူကမျှလည်း သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် သူက သူမတို့ကို ကယ်တင်ခဲ့သော်ငြားလည်းပဲ အဘယ်ကြောင့် ဝမ်ပင်းယွီ တစ်ယောက်တည်းကို ချန်လှပ်ထားခဲ့ရသနည်း။
လင်းရီ လက်မြောက်၍ ဝမ်ပင်းယွီ၏ ဆံပင်ကို ဆွဲစုလိုက်ပြီး ခေါင်းကို အပေါ်သို့ မထားလိုက်သည်။
“ မင်းကများ မေးဝံ့သေးတယ်ပေါ့လေ… မင်းကြောင့်သာ မဟုတ်ရင် အသင်း ၂ နဲ့ ၃ အဖွဲ့ဝင်တွေ အများကြီး သေမှာလားတဲ့…”
ထိုစကားလုံးများ ပြောပြီးပြီးချင်း လူတိုင်း အင်မတန် ရှော့ခ်ရသွားခဲ့ကြတော့သည်။
နင်ချဲ့ပင် မည်သို့မျှ ဆက်လက် မတည်ငြိမ်နိုင်တော့ချေ။
ဝမ်ပင်းယွီဆိုသည်က ကျုံးဝေ့တပ်ဖွဲ့ထဲ ရှိလာသည်မှာ သုံးနှစ်ကျော်၍ လေးနှစ်ထဲပင် ဝင်တော့မည်။ သူမက ကောင်းကျိုးဆိုးပြစ်ကို မခွဲခြားနိုင်သည့် လူစားမျိုး မဟုတ်သည်ကို သူမ ကောင်းစွာ နားလည်ပေသည်။ ထိုသို့သောသူက အဘယ်ကြောင့် ထိုကဲ့သို့သော အမှုမျိုးကို လုပ်ဆောင်နိုင်ရသနည်း။
“ နင် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ… ငါ့ကို သူလျှိုပါလို့ နင် စွပ်စွဲနေတာလား….”
“ မဟုတ်လို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ…” လင်းရီ ပြုံးလိုက်ပြီး “ ဘာလဲ… ဂျင်မီကို မင်း မျက်စိရှေ့ ဆွဲခေါ်လာပြီး မျက်နှာချင်းဆိုင် ဝန်ခံစေချင်သေးတာလား….”
“ ငါ……”
ဝမ်ပင်းယွီ စကားဆက် မပြောနိုင်တော့ပဲ သူမ၏ အမူအရာသည်လည်း ဖြူလျော်သွားခဲ့တော့သည်။
သူမ၏ အဆိုပါ အပြုအမူက လူတိုင်းကို အရာအားလုံး နားလည်သဘောပေါက်သွားစေခဲ့၏။
သူမက တကယ်ကြီးကို သူလျှို ဖြစ်နေခဲ့တာပဲ…။
ဖြန်း…
ချိုးယွီလော့ ပြေးပြီး ဝမ်ပင်းယွီ၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
“ နင် ဘာလို့ လုပ်ရက်နိုင်ရတာလဲ….”
ဝမ်ပင်းယွီ နှုတ်ခမ်းထောင့်မှ သွေးတို့ ယိုစီးကျလာပြီး သူမ၏ မျက်လုံးများ တဖျတ်ဖျတ် လှုပ်ရှားသွားခဲ့သည်။ သို့သော် တစ်ခွန်းမျှမဆို။ ချိုးယွီလော့နှင့် အကြည့်ချင်း ရင်မဆိုင်ဝံ့ ရှိနေသည်။
“ ငါတို့ မိသားစုက ကျဆင်းနေပြီ.. အဖေ နိုင်ငံခြားမှာ ရင်းနှီးမြုပ်နှံထားတဲ့ ပရောဂျက်တွေ ဒေဝါလီ ခံသွားရုံမက သူကိုယ်တိုင်လည်း ပိုက်ဆံ အကြွေးတွေ အများကြီး တင်နေခဲ့တယ်… တကယ်လို့ ငါသာ ဒီလိုမလုပ်ရင် ငါတို့မိသားစု အဆုံးသတ်ပြီပဲ… ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး….”
“ အဲ့တာက နင် ကျုံးဝေ့တပ်ဖွဲ့ကို သစ္စာဖောက်ရခြင်း အကြောင်းပြချက်ပေါ့လေ…”
“ လူ ဆယ့်ငါးယောက်ကျော်နော်… နင်သိလား… လူ ဆယ့်ငါးယောက်ကျော်တယ်….”
ချိုးယွီလော့ သူမ လက်ကို နောက်တစ်ကြိမ် ဆန့်တန်းတော့မည့် ဟန်ပြင်တော့ နင်ချဲ့ ရုတ်တရက် လှမ်းတားလိုက်၏။
“ ရပြီ…. အခုက ဒီအကြောင်း ပြောရမယ့် အချိန် မဟုတ်သေးဘူး… သူ့ကို ပြန်ခေါ်သွားပြီး ဘော့စ်လျို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြတာပေါ့…”
ချိုးယွီလော့ ဒေါသတကြီးဖြင့် နောက်ပြန်ဆုတ်သွားခဲ့၏။
သူမ၏ အသင်းဖော်က ခွင့်လွှတ်၍ မရနိုင်သည့် အမှုမျိုးကို ကျူးလွန်ခဲ့သည်။ သူမအဖို့ ဤသည်က အရှက်ရဖွယ် ကိစ္စကြီးဖြစ်ပြီး သူမကိုယ်သူမ အပြစ်တင်လို့လည်း မဆုံးနိုင်ချေ။
“ လင်းရီ… နင် ဒီအကြောင်းတွေ ဘယ်လို သိသွားခဲ့တာ…” နင်ချဲ့ မေးမြန်းလိုက်၏။
“ ကျုပ် အစည်းအဝေးမှာတုန်းက တစ်ခုခု မှားယွင်းနေတယ်ဆိုတာ ခံစားမိခဲ့လို့ပဲ….” လင်းရီ ပြောလိုက်ပြီး “ မင်းပြောတာ အရင် စစ်ဆင်ရေး ကျရှုံးသွားတယ်ဆိုတာက အချက် အလက်ပေါက်ကြား သွားတာကြောင့်လို့ ပြောခဲ့တယ်နော်…. ဆိုလိုတာက ပေါက်ကြားတဲ့ သတင်းက တော်တော်လေးကို တိကျမှန်ကန်နေတယ်လို့ ဆိုလိုတာပဲ.. ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့လိုမျိုး အဖွဲ့အစည်းရဲ့ အတွင်း သတင်း ရနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ.. ဒါကြောင့်မို့ အထဲမှာ သူလျှို တစ်ယောက်ယောက်တော့ ရှိနေပြီလို့ သံသယ ဝင်မိသွားတာပဲ…”
“ ဒါနဲ့ပဲ နင်က ယွီလော့နဲ့ တမင်ရန်ဖြစ်ပြီး ကျုံးဝေ့တပ်ဖွဲ့ထဲက နှုတ်ထွက်သွားတဲ့ ပုံစံမျိုး ဖန်တီးလိုက်တယ်ပေါ့… ပြီးမှ နင်က တစ်ယောက်တည်း လှုပ်ရှားတယ်… အဲ့လိုလား…”
လင်းရီ ချိုးယွီလော့ကို လက်ညိုးထိုးပြလိုက်ပြီး “ ကျုပ်သူနဲ့ ရန်ဖြစ်ချင်ယောင် ဆောင်ခဲ့တာ မဟုတ်ဘူး… အဲ့တာက အစစ်အမှန်ပဲ…”
ပြောပြီးနောက် လင်းရီ ဝမ်ပင်းယွီကို ကြည့်လိုက်ကာ “ ကျုပ် အဲ့တုန်းက သံသယ ရှိခဲ့တယ်ဆိုပေမယ့် ဘယ်သူမှန်း မသေချာသေးဘူး... ဒါကြောင့်မို့ လျိုဟုန်ကို ကျုပ်ရဲ့ အတွေးတွေ ပြောပြလိုက်တာ… သူလည်း မငြင်းဘူး… ဘာပဲပြောပြော ဒီကိစ္စက သေခြင်း ရှင်ခြင်းနဲ့ ပတ်သက်နေတာလေ… ကျုပ်လည်း နှစ်တွေအကြာကြီး ဆက်နေချင်သေးတာပေါ့…”
“ ငါတို့ သင်္ဘောပေါ် တက်ပြီး မကြာခင်မှာပဲ ဆေးမိသွားခဲ့တာ မဆန်းပါဘူး… လက်စသတ်တော့ ဒီကောင်မ လက်ချက်ကိုး…” ထောက်ချိန် အေးစက်စွာ ဆိုလိုက်သည်။
ဝမ်ပင်းယွီက သူနှင့် ရဲဘော်ရဲဘက် ပါတနာ ဆိုသော်လည်းပဲ သူမကြောင့် သူ၏ ညီကို ရောင်းရင်းများ သေဆုံးခဲ့ရလေသည်။
ပါတနာများကြားရှိ ရဲဘော်ရဲဘက်စိတ်သည်လည်း အဆုံးသတ်ပြီဖြစ်၏။
ချိုးယွီလော့ လင်းရီကို တစ်ချက် ခိုးကြည့်လိုက်သည်။ ဤ စစ်ဆင်ရေး အောင်မြင်သွားခဲ့သည်က သူ့ကို ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက အသင်း ၂ နှင့် ၃ တစ်ဖွဲ့လုံး ဤနေရာ၌ပင် ငါးစာ ဖြစ်သွားကြရလိမ့်မည်။
“ ရဟတ်ကွင်းမှာ ဟယ်လီကော်ပတာ နှစ်စင်း ရှိတယ်…. သူတို့ကို ခေါ်သွားလိုက်တော့…” လင်းရီ ပြောလိုက်၏။
“ ပြီးတော့ ဂျင်မီဆိုတဲ့ ကောင်က အခန်း ၂၀၁၀ မှာ ရှိတယ်.. သူ့ကို ဘာလုပ်မယ်ဆိုတာကတော့ မင်းတို့ဘာသာ ဆုံးဖြတ်… ဘာဆက်ဖြစ်မလဲ ကျုပ် စိတ်မဝင်စားဘူး…”
“ ကျန်တာ ငါတို့နဲ့ ထားခဲ့… နင်နားတော့…” ချိုးယွီလော့ ပြောလိုက်သည်။
“ ရို့ ရို ရိုး…… နင်ပဲ ခုနလေးတင် သူ့အပေါ် အရမ်း အေးစက် နေခဲ့တာ မဟုတ်ဘူးလား… ဘာလို့ အခုကျ နင့်လေသံတွေက ညင်သာကုန်တာ… ဘာလဲ… ကောင်းကင်က ဆင်းသက်လာသလိုမျိုး သူ့ရဲ့ မြင့်မြတ်တဲ့ သွင်ပြင်ကို မြင်တွေ့လိုက်ရတော့ နင် ကြိတ်ကြွေသွားတာလား….”