အနက်ဝတ်လူ၏ ရည်ရွယ်ချက်
Vol. 71 Ch. 1055
လင်းရီ သူ စိတ်ကူးယဉ်နေသည်လော ၊ သို့မဟုတ် ထင်ယောင်ထင်မှားလော မသိတော့ချေ။
ထိုသူ၏ မျက်နှာတစ်ပြင်လုံးကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည်တောင်မှ သူက ပြုံးပြနေသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။
လင်းရီနှင့် နောက်တစ်ကြိမ် ရင်ဆိုင်တွေ့မိရာတွင် အနက်ဝတ်နှင့်လူက ပထမအကြိမ်တုန်းက ကဲ့သို့ ထွက်ပြေးရန် မရွေးချယ်ခဲ့ချေ။
ထိုအစား ဆွဲလာသည့် သေတ္တာကို ကြမ်းပြင်ပေါ် ချလိုက်ပြီး လင်းရီထံ လက်ညိုးကွေးလျက် စိန်ခေါ်လိုက်၏။
လင်းရီ ပြုံးပြီး လက်ဆစ်များ တဖြောက်ဖြောက် ချိုးလိုက်သည်။ အချိန်မရွေး တိုက်ခိုက်ရန် အသင့် ဖြစ်နေသည်။
သူ အနက်ဝတ်လူနှင့် ယွင်ကျန်းတောင်တွင် ပထမဆုံး အကြိမ်တွေ့တော့ သူ၏ တိုက်ခိုက်ရေး အင်အားက ပထမ အဆင့်တွင်သာ ရှိသေးသည်။
သို့သော် ယခု စနစ်က ဒုတိယအဆင့် တိုက်ပွဲစွမ်းရည်ကို ချီးမြင့်လာသည့်အပြင် ပထမအဆင့် တိုက်ပွဲဝင် နည်းစနစ်ကျွမ်းကျင်မှုကိုလည်း ပေးအပ်လာခဲ့၏။ ယင်းက သူ၏ ခွန်အားကို ကြီးစွာ တိုးတက်သွားစေသည်။
အနက်ဝတ်နှင့်လူကို နောက်တစ်ကြိမ် ရင်ဆိုင်ရချိန်တွင် လင်းရီ လုံးဝ မကြောက်ရွံ့တော့ချေ။
အနက်ဝတ်နှင့်လူမှ လက်ဦးမှု ရယူ၍ သူ့ကို တိုက်ခိုက်လာသည်။ သူက တည့်လက်သီးတစ်လုံးကို ပစ်သွင်းလာခဲ့၏။
လင်းရီ မရှောင်ရှားပဲ လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူတို့၏ လှုပ်ရှားမှုက လုံးဝ မြန်ဆန်နေခြင်းမရှိပဲ မကြာမီ လက်သီးနှစ်လုံး ပြင်းထန်စွာ ရင်ဆိုင်တွေ့ဆုံသွားခဲ့၏။
ကြီးမားသည့် အားတစ်ခုက အနက်ဝတ်နှင့် လူကို ခြေတစ်လှမ်းနောက်ဆုတ်သွားစေခဲ့သည်။ ထို့နောက် သူ မသိစိတ်မှ ခေါင်းမော့ပြီး လင်းရီကို မော့ကြည့်လိုက်မိ၏။
မျက်နှာဖုံးအောက်ရှိ သူ၏ အမူအရာက မည်သို့ ဖြစ်ပျက်နေမလဲဆိုတာကို မည်သူကမျှ သိလိမ့်မည် မဟုတ်ချေ။ သို့သော် လူရွှင်တော် မျက်နှာဖုံးနှင့်လူက ပို၍ ထူးဆန်းလာသည့်ပုံပင်။
လင်းရီ လက်ညိုး ကွေးညွှတ်လိုက်ပြီး “ ထပ်လာခဲ့….”
အနက်ဝတ်နှင့်လူမှ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ တစ်စက္ကန့်ကြာပြီးနောက် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လာသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ လင်းရီ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။
အဘယ်ကြောင့်ဆိုသော် အနက်ဝတ်နှင့်လူ၏ ခွန်အားနှင့် အမြန်နှုန်းက တိုးပွားလာသည်ကို ခံစားမိလိုက်ရသောကြောင့်ပင်။ ဤလူ၏ ရှေ့တွင် မတ်တပ်ရပ်နေရင်း ဖိနှိပ်ခံထားရသည့် ခံစားချက်တို့က လင်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဘန်း ဘန်း ဘန်း ဘန်း….
စက္ကန့် အနည်းငယ် အတွင်းမှာပဲ နှစ်ယောက်သား အကွက် ဒါဇင်နှင့်ချီ၍ ဖလှယ်ပြီးသွားခဲ့သည်။
အနက်ဝတ်နှင့်လူ၏ ကြမ်းတမ်း ပြင်းထန်သည့် တိုက်ခိုက်မှုများအောက်တွင် လင်းရီ၏ အခြေအနေက ထိုးစစ်မှ တဖြည်းဖြည်း ခံစစ်အသွင်သို့ ကူးပြောင်းလာရလေသည်။ အခြေအနေက သူ့အတွက် အားသာချက် ရှိမနေခဲ့ချေ။ ထိုအခိုက်အတန့်တွင် လင်းရီ သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီး သွားလေပြီ။
“ လာစမ်း…”
အဆက်မပြတ် ခုခံနေရင်းတော့ လင်းရီ သေမှာကို ထိုင်စောင့်မနေနိုင်ချေ။
နောက်သို့ တဖြည်းဖြည်းဆုတ်ရင်း ပြန်တိုက်ခိုက်နိုင်မည့် အခွင့်ကောင်းကို ရှာဖွေနေခဲ့၏။
ဝှစ်….
လင်းရီ ချို့ယွင်းချက် တစ်ခုကို ကံကောင်းထောက်မစွာ ရှာတွေ့သွားခဲ့ပြီး အနက်ဝတ်လူ၏ ရင်ဘက်ကို ကန်ကျောက်လိုက်သည်။ တစ်ဖက်သူလည်း နောက်သို့ ခြေသုံးလေးလှမ်း ဆုတ်ခွာသွားခဲ့ရ၏။
တစ်ချိန်တည်းတွင် လင်းရီ စကေဘာကို ထုတ်လိုက်ပြီး အနက်ဝတ်နှင့်လူထံ ပစ်လွှတ်လိုက်သည်။
အနက်ဝတ်နှင့်လူမှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်ပဲ လက်မောင်းတွင် ပြတ်ရှရာတစ်ခု ဖြစ်သွားခဲ့၏။ သို့သော်လည်း ကြွက်သားနှင့် အရိုးများတော့ ထိခိုက်မသွားခဲ့ချေ။
“ ချီးပဲ..”
အကယ်၍ ပထမ တိုက်ခိုက်မှုသာ အလုပ်မဖြစ်သွားခဲ့ပါက နောက်ဆက်တွဲများလည်း အလုပ် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
အနက်ဝတ်နှင့် လူမှ လက်သီး တင်းတင်း ဆုပ်လိုက်ပြီး သူ၏ အရှိန်အဝါတို့ ထပ်မံ ထိုးတက်လာခဲ့ပြန်သည်။
လှစ်ခနဲ လှုပ်ရှားသွားပြီး လင်းရီ၏ တိုက်ခိုက်မှုကို ခဲရာခဲဆစ်နိုင်သည့် ရှုထောင့်မှ ရှောင်ရှားသွားခဲ့၏။
အလင်းကဲ့သို့ လျှင်မြန်သည့် အမြန်နှုန်းဖြင့် သူ လင်းရီကို အဖြောင့်တံတောင်ဖြင့် တိုက်ခိုက်လိုက်ပြီး ယုံချွမ်းသိုင်း၏ လှုပ်ရှားမှုကို ထင်ရှားမြင်သာစွာ ပြသလာခဲ့သည်။
ဘန်း…
လင်းရီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ပင် သူ့အရိုးများ ကျိုးကြေသွားသည့်သယောင် ခံစားသွားခဲ့ရသည်။
ထို့နောက် အနက်ဝတ်နှင့်လူက ဆက်လက်တိုက်ခိုက်ရန် စိတ်မဝင်စားတော့သည့်ပုံပင်။ လက်ရည်အသာ ရရှိပြီးနောက် အနက်ရောင် သေတ္တာကို ကောက်ဆွဲပြီး ခြောက်လွှာမှ ခုန်ချသွားခဲ့တော့၏။ ထို့နောက် ခုန်ပျံကျော်လွှားဟန်ရပြီး ကုန်းပတ်ပေါ်သို့ စက္ကန့်အနည်းငယ်အတွင်း ရောက်ရှိသွားခဲ့သည်။
လင်းရီ သတိပြန်ဝင်လာပြီး နောက်မှ လိုက်သွားရန် ကြိုးပမ်းသည့် အချိန်တွင်တော့ သိပ်ကို နောက်ကျလွန်းသွားခဲ့ပြီ။ တစ်ဦးက ခြောက်လွှာတွင် ရှိနေပြီး ကျန်တစ်ယောက်က ပထမလွှာတွင် ရှိနေခဲ့၏။
“ ချီးပဲ သေစမ်း… လွတ်သွားပြန်ပြီ…”
လင်းရီ ကျိန်ဆဲ၍ မခံမရပ်နိုင်အောင် ဖြစ်နေမိတော့သည်။
လေ့ကျင့်သူ တစ်ယောက်အနေဖြင့် သူသည်လည်း အနက်ဝတ်နှင့်လူ၏ ခွန်အားကို ကောင်းစွာ နားလည်သည်။
ယခင် တစ်ခေါက် ယွင်ကျန်းတောင်တွင် သူတို့ နှစ်ဦး တိုက်ခိုက်ခဲ့စဉ်အခါက အနက်ဝတ်နှင့်လူမှာ သူ၏ အင်အားအပြည့်ကို အသုံးမပြုသွားခဲ့ကြောင်း တပ်အပ် သေချာသွားခဲ့တော့၏။
မဟုတ်ပါက ဤအတောအတွင်း ကြီးစွာ တိုးတက်လာပြီးသည့် တိုင်အောင် လင်းရီအဖို့ ယခုလို သနားစရာ အခြေအနေသို့ ကျရောက်သွားရလိမ့်မည် မဟုတ်ချေ။
လင်းရီ စိတ်ထဲ မရေမတွက်နိုင်အောင် များပြားသည့် မေးခွန်းတို့ ပေါက်ဖွားလာခဲ့သည်။ သူ့တွင် အချိန်တိုအတွင်း ကြီးစွာ တိုးတက်လာနိုင်သည့် စနစ်တစ်ခု ပိုင်ဆိုင်ထားသည်။ သို့ပေမယ့် အဘယ်ကြောင့် ဤ ဆန်းကြယ်သည့် အနက်ဝတ်နှင့်လူက သူ့ထက် ပို၍ သန်မာလာနေရသနည်း။
ဤလူက မည်သည့်နေရာက ရောက်လို့လာခဲ့သနည်း။
လင်းရီ ခေါင်းကိုသာ ခါရမ်းလိုက်သည်။ သွားသည့်သူက သွားခဲ့ချေပြီ။ ထို့ကြောင့် သူ့အကြောင်း ဆက်စဉ်းစားနေစရာ အကြောင်း မရှိတော့ချေ။
စိတ်ဆုံးဖြတ်ရင်း လင်းရီ အာယာနဲ မစ်ဆူ၏ အခန်းထဲ ဝင်သွားလိုက်၏။
သို့သော်လည်းပဲ သူ ဝင်သွားသည့် အချိန်၌ အာယာနဲ မစ်ဆူမှာ သတိလစ်အောင် အရိုက်ခံထားရသည်ကို တွေ့ရှိလိုက်ရသည်။
သူ၏ အခြေအနေကို ထုတ်ဖော်ခံရခြင်းမှ ကာကွယ်ရန် အလို့ငှာ လင်းရီ အာယာနဲကို မ၍ သူ့အခန်းသို့ ပြန်လာလိုက်သည်။
တစ်နာရီ ကြာပြီးနောက် အာယာနဲ မစ်ဆူ သတိပြန်လည်လာသည်။
သူမ လင်းရီကို မြင်တော့ သူမ၏ အမူအရာက အလွန်အမင်း အံ့အားသင့်သွားသည့်ပုံပေါ် နေသည်။
“ ရှင် ဘာလို့ ဒီရောက်နေတာ… ဟို အနက်ဝတ်နဲ့လူကော…”
“ ကျုပ် သူနဲ့ ပက်ပင်းတိုးခဲ့တာ… ဒါပေမယ့် မဖမ်းလိုက်နိုင်ဘူး… လွတ်သွားတယ်… ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့တာလဲ ဆိုတာ ကျုပ်ကို ပြောပြပေးလို့ရလား…”
လင်းရီ အသေးစိတ် ပြောပြခဲ့ခြင်းမရှိ။ သူ့တွင် အာယာနဲ မစ်ဆူကို သူသိသမျှ အကြောင်းအရာ အသေးစိတ်ကို ပြောပြရန် ရည်ရွယ်ချက် မရှိပဲ သူမကသာ သူ့ကို အကြောင်းစုံ ရှင်းပြပေးဖို့ရာ မျှော်လင့်မိခဲ့သည်။
အာယာနဲ ကုတင်ပေါ်မှ ထလိုက်ပြီး သူမ၏ နားထင်များကို ပွတ်သပ်လျက် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပုံဖော်နိုင်ရန် ကြိုးပမ်းနေခဲ့လေသည်။
“ တကယ်တမ်းကျ ကျွန်မလည်း ဘာဖြစ်သွားမှန်းကို မသိလိုက်တာ… ကျွန်မ အိပ်နေတယ်… ဒါပေမယ့် ကောင်းကောင်းလည်း မအိပ်လိုက်ရပါဘူး.. ဆူဆူညံညံ အသံကြားလို့ နိုးလာတော့ ထကြည့်တော့ အနက်ရောင် မျက်နှာဖုံးနဲ့လူ တစ်ယောက် ကျွန်မ အခန်းထဲ ပြေးဝင်လာနေတာကို တွေ့လိုက်ရတာပဲ…”
ဟူး….
အာယာနဲ မစ်ဆူ သက်ပြင်း မှုတ်ထုတ်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်နေသည်။ “ အဲ့နောက် ဖြစ်သွားခဲ့တာတွေ ရှင်လည်း အမြင်ပဲ… သူ ကျွန်မ ပစ္စည်းကို ယူသွားခဲ့တယ်…”
“ မင်း သူ့ကို တားဆီးဖို့ မကြိုးစားခဲ့ဘူးလား…” “ ဟင့်အင်း…” အာယာနဲ ပြောလိုက်ပြီး “ အနက်ဝတ်နဲ့လူက အရမ်း ထူးဆန်းလွန်းတယ်… ကျွန်မ မဆင်မခြင် မလှုပ်ရှားရဲဘူး… နောက်ထပ် ဖြစ်လာတာက ကျွန်မရဲ့ ခံစားချက်တွေ မှန်နေတယ်ဆိုတာ အတည်ပြုပေးလိုက်တာပဲ… ကျွန်မ သေနတ်ထုတ်ဖို့ အချိန်တောင် မရလိုက်ဘူး သတိလစ်အောင် အမှောက်သိပ်ခံလိုက်ရတယ်..” “ ဂျင်မီရဲ့ ကြံရာပါကော မဖြစ်နိုင်ဘူးလား… အဲ့ကောင် နှစ်ကျပ် နှစ်ကွက်တွေ လုပ်နေတာများလား…”
“ အဲ့တာလည်း မဖြစ်နိုင်ဘူး…” အာယာနဲ ပြောလိုက်ပြီး “ တကယ်လို့ သူ့မှာ တကယ်ကြီး အဲ့လို အစီအစဉ်မျိုး ရှိနေတယ်ဆိုရင် ကျွန်မနဲ့တောင် ဖလှယ်ဖြစ်ခဲ့မှာ မဟုတ်ဘူး…. တိုက်ရိုက်လာပြီး ပစ္စည်းကို လုသွားတော့မှာပေါ့….”
“ မင်း မင်းမှန်တယ်…” လင်းရီ သာမန်လျှံကာ ခေါင်းညိမ့်လိုက်သည်။
“ မစ္စတာလင်း… ရှင်ကရော.. ရှင်ဘာလို့ ဒီရောက်နေတာလဲ…”
“ ငါ ခြောက်လွှာမှာ တစ်ယောက်နဲ့ စီးပွားရေး ကိစ္စ ဆွေးနွေးနေတာလေ… ပြီးလို့ ထွက်လာတော့ အနက်ဝတ်နဲ့လူ မင်း အခန်းထဲက ပြေးထွက်လာတာ မြင်လိုက်ရတာပဲ… ငါ သူ့နောက် လိုက်ကြည့်ပါသေးတယ်… မမီတာနဲ့ မင်းဆီ ပြန်လာပြီး စစ်ဆေးကြည့်တာ… နောက် ဘာဆက်ဖြစ်လဲ မင်းသိပါတယ်… မင်း သတိလစ်သွားတယ်… ငါ မင်းကို အခန်းဆီ ခေါ်လာခဲ့တယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းရဲ့ လက်ထောက်ကိုလည်း စိတ်ပူနေစရာ မလိုဘူး… ငါ သင်္ဘောပေါ်က ဒေါက်တာကို ပြောပြီး ဂရုစိုက်ခိုင်းထားတယ်… ခေါင်းနဲနဲချုပ်လိုက်ရပြီး သတိတော့ မရသေးဘူး… နည်းနည်းလေး ပြင်းထန်တယ်ဆိုပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး…”
“ ကျေးဇူးပါ မစ္စတာလင်း…”
“ ဘာမှ မဟုတ်ပါဘူးကွာ.. မင်း ဒီကိစ္စ ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ…”
“ ကိုင်တွယ်ဖို့ လမ်းမရှိဘူး…” အာယာနဲ ခေါင်းခါရမ်း လိုက်ပြီး “ ကျွန်မ သူ့အကြောင်း ဘာမှမှ မသိတာ… ဘယ်ကနေ သွားပြီး စုံစမ်းရမှာလဲ… စောင့်ကြည့်ရေး ကင်မရာတွေ ရှိတယ်ဆိုရင်တောင် အမှန်တရားကို ရှာတွေ့နိုင်ချေက အရမ်း နည်းပါးလွန်းတယ်လေ… “
လင်းရီ အာယာနဲ မစ်ဆူ၏ ဆုံးဖြတ်ချက် အပေါ် ဝေဖန်ခြင်း မပြုချေ။ သူပင် မျက်နှာဖုံးနှင့်လူကို ဘာမျှ မပြုလုပ်နိုင်လေရာ အာယာနဲ မစ်ဆူဆိုလျှင် မည်သည်ကို ရှာတွေ့နိုင်လိမ့်မည်နည်း။
သို့သော် ယခု တစ်ချက်တော့ သေချာသလောက် ရှိသွားခဲ့လေပြီ။
အနက်ဝတ်နှင့်လူ ထွက်ပေါ်လာရခြင်း ရည်ရွယ်ချက်က ဘက်စ် သတ္တုရိုင်းကို ရရှိဖို့ပင်။
ယွင်ကျန်းတောင်တွင်လည်း ဖြစ်ပျက်ခဲ့ပြီး ယခုလည်း ထိုနည်းတူစွာပင် ဖြစ်နေခဲ့သည်။ အကယ်၍ နောက်တစ်ကြိမ် ဘက်စ် သတ္တုရိုင်း ထွက်ပေါ်လာဦးမည်ဆိုပါက အနက်ဝတ်နှင့်လူ နောက်တစ်ခေါက် ရောက်လာခဲ့သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့ပေမယ့်လည်း ဝမ်းနည်းဖို့ကောင်းသည်မှာ အကယ်၍ သူ၏ အရည်အချင်းတို့သာ အချိန်တိုအတွင်း တိုးတက်မလာခဲ့ဘူးဆိုပါက သူတို့ ပြန်ဆုံတွေ့ခဲ့လျှင်ပင် ရလဒ်သည်လည်း ထူးမခြားပင် ရှိနေလိမ့်မည်။ သူ ထွေထူး တတ်နိုင်တာ ဘာမျှ ရှိလိမ့်မည် မဟုတ်ချေ…..။