မျက်တောင်မခတ် သတ်ဖြတ်ခြင်း
Vol. 71 Ch. 1057
“ နင် ဘာပြောချင်နေတာလဲ… အဲ့တာက နင့်ဆီမှာ မရှိဘူး ဟုတ်လား…” ဂျန်းနီ မေးလာခဲ့၏။
“ အမှန်ပဲ... ငါ ရတဲ့ ပစ္စည်းလည်း အလုခံလိုက်ရတယ်… “ အာယာနဲ ပြောလိုက်ပြီး “ နင်ငါ့ကို မယုံလို့လည်း ရတယ်… ဒါပေမယ့် နင့်ကို လိမ်စရာ အကြောင်းလည်း မရှိပါဘူး… ငါ့ပစ္စည်း ယူသွားတဲ့သူ လုပ်တာ ဖြစ်ဖို့ များတယ်… နင်ငါ့ကို လာမေးနေလို့ကတော့ ငါလည်း ဘာတစ်ခုမှ ဖြေနိုင်မှာ မဟုတ်ဘူး….”
ထိုကဲ့သို့သော ဖြေဆိုမှုက ဂျန်းနီ ထင်ထားသည်ထက်ပင် ကျော်လွန်နေတော့၏။
သူ့တို့စိတ်ထဲတွင်တော့ အာယာနဲ မစ်ဆူ၏ စကားလုံးမျာကို ယုံကြည်ချင်း မရှိသော်လည်းပဲ သူတို့ထံတွင် သက်သေသက်ကာရက ရှိမနေပြန်ချေ။
“ ဟမ့်... ဒီလိုလေး ပြောလိုက်ရုံနဲ့ ငါ့ကို အရူးလုပ်နိုင်ပြီလို့ ထင်နေတာလား…”
“ ငါသာ နင့်ကို လိမ်နေတယ်ဆိုရင် တက္ကစီ စီးနေပါဦးမလား…. ငါတို့ မစ်ဆူ အုပ်စုကို ဘာလို့များ နင်ထင်နေတာလဲ…”
ဂျန်းနီ အချိန် ဆက်ဖြုန်းမနေတော့ချေ။ သူမ ခါးရှိ သေနတ်ကို ဆွဲထုတ်လိုက်ပြီး အာယာနဲ မစ်ဆူထံ ချိန်ရွယ်ထားလိုက်၏။
“ ငါ့ကို လာမကစားနဲ့… တခြား ဘာဖြေရှင်းချက် ပေးတာမျိုးမှ မကြားချင်ဘူး… ငါတို့နဲ့ ပြန်လာခဲ့… ပြီးရင် ရှင်ကိုယ်တိုင် သူဌေးကို ရှင်းပြလိုက်…”
အာယာနဲ ဂျန်းနီနှင့် မျက်လုံးချင်း ရင်ဆိုင်လိုက်သည်။ သူမ စိုးစဉ်းမျှ ထိတ်လန့် ကြောက်ရွံ့နေခြင်း မရှိချေ။
“ ဟက်… ကိုယ့်အဆင့်ကိုယ် မသိတဲ့သူတွေကများ ငါ့ကို အဲ့ဒီ စကားမျိုး လာပြောနေတယ်….”
ဂျန်းနီ တုတ်တုတ် မလှုပ်သွားခဲ့ချေ။ သူမ အာယာနဲ မစ်ဆူကို ဆက်လက် ချိန်ရွှယ်ထားလျက်ရှိပြီး “ ငါတို့က ဥပဒေ ပြင်ပက လူတွေ… သောက်ဥပဒေဆိုတာကြီးကိုလည်း စောက်ဂရုစိုက်မနေဘူး… ငါတို့က ဂျင်မီ ဘာဖြစ်လဲ သိရဖို့ အမိန့်နဲ့ ရောက်လာခဲ့ကြတာပဲ… ခု ဒီမှာ ပြဿနာ တစ်ချို့ ရှိနေတယ်ဆိုတော့ မိန်းကလေးလည်း ပြန်လိုက်ခဲ့ရမယ်…”
“ နင် ပစ်ရဲရင် နင်လည်း သေရမယ်လို့ ငါ အာမခံတယ်…” အာယာနဲ ပြောလိုက်ပြီး “ မစ်ဆူ မိသားစုကို ဒီလိုလာလုပ်လို့ မရဘူး…”
ကလစ်…
ဂျန်းနီ လုံခြုံရေး ခလုတ်ကို ပိတ်လိုက်သည်။ “ ငါက ပြောတဲ့အတိုင်းပဲ လုပ်တယ်… နင်လိုက်မလာရင် တကယ်ပစ်မှာနော်…”
“ သွားကြစို့…”
လင်းရီ အာယာနဲကို အနောက်မှ တွန်းလိုက်ပြီး “ ဒီကောင်တွေက ဥပဒေမဲ့တစ်သိုက်တွေ…သူတို့နဲ့ စကားတွေ ပြောနေလို့လည်း အပိုပဲ…”
အာယာနဲ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးတွင်တော့ လင်းရီ၏ အကြံပြုချက်ကို နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
“ မှန်တယ်… လိုက်ခဲ့.. မဟုတ်ရင် ငါက ပစ်မှာ…”
ဂျန်နီ လင်းရီကို ကြည့်လိုက်ပြီး အာယာနဲ မစ်ဆူဘက်လှည့်၍ “ သူက ဘယ်သူလဲ… နင့်ရဲ့ ဘော်ဒီဂတ်နဲ့လည်း မတူဘူး… လူသစ်လား…”
“ နင်နဲ့ ဆိုင်လား…” အာယာနဲ မစ်ဆူ အေးစက်စွာ ပြောလိုက်သည်။
“ သူ နင်နဲ့ ဘယ်လို ဆက်ဆံရေးတွေ ရှိလဲ ငါ စိတ်မဝင်စားဘူး.. ဒါပေမယ့် အပြင်လူတွေ ငါတို့ရဲ့ ဆက်ဆံရေး သိသွားမှာကိုလည်း မလိုချင်ဘူး.. ဒီတော့ ငါတို့ရဲ့ လုံခြုံရေးအတွက် ငါ သူ့ကို ဘုရားသခင်ဆီ သွားတွေ့ခိုင်းဖို့ စဉ်းစားထားတယ်…”
ဂျန်းနီ သေနတ်ကို နေရာရွေ့လိုက်ပြီး လင်းရီကို ချိန်ရွယ်ထားလျက် “ သောက်ကံဆိုတာကိုပဲ အပြစ်တင်…”
“ အား…”
ဂျန်းနီ စကားဆုံးအောင်ပင် မပြောဆိုလိုက်ရပဲ အော်သံအကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။
လင်းရီ၏ စကေဘာ အရောင်ဖျတ်ခနဲ လက်သွားပြီး လေပေါ်တွင် ငွေရောင် လခြမ်းသဏ္ဌာန်ကို ရေးဆွဲသွားခဲ့သည်။
၎င်းက ဂျန်းနီ၏ သေနတ် ကိုင်ထားသည့် လက်တွင် နက်ရှိုင်းသည့် ပြတ်ရှရာတစ်ခု ချန်ထားခဲ့ပြီး ကိုင်ထားသည့် သေနတ်သည်လည်း အောက်သို့ ပြုတ်ကျသွားခဲ့၏။
လင်းရီ လျင်မြန်စွာ လှုပ်ရှား၍ မြေပေါ်တွင် လှိမ့်လိုက်ပြီး ကျလာသည့် သေနတ်ကို မြေမကျခင် ဖမ်းယူထားလိုက်သည်။
ထို့နောက် အလွန်လျှင်သည့် အမြန်နှုန်းဖြင့် ဂျန်းနီ ကြောင်အနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူမကို ဆွဲယူချုပ်ထားလိုက်၏။
“ ချီးပဲ..”
ကျန်သည့် သုံးယောက်လည်း ယခုလို ဖြစ်သွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။ သူတို့ ခါးနောက် လက်လှမ်း၍ သေနတ်ထုတ်ယူပြီး လင်းရီကို သတ်ဖြတ်ရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် လင်းရီက ပို၍ပင် မြန်ဆန်နေခဲ့၏။
ဒိုင်း ဒိုင်း ဒိုင်း…
သုံးချက် ပစ်လိုက်သည်။
သေနတ်ပြောင်းဝမှ မီးများ ထွက်လာခဲ့ပြီး ကျည်ဆံ သုံးတောင့်သည့် လူသုံးဦး၏ နဖူးထဲ တိတိကျကျ ဖောက်ဝင်သွားခဲ့ပြီး သွေးများ ပြန်ါကျဲထွက်လာသည်။
သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့ရာဝယ် ဂျန်းနီ ကြောက်ရွံ့မှုကြောင့် မျက်နှာ ဖြူလျော်သွားခဲ့ပြီး တစ်ကိုယ်လုံးလည်း ထိန်းချုပ်မရစွာဖြင့် တုန်ယင်နေခဲ့သည်။
“ ကြောက်နေလို့ အလကားပဲ… မင်းလည်း သူတို့ သုံးယောက်နောက် လိုက်သွားလို့ရအောင် လုပ်ပေးမယ်… ငရဲမုခ်ဝမှာ မာကျောက်ကစားဖို့ လူစုလို့ရတာပေါ့…”
လင်းရီ တုံ့ဆိုင်းနေခြင်း မရှိ။ လက်မြောက်၍ ဂျန်းနီ၏ ဇက်ကို ချိုးပစ်လိုက်သည်။
အာယာနဲ မစ်ဆူ လင်းရီကို စူးစိုက်ကြည့်နေလျက် ရှိ၏။ သူမ၏ အတွေးထဲတွင် လင်းရီ လူလေးယောက်ကို မျက်တောင် မခတ် ၊ လက်မတွန့် သတ်ဖြတ်သွားသည်အား အမှန်ပင် အံ့အားသင့်မိနေသည်။ ဤလူက ချမ်းသာသည့် ဘီလျံနာ သူဌေးကြီး တစ်ဦး ဖြစ်နေသည်ကို မည်သူ့ပြောလို့ ယုံနိုင်ပါမည်နည်း။
သွေးအေး လူသတ်သမားလို့ ပြောလျှင်တော့ မုချ ယုံကြည်သွားကြလိမ့်မည်။
သေနတ်ပေါ်ရှိ လက်ဗွေရာကို ဖျက်စီးပြီးနောက် လင်းရီ သူ့စကေဘာကို ပြန်ကောက်လိုက်သည်။ ထို့နောက် အာယာနဲ မစ်ဆူကို ဂျန်းနီ၏ ဖို့ဒ်ထဲသို့ ခေါ်သွားလိုက်၏။
“ ကျုပ်တို့ အမြန် သွားမှ ဖြစ်မှာ… ခဏဆို ရဲတွေ ရောက်လာတော့မယ်…”
“ ကောင်းပြီ..”
အာယာနဲ မစ်ဆူ သူမ ဝတ်စုံမှ အဝတ်စ နှစ်ခုကို စုတ်ဖြဲလိုက်ပြီး သူမတို့၏ မျက်နှာတွင် ချည်နှောင်လိုက်သည်။
“ ဒါ ဘာလုပ်ဖို့တုန်း…”
“ လမ်းဘေးမှာရှိတဲ့ စောင့်ကြည့်ရေး ကင်မရာတွေက အရမ်းကြည်တယ်လေ… ကျွန်မတို့ မျက်နှာကို ဖမ်းမိဖို့ ဆိုတာ လွယ်လွယ်လေး… ဂရုစိုက်…”
“ မင်းက အရမ်း စဉ်းစားတတ်တာပဲ…”
မကြာမီ နှစ်ယောက်သား မိုင်ယာမီ လေဆိပ်သို့ ထွက်လာခဲ့ကြပြီး အိမ်ပြန်ရန်အတွက် လက်မှတ်နှစ်စောင် ဖြတ်လိုက်ကြသည်။
“ မစ္စတာလင်း… ကျေးဇူးတင်ပါတယ်…” အာယာနဲ ပြောလိုက်ပြီး “ ရှင်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မ အခုချိန် တော်တော်လေး အခြေအနေ ဆိုးနေလောက်ပြီ… ရွှေနက် ကော်ပိုရေးရှင်းရဲ့ လက်ထဲ ရောက်သွားတာတောင် ဖြစ်နိုင်တယ်… ကျွန်မ ဒီတစ်ကြိမ်တော့ ရှင့်ကို အကြွေးတင်သွားပြီပဲ…”
“ မင်းသာ ငါ့အပေါ် ဘာ အစီအစဉ်မှ မရှိတော့ဘူးဆိုရင် ငါတို့တွေ မိတ်ဆွေကောင်းတွေတောင် လုပ်လို့ရသေးတယ် … ”
လင်းရီ လေယာဉ်လက်မှတ်ကို ယူ၍ အချိန်ကို ကြည့်လိုက်ပြီး “ လေယာဉ်ပေါ်တက်ဖို့ အချိန်ပဲ… ကျုပ် အရင် သွားနှင့်ပြီ…”
“ ဘေးကင်းတဲ့ ခရီးလေး ဖြစ်ပါစေနော်…”
လင်းရီ ခေါင်းညိမ့်ပြလိုက်ပြီး နောက်ပြန်လှည့်မကြည့်ပဲ ထွက်ခွာသွားခဲ့သည်။
အာယာနဲ မစ်ဆူ၏ အကြည့်ကတော့ အဝေးသို့ ရောက်နေသည့် လင်းရီထံမှ ထွက်ခွာသွားခြင်း မရှိချေ။
“ တကယ်လို့ ဖြစ်နိုင်ရင် ကျွန်မလည်း ရှင်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ချင်မိပါတယ်… ဒါပေမယ့် ကျွန်မနောက်မှာ မစ်ဆူမိသားစုကလည်း ရှိနေတော့… လင်းရီရယ်… ကျွန်မတောင်းပန်ပါတယ်….”
ဆယ့်ရှစ်နာရီကျော်ကြာ လေယာဉ်စီးပြီးနောက် ညနေ ခြောက်နာရီတွင် ရန်ကျင်း လေဆိပ်သို့ ဆိုက်ကပ်လာသည်။
လင်းရီ ထွက်လာတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့မှ သူ့ကို လေဆိပ်တွင် စောင့်ဆိုင်းနေခဲ့ကြပြီးဖြစ်၏။
“ အသင်းခေါင်းဆောင် နှစ်ယောက်က ကျုပ်ကို လာကြိုတယ်ဆိုတာ သိရတော့ ခံစားချက်တွေတောင် ကောင်းသွားပြီ…” လင်းရီ ပြုံးလိုက်၏။
“ နင်က ဒီ စစ်ဆင်ရေးမှာ ကြီးကြီးမားမား အကျိုးပြုခဲ့တယ်လေ… ဘော့စ်လျို ပြောတာ သူ နင့်ကို ဒုတိယအဆင့် သူရသတ္တိဂုဏ်ပြုတံဆိပ် ချီးမြင့်ချင်တယ်တဲ့…” ချိုးယွီလော့ ပြောလိုက်သည်။
“ အာ… ဒီလောက် ကြီးကြီးမားမား လုပ်ပေးခဲ့တာတောင် ဒုတိယ အဆင့်လေးပဲပေါ့…. ကပ်စေးကလည်း ကုပ်လိုက်တာ…” “ ပထမ အဆင့် ဂုဏ်ပြုတံဆိပ်က သေသွားတဲ့ လူတွေအတွက်လေ… နင် လိုချင်လို့လား…”
“ အဟမ်း… မဟုတ်တာ… ဒုတိယအဆင့်ဆိုရင်တောင် အရမ်းကောင်းလွန်းနေပါပြီ… “ လင်းရီ ကားထဲသို့ ဝင်လိုက်ပြီး “ စားနိုင်မယ့် နေရာသာ မောင်းဗျာ… ကျုပ် တော်တော်လေး ဆာနေပြီ…”
“ နင် ဘာစားမလဲ… ငါကျွေးမယ်လေ…” ချိုးယွီလော့ ပြောလိုက်၏။
“ ရူအီလမ်းက ကျောက်ပုဇွန် နာမည် တော်တော်ကြီးနေတယ် မဟုတ်ဘူးလား.. အဲ့ပဲ သွားကြတာပေါ့…”
“ ကောင်းပြီ..”
သုံးယောက်သား ရူအီလမ်းသို့ မောင်းနှင်လာပြီး ပန်းဥယျာဉ် အမည်ရသည့် နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။
သူတို့ ဆိုင်ထဲ ဝင်လိုက်သည့် အချိန်မှာပဲ စပ်ပြီး မွှေးပျံ့သည့် ကြက်သွန်ဖြူ ဆီသတ်နေသည့် အနံ့များက နှာခေါင်းထဲ တိုးဝှေ့လာကြလေသည်။ ချိုးယွီလော့ ပြောစကားများအရတော့ ဤဆိုင်က ရူအီလမ်းတွင် နာမည် တော်တော်ကြီးသည်ဆိုပင်။
နာမည်ကြီး ဆိုင်သို့ ခေါ်လာပေးသည့်အပြင် ချိုးယွီလော့ ရက်ရောစွာဖြင့် ဟင်းပွဲ အများအပြားကိုလည်း မှာယူလိုက်သေး၏။ မှန်သည်။ ရသာစုံလင်ပြီး လူပြောများသည့် ကျောက်ပုဇွန်လည်း မပါမဖြစ်ပေ။ ထို့ပြင် ဘီယာ ပုလင်း အနည်းငယ်လောက်လည်း မှာလိုက်သေး၏။
လျန်ရူရွှယ်နည်းတူ သူမသည်လည်း ရန်ကျင်း၏ သူရဲကောင်းမယ်လေးပင်။
“ လင်းရီ… လာ … ခွက်ချင်းတိုက်ကြမယ်…” ချိုးယွီလော့ သူမ ခွက်ကို မြှောက်လိုက်ပြီး “ ငါ အရင်တုန်းက နင့်အပေါ် မှားခဲ့တယ်… နင်က ဆရာကြီးပဲ… ဒီတော့ ငါ့အပေါ် ရန်ငြိုးမထားနဲ့တော့.. ဟုတ်ပြီလား..”
ကလင်…
လင်းရီ သူ့ခွက်ကို မြှောက်၍ ချိုးယွီလော့နှင့် ခွက်ချင်း တိုက်လိုက်၏။ “ ကိုယ့်အမှားကိုယ် သိရင် မင်းက မိန်းမကောင်းလေးပဲ…”
“ ခစ်ခစ်ခစ်… အသက်ကဖြင့် ၃၀ ရှိနေပြီကို မိန်းမငယ်လေးတွေလိုမျိုး ပြုမူနေလိုက်သေးတယ်… ကျုံးဝေ့တပ်ဖွဲ့ကို အရှက်ခွဲနေပြန်ပြီ…”
“ ချီးပဲ… နင် လစ်စမ်း….”
အရက်တစ်ခွက် သောက်ပြီးနောက် သုံးယောက်လုံး သူစိမ်းဆန်စွာ ပြုမူမနေကြတော့ချေ။ ချိုးယွီလော့နှင့် နင်ချဲ့လည်း လင်းရီကို အပြင်လူတစ်ယောက်ကဲ့သို့ သဘောမထားကြတော့ပဲ စိတ်လွတ်ကိုယ်လွတ် စားသောက်နေကြ၏။
အကယ်၍ ထိုနေရာတွင် အခြား အမျိုးကောင်းသား တစ်ဦး ဆိုပါက မိန်းမလှလေး နှစ်ယောက်အတွက် ပုစွန်ကြီးများ အခွံချွတ်ပေးမည်မှာ ကျိန်းသေပေါက်ပင်။
သို့ပေမယ့် သူမတို့နှင့် ထိုင်နေခဲ့သည့်သူက လင်းရီ ဖြစ်နေခဲ့သောကြောင့် သူမတို့ကို ပြန်မခွာခိုင်းသည်ကပင် ကျေးဇူးတင်ဖို့ ကောင်းနေချေပြီ။
“ စကားမစပ် ဘော့စ်လျို နင့်ကို မေးချင်နေတာ တစ်ခု ရှိတယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ နင် အဲ့တုန်းက ဘာလို့ ရုတ်တရက်ကြီး ဟယ်လီကော်ပတာပေါ်ကနေ ပြန်ဆင်းချင်နေရတာလဲ… တစ်ခုခု ဖြစ်သွားလို့လား..”
“ အင်း…. “
လင်းရီ ခေတ္တ ရပ်တန့်၍ “ အဲ့ဒါ ငါ့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စ… မစ်ရှင်နဲ့ ဘာမှ မသက်ဆိုင်ဘူး… သူ့ကို ပြန်သွားပြောလိုက်… မစ်ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့…”
နှစ်ယောက်လုံး မသိစိတ်မှ ခေါင်းညိမ့်ပြလိုက်ကြသည်။ လင်းရီက မပြောပြချင်မှတော့ သူမတို့လည်း ဆက်မေးလို့ မကောင်းတော့ချေ။
အကယ်၍ ဘော့စ်လျိုကသာ ဤကိစ္စကို သိချင်နေသည် ဆိုပါက သူ့နည်းသူ့ဟန်နှင့် ဖန်ပေလိမ့်မည်။
“ ဒါနဲ့ ငါမင်းတို့ကို အနက်ရောင် သေတ္တာထဲမှာ ပါတဲ့ ပစ္စည်းကို ယူသွားခိုင်းခဲ့တာ ယူသွားခဲ့သေးလား..”
“ အင်း… ဒါပေမယ့် ရလဒ်တော့ ဘာမှ မသိရသေးပါဘူး…” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါတောင် ဒီနေ့ မလာခင် မေးကြည့်ခဲ့သေးတယ်… ဘော့စ်လျို ပြောတာ လက်ရှိ နည်းပညာနဲ့ အဖြေရှာဖို့ အချိန်နည်းနည်းကြာဦးမယ်တဲ့…”
“ အဲ့တာ အရမ်းကြာတယ်…”
“ ဘယ်တတ်နိုင်မှာ… ဟွာရှရဲ့ ဇီဝဆေးသိပ္ပံက တော်တော်ကြီးကို ခေတ်နောက်ကျနေတာလေ…”