← Chapters

မင်း ဖျားနေတာလား

Vol. 71 Ch. 1060

မင်း ဖျားနေတာလား

Vol. 71 Ch. 1060

လင်းရီ ဖန်လှောင်အိမ်ထဲ သုံးလေးပတ်ခန့် ပတ်ကြည့်လိုက်ပြီး တစ်ချက် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။

အပင်ပေါ်ရှိ အသီးတစ်ချို့က ရင့်မှည့်နေချေပြီ။ သို့ပေမယ့်လည်း ဖရဲသီးကဲ့သို့သော သီးနှံတစ်ချို့ကတော့ ဆွတ်ပြီး မရောင်းမီ အချိန်အကြာကြီး စောင့်ဆိုင်းရန် လိုအပ်သည်။

သူ့ရှေ့ရှိ ရင့်မှည့်ပြီး ဆွတ်ဖို့ အသင့်ဖြစ်နေသည်များကတော့ ၅၀ ကီလိုခန့် ရှိနေသည်။ သို့သော်လည်း သူ အကုန်လုံး ရောင်းချလိုက်၍ မဖြစ်ချေ။ သူ ကျီချင်းရန်၊ လျန်ရူရွှယ်၊ လီချူးဟန်နှင့် ဝမ်ရင်းတို့ကို နည်းနည်းတော့ ပေးရမည်။ ထို့ကြောင့် သူ့တွင် နောက်ဆုံး ကျန်နေခဲ့မည်က အများဆုံး ၄၀ ကီလိုဖြစ်သည်။

လက်ရှိ အတိုင်းအတာအရတော့ အကယ်၍ မစ်ရှင် ပြီးမြောက်ချင်သည်ဆိုပါက ၄၀ ကီလိုကို အနည်းဆုံး ယွမ်နှစ်သိန်း ရအောင် ရောင်းရပေမည်။

ထို့ကြောင့် ကီလိုဝက်ကို ပျှမ်းမျှ ယွမ် ၂,၅၀၀ ဖြင့် ရောင်းချရန် လိုအပ်သည်။

စဉ်းစားနေရင်းဖြင့် လင်းရီ မယုံကြည်နိုင်သလိုတောင် ဖြစ်လာခဲ့တော့၏။

ဘယ်လိုတောင် သောက်သုံးမကျလိုက်တဲ့ မစ်ရှင်ပါလိမ့်… ဘယ်သောက်ရူးက ဒီဈေးနဲ့ လာဝယ်မှာ…

သူ့စိတ်ထဲ စောဒက တက်နေသော်လည်း မစ်ရှင်ကို ပြီးမြောက်အောင်တော့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နားလည်ထားသည်။ မည်သို့ပင်ဆိုစေ ဆုလဒ်များက မက်မောစရာပင် မဟုတ်ပေလော။

သို့တိုင်အောင် တစ်ကီလို ယွမ် ၅,၀၀၀ ဖြင့် ရောင်းချမည့် အကြံက တော်တော်လေးကို လက်တွေ့မကျသည့် ဈေးနှုန်းဖြစ်နေသေး၏။

အသီးများက အရသာရှိပြီး အရည်အသွေးက ရှားမှရှား ဖြစ်နေသော်ငြားလည်းပဲ ဈေးကွက်ထဲတွင် အရသာရှိသည့် အသီး အမြောက်အများ ရှိပြီး ၎င်းတို့၏ အရသာကလည်း မဆိုးလှချေ။ သူ့အသီးကို လာဝယ်နေရန်ပင် မလိုဟု လူတိုင်းက စဉ်းစားကြမည် ဖြစ်၏။

ဤသည်က သောက်ကျိုးနည်းကို ရယ်ဖို့ ကောင်းနေတော့သည်။

သူ၏ ချောမောသည့် ရုပ်ရည်လေးကို ရောင်းချရတော့မည်လော။

ခက်တော့ခက်ချေပြီတကား။

လင်းရီ သက်ပြင်း တိတ်တဆိတ် ချလိုက်သည်။ သူ အချိန်တစ်ခုကြာသည်အထိ ဖြေရှင်းနိုင်မည့် နည်းလမ်းကို မစဉ်းစားနိုင်သေးသော်လည်း ကြိုတင် ပြင်ဆင်မှုများတော့ ပြုလုပ်ထားရမည်။

လင်းရီ မြို့ထဲသို့ မောင်းသွားလိုက်ပြီး ပလတ်စတစ်ခြင်း တစ်ဒါဇင်လောက် ဝယ်ယူလိုက်၏။ သူ အာရုဏ်တက်သည်နှင့် ကောက်ပြီး သွားရောင်းပေမည်။

‘ လတ်ဆတ်မှု အာမခံ ‘

ဤနေ့တွင်တော့ ထူးခြားသည့် တစ်စုံတစ်ရာ မည်သည်မျှ ဖြစ်ပျက်မလာချေ။ မဖြစ်ဆိုသည်မှ လင်းရီသည်လည်း ဘာမျှ မလုပ်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေသည်ကိုး။

သူ့ စိတ်ထဲ မေးခွန်းတစ်ခုတည်းကသာ ကြီးစိုးနေသည်။ သူ ဤအသီးများကို ဈေးမြင့်မြင့်နှင့် လူတိုင်း လက်ခံနိုင်အောင် မည်သို့ ရောင်းချရမည်နည်း။

သို့သော်လည်းပဲ တစ်နေ့လုံး ခေါင်းခြောက်သည်အထိ ထိုင်စဉ်းစားနေစေကာမူ ဦးနှောက်က ဘာမျှ ထွက်မလာချေ။

ဤသည်က လူသားတစ်ဦး လုပ်သင့်သည်မျိုး မဟုတ်ဟု မသိစိတ်မှ နားထဲ ကပ်တိုး တီးတိုးပြောသံများ ကြားနေသယောင်ယောင် လင်းရီ ခံစားနေရသည်။

ထိုစဉ် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကတော့ လင်းရီကို ဖုန်းဆက်ပြီး တစ်နေ့လုံး ဂျီထိုးနေတော့၏။

သူမတို့က အသစ်ခူးဆွတ်ထားသည့် အသီးများကို မြည်းစမ်းကြည့်ချင်နေကြပြီး မနက်ဖြန် ပို့လာခဲ့ရန် ညွှန်ကြားခဲ့ကြသည်။

“ ရီ .. မင်း ဒီမှာ ဘာထိုင်လုပ်နေတာ… ဘာလို့ မျက်မှောင်ကြီးကလည်း ကြုတ်နေတာလဲ… “ ရောင်ပင်း ပေါက်ပြားထမ်းရင်း ရောက်လာပြီး မေးလိုက်၏။

သူ့ယာထဲက ကိစ္စများ ပြီးစီးခဲ့သည့်ပုံပင်။

“ စန်းကော… ကျုပ် ခင်များကို မေးချင်တာလေးရှိလို့…”

“ ဘာများလဲ…”

“ တကယ်လို့ ဖန်လုံအိမ်ထဲက အသီးတွေ အကုန်လုံး ရောင်းလိုက်မယ်ဆိုရင် ပိုက်ဆံ ဘယ်လောက်ရမယ်ထင်လဲ….”

“ အကုန်လုံးလား… မင်း ပိုက်ဆံလိုနေလို့လား… မင်းကိုယ်မင်း စားဖို့ပဲ စိုက်ထားတာ မဟုတ်ဘူးလားကွ…”

“ ဖြစ်ပုံက အသီးတွေ အရမ်းများနေလို့ဗျာ… ကျုပ် တစ်ယောက်တည်းလည်း စားလို့ ဘယ်ကုန်နိုင်မှာ.. ဒီတော့ ဆိုင်လေး တစ်ဆိုင်လောက် ဆောက်ပြီး အတွေ့အကြုံရအောင် ရောင်းကြည့်ရင် ကောင်းမလားလို့….”

“ မင်းမှန်တယ်… ဘယ်လောက်ပဲ ချမ်းသာနေပါစေ အတိတ်ရဲ့ ခါးသီးမှုတွေကိုတော့ မင်း မမေ့လိုက်သင့်ဘူး… ပြီးတော့ မင်း အသီးတွေ အကုန်လုံးကလည်း ပစ္စည်းကောင်းတွေချည်းပဲလေ…” ရောင်ပင်း စီးကရက် မီးညှိရင်း ပြောလိုက်ပြီး “ ငါ မင်းခြံထဲ လာပြီး ပေါင်းပင်တွေ ရှင်းပေးတုန်းက တစ်လုံး ကောက်မြည်းကြည့်လိုက်သေးတယ်… တော်တော်ကြီးကို အရသာ ရှိတယ်ကွ… မင်း ကျိန်းသေပေါက် ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်မယ်ဆိုတာ ငါပြောရဲတယ်…”

ဤသည်က ရွာဓလေ့ပင်။ လူတိုင်းက ရိုးသားပြီး သင့်အပေါ် တရားလွန် ယဉ်ကျေးနေမည်လည်း မဟုတ်ချေ။ တစ်ချိန်တည်းမှာပင် အသေးအမွှား ကိစ္စလေးများနှင့် ပတ်သက်လာပြီ ဆိုပါကလည်း သူတို့က ယဉ်ကျေးနေကြမည် မဟုတ်ချေ။

ပမာအားဖြင့် ခြံထဲ အသီးကောက်စားခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေ လင်းရီသည်လည်း ထိုနည်းလည်းကောင်းပင်။ သူသည်လည်း တခြားအိမ်များထံ သွားပြီး ထမင်းစားလိုက် အကူအညီတောင်းလိုက် လုပ်နေသည် မဟုတ်ပါလော။

“ ဘယ်လောက် မြင့်တဲ့ ဈေးနှုန်းနဲ့လဲ…”

“ အမ်… ငါ စဉ်းစားမိသလောက် ပြောရရင်…” ရောင်ပင်း ပြောလိုက်ပြီး “ မင်း ကျိုးဟိုင်မှာ သွားရောင်းသင့်တယ်… အဲ့မှာ ဈေးကြီးကြီး ပေးဝယ်စားနိုင်တဲ့ သူဌေးတွေ ဒုနဲ့ဒေးလေကွာ… ကံကောင်းရင် မင်းခြံထဲက အသီးတွေ အကုန်လုံး ယွမ် နှစ်သောင်းလောက်တောင် ရရင် ရမှာကွ…”

“ အာ….” လင်းရီ ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ ဖန်လုံအိမ်ထဲက အသီးတွေအကုန်လုံး ရောင်းမှ ယွမ် နှစ်သောင်းတည်း ရမှာလား…”

“ လက်တွေ့ ကျစမ်းပါဟ… ဒါတောင် မင်း စိုက်ထားတဲ့ အသီးတွေက ကောင်းလွန်းနေလို့နော်… သာမန် အသီးတွေသာ ဆိုရင် အများဆုံးရ ယွမ် တစ်သောင်း မကျော်ဘူး…”

“ စန်းကော… ခင်များအထင်… ကျုပ် အသီးတွေကို ယွမ် ဆယ်သိန်းလောက် ရအောင် ရောင်းနိုင်မယ်လို့ ထင်လား…”

ယွမ်ပင်း၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့တော့သည်။ ထို့နောက် လင်းရီနဖူးကို စမ်းလိုက်ရင်း “ ငါ့ညီ… မင်း နေမကောင်းဘူးလား…”

လင်းရီ “ …… “

“ ကောင်လေး.. မင်း ငါ့ကို ဟာသ လာလုပ်ပြမနေစမ်းနဲ့…” ရောင်ပင်း ရယ်မောလိုက်ပြီး “ ငါ မင်း မရီးကို ဒီနေ့ အသားဝယ်ခိုင်းထားတယ်.. ဒီည လာခဲ့… ငါတို့ ဘာဘီကျူး လုပ်စားကြမှာ..”

“ ကောင်းပြီလေ… ဒါဆိုလည်း ကျုပ် လာပြီး ဂုန်းဆင်းလို့ရတာပေါ့…”

“ စကားမစပ် မင်းက အသီးခြင်းတွေတောင် ပြင်ဆင်ထားတာဆိုတော့ မနက်ဖြန် သွားရောင်းမလို့ လုပ်နေတာလား…”

“ အင်း ဟုတ်တယ်…”

“ ကောင်းတယ်… အော့ကောတို့ မိသားစုလည်း မနက်ဖြန် ဟင်းသီးဟင်းရွက်တွေ သွားရောင်းမှာလေ… သူတို့ ကောင်တီမှာ သွားရောင်းမှာလား ကျိုးဟိုင်မှာ သွားရောင်းမှာလား အဲ့တာတော့ ငါလည်း မသိဘူး.. ငါ မေးပေးထားမယ်… တကယ်လို့ လမ်းကြုံတယ်ဆိုရင် မင်း သူ့ကားနဲ့ လိုက်သွားလိုက်ပေါ့ကွာ… မင်းရဲ့ SUV နဲ့ အသီးတွေ အများကြီး သယ်သွားဖို့က မသင့်တော်ဘူး…”

“ ကောင်းပြီလေ… ကျုပ် ခဏကျ သွားမေးကြည့်လိုက်မယ်….”

လင်းရီ ဖန်လုံအိမ် အပေါက်ဝတွင် ခေတ္တ ထိုင်နေလိုက်သေးသည်။ သို့သော်လည်း သူ ကောင်းမွန်သည့် ဖြေရှင်းချက် တစ်ခုကို ရှာလို့ မတွေ့နိုင် ဖြစ်နေသည်။

စေ့စပ်သေချာသည့် အစီအစဉ် တစ်ခု ဖြစ်နေလျှင်ပင် ယုတ္တိမတန့်သည့် ဈေးနှုန်းဖြင့်တော့ ဝယ်သူ ရှိလိမ့်မည် မဟုတ်ချေ။

မည်မျှ စိတ်ရှုပ်ဖို့ ကောင်းလိုက်ပါသနည်း။

ညပိုင်းတွင်တော့ လင်းရီ ရောင်ပင်းတို့ အိမ်ဘက်သွား၍ အလကား သွားမျိုစို့လိုက်သည်။

တစ်ချိန်တည်းတွင် လင်းရီ မနက်ဖြန် အသီး သွားရောင်းမည်ကို သိနေသောကြောင့် ရောင်ပင်း သူသဟိုင်ကို လှမ်းခေါ်လိုက်ပြီး သူယောင်လည်း သူ့အဖေနှင့် လိုက်ပါလာခဲ့သည်။

“ ငါကြားဖူးတာ ဒီကောင်ကြီးက ဈေးကြီးတယ်… ဒါပေမယ့် အရသာလည်း အတော်ရှိတယ်ဆို… “ သူသဟိုင် မောက်ထိုင် အရက်ကို တစ်ငုံစုပ်ကြည့်ပြီး ပြောလိုက်၏။ သူ၏ အမူအရာကတော့ ယစ်မူးလို့နေသည်။

“ အဖေ… အများကြီး မသောက်ပါဘူးလို့ ဒီမလာခင် အမေ့ကို ကတိပေးထားခဲ့တယ် မဟုတ်ဘူးလား…”

သူယောင် လက်တို့ပြီး ပြောလိုက်၏။

“ အေး.. အဖေလည်း မသောက်ပါဘူး… ဒီတစ်ခွက်တည်းလေ….”

“ သောက်ပဲ သောက်မနေနဲ့ဦး … ငါတို့ အလုပ်ကိစ္စ ပြောဖို့ ရှိသေးတယ်… “ ရောင်ပင်း ပြောလိုက်ပြီး “ မနက်ဖြန် မင်း ခြံထဲက ဟင်းသီးဟင်းရွက်တွေ သွားရောင်းတော့မယ်မလား… မင်း ဘယ်မှာ သွားရောင်းမှာ.. ကောင်တီလား… ကျိုးဟိုင်လား…”

“ ကောင်တီပေါ့… ငါတို့ နှစ်တိုင်း ကောင်တီမှာ သွားရောင်းနေကြပဲ မဟုတ်ဘူးလား…”သူသဟိုင် လင်းရီကို ကြည့်လိုက်ပြီး “ ငါတို့ အချင်းချင်း ကူညီပေးလို့လည်း ရတာပဲလေ..”

“ ဒါပေမယ့် ရီလေးရဲ့ အသီးတွေ အကုန်လုံးက ရှယ်တွေချည်းဟ… ကောင်တီမှာဆို ဈေးကောင်းရမှာ မဟုတ်ဘူး… မင်းတို့ နှစ်ယောက် ကျိုးဟိုင် သွားလိုက်ကြပါလား… အဲ့မှာဆို သူဌေးတွေလည်း အများကြီး ရှိတယ်… မင်းရဲ့ အော်ဂဲနစ် ဟင်းရွက်တွေလည်း ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရတာပေါ့…. မြို့ပေါ်က သူဌေးတွေက ပစ္စည်းကောင်းအတွက် ဈေးကောင်းပေးကြဖို့ ဝန်မလေးကြပါဘူးကွာ..”

“ ကျိုးဟိုင်က သိပ်ဝေးလွန်းတယ် မထင်ဘူးလား စန်းကော… ပြီးတော့ ငါ့အိမ်မှာ ဟင်းသီးဟင်းရွက်တွေကလည်း အများကြီး ရှိတာမဟုတ်ဘူး.. သွားစရာ မလိုပါဘူးကွာ…” သူသဟိုင် ပြောလိုက်သည်။

“ အော့ကော.... ကောင်တီက ကျိုးဟိုင်ကို ယှဉ်နိုင်လို့လား.. မင်းအဲ့မှာ သွားရောင်းရင် ဈေး နှစ်ဆ ရမှာနော်… ဓာတ်ဆီဖိုး ဘာဖိုး ညာဖိုး တွက်ပြီးရင်တောင် သေချာပေါက် ပြန်ကာမိပါတယ်…” ရောင်ပင်း ပြောလိုက်ပြီး သောက်ရင်းဖြင့် သူသဟိုင်ကို နားချနေတော့သည်။

“ အဖေ… သမီးလည်း စန်းရှူး( တတိယဦးလေး) ပြောတာ မှန်တယ်လို့ထင်တယ်… သမီးတို့ ကျိုးဟိုင်သွားလိုက်တာ ပိုမကောင်းဘူးလား..” သူယောင်လည်း ပေါင်းပြီး အရူးလုပ်ဖို့ ကြိုးစားတော့၏။

“ ကောင်းပြီလေ… ငါ သွားမယ်… “ သူသဟိုင် ပြောလိုက်ပြီး “ မင်းတို့ အရက်သောက်ပြီးမှတော့ ကျိန်းသေပေါက် ပြန်ကူညီပေးရမှာပေါ့ကွ…”

“ ငါသိနေတယ်လေ… မင်းက အကောင်းဆုံးပဲ…” ရောင်ပင်း သူ့ခွက်ကို မြောက်လိုက်ပြီး “ လာ ဒါဆိုရင် အတည်ဖြစ်ပြီ…”

သူသဟိုင် လင်းရီကို ကြည့်လိုက်ပြီး “ ရီလေး … မနက်ဖြန် ငါးနာရီ အသင့်လုပ်ထားလိုက်.. ကျိုးဟိုင်ကို စောစောရောက်လေ ကောင်းလေပဲ… မနက်ပိုင်းတင် မြန်မြန် ရောင်းလို့ရတာပေါ့ကွာ…”

“ ကောင်းပြီ …”

“ အဖေ… သမီးလည်း လိုက်မယ်…”

“ နင်က စာမေးပွဲဖြေရတော့မှာ… အိမ်မှာနေပြီး စာကြည့်နေ….” “ နေ့တိုင်းလည်း စာကြည့်နေတာကို ကြာရင် ထိုင်းသွားတော့မှာ(ထုံထိုင်း)… စိတ်ပြေလက်ပျောက် ဖြစ်အောင် ခေါ်သွားပေးလေနော်..”

“ ဒါဆိုလည်း လိုက်ချင်ရင် စောစောထ… မနိုးပေးဘူး… နောက်ကျရင်တော့ လိုက်ဖို့ မစဉ်းစားနဲ့…”

“ ဟုတ်…”

ညဆယ်နာရီရောက်တော့ ညစာဝိုင်းသည်လည်း ပြီးဆုံးသွားခဲ့သည်။

လင်းရီ အိမ်ပြန် သုံးနာရီလောက် အိပ်လိုက်ပြီး နံနက် တစ်နာရီတွင် အိပ်ရာက ထ၏။

စိုက်ပျိုးရေး ကျွမ်းကျင်မှု ဆုလဒ်၏ ကောင်းမှုဖြင့် အသီးများ ခူးဆွတ်ရာတွင် ပို၍ လွယ်ကူသွားလေသည်။ သူ မည်သည့် ခက်ခဲမှုကိုမျှ မကြုံတွေ့ခဲ့ရချေ။

ခူးဆွတ်နေစဉ် လင်းရီ၏ လှုပ်ရှားမှုများက တည်ငြိမ်ပြီး ပေါ့ပါးနေခဲ့သည်။

အသီးတိုင်းက အရည်အသွေး ကောင်းမွန်နေသောကြောင့် အကယ်၍ ထိခိုက်မိသွား၏ သွင်ပန်းသဏ္ဌာန်ကို ထိခိုက်သွားခဲ့လျှင် ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်တော့မည် မဟုတ်ချေ။

ထို့အကြောင်းကြောင့်ပဲ လင်းရီ မနက် လေးနာရီ ထိုးသည်အထိ အလုပ်ရှုပ်နေတော့၏။

မကြာမီ သူသဟိုင် ခွေးဘီလူးကားလေးက လင်းရီ၏ ဖန်လုံအိမ်ရှေ့ လမ်းအထက် ထိုးရပ်လာသည်။ သစ်သီးခြင်းများကို ကားထဲ တင်၍ ကျိုးဟိုင်သို့ ဦးတည်လာခဲ့တော့၏။

သို့ပေမယ့် လင်းရီ လုံးဝ စိတ်လှုပ်ရှားနေခြင်း မရှိချေ။

ကျိုးဟိုင်ရှိ လူများက ကြွယ်ဝချမ်းသာကြသော်လည်း သောက်ပိန်းများ မဟုတ်ကြ။

ဆိုလျှင် သူကရော အဘယ်ကြောင့် ၎င်းတို့ထံ သွားရောင်းနေရသနည်း။

All Chapters