မင်းရော … ငါရော ရှုံးတယ်။
Vol. 153 Ch. 2129
သို့တိုင် သတိ လက်လွတ် မခံဝံ့သေးဘဲ အရိုးစုကို အမှုန်ဖြစ်အောင် ရိုက်ခွဲဖို့ နည်းလမ်း မျိုးစုံသုံး လိုက်ကြ၏။
ပြီးနောက် ငွေရောင် ခေါင်းတလားထဲသို့ ခေါင်းငုံ့ ရှာဖွေလိုက်သည်။ ကြေးနီ ဒင်္ဂါးကဲ့သို့ ပုံသဏ္ဍာန် ရှိသည့် သတ္တုအပိုင်းအစများ အများအပြား ရှိနေ၏။
ထိုကြေးနီ အပိုင်းအစများသည် သာမာန်ပုံ ပေါက်သော်လည်း ကိုယ်ထည်တွင် သူတော်စင် ရူရ်များ ရေးထွင်းထား ကြသည်။
“ ဒီဒင်္ဂါးတွေက ရှေးဟောင်း ဒင်္ဂါးတွေ ဖြစ်သင့်တယ်၊ သူတို့ကို တိုက်ရိုက် စုပ်ယူလို့ ရနိုင်တယ်။ ”
ချောင်ယန်က ဒင်္ဂါးပြားများကို ချိန်ဆကာ အံကြိတ်လျက် သူ့ကိုယ်သူ ထိန်းထား လိုက်၏။
“ ဒါတွေကို ဧကရာဇ် နဂါး ဒင်္ဂါးတွေလို့ ခေါ်တယ်၊ ကနဦး ဖရိုဖရဲ စွမ်းအင်တွေ ပါရှိတဲ့ အစိုင်အခဲတွေပဲ၊ သူတော်စင်တွေ အတွက် ကျင့်ကြံဖို့ သွန်းလုပ် ပေးထားတာ၊ ...
... ရှေးခေတ်က သူတော်စင် လောကမှာ ဒါတွေကို ငွေကြေးအဖြစ် သုံးခဲ့တယ်၊ ငါ့အိမ်မှာ သိမ်းထားတာ အချို့တောင် ရှိသေးတယ်။ ”
မိုလီက ရှင်းပြလိုက်သည်။ ချောင်ယန်မှ စိတ်လှုပ်ရှားနေ၏။ ပမာဏ ရေတွက်ပြီးနောက် တစ်ယောက်ကို ဧကရာဇ် နဂါးဒင်္ဂါး သုံးရာခန့် ရရှိကြသည်။
၎င်းအပြင် ခေါင်းတလား အတွင်း၌ ကျောက်စိမ်းဆွဲသီး၊ ဝါးပလွေ၊ ဓားမြှောင် တစ်လက်နှင့် ငွေနဂါး ပုံသဏ္ဍာန် လက်ကောက် တစ်ခု ထပ်မံ ရရှိခဲ့သည်။
မိုလီသည် ပလွေကို ရွေးချယ်ကာ ချောင်ယန်က ဓားမြှောင်ကို ယူ၏။ လင်းယွန် ကမူ ကျောက်စိမ်းဆွဲသီး ဖြစ်သည်။
လက်ကောက်သည် အဆင့်နိမ့် ဘုန်းဝိညာဉ် နှစ်ပါး လက်ရာ ဖြစ်၏။ မွန်မြတ်ပြီး လူတိုင်း၏ နှလုံးသားကို ပျော်ရွှင်မှု ပေးသည်။
ထို့ကြောင့် ရတနာကို ကြည့်ကာ သုံးယောက်သာ နှုတ်ဆိတ်သွား၏။
“ ဟုတ်ပြီ ... ။ ”
ချောင်ယန်မှ ‘ဒီလက်ကောက် ငါ့ကိုပေး၊’ -ဟု ပြောရန် ပါးစပ်ဖွင့်ပြီးနောက် အတွေး တစ်ခု ရလာကာ၊
“ မင်းတို့ နှစ်ယောက်က ငါ့အသက်ကို ကယ်ခဲ့တဲ့ အတွက် ... ငါ မယူတော့ ပါဘူး။ ”
-ဟု ပြန်ပြောင်း ပြောကြားလိုက်၏။
မိုလီက လင်းယွန်ကို လှည့်ကြည့်ပြီး၊
“ ယဲ့ချင်းရှန် ... မင်းဒါနဲ့ လဲလှယ်ဖို့ ရတနာတစ်ခု ထုတ်ယူလို့ ရပါတယ်၊ ဒီလိုမှ မဟုတ်ရင် လှုပ်ရှားမှု သုံးကြိမ်နဲ့ ... ၊ အနိုင်-အရှုံး ဆုံးဖြတ်ကြမလား။ ”
“ မင်းက ရေခဲနဲ့ လျှပ်စီးကို ဆုပ်ကိုင်ထားတယ် မဟုတ်လား။ ”
လင်းယွန်မှ မေးလိုက်သည်။ မိုလီက မျက်မှောင်ကြုတ် လိုက်၏။ ရေခဲ ရည်ရွယ်ချက် ဟူသည် သူ့လျှို့ဝှက်ချက် ဖြစ်သဖြင့်၊ တစ်ဖက် လူထံ သတိထား ကြည့်မိလေသည်။
“ အဲဒီတော့ ... ။ ”
“ မင်းကို ရေခဲ-လျှပ်စီး သစ်သီး ပေးမယ်၊ လှုပ်ရှားမှု သုံးကြိမ် ဆိုတာက အဓိပ္ပါယ် မရှိဘူး၊ ဓားသမားတွေက တိုက်ရင် သေမှ ကြိုက်တာ။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။ သူ့ကျင့်ကြံမှုမှာ အနိမ့်ဆုံး ဖြစ်နေပြီး သုံးကြိမ် ဖလှယ်ပါက ဆုံးရှုံး သွားပေလိမ့်မည်။
ထို့ကြောင့် မိုလီသည် ဉာဏ်ကောင်းပြီး သူ့အပေါ် ဤသို့သော ကစားပွဲများ မလုပ်ရန် မျှော်လင့်ခဲ့သည်။
“ ငါ့ရဲ့ ကောင်းကင် မှတ်စု နတ်မိစ္ဆာကျမ်း အကြောင်း မင်းအရင်က မကြားဖူးလား။ ”
မိုလီက အေးစက်စွာ မေးလိုက်သည်။ သူသည် ခိုင်မာသော ရပ်တည်ချက် ရှိပြီး မဟာ တာအိုကို လွှတ်ပေးခဲ့သည်။
သူ့ခေါင်းအထက်၌ ရွှေခေါင်းလောင်း ပေါ်လာပြီး၊ ခေါင်းလောင်းသံများ မြည်ဟည်း လျက် ကြောက်စရာ ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လာ၏။
လင်းယွန်မှ မျက်ခုံးပင့်ကာ ပန်းသင်္ချိုင်းကို ဆွဲထုတ် လိုက်သည်။
“ ငါ့ဓားကိုလည်း မမေ့နဲ့။ ”
ပန်းသင်္ချိုင်း၏ ဓားရောင်ဝါသည် နတ်ဓားတစ်လက် ကဲ့သို့ ဖြာထွက် လာခဲ့ လေသည်။
ယင်းကြောင့် မိုလီ၏ နှလုံးသားသို့ အန္တရာယ်ရှိသော ခံစားချက်များ ဝင်ရောက် လာတော့၏။ လင်းယွန်ကို လျှော့တွက်၍ မရကြောင်း ချက်ချင်း သိလိုက်သည်။
ထို့ကြောင့် နောက်ပြန်ဆုတ်ရန် ဆုံးဖြတ် လိုက်သည်။ သေ-ရှင် တိုက်ပွဲသာ မဟုတ်က လင်းယွန်နှင့် မတိုက်သင့်ချေ။
စစ်မှန်သော နဂါး လျှို့ဝှက်နယ်မြေတွင် သူတော်စင် အသီးများ ရှိသော်လည်း ရေခဲနှင့် လျှပ်စီး ဂုဏ်ရည်များ ပါရှိသော သူတော်စင် သစ်သီးမျိုး ရှားပေ၏။
တစ်ဖက်တွင် ချောင်ယန်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ယဲ့ချင်းရှန်သည် ရေခဲ-လျှပ်စီး သူတော်စင် သစ်သီးကို သုံးကာ လက်ကောက်နှင့် လဲလှယ်နေ၏။
“ ဘန်း ... ။ ”
“ ငါ အရင် သွားနှင့်မယ် ... ၊ သေရမယ် ဆိုရင်တောင် ဒီလိုနေရာမျိုး ... ဘယ်တော့မှ ပြန်မလာဘူး။ ”
ထို့ကြောင့် နာကျည်းချက်ဖြင့် ခေါင်းတလားအပေါ် လက်ဖဝါးကို ရိုက်ချလိုက် မိသည်။ ပြီးနောက် စိတ်တိုတိုနှင့် လှည့်ထွက် သွားတော့၏။
“ ညီအစ်ကိုချောင်က မကျေမနပ် ဖြစ်သွားပုံရတယ်။ ”
မိုလီသည် သူ့လက်ထဲရှိ သူတော်စင် သစ်သီးကို ပြုံးကြည့်ကာ ပြောကြားလိုက် လေသည်။
ဤသူတော်စင် အသီးသည် သူ မျှော်လင့်ထား သည်ထက် ပို၍ထူးခြားပြီး ရှားပါး သောကြောင့် ကျေနပ်ချေ၏။
“ ဖြစ်နိုင်ပါတယ်။ ”
လင်းယွန်က ပြုံးပြီး လက်ကောက်ကို သိမ်းယူလိုက်သည်။
“ သွားကြရအောင်။ ”
နှစ်ယောက်သား စကားစမြည် ပြောလျက် ထွက်ခွာ လာကြသည်။ လမ်းခွဲ လိုက်သော အခါ မိုလီက လင်းယွန် ပျောက်ကွယ် သွားသည် အထိ၊ စောင့်ကြည့် နေလိုက်၏။
“ ဟား ဟား ဟား ... ။ ”
ပြီးနောက် ကျေနပ်စွာ ရယ်မောလျက် တစ္ဆေဝိညာဉ် ရွေ့လျားမှု ပညာကို ကျင့်သုံးကာ လျှပ်စီးအလား နောက်ပြန် လှည့်ပြေး တော့သည်။
နှစ်နာရီ အကြာတွင် ကြေးတံခါး ရှေ့၌ မျက်နှာဖုံးစွပ် လူတစ်ယောက် ရပ်လျက်ရှိနေ၏။ ၎င်းက အခန်းထဲ၌ မည်သူမျှ မရှိကြောင်း အတည်ပြု ပြီးနောက် ပြုံးလိုက်သည်။
“ ချောင်ယန် ... မင်းကို ငါ မမှတ်မိဘူး ထင်နေလား။ ”
သို့သော် လှမ်းဝင်ရန် ပြင်လိုက်သော အခါ၊ နောက်ကျောမှ အေးစက်သော အသံ ထွက်ပေါ် လာတော့၏။
“ မိုလီ ... ။ ”
မျက်နှာဖုံးရှင်မှာ သဘာဝ အတိုင်း ခေျာင်ယန် ဖြစ်သည်။ မိုလီက ပြုံးလျက် လျှောက်လှမ်း လာကာ၊
“ မင်း ခေါင်းတလားကို လက်ဖဝါးနဲ့ ရိုက်လိုက်တာနဲ့ ဒီအခေါင်းကို လိုချင်နေတာ ... ငါ သိတယ်၊ မင်းက ဘုန်းကြီး မဟုတ်လား၊ ဒီလို လုပ်ရပ်က ရှက်စရာ ကောင်းလိုက်တာ။ ”
-ဟု ပြောကြား လေသည်။
“ မင်းရော ဘာထူးလဲ ... မြင့်မြတ်ပြီး ကြော့ရှင်းတဲ့ အသွင်အပြင်မျိုး ရှိပေမဲ့ ... မင်းက ဝံပုလွေထက် ပိုကောက်ကျစ်တယ်၊ ရှေးဟောင်း မိုးကြိုး ကျောင်းတိုက်ရဲ့ အရှက်မရှိ တပည့်။ ”
ခန်းမအတွင်း ရရှိသော ရတနာများသည် ငွေခေါင်းတလား၏ တန်ဖိုးနှင့် ယှဉ်နိုင်သည်ကို ၎င်းတို့ နှစ်ဦးလုံး သိရှိ ခဲ့ကြသည်။
သူတို့ ရရှိခဲ့သော ရတနာများမှာ တန်ဖိုးရှိသော်လည်း၊ ငွေခေါင်းတလားကို မမီချေ။ ၎င်းသည် ရတနာ ဖြစ်၏။
“ မင်းက ငါ့ကို ရှုံးနိမ့်ထားတဲ့ လူတစ်ယောက်ပဲ၊ အခု ချက်ချင်း ထွက်သွားပါ၊ မဟုတ်ရင် မင်း ပြာဖြစ်သွားလိမ့်မယ်။ ”
မိုလီက မာနကြီးပြီး ချောင်ယန်ကို မျက်လုံးထဲတွင် မထားချေ။ သူတို့ နှစ်ဦးသည် အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့ သော်လည်း ချောင်ယန်မှ သူ့ကို အမြဲရှုံး၏။
“ မိုလီ ... မင်း မလွန်နဲ့ ... ။ ”
ချောင်ယန်မှ ဒေါသမီးများ တောက်လောင်နေသော မျက်လုံးများဖြင့် ပြောကြား လိုက်သည်။
“ ဒါဆို ငါ လွန်ရင် ဘာဖြစ်မလဲ။ မသေချင်ရင် ထွက်သွား။ ”
မိုလီမှ ပြန်ပြောသည်။ အမှန်အတိုင်း ဆိုသော် ချောင်ယန် တစ်ယောက် အနည်းငယ် ကြောက်ရွံ့ နေမိသည်။
တိုက်ပွဲတိုင်းတွင် မိုလီကို ရှုံးနိမ့်ခဲ့၏။ သို့သော် သည်အတိုင်း ပေးလိုက်ရန်လည်း ဆန္ဒ မရှိချေ။
နိဗ္ဗာန် အဆင့်တွင် ရှိနေသည့် ယဲ့ချင်းရှန် သည်ပင် မိုလီကို ရင်ဆိုင်ဝံ့သည်။ ယင်းဆိုသော် သူ အဘယ့်ကြောင့် ကြောက်နေရ မည်နည်း။
“ ငါ့လက်သီးက ပြောရခက်တယ်။ ”
ခေျာင်ယန်က အခန်းအပြင် ပြန်ထွက်ကာ မိုလီကို ရင်ဆိုင်လိုက်သည်။
“ မင်းကိုယ်မင်း ဓားသမားလို့ ထင်နေတာလား၊ မင်းရဲ့ အရိုးတွေက ယဲ့ချင်းရှန် ဓားနဲ့ မတူဘူး၊ မင်းကို သင်ခန်းစာ ပေးရမယ်။ ”
မိုလီမှ ဒေါသတကြီး ပြေးတက်လာကာ၊ လူသတ်ရန် ရည်ရွယ်ချက်များ ပွက်ပွက်ဆူ လာခဲ့၏။
ဤတစ်ကြိမ်၌ အမှန်ပင် ဒေါသ ထွက်မိလေသည်။ ယဲ့ချင်းရှန်ကို မကိုင်တွယ်နိုင် သဖြင့်၊ ခေျာင်ယန်မှ အထင် သေးနေပုံ ရ၏။
ထိုမြင်ကွင်းကြောင့် ချောင်ယန်မှာ နောင်တရ သွားလေသည်။ မိုလီ တစ်ယောက် တကယ်ပင် ဒေါသထွက် နေ၏။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် ကြေးဝါ အခန်းအတွင်းမှ ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ကြီး တုန်ခါသွားသည်။
ယင်းကြောင့် နှစ်ယောက်သား ကြေးဝါ အခန်းအတွင်းသို့ လှည့်ကြည့် လိုက်သောအခါ ချက်ချင်း မျက်နှာ ပျက်ယွင်း သွားတော့၏။
နတ်ဆိုးများ အသက် ပြန်ရှင် လာသည်လောဟု အတွေးဝင်ကာ အံ့သြသွား မိသည်။
“ တံခါး အရင် ဖွင့်ကြည့်ရအောင်။ ”
ချောင်ယန်မှ အကြံပြု လိုက်သည်။ နှစ်ယောက်သား ကြေးတံခါး ဖွင့်လိုက်သော အခါ၊ အခန်းထဲ၌ ငေွရောင် ခေါင်းတလား ပျောက်ကွယ် နေပြီ ဖြစ်သည်။
ကြယ်ဓားသည် နံရုံကို ဖြတ်လျက် လူတစ်ယောက် အဝင်အထွက် ပြုလုပ်သွားပုံ ရ၏။
“ ယဲ့ချင်းရှန် ... ။ ”
“ သူ့နောက်ကို လိုက် ... ။ ”
မိုလီနှင့် ချောင်ယန်မှာ အက်ကွဲကြောင်း ထဲသို့ ချက်ချင်း ပြေးဝင် လိုက်မိသည်။ သို့သော် အရိပ်အယောင် မျှပင် မတွေ့တော့ချေ။
လမ်းအဆုံးတွင် မြေအောက်နန်းတော် အပြင်သို့ ရောက်ရှိလာ၏။
“ ယဲ့ ချင်း ရှန် ... ။ ”
“ ဘုန်း ... ။ ”
မိုလီ တစ်ယောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မြေပြင်ကို လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
“ ဒီကောင် အရမ်းမြန်တယ်၊ ငါတို့ နှစ်ယောက်လုံးကို သူ အရူး လုပ်သွားပြီ။ ”
ခေျာင်ယန်မှ ပြောကြား လိုက်သည်။ သို့သော် မိုလီက အရူး တစ်ယောက်လို သူ့ထံ ပြန်ကြည့်ကာ၊
“ မင်း ... အခုထိ သဘော မပေါက် သေးဘူးလား၊ ဒီကောင် ဘယ်မှ မသွားဘူး၊ နန်းတော်ထဲမှာ ပုန်းနေတုန်းပဲ၊ ဒီအက်ကွဲ ကြောင်းက ငါတို့ကို လှည့်စားဖို့ ဖန်တီးလိုက်တာ။ ”
“ ဟမ် ... ။ ”
“ မင်းသာ ... သူ့ရဲ့ လှည့်စားမှု ခံနေရတာ၊ ငါ့ကို မင်းလို ငတုံးလို့ ထင်မနေနဲ့၊ ဘာပဲဖြစ်ဖြစ် ငါက ရေခဲ-လျှပ်စီး သူတော်စင် သစ်သီးကို ... ရထားလို့ မရှုံးသေးဘူး။ ”
“ ဟား ဟား ဟား ... ။ ”
ချောင်ယန်က မိုလီ၏ မာနကြီးသော အမူအရာကိုကြည့်ကာ ရယ်မောလိုက်သည်။
“ မင်း နောက်ကျတယ်၊ ရေခဲ-လျှပ်စီး သူတော်စင် သစ်သီးက ငါ့ဆီကနေ သွားတာ၊ အဲဒီတုန်းက တိုင်တွေမှာ နတ်ရူရ်တွေ ရှိတယ်၊ အားလုံးကို ဒီကောင် ယူသွားတာ။ ”
“ မင်း ... ။ ”
သူ့စကားကြောင့် မိုလီက လက်ထဲမှ ရေခဲလျှပ်စီး သစ်သီးကို ငုံ့ကြည့်ကာ မှင်တတ် သွားတော့၏။
ဤမျှ ရှားပါးလှသည့် ရေခဲ-လျှပ်စီး သူတော်စင် သစ်သီးသည် တန်ဖိုးများ ချက်ချင်း ယုတ်လျော့ တော့သည်။
***