မင်း ဘယ်သူလဲ။
Vol. 153 Ch. 2139
မရဏ နဂါးလမ်း ပေါ်ရှိ တိုက်ပွဲသည် လူတိုင်း၏ အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။ ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား၏ သူတော်စင်ပုံစံ ဖြစ်၏။
သို့သော် ဓားရေး၏ ကျက်သရေနှင့် အမြန်နှုန်းသည် ၎င်းတို့ သိထားသည်ထက် ပိုနေသည်။
“ ယဲ့ချင်းရှန်က ဓားဧကရာဇ်ငယ်ရဲ့ အလားအလာမျိုး ပြသနေတယ်၊ သူနဲ့ ယှဉ်ရင် မရဏ နဂါးလမ်းရဲ့ ... တခြား ပါရမီရှင်တွေက တကယ့်ကို အမှိုက်တွေ။ ”
“ ကြည့်စမ်း ... မုချင်းကျွယ် လှုပ်ရှားတော့မယ်။ ”
နောက်ဆုံးတွင် စတုတ္ထမြောက် ကောင်းကင်လမ်း ချန်ပီယံ မုချင်းကျွယ်မှ လှမ်းတက် လာတော့သည်။
“ ခြေရာမဲ့ ... ပုံစံမဲ့ ... ။ ”
မီးခိုးရောင်နှင့် ငွေရောင် ဓားနယ်မြေ ပေါ်လာပြီး စိတ်ကူး မယဉ်နိုင်သော သူတော်စင် ရောင်ဝါများ ထုတ်လွှတ်လာသည်။
သူ့ လက်မောင်း တဝိုက်၌ သူတော်စင် မဟာတာအို ဖြစ်သော ရေခဲနှင့်လေ တာအိုတို့ ဖြစ်ပေါ် လာ၏။
“ ဝှစ် ... ။ ”
နောက်အခိုက် အတန့်တွင် ကြီးမားသော လက်ဖဝါး တစ်ဖက် လင်းယွန်ထံ ပြေးဝင်သွား တော့သည်။
“ သူ့မှာ မဟာ တာအို နှစ်ပါး အပြင် ... ကနဦးတာအို ဆယ်ပါးတောင် ရှိတာလား။ ”
“ အဲ့ဒီ လက်ဖဝါးက နတ်မဟာ ပြိုင်ဘက်ကင်း တံဆိပ်လို့ ခေါ်တယ်၊ နဂါး ဝိညာဉ် အဆင့် ပညာရပ် တစ်ခုပဲ။ ”
လူတိုင်း ထိတ်လန့် လာ၏။ ကိုယ်ခံ ပညာများကို အဆင့် လေးဆင့်၊ သတ်မှတ်ထား သည်။ သန့်ရှင်းသော ဝိညာဉ်၊ တစ္ဆေ ဝိညာဉ်၊ နဂါး ဝိညာဉ်နှင့် နတ်ဝိညာဉ် ဟူ၍ ဖြစ်၏။
နတ်ဝိညာဉ် အဆင့် ပညာရပ် များသည် အမြင့်ဆုံးဖြစ်ပြီး ခွန်လွန်၌ မရှိချေ။ နဂါးဝိညာဉ် အဆင့်သည်ပင် အလွန် အစွမ်းထက် နေပြီ ဖြစ်သည်။
ဤအဆင့် ပညာရပ်ကို သူတော်စင် လမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်သူ များသာ ကျင့်သုံးနိုင်၏။
အမည်ခံ သူတော်စင်များမှ လေ့ကျင့် နိုင်သည့် အရာမျိုး မဟုတ်ချေ။ ဆိုလို သည်မှာ နဂါး ဝိညာဉ်အဆင့် ပညာရပ်ကို လေ့ကျင့်ရန် ကနဦး ပညာရပ်ဖြင့် ဦးစွာ စတင်ရသည်။
ဥပမာ အားဖြင့်၊ ဓားဂိုဏ်း၏ တော်ဝင် ဓားကျမ်းသည် နဂါး ဝိညာဉ်အဆင့် ပညာရပ် ဖြစ်သည်။
၎င်းကို လင်းယွန်မှ တိုက်ရိုက် မလေ့ကျင့်နိုင်ချေ။ ထို့ကြောင့် အရိယာ ဓားသုတ္တန် ကဲ့သို့ အခွဲတစ်ခုကို စတင် လေ့ကျင့်ရပေမည်။
၎င်းကို ပြီးမြောက်မှ သာလျှင် တော်ဝင်ဓားကျမ်းထံ လက်လှမ်းနိုင်မည် ဖြစ်သည်။
ယင်းကြောင့် လူအများသည် နဂါး ဝိညာဉ် အဆင့်နှင့် ယှဉ်နိုင်သော လျှို့ဝှက် ပညာရပ်များ၊ သို့မဟုတ် အဆင့်မြင့် တစ္ဆေဝိညာဉ် ပညာရပ် များကို ရွေးချယ်ကြသည်။
မုချင်းကျွယ် အတွက်မူ သူ၏ လက်ဖဝါး နည်းစနစ်သည်၊ အမှန် တကယ်ပင် နဂါး အဆင့် ပညာရပ် တစ်ခု ဖြစ်နေသည်။
ထိုလက်ဖဝါး ဆင်းလာသော အခါ လင်းယွန်၏ ငွေရောင် ဓားကမ္ဘာကြီး ပြိုပျက် သွားတော့သည်။
နောက်ဆုံးတွင သူ့ငွေဓားကမ္ဘာမှာ အစစ်အမှန် မဟုတ်သေး သဖြင့်၊ အကြွင်းမဲ့ ခွန်အားရှေ့၌ ခုခံရန် နည်းလမ်း မရှိချေ။
“ ခရစ် ... ။ ”
ငွေရောင် ဓားနယ်မြေ ပေါက်ကွဲလျက် လေပြင်းများ တိုက်လာပြီး လင်းယွန် ဆံပင်များ တဖျပ်ဖျပ် ခတ်ကုန်တော့သည်။
“ ဖျပ် ... ဖျပ် ... ။ ”
ခြေနှစ်လှမ်း ဆုတ်ခွာလျက် အိုင်းရစ် သူတော်စင် တံဆိပ်ကို ဖွဲ့စည်းကာ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့် ပစ်ခတ် လိုက်ရသည်။
“ ရွှပ် ... ။ ”
နဂါးငွေ့တန်း တစ်ရာကျော်နှင့် ကြယ်ဓား နှစ်လက်သည်လည်း တစ်ပြိုင်နက်တည်း ထွက် လာခဲ့၏။
“ ဝုန်း ... ။ ”
စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့သော အခါတွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်ပွားလာသည်။
နဂါးဦးခေါင်း တစ်ခုလုံး တုန်လှုပ်သွား တော့သည်။ အဆုံးတွင် မုချင်းကျွယ်မှာ မဟာ တာအို နှစ်ပါးကို ဆုပ်ကိုင်ထားပြီး နဂါးဝိညာဉ် နည်းစနစ် အသုံးပြု ထား၏။
သို့သော် လင်းယွန်သည် အန္တရာယ် ကင်းစွာ ရပ်နေနိုင်ခဲ့သည်။ ၎င်းက ဓားအလင်းကို ထပ်မံ တောက်ထုတ် လိုက်ပြန်၏။
“ ရွှပ် ... ။ ”
“ ဟိတ် ... ။ ”
အော်ဟစ်လျက် ထိုဓားရောင်ခြည်ကို ဖြေရှင်းရန် နောက်ထပ် လက်ဖဝါး တစ်ချက် ရိုက်ထုတ်ပစ်သည်။
နတ်မဟာ ပြိုင်ဘက်ကင်း ဟူသည် နဂါးဝိညာဉ် ပညာရပ် ဖြစ်ပြီး ၎င်းကို မဟာ တာအို နှစ်ခုဖြင့် အားဖြည့်ထား၏။
ယင်းကြောင့် လင်းယွန်၏ ကြယ်ဓားကို ဤလက်ဖဝါးမှ အလွယ်တကူ ဖြေရှင်းနိုင်သည်။ ပြီးနောက် လေထဲပျံဝဲကာ တိုက်စစ်ဖွင့်ရန် ပြင်လိုက်၏။
မဟာတာအို နှစ်ပါးနှင့် ကနဦး တာအို ဆယ်ပါးက သူ့လက်ဖဝါး ထွက်ပေါ် လာသည်။ ယင်းသည် သားရဲများ အဖြစ် ထင်ရှားလာ၏။
နဂါး ပင့်ကူ၊ မျက်လုံးဖြူ ငွေဝံပုလွေ၊ နဂါးမောက်ဝံနှင့် ကောင်းကင် ဂဠုန်တို့ ဖြစ်သည်။
ထိုသားရဲများက ရုပ်ခန္ဓာ ရှိနေ သကဲ့သို့ အမည်ခံ သူတော်စင် ရောင်ဝါများ ထုတ်လွှတ် လာကြသည်။
သူတို့သည် သူတော်စင် သားရဲ ဝိညာဉ်များဖြစ်ကြောင့် သာမာန် ကိုယ်ခံပညာ များဖြင့် ထိန်းချုပ်ရန် မဖြစ်နိုင်ချေ။ နတ်မဟာ ပြိုင်ဘက်ကင်း ပညာရပ်ဖြင့်သာ ထိန်းချုပ် နိုင်သည်။
“ ယဲ့ချင်းရှန် ... ဒါက ပြိုင်ဘက်ကင်း မကောင်းဆိုးဝါး မျက်လုံးပဲ၊ သူတို့ကို ခံနိုင်ရင် မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ ... အရည်အချင်း ပြည့်မီတယ်။ ”
မုချင်းကျွယ်၏ အမည်ခံ သူတော်စင် ရောင်ဝါသည် ကောင်းကင်ကို ဖုံးလွှမ်းလျက် ဖန်သားပြင် တစ်ခုကဲ့သို့ ဖြစ်နေ၏။
သို့သော် အစောပိုင်း တိုက်ခိုက်မှု များဖြင့် တစ်ဖက်လူကို မနှိမ်နင်း နိုင်ခဲ့ရာ မုချင်းကျွယ်မှ ဒေါသ ထွက်မိသည်။
လင်းယွန်က ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော် လိုက်သည်။ ဤတိုက်ခိုက်မှု အတွင်း ပါရှိသော နက်နဲမှုမှာ ယုချင်းဖန်ထက် သာလွန်၏။
ယင်းသည် သူ့ကိုယ်ပိုင် နားလည်မှု ဖြစ်သည်။ သူ့အနား ပေတစ်ရာ ဝန်းကျင်တွင် ဓားမြစ်တစ်စင်း ပေါ်လာ၏။
သူတော်စင် တာအိုနှင့် ပုံဖော်ထားသော မကောင်းဆိုးဝါး ဝိညာဉ်များထံ ဓားရောင်ခြည် များစွာ ပျံသန်းကုန်တော့သည်။
ထိုတိုက်ပွဲ အတွင်း ကောင်းကင်သည် အလင်းနှင့် အမှောင် တလှည့်စီ ပြောင်းနေ၏။
“ ဓားသမား တစ်ယောက်က ... ငါ မျှော်လင့်ထား သလိုပါလား၊ ဒီကောင်က ပိုးစုန်းကြူး နတ်ဓားကို ပြီးမြောက် တတ်ကျွမ်းနေပြီ။ ”
“ သူ့ဓားရဲ့ နက်နဲမှုဟာ ဓားဧကရာဇ် ယုချင်းဖန်နဲ့ ဆက်နွယ် နေပုံရတယ်၊ ဒါပေမယ့် သေချာကြည့်တော့ မတူတော့ဘူး။ ”
“ ယဲ့ချင်းရှန်က သန်မာတယ်၊ ဒါပေမယ့် သန်မာတယ် ဆိုရင်တောင် ... အချိန်ကြာတာနဲ့ အမျှ ... အားနည်းချက်ကို အနှေးနဲ့ အမြန် ဆိုသလို ထုတ်ဖော်မိလိမ့်မယ်။ ”
ပတ်ဝန်းကျင်၌ ဆွေးနွေးသံများ ဆူညံသွားသည်။ ဓားသမားသည် ပြိုင်ဘက် အပေါ် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်က ကောင်း၏။
မဟုတ်သော် ရှုံးနိမ့်သွား နိုင်မည်။ နဂါး လက်သည်းရှိ သန့်ရှင်းသော သားတော် များက ဤတိုက်ပွဲကို စောင့်ကြည့် နေခဲ့ကြသည်။
သူတို့သည် ယဲ့ချင်းရှန်ကို သဘာဝအတိုင်း မကျေနပ် ကြချေ။ ရုတ်တရက် ဆိုသလို တစ်စုံ တစ်ယောက်မှ အန်းလျူယွင်ထံ ကြည့်ကာ အကြံရသွား၏။
“ သူတို့ တိုက်ပွဲက ချက်ချင်း ရလဒ် ထွက်လာဦးမှာ မဟုတ်ဘူး။ ”
ဤလူသည် ကောင်းကင်ဘုံ ကြယ် နန်းတော်၏ သန့်ရှင်းသော သားတော် ဖြစ်ပြီး လူတိုင်း၏ အမြင်၌ မုချင်းကျွယ် ပြီးနောက် ဒုတိယ အသန်မာဆုံး ပေပင်။
သူ့ဘေးတွင် ပြုံးရွှင်သော အမူအရာဖြင့် အရပ် ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ် တစ်ဦး ရပ်နေ၏။ ထိုလူငယ် ကပင်၊
“ အန်းလျူယွင်ကို ဖမ်းနိုင်ရင် ... ယဲ့ချင်းရှန်ကို ထိန်းထားနိုင်မယ်၊ ဓားသမားက စိတ်လှုပ်ရှား သွားရင် ... အားနည်းချက် ပြမိမှာ သေချာတယ်။”
-ဟု ပြောကြား လိုက်သည်။
၎င်းသည် တောင်ပိုင်း နယ်စပ် ဒေသ၏ ရှေးလဂိုဏ်းမှ သန့်ရှင်းသော သားတော် ဖြစ်၏။ ခွန်အားသည် ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်ထက် လုံးဝ နိမ့်ကျခြင်း မရှိချေ။
၎င်းအကြံပြုချက်သည် မရဏ နဂါးလမ်းမှ လူတိုင်း၏ မျက်လုံးများကို ချက်ချင်း လင်းစေ ခဲ့၏။
သူတို့သည် ယခင်က ဤမျှလောက် ကောက်ကျစ်သူများ မဟုတ်ချေ။ သို့သော် ယဲ့ချင်းရှန် ဟူသည် သူတို့ အတွက် အိပ်မက်ဆိုးဖြစ်၏။
“ သဘာဝ အတိုင်းပဲ နတ်ဆိုးတွေနဲ့ ဖြောင့်မတ်ခြင်း အကြောင်းပြောဖို့ မလိုပါဘူး၊ ငါတို့ လှုပ်ရှားလိုက်ကြရအောင်။ "
ကောင်းကင်ဘုံ ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်က အန်းလျူယွင်ထံ ဦးစွာ ပြေးဝင် သွားတော့သည်။
အန်းလျူယွင်က လင်းယွန်၏ တိုက်ပွဲထံ စိတ်လှုပ်ရှားစွာ ကြည့်နေစဉ် အန္တရာယ် အငွေ့ အသက်ကို သတိပြုမိ လိုက်၏။
“ ဝှစ် ... ။ ”
ငွေရောင် ယပ်တောင်ကို ထုတ်ယူကာ အလစ်ဝင်တိုက် သူထံ ခုတ်ပိုင်းချ လိုက်သည်။ ကောင်းကင်ဘုံ ကြယ်နန်းတော်မှ သားတော်၏ လက်ဖဝါးမှာ ထိုစွမ်းအင်ကြောင့် ပျက်ပြယ် သွားတော့၏။
“ မိန်းကလေး အန်းက လှပတဲ့ ရုပ်ရည် အပြင်၊ အရည်အချင်းလည်း တကယ် ရှိတာကိုး၊ ဒါကြောင့် ယဲ့ချင်းရှန်က စွဲလန်းနေတာ အံ့သြစရာ မဟုတ်တော့ ပါဘူး။ ”
သူသည် ယဲ့ချင်းရှန်ကို အနိုင်မယူနိုင် သော်လည်း နတ်ဆိုး တစ်ကောင် ဖြစ်သော သူမ အပေါ် အလွယ်တကူ ကစားနိုင်၏။ ထို့ကြောင့် ပြုံးလျက် လှုပ်ရှားရန် ပြင်လိုက်သည်။
“ သူမကို မထိဖို့ ... မင်းကို ငါ အကြံပေးပါရစေ။ ”
ထိုအချိန်တွင် အဖြူရောင် ဝတ်စုံဖြင့် လူငယ်တစ်ယောက်က မရဏ နဂါးလမ်းပေါ် ပြေးတက် လာတော့သည်။
သူ့နောက်ကျော၌ ဓားတစ်လက်ကို သိုင်းလွယ်ထားပြီး၊ သတ်ဖြတ်လိုသော ဆန္ဒများ တလူလူ လွင့်နေ၏။ ထိုရည်ရွယ်ချက်က မရဏ နဂါး လက်သည်းတွင် ရှိသော ပါရမီရှင်များကို ချက်ချင်း ဆုတ်ခွာ သွားစေသည်။
ဤလူငယ်သည် မျက်နှာစိမ်း ဖြစ်၏။ ကြက်သွေးရောင် လက်ပတ်နှင့် ချောမောသော ရုပ်သွင်မျိုး ရှိသည်။
“ မင်းက ကိုယ့်ကိုယ်ကို ဘယ်သူလို့ ထင်နေတာလဲ၊ ထွက်သွားစမ်း ... ။ ”
တစ်စုံ တစ်ယောက်က သည်းမခံ နိုင်တော့ဘဲ၊ ထိုလူငယ်ကို ဟန့်တားရန် ခုန်ဝင် လိုက်သည်။
“ သတ် ... ။ ”
“ ဒီကောင် ဘာကောင်လဲ။ ”
၎င်းနှင့်အတူ နောက်ထပ် လူနှစ်ယောက် သည်လည်း လိုက်ပါလာ၏။ ကောင်းကင်ဘုံ ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော် လုပ်ရပ်သည် စက်ဆုပ်ဖွယ် ကောင်းသည်။
သို့သော် အားလုံးသည် နတ်နဂါး အထက်တန်းစားများ ဖြစ်သဖြင့်၊ ထိုလုပ်ရပ် အပေါ် ကန့်ကွက်ခြင်း မပြုကြချေ။
မည်သူမဆို မိစ္ဆာ တစ်ကောင်က နဂါးခေါင်းမှ နေ၍ သူတို့အပေါ် ငုံ့ကြည့်သည်ကို မမြင်လိုသည်မှာ သဘာဝ ပေပင်။
ထို့ကြောင့် လူတိုင်းက ယဲ့ချင်းရှန်ကို ဆန့်ကျင်ကာ ကြယ်နန်းတော်မှ သန်းရှင်းသော သားတော် အပေါ် ထောက်ခံနေခြင်း ဖြစ်၏။
“ ရိုင်း လိုက် တာ ... ။ ”
“ ခရစ် ... ။ ”
မျက်နှာစိမ်း လူငယ်က သူ့ဓားကို ဆွဲထုတ်ကာ လှမ်းထိုးလိုက်၏။ သုံးယောက်လုံး သူတော်စင် ရောင်ဝါများ အက်ကွဲလျက် လွင့်စဉ်သွားတော့သည်။
ဤမြင်ကွင်းကြောင့် တိုက်ခိုက်လိုသော လူအုပ်မှာ မျက်လုံးပြူး ကုန်သည်။ မျက်နှာစိမ်း လူငယ်အပေါ် ဤမျှလောက် မမျှော်လင့်ထား ကြချေ။
“ ရွှပ် ... ။ ”
မျက်နှာစိမ်း လူငယ်မှ ပြေးလွှားခြင်းကို မရပ်ခဲ့ဘဲ၊ နဂါးနှင့်တူသော ဓားရောင်ခြည်ဖြင့် ထပ်မံ ပစ်ခတ်လိုက် ပြန်သည်။
“ အား ... ။ ”
လွင့်စဉ် သွားသော သုံးယောက် ခမျာ လေထဲ၌ပင် သွေးများဖုံးလွှမ်းလျက် မြေပြင်ပေါ် ပြုတ်ကျကုန်၏။
“ အရမ်း အစွမ်းထက်တဲ့ ဓားရေးပဲ။ ”
“ နောက်ထပ် ဓားသမား ဉာဏ်ကြီးရှင် တစ်ယောက်လား ... ၊ ယဲ့ချင်းရှန်ရဲ့ သူငယ်ချင်း ဖြစ်မယ် ထင်တယ်။ ”
လူများစွာသည် အဖြူဝတ် ဓားသမား၏ အသွင်အပြင်ကြောင့် အံ့အားသင့် သွားကြပြီး အတွေးနက် သွားကြသည်။
“ ..... ။ ”
ထိုအချိန်၌ မျက်နှာစိမ်း လူငယ်က အန်းလျူယွင် အနားသို့ ရောက်ရှိ သွားပြီဖြစ်ပြီး၊ ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်ထံ ဓားဖြင့် လှမ်းထိုး လိုက်သည်။
“ ဖျပ် ... ဖျပ် ... ။ ”
ခြိမ်းခြောက်မှုကို ခံစားရသော ကြယ်နန်းတော်၏ သန့်ရှင်းသော သားတော်မှာ ချက်ခြင်း နောက်ဆုတ် လိုက်ရ၏။
ထိုခဏလေး အတွင်းမှာပင် မျက်နှာစိမ်း လူငယ်၏ မျက်ဝန်း၌ အလောင်း တောင်ကြီးကို ဖျတ်ခနဲ မြင်လိုက်ရသည်။
“ မင်း ဘယ်သူလဲ ... ။ ”
“ သွေးတပ်မှူး ... ပိုင်လိရွှမ်၊ ဒါပေမယ့် လူအများ ကတော့ ... ငါ့ကို အဖြူလို့ ခေါ်တယ်၊ ဒီနာမည်ကို ... ငါ ပိုကြိုက်တယ်။ ”
***
( စာစဉ် အစတွင် ပိုင်လိရွှမ် အမည်ကို ဘိုင်လိရွှမ် အဖြစ် ဖော်ပြမိခဲ့သည်။ ထို့ကြောင့် လက်ရှိ အပိုင်းမှ စတင်ပြီး ပိုင်လိရွှမ် အဖြစ် ပြောင်းလဲ အသုံးပြုပါမည်။ )