ထွက်ခွာသူ ... ။
Vol. 153 Ch. 2141
မိုးပြာ နဂါးလမ်းတွင် တာအိုနန်းတော်မှ သန့်ရှင်းသော သားတော်၊ ပိုင်ရှုရင်၊ ရှင်းယန်နှင့် ယဲ့ဖန်တို့ တင်ပျဉ်ခွေ ထိုင်နေသည်။
မိုးပြာ နဂါးသည် နတ်နဂါး (၇)ကောင် အတွင်း မပါသော်လည်း အုပ်စိုးရှင် နက္ခတ် (၄)ပါး အဆင့်ဝင်၏။
ထို့ကြောင့် ခွန်လွန်လို နယ်မြေအတွင်း ၎င်းအနေအထားသည် နတ်နဂါးများထက် လုံးဝ ယုတ်ညံ့ခြင်း မရှိချေ။
ဤနဂါးလမ်း တစ်လျှောက် တိုက်ပွဲများ ပြင်းထန်သော်လည်း နဂါးခေါင်းမှာ အံ့သြစရာ ကောင်းလောက်အောင် ငြိမ်သက်နေသည်။
ကောင်းကင် တာအို ဂိုဏ်း အပြင်၊ အရှေ့ဘက် ပျက်စီးမြေ၏ အခြား ရွှေမျိုးဆက် ပါရမီရှင်များလည်း ထိုအရပ်၌ ရှိနေ၏။
၎င်းတို့မှာ နတ်ဖီးနစ် တောင်တန်းမှ မင်းသမီး ကျိဇီရှီ၊ မင်ဂိုဏ်း၊ နတ်တာအို ခန်းမ၊ အနန္တ လျှပ်စီးဂိုဏ်းနှင့် ကောင်းကင် မီးလျှံဂိုဏ်း တို့မှ သန့်ရှင်းသော သားတော်များ ဖြစ်၏။
အားလုံးသည် ရွှေမျိုးဆက် ပါရမီရှင်များ ဖြစ်သော်လည်း၊ အချင်းချင်း ပြိုင်ဆိုင်မှုများ မရှိ သေးခေျ။
အကြောင်းမှာ ပဉ္စမ ကောင်းကင်လမ်း ချန်ပီယံ ဟဲရွှမ်ကျင့်က နဂါးပလ္လင်ပေါ် ထိုင်နေ သောကြောင့် ဖြစ်သည်။
ဟဲရွှမ်ကျင့်သည် ရုတ်တရက် ရောက်ရှိ လာခြင်း ဖြစ်၏။ ထို့ကြောင့် မြင့်မြတ်မြေ (၆) ပါးသည် အချင်းချင်း ရန်လိုမှုများကို၊ အချိန် တစ်ခု အထိ၊ ဘေးဖယ်ထားခဲ့ ကြသည်။
ထို့ကြောင့် ယခု အချိန်တွင် ငြိမ်သက် နေပုံရသော်လည်း မုန်တိုင်း မတိုက်မီ ငြိမ်သက် နေခြင်းမျိုး ဖြစ်၏။ မနက်ဖြန် နေ့လည် မတိုင်မီ နဂါးသခင် ပြိုင်ပွဲအတွက် တိုက်ပွဲ ပြန်လည် စတင်ရပေမည်။
နဂါး ဦးခေါင်းပေါ်ရှိ ရှုခင်းများမှာ သာယာလှပလွန်းသည်။ ၎င်း၌ နဂါးရောင်ဝါ အများအပြား စုရုံးနေ၏။
ယင်းသည် ကျင့်ကြံမှု အတွက် အကျိုး ရှိသည်။ ထို့ကြောင့် လင်းယွန်မှ ပြိုင်ဘက် (၃) ယောက်ကို အနိုင်ယူသည့် မြင်ကွင်းအပေါ် သူတို့ အာရုံစိုက် မိကြ၏။
“ ယဲ့ချင်းရှန်က ဘာလို့ ဒီလောက်တောင် သန်မာ နေရတာလဲ။ ”
“ ကောင်းကင် တာအိုဂိုဏ်းက သူ့ကို နတ်ဘုရား သင်္ချိုင်း တောင်တန်း ဝင်ခွင့်ခွဲတမ်း မပေးခဲ့တာ နှမျောစရာ ကောင်းတယ်။ ”
လင်းယွန် ပြသသော ခွန်အားကြောင့် တုန်လှုပ် သွားသည်။ ၎င်းတို့ထဲတွင် လီတာ့ယန် သည်လည်း ပါဝင်၏။
“ ဒီကောင် အရမ်း သန်မာလာတယ်၊ ကောင်းကင် တာအိုဂိုဏ်းရဲ့ ဂုဏ်ကျက်သရေက သူ့လက်မှာ ထင်ရှားနေပြီ။ ”
လီတာ့ယန်မှ ကျေနပ်စွာ ပြုံးလိုက်သည်။ ယဲ့ချင်းရှန်နှင့် ပတ်သက်၍ မြင့်မားသော အမြင် ရှိသောကြောင့် စိတ်လှုပ်ရှား နေ၏။
ယဲ့ဖန်မှ ဂရုမစိုက် ဟန်ဖြင့်၊
“ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... သူတော်စင် တပည့်ဆိုတဲ့ အထောက်အထားကို သူ မေ့သွားမှာ ငါ ကြောက်တယ်၊ စစ်မှန်သော နဂါးလမ်းကို သွားရုံသာ မကဘူး၊ ...
... မရဏ နဂါးလမ်းမှာ မိစ္ဆာမ အတွက် တိုက်ပွဲဝင်ပြီး ... မိုးပြာ နဂါးလမ်းက ငါတို့ကို ကြည့်ဖို့ မေ့နေပုံရတယ်။ ”
-ဟု ဝင်ရောက် ပြောကြားလိုက်၏။
ပိုင်ရှုရင်က လင်းယွန်ထံ မျှော်ကြည့်ပြီး၊ ‘သူက အဲဒီလို လူမျိုး မဟုတ်ဘူး၊’- ဟု တုန့်ပြန် ပြောဆို လေသည်။
“ ဒါဆို ငါတို့ စောင့်ကြည့်ရအောင်။ ”
ယဲ့ဖန်မှ အတိုက်အခံ မလုပ်ဘဲ ပြုံးကာ ခေါင်းညိမ့်လိုက်သည်။
( ယဲ့ဖန် ... မင်းစကား ပြောတာ သတိထားပါ၊ ဒီမှာ ကျန်တဲ့ မြင့်မြတ်မြေတွေ ရှိတယ်။ )
လီတာ့ယန်မှ သူ့အသံကို ယဲ့ဖန်ထံ တိတ်တဆိတ် ပေးပို့၏။ ယဲ့ဖန်က တုန့်ပြန်ခြင်း မရှိသော်လည်း ငြိမ်သက် သွားသည်။
မရဏ နဂါး ဦးခေါင်းတွင် မိုချန်နှင့် လောယင်တို့မှာ ဆက်လက် တိုက်ပွဲဝင် နိုင်စွမ်း မရှိတော့ချေ။
မုချင်းကျွယ် သည်သာ ဆက်လက် တိုက်ပွဲဝင်နိုင်၏။ အတောင်ပံများ ခတ်လျက် လေထု အလယ်တွင် ပျံဝဲလိုက်ကာ၊
“ ယဲ့ချင်းရှန် ... ငါခွန်လွန်ကို ရောက်တည်းက ... ငါ့အပေါ် ဖိအားပေးနိုင်တာ ဆိုလို့ ... မင်းက ပထမဆုံး လူပဲ။ ”
“ မင်း မကြုံသေးလို့ ဖြစ်နိုင်ပါတယ်၊ ဒီကမ္ဘာပေါ်မှာ အစွမ်းထက်တဲ့ ဓားသမားတွေ အများကြီး ရှိတယ်။ ”
“ ဖြစ်ကောင်း ... ဖြစ်နိုင်ပါတယ်၊ ပန်းသင်္ချိုင်း ဒီမှာ မရှိတာ ... စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် ဓားတာအိုမှာ ... မင်းနဲ့သူ ဘယ်သူ ပိုသန်မာလဲ သိခွင့်ရလိမ့်မယ်။ ”
လင်းယွန်က ပြုံးရုံသာ ပြုံးပြီး ထိုစကားကို မတုန့်ပြန်ချေ။ သူ့ဓားရောင်ဝါဖြင့် မုချင်းကျွယ် အပေါ် သတိကြီးစွာ ကန့်သတ်လိုက်သည်။
မုချင်းကျွယ် ကဲ့သို့သော တစ်စုံ တစ်ယောက်သည် သဘာဝအတိုင်း လွယ်လွယ် အရှုံးပေးမည် မဟုတ်ချေ။ သတိထား နိုင်မှ တော်ရာကျပေမည်။
နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံအနေဖြင့် ကောင်းကင်လမ်း ချန်ပီယံ တစ်ဦး၏ ပြင်းထန်သော တိုက်ပွဲဝင် ဆန္ဒကို သိရှိထားသည်။
အချိန်များ ကုန်လွန်လာပြီ ဖြစ်သဖြင့်၊ နဂါးတောင်များရှိ တိုက်ပွဲများ သည်လည်း တိတ်ဆိတ် ကုန်တော့၏။
ထို့ကြောင့် လူတိုင်းက မရဏ နဂါးဦးခေါင်းထံသို့ အာရုံစိုက် လာကြသည်။ ယဲ့ချင်းရှန်သည်သာ အနိုင်ရပါက ကိစ္စကြီး တစ်ခု ဖြစ်လာပေမည်။
ဆိုလိုသည်မှာ ကောင်းကင်လမ်း ချန်ပီယံများ၏ ဒဏ္ဍာရီကို ဖြိုခွဲခြင်း မည်ချေ၏။ လူတိုင်း အနားယူလျက်မှ သဘာဝအတိုင်း စူးစမ်း လာကြသည်။
မုချင်းကျွယ်သည် ကောင်းကင်လမ်း ချန်ပီယံဟူသည့် ဒဏ္ဍာရီကို ဆက်ထိန်းထား နိုင်မည်လော။ သို့မဟုတ် ယဲ့ချင်းရှန်မှ ဒဏ္ဍာရီ အသစ်ကို မွေးဖွားနိုင်မည်လော။
“ ဟိတ် ... ။ ”
လူတိုင်း ၎င်းတို့ နှစ်ယောက်ထံ ကြည့်ပြီး အသက်ရှူကြပ် နေကြစဉ်၊ မုချင်းကျွယ်မှ ဦးစွာ လှုပ်ရှားလာတော့သည်။
သူ့နောက်မှ အဖြူအမည်း အတောင်ပံများကို ခတ်လျက် လေဟာနယ်ကို တွန်ခေါက် သွားစေ၏။
တောင်ပံများ၏ အရှည်သည်လည်း ပေရာဂဏန်း အထိ ကျယ်ပြန့် လာသည်။ ကမ္ဘာ တစ်ခုလုံး အလင်းများ ပျောက်ကုန်ကာ၊ အဖြူ-အမည်း ဖြစ်ကုန်၏။
“ အဖော်မဲ့ ကြယ် ... ။ ”
ပေတစ်ထောင် ကျော်ရှည်သော အဖြူ-အမည်း အလင်းတန်း တစ်ခုကို မုချင်းကျွယ်မှ ဖန်တီးလိုက်သည်။
“ ခရစ် ... ။ ”
ဧရာမ ဓားကြီးဖြင့် အခွဲခံလိုက်ရ သကဲ့သို့ ကောင်းကင် နှစ်ခြမ်းကွဲလျက် ထိုအလင်းတန်း ဆင်းသက်လာ၏။
ထိုအချိန်တွင် လင်းယွန် ထံမှလည်း ငွေရောင်အဆင်းများ ဖြာထွက်လျက် ကြယ်ဓား ထွက်ပေါ်လာသည်။
၎င်းသည် ဓားနယ်မြေ အစစ်အမှန် မဟုတ်သေးချေ။ ထို့ကြောင့် ရလဒ်အနေဖြင့် မုချင်းကျွယ်၏ အလင်းတန်က လင်းယွန်ကို ဖိအား ပေးနိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် မုချင်းကျွယ် တိုက်ခိုက်မှုသည် ယခင် တိုက်ခိုက်မှုများ ကဲ့သို့ အန္တရာယ် အငွေ့အသက် မပါသဖြင့် လင်းယွန်မှ သံသယ ဝင်လာသည်။
၎င်းသည် လှည့်စားမှု တစ်ခုပင်လော။ စစ်မှန်သော စွမ်းအားမှာ နောက်ကွယ်တွင် ရှိနေသည်လော။
မေးခွန်း ထုတ်လျက် ပန်းသင်္ချိုင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နဂါးငွေ့တန်း များနှင့် သူ့ကိုယ်သူ ကာကွယ် လိုက်၏။
“ ဝုန်း ... ။ ”
သည့်နောက် ဓားကို ပင့်ခုတ်လိုက်သည့် အခါတွင်၊ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”
ပြင်းထန်လွန်းသော အဟုတ်ကြောင့် မြေပြင်ရှိ လင်းယွန်ခမျာ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလျက် တည်ငြိမ်အောင် ထိန်းယူ လိုက်ရ၏။ ပြိုင်ဘက်၏ ခွန်အားကို သူ လျော့တွက်မိချေပြီ။
“ ဖရူး ... ။ ”
သို့သော် မုချင်းကျွယ်မှာ ဆက်၍ တိုက်ခိုက်ခြင်း မပြုတော့ဘဲ၊ မရဏ နဂါးလမ်းမှ ထွက်ခွာသွား တော့သည်။
***