ပါရမီထူးကဲသည့် မဟာမိတ်
Vol. 89 Ch. 1238
ဝမ်ဝေ့က ကောင်းကင်ပြာမျှော်နန်းသခင်နောက်မှ စည်းမျဉ်းမဲ့ဇုန်အတွင်း နေမင်းရှိရာဆီ လိုက်လာခဲ့သည်။ ထိုနေမင်းအလယ်တွင် ပန်းပဲအိမ်အဖြစ် ဖော်ညွှန်းနိုင်သည့်အရာက နေမင်းကို အသုံးပြုကာ လက်နက်သန့်စင်ရေးအတွက် သမာဓိမီးတောက်များကို ဖန်တီးနေခြင်း ဖြစ်သည်။
ဝမ်ဝေ့က အခန်းအတွင်း လျှောက်လှမ်းသွားသည့်အခါ ရိုးရှင်းသည့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မုတ်ဆိတ်ဖြူရှည်ကြီး ရှိထားသည့် အသက်ကြီးကြီး အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူက တူတစ်လက်ကို လက်ထဲမှာ ကိုင်ပြီး ဓား ပုံသွင်းနေသည်။ ထိုမြင်ကွင်းက အနည်းငယ်ထူးဆန်း၏။ အကြောင်းအရင်းကမူ ထိုအမျိုးသားတွင် ထာဝရကောင်းကင်ဘုံအဆင့် တစ်ယောက်၏ အငွေ့အသက်ရှိသော်လည်း သူ့လက်နက်သန့်စင်သည့် နည်းလမ်းကမူ ကျင့်ကြံသူတစ်ယောက်အစား ပန်းပဲဆရာတစ်ယောက်နှင့် တူနေသည်။
ပန်းပဲဆရာက သူတို့ရောက်ရှိလာသည်ကို အာရုံမစိုက်ဘဲ ဆက်လက်ထုနေသည်။ သူ ပြီးဆုံးသွားသည့်အခါမှ လက်ကို အသုံးပြုကာ ရိုးရှင်းသည့် သင်္ကေတများကို ရေးဆွဲပြီး ဓားနှင့် ပေါင်းစည်းစေလိုက်သည်။ ထို့နောက် ရှုပ်ထွေးမှုများကို ညွှန်ပြသည့် ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာ၏။
ပန်းပဲဆရာက ဓားကိုကြည့်နေရင်း စိတ်ပျက်လက်ပျက် ခေါင်းအသာယမ်းလိုက်သည်။ သူက ထိုအရာကို သူ့ဘေးတွင်ရှိသည့် လက်နက်ပုံထဲ ပစ်ချပြီးသည့်နောက်တွင် ရောက်လာသည့်သူများကို လှည့်ကြည့်လိုက်၏။
“မျှော်နန်းသခင်လား။ နောက်ထပ် အကျိုးအကြောင်းမသင့်တဲ့ တောင်းဆိုချက်အတွက် ရောက်လာတာလား။ ကျုပ်ရဲ့ အရည်အချင်းအတွက် ကန့်သတ်ချက်ဆိုတာ ရှိတယ်ဆိုတာ ပြောပြပြီးသား”
“မဟုတ်ပါဘူး။ အဲဒါကြောင့် ရောက်လာတာ မဟုတ်ပါဘူး” ကောင်းကင်ပြာ မျှော်နန်းသခင်က အလျင်အမြန် ပြောလိုက်သည်။
“ဒါက ကောင်းကင်ဘုံအရှင်ဝမ်ပါ။ သူက အင်း မျှော်နန်းသခင်ရဲ့ ခေါင်းဆောင်အသစ်ပါ။ အသိအကျွမ်းဖြစ်ရအောင် ခေါ်လာတာပါ”
ပန်းပဲဆရာက မတုံးအဘဲ အခြေအနေကို ချက်ချင်းနားလည်လိုက်ပြီး ဝမ်ဝေ့ကို ကြည့်လိုက်သည်။ သူ့အကြည့်က ထူးဆန်းနေ၏။ သူက လက်နက်တစ်ခုကို အကဲဖြတ်နေသကဲ့သို့ ဖြစ်သည်။
ဝမ်ဝေ့က ထိုသူ၏ အာရုံခံနည်းစနစ်ကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း များစွာခုခံခြင်း မရှိပေ။
“ဒီလိုထူးကဲတဲ့ဝိညာဉ်နဲ့ လက်နက်သန့်စင်ရေး တာအိုခွဲနဲ့ဆိုရင် ခင်ဗျားက တိုက်ခိုက်ရေးသမားဖြစ်နေတာ နှမြောစရာပဲ” ပန်းပဲဆရာက ရေရွတ်လိုက်၏။
“ချီးကျူးမှုအတွက် ကျေးဇူးပါ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
“ကျုပ်ကို မီးတောက်ပန်းပဲဆရာလို့ ခေါ်လို့ရတယ်။ မျှော်နန်းသခင်နဲ့ လုပ်ထားတဲ့ တောင်းဆိုချက်တွေကို ဖြည့်စည်းနိုင်သရွေ့ ခေါင်းဆောင်က ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး”
ဝမ်ဝေ့က သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည် အဆင့်တူ တွဲဖက်ဆက်ဆံရေးမျိုး ဖြစ်ကြောင်း နားလည်ထား၏။
“ယခင်သဘောတူညီချက်အတိုင်း ထိန်းသိမ်းဖို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ကျုပ်ရည်မှန်းချက်က ဒီသေးငယ်တဲ့နေရာလေးမှာပဲ လှောင်ပိတ်နေဖို့ မဟုတ်ဘူး။ ကျုပ်ဆီမှာ ပြင်ပလောကမှာ ဖြည့်စည်းရမဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေရှိတယ်။ အဲဒါဆိုတော့ ခင်ဗျား ဒီနေရာကနေ ထွက်လာနိုင်လား”
မီးတောက်ပန်းပဲဆရာက သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်များက နီရဲလာ၏။
“ခင်ဗျားက … အဲ့လိုကိုး။ ဒီအချိန်တောင် ရောက်လာခဲ့ပြီ”
သူက မျှော်နန်းသခင်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်တို့ကို စကားပြောဖို့ အချိန်ပေးဦး”
ထိုသူက ခေါင်းညိတ်ပြလာသည့် ဝမ်ဝေ့ကို တစ်ချက်ကြည့်လာသည်။
“ကျုပ်ဇစ်မြစ်ကို သိလား” မီးတောက်ပန်းပဲဆရာက မေးလာသည်။
“မသိပါဘူး”
“ကျုပ်က သွေးသင်္ကေတစံပြရဲ့ တိုက်ရိုက်တပည့်ပဲ”
“သွေးသင်္ကေတစံပြလား။ ကျွမ်းကျင်အတတ်ပညာအရည်အချင်းရှိတဲ့ ရှေးဦးစံပြလား။”
“ဟုတ်တယ်”
“ကျုပ် သိထားသလောက် သူ့ဆီမှာ တိုက်ရိုက်တပည့် နှစ်ယောက်ရှိတာဆို သူတို့အားလုံးက စံပြတွေတဲ့” ဝမ်ဝေ့က ညွှန်းဆိုလိုက်သည်။
“ကျုပ်ဆရာက တပည့်ရှာဖွေဖို့ သူ့အမွေအနှစ်တွေအားလုံးကို ကမ္ဘာအနှံ့ ဖြန့်ကျက်ထားခဲ့တာ။ ကျုပ်က သူ သေပြီးတဲ့နောက်မှာ စမ်းသပ်ချက်ကို အောင်မြင်တာလေ” မီးတောက်ပန်းပဲဆရာက ရှင်းပြလိုက်သည်။ သူက သူ့ဆရာအား မပြီးမပြတ်အခြေအနေမှ လက်တစ်ဆုပ်စာ အကြိမ်ရေလောက် တွေ့ခဲ့ဖူးသည်။ ထိုသို့ ထူးထူးဆန်းဆန်း အခြေအနေရှိနေသော်လည်း ထိုသူက သူ့အား တပည့်အဖြစ် အသိအမှတ်ပြုကာ တတိယမြောက် တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့သည်။ သူကလည်း သွေးသင်္ကေတစံပြဆီမှ သင်ကြားမှုများကို လက်ခံရ၏။
“အဲဒါဆိုရင်တော့ ရှင်းပြပြီးသား ဖြစ်သွားပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဒီလို သတင်းအချက်အလက်မျိုးကို ဘာလို့ ပြောပြနေတာလဲ”
“အကြောင်းအရင်းအများကြီးကြောင့်ပါ။ ဒါပေမဲ့ အရင်ဦးဆုံး ကျုပ်တို့ရဲ့ ဇစ်မြစ်တွေနဲ့ နောက်ခံတွေအကြောင်းကို တဲ့တိုးဆန်ဆန်ပြောပြီးတော့ မဟာမိတ်ဖွဲ့ချင်တယ်”
“နောက်ခံတဲ့လား။ ကျုပ်က ရိုးရှင်းတဲ့ လေလွင့်ကျင့်ကြံသူ မဟုတ်ဘူးဆိုတာ သေချာနေတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒီလူတွေက သမိုင်းကြောင်းကို ဝှက်ထားပြီးတော့ ကြိုက်သလို ပုံသွင်းထားတယ်ဆိုပေမဲ့ ထိပ်တန်းမျိုးနွယ်တွေကတော့ မှတ်တမ်းတွေ အကောင်းတိုင်း ကျန်ရှိနေတုန်းပဲလေ။ ခင်ဗျားက ကျုပ်ဆရာနာမည်ကို သိပြီး တပည့်ဘယ်လောက်ရှိတယ်ဆိုတာလည်း သိထားမှတော့ သာမန်နောက်ခံကလည်း မဖြစ်နိုင်ဘူး”
“ဟုတ်ပါတယ်လေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကျုပ်က တာအိုအခွင့်အလမ်းဂိုဏ်းက ဝမ်ဝေ့ပဲ”
“သူတို့လား။ ကျုပ်ဆရာက ကံကြမ္မာပါတဲ့သူက သူတို့နဲ့ ဆက်နွယ်နိုင်ချေ ရှိတယ်လို့ ပြောခဲ့ဖူးတယ်” မီးတောက်ပန်းပဲဆရာက ရေရွတ်လိုက်သည်။
“အိုး သူက ဘာပြောလိုက်သေးလဲ”
“သူက ကျုပ်ကသာ ဒီခေတ်ကာလရဲ့ ပိတ်သိမ်းမှုမှာ ပါဝင်ဖို့ အခွင့်အရေးရှိတယ်ဆိုရင် ယူသင့်တယ်တဲ့။ ကျုပ်ရဲ့ အောင်မြင်မှုတွေက ကောင်းချီးတွေက နောက်ခေတ်ကာလမှာ ကျုပ်ကို အများကြီး ကူညီပေးလိမ့်မယ်။ အဲဒီခေတ်ကာလက ရွှေရောင်ခေတ်ကာလထက်တောင် ပိုပြီး ထူးကဲပြောင်မြောက်လိမ့်မယ်”
“ခင်ဗျားဆရာ ပြောတာမှန်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့စိတ်ထဲ၌မူ တစ်စုံတစ်ခုကို စဉ်းစားနေသည်။
ဂိုဏ်းက ပေးထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် သွေးသင်္ကေတစံပြရဲ့ ရည်ရွယ်ချက်က သန့်စင်သူတာအိုနေရာကို ရဖို့အတွက်။ ဒါပေမဲ့ သူက သူ့ကန့်သတ်ချက်ကို လက်ခံပြီးတော့ သူ့အိပ်မက်ကို ပြီးမြောက်နိုင်မဲ့ တပည့်တွေကို ပြုစုပျိုးထောင်ဖို့ပဲ အာရုံစိုက်ထားခဲ့တာ။
သူ့တခြားတပည့်နှစ်ယောက်က အောင်မြင်မှုတွေ ကြီးမားတယ်ဆိုပေမဲ့ သူ့မျှော်မှန်းချက်နဲ့တော့ မကိုက်ညီတဲ့ပုံပဲ။ အဲဒါကြောင့် မီးတောက်ပန်းပဲဆရာကို ကြိုးစားကြည့်နေတာလား။ သူက အဲ့လောက်တောင် လုပ်ရည်ကိုင်ရည်ရှိတယ်လား…
အကယ်၍ သူ့ကောက်ချက်ချမှုသာ မှန်ကန်ပါက မီးတောက်ပန်းပဲဆရာနှင့် မဟာမိတ်က သူ့အား ဤကပ်ပါးများနှင့် ရင်ဆိုင်မည့် တိုက်ပွဲအတွင်း ကူညီပေးနိုင်ရုံသာမကဘဲ တာအိုအခွင့်အလမ်းဂိုဏ်း၏ မဟာမိတ်များကို ချဲ့ထွင်ဖို့ရာအတွက်လည်း ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်၏။ ထိုစိတ်သဘောထားဖြင့် ဝမ်ဝေ့က ပန်းပဲဆရာနှင့် လေးလေးနက်နက် ပြောဆိုခဲ့သည်။
နောက်ဆုံးတွင် သူက ကောင်းကင်ပြာ မျှော်နန်းသခင်နှင့်အတူ ထွက်လာလိုက်၏။
“ဒါနဲ့ ခင်ဗျား သူ့ကို တောင်းဆိုတဲ့ အကျိုးအကြောင်း မသင့်တဲ့ တောင်းဆိုချက်ဆိုတာ ဘာများလဲ” ဝမ်ဝေ့က နဂါးပြာမျှော်နန်းဆောင်သို့ ရောက်လာပြီးသည့်နောက်တွင် မေးလိုက်သည်။
“ကျုပ်က စည်းမျဉ်းမဲ့သံမဏိကို သဲပွင့်ထက်သေးတဲ့ အသုံးအဆောင်ပစ္စည်းမျိုး သန့်စင်စေချင်တာလေ။ အဲ့ထက် သေးငယ်တဲ့ဟာမျိုးပေါ့”
“ဒါက မဖြစ်နိုင်တာပဲ” ဝမ်ဝေ့က သဘောတူလေ၏။
“ဒါပေမဲ့ ဘာလို့ အဲ့လိုအရာမျိုး လိုချင်ရတာလဲ။ မဟုတ်သေးပါဘူး။ သူက ဖောက်သည်ရဲ့ တောင်းဆိုချက်လို့ ပြောတယ်မလား။ ဘယ်သူက အဲ့လိုအရာမျိုး လိုချင်တာလဲ”
“ကျုပ် တောင်းပန်ပါတယ်။ ကျုပ် ပြောလို့မရဘူး”
“ဟမ်”
“ကျုပ်ကို အထင်မမှားပါနဲ့” ကောင်းကင်ပြာမျှော်နန်းသခင်က အလျင်အမြန် ပြောလိုက်သည်။
“ကျုပ် မပြောချင်လို့ မဟုတ်ဘဲနဲ့ မပြောနိုင်တာပါ။ အဲဒီဝယ်ယူသူက သူတို့ရဲ့ သတင်းအချက်အလက်ကို မဖော်ထုတ်ဖို့ အတင်းအကြပ်ဆုံး စာချုပ်ကို ချုပ်ဆိုခိုင်းခဲ့တာ။ အဲဒါကြောင့် အဲဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မှတ်တမ်းတောင် မရှိဘူး”
“ဘာလို့ လျှို့ဝှက်နေကြပါလိမ့်” ဝမ်ဝေ့က ညည်းတွားလိုက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားမိလိုက်သည်။
“ဘာလို့ အစကတည်းက အဲ့လိုတောင်းဆိုချက်မျိုးကို လက်ခံခဲ့တာလဲ”
“ကျုပ်ဆီမှာ ရွေးချယ်စရာ မရှိဘူးလေ” ကောင်းကင်ပြာမျှော်နန်းသခင်က ပြောလိုက်သည်။
“အဲဒီကပ်ပါးတွေက ပြင်ပလောကမှာရှိတဲ့ ကျုပ်မိသားစုရဲ့ အဆက်အသွယ်တွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တာ။ အဲဒီလူက ပြန်ပြီးထူထောင်ပေးတဲ့သူပဲ။ တကယ်တော့ အဲဒီလူက ပြင်ပလောကက အရင်းအမြစ်နဲ့ ပတ်သက်လာတဲ့အခါမှာ ကျုပ်တို့ရဲ့ အသက်သွေးကြောကို ထိန်းချုပ်ထားတယ်လို့ ပြောရမယ်။ သူတို့က ကျုပ်တို့အတွက် ခက်ခဲအောင် ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ဖူးဆိုပေမဲ့လည်း သူတို့တွေ ကျုပ်တို့မျှော်နန်းဆောင်ထဲမှာ တိတ်တဆိတ် ကိုင်ဆောင်ထားတဲ့ အာဏာရှိတယ်ဆိုတဲ့ အချက်ကိုတော့ မပြောင်းလဲနိုင်ဘူး”
“အဲဒီအကြောင်း အခုကစပြီး စိုးရိမ်စရာ မလိုတော့ဘူး” ဝမ်ဝေ့က ဖျောင်းဖျလိုက်၏။ ယခု သူက ထိန်းချုပ်နေပြီဖြစ်ကာ မျှော်နန်းဆောင်က သူ့ဆီမှ အရင်းအမြစ်များ ရယူနိုင်သည်။ တကယ်တော့ သူက ပြင်ပလောကတွင် အဖွဲ့ကြီးကြီး စတင်တည်ထောင်စဉ် စည်းမျဉ်းမဲ့ဇုန်အတွင်းက အဖွဲ့ကမူ ပိုမိုသေးနုပ်လာလိမ့်မည်။
ဝမ်ဝေ့က မုန့်ခယ်နှင့် တုကွန်းတို့ ရောက်ရှိနေသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက နတ်ဆိုးများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသူများက သူ့လက်အောက်တွင် ရှိလာမည် ဖြစ်၏။
သူက သူတို့၏ အလားအလာကို အကဲဖြတ်ပြီး ရောက်ရှိလာမည့် အခက်အခဲများတွင် သူတို့ဘာလုပ်နိုင်သည်ကို မျှော်လင့်ထားဖို့ လိုအပ်သည်။
ထို့ကြောင့် သူတို့ငါးယောက်လုံးကို စုစည်းလိုက်သည်။ သူ ယခင်က တွေ့ခဲ့ဖူးသည့် အဆိပ်နတ်ဆိုးမလည်း အပါအဝင် ဖြစ်၏။
သူက ပလ္လင်ပေါ်တွင်ထိုင်ကာ ငါးယောက်လုံးကို အကဲခတ်လိုက်သည်။ ဝမ်ဝေ့က သူတို့၏ အကျင့်စရိုက်၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကို နားလည်ဖို့ရာအတွက် သူတို့၏ ကံကြမ္မာကြိုးမျှင်ကိုပင် ဖတ်ရှုခဲ့၏။
အဆိပ်နတ်ဆိုးမက ထူးချွန်ပြောင်မြောက်တဲ့ အဆိပ်ကျင့်ကြံသူပဲ။ သူမက ချဉ်းကပ်မှုမျိုးမှာ ရက်စက်တဲ့ စိတ်သဘောထားမျိုး ရှိတယ်။ ဒါပေမဲ့ သူမရဲ့ အဆိပ်က အလုပ်မဖြစ်တာနဲ့ သူမက အသုံးမဝင်တော့ဘူး။ သူမကို ကူတာအိုက ကျင့်ကြံခိုင်းရင်တော့ မဆိုးဘူး…
ထို့နောက် သူက ရုပ်သေးရုပ်နတ်ဆိုးကို ကြည့်လိုက်သည်။
နောက်ထပ် ရက်စက်တဲ့ ကောင်စုတ်ပဲ။ သူတို့အားလုံးက ရက်စက်တာပါပဲ။ သူတို့နာမည်တွေမှာ နတ်ဆိုးတွေ ပါနေမှတော့ သိသာတယ်။ ဒါပေမဲ့ ဒီတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်တောင် ပယ်ပြီးတော့ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲခဲ့တာ။ ဒါပေမဲ့ သူက သူ့လက်ရာကို အရမ်းကို ယုံကြည်ချက်ရှိနေပေမဲ့ သူ့ရဲ့ ရုပ်သေးရုပ်အမြုတေကို နှလုံးသားရှိတဲ့နေရာမှာထားခဲ့တဲ့ တုံးအအ အမှားမျိုး လုပ်ခဲ့တာပဲ။
အဲဒီဟာကို ပြင်ဆင်နိုင်ပြီး ငါ သူ့ရဲ့ အသင်္ချေတာအိုအမြုတေမှာ တခြားသင်္ကေတတွေကို ထပ်ဖွဲ့စည်းနိုင်တာနဲ့ သူက မှီခိုလို့ရတဲ့ အင်အားစု ဖြစ်လာနိုင်တယ်။ ပြီးတော့ သူ့ရဲ့ ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေကို ချိုက်စုန့်အတွက် လက်ဆောင်အနေနဲ့ ပေးလို့ရတယ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး ခန္ဓာနတ်ဆိုးကို ကြည့်လိုက်သည်။
ပေါင်းစည်းခြင်းနည်းစနစ်က အတော်လေး ထူးကဲတယ်။ ဒါပေမဲ့ အဲဒီကောင်စုတ်က လှမ်းမှားရောက်သွားတာပဲ။ သူက မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရထားပေမဲ့ စွမ်းအားတော့ ရမထားဘူး။ သူ့ရဲ့ ပေါင်းစည်းမှုနည်းစနစ်က ခန္ဓာကိုယ်လေ့ကျင့်ရေးရဲ့ နာကျင်တဲ့ ဖြစ်စဉ်တွေကို ရဖို့ အသုံးပြုခဲ့တာပဲ။ အဲဒါဆိုတော့ သူ့ခန္ဓာကိုယ်က ဟာကွက်တွေနဲ့ ပြည့်နေတယ်။ သူ့စိတ်ဆန္ဒကလည်း အားနည်းလွန်းတယ်…
သူက အလားအလာကောင်းသည့် ခန္ဓာကိုယ်ရှိထားသော်လည်း ထိုနတ်ဆိုးက စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းပင် မဖော်ထုတ်နိုင်ပေ။
သူက ခွန်အားအစစ်အမှန်တာအိုစမ်းသပ်ချက်ကို ရှောင်ရှားဖို့ လုပ်ခဲ့တာပဲ။ ဒီအပြုအမူက တန်ကြေးမပေးဘဲ ခွန်အားကြီးကြီးမားမား ရယူလိုက်တာမလို့ သူ့ကံကောင်းမှုကို ပျက်စီးသွားစေတယ်…
ဝမ်ဝေ့က ထိုကောင်စုတ်သည် ပြင်ပလောကတွင် ပထမဆုံး သေနိုင်သည့်သူဖြစ်ကြောင်း ပြောနိုင်လေသည်။
အဲဒါဆိုတော့ ကောင်စုတ်ကို ငါ့ရဲ့ ကိုယ်ပိုင်ကံကောင်းမှုနဲ့ ကာကွယ်ပေးပြီးတော့ သူ့ကို အစစ်အမှန် ခန္ဓာကိုယ်လေ့ကျင့်သူဖြစ်အောင် ပြောင်းလဲပေးရမယ်။ ပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒကိုလည်း လေ့ကျင့်ပေးရမယ်။ သူက ငါ့လိုအပ်ချက်တွေနဲ့ ပြည့်မှီတာနဲ့ ငါနဲ့ မုန့်ခယ်တို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပေးပြီး သူ့ကို ထိပ်တန်းခန္ဓာကိုယ်လေ့ကျင့်သူအဖြစ် ပြောင်းလဲပေးလို့ ရတယ်…
ဝမ်ဝေ့က ထိုအစီအစဉ်နှင့် ပတ်သက်ပြီး ကျေနပ်နေလေသည်။ အထူးသဖြင့် ခန္ဓာနတ်ဆိုးက ထိုငါးယောက်အနက် ဉာဏ်အများဆုံးသူ ဖြစ်နေ၍ ဖြစ်သည်။ သေချာမှန်မှန်ကန်ကန် အသုံးပြုနိုင်ပါက သူသည် ကောင်းမွန်သည့် နယ်ရုပ်တစ်ခု ဖြစ်လာလိမ့်မည်။
ထို့နောက် သူက ကျိန်စာနတ်ဆိုးကို ကြည့်လိုက်၏။ ထိုသူက အင်မတန်ဖြူဖျော့နေသည့် အသားအရည်နှင့် လည်ချောင်းမှ နောက်ကျောအထိ အနက်ရောင်အမှတ်အသားများ ဖုံးလွှမ်းနေသည့် လူငယ်လေးတစ်ယောက် ဖြစ်၏။ သူက အပေါ်ယံတွင် ဘာမှထူးကဲနေသည့် အရာ မရှိသော်လည်း သူက ကြောက်မက်ဖို့ကောင်းသည့် သွေးမျိုးဆက် ကျိန်စာဖြင့် မွေးဖွားလာသည်။ ထိုကျိန်စာ၏ ဇစ်မြစ်ကမူ စိတ်ဝင်စားဖို့ ကောင်းလှ၏။ သို့သော် ယခုအတွက်မူ သူ ဖြေရှင်းနိုင်သည့်အရာ မဟုတ်သေးပေ။
ဝမ်ဝေ့က စဉ်းစားနေသည်။ ဒါပေမဲ့ ငါတို့တွေ သွေးမျိုးဆက်ကျိန်စာကို သူ့စွမ်းအားအနေနဲ့ အသုံးပြုနိုင်မဲ့ နည်းလမ်းရှာတွေ့တယ်ဆိုရင် သူက ကြီးမားတဲ့ အထောက်အကူ ဖြစ်လာနိုင်တယ်။
နောက်ဆုံးတော့ သူက တစ္ဆေနတ်ဆိုးမကို ကြည့်လိုက်၏။ သူမက ခရမ်းရင့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ဆိုးဆိုး အမျိုးသမီးကြီးတစ်ဦး ဖြစ်၏။ ကျင့်ကြံသူများက သူတို့၏ ရုပ်ရည်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်လေသည်။ သို့သော် သူမက ဤသို့ ရုပ်ဆိုးဆိုးသွင်ပြင်ကို တမင်ရွေးချယ်ထားလေ၏။
ကံကြမ္မာကြိုးမျှင် ဖတ်ရှုရေးနည်းစနစ်မှ သူမသည် ငယ်ရွယ်စဉ်အခါက မည်မျှခံစားခဲ့ရကြောင်း သိလိုက်ရသည်။
တကယ်လို့ သူမရဲ့ တစ္ဆေတပ်ဖွဲ့နဲ့ ရုပ်သေးရုပ်တပ်ဖွဲ့ကိုသာ ပေါင်းစည်းနိုင်မယ်ဆိုရင် တပ်ဖွဲ့တစ်ခုကို ပြုစုပျိုးထောင်ပေးလို့ရပြီ…
သူက ကပ်ပါးများ၏ နောက်ခံသည် မည်မျှနက်ရှိုင်းကြောင်း သိထားသည့်အတွက် လိုအပ်သမျှ အကူအညီအားလုံးကို ပြင်ဆင်ထားဖို့ လိုအပ်သည်။
ယခု သူက သူ့အဖွဲ့ကို ပိုမိုကောင်းမွန်စွာ နားလည်လာပြီဖြစ်သည့်အတွက် ဤနေရာကို အဖွဲ့လေးခုကို ပစ်မှတ်ထားခြင်းဖြင့် သိမ်းပိုက်ဖို့ ပြင်ဆင်လိုက်သည်။ သူက အချိန်က သူ့ဘက်တွင် မရှိသည့်အတွက် တတ်နိုင်သမျှ မြန်မြန်လုပ်ဖို့ လောနေမိသည်။