← Chapters

ရက်စက်ခြင်းဘုရင်

Vol. 89 Ch. 1239

ရက်စက်ခြင်းဘုရင်

Vol. 89 Ch. 1239

နောက်အဆင့်ကို စီစဉ်ပြီးသည့်နောက်တွင် အားလုံးက သူတို့၏ သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်လိုက်ကြသည်။ ဝမ်ဝေ့က သွေးမျိုးဆက်အဖွဲ့ကို သူ့ပစ်မှတ်အနေနှင့် ရွေးချယ်ခဲ့ပြီး အလျင်အမြန် ဖြေရှင်းခဲ့သည်။ သူက သူတို့၏ ခေါင်းဆောင်ဖြစ်သည့် ရှားပါး နှင်းမိုးကြိုးကျားသစ်ကို မျှားခေါ်လိုက်သည်။ ထိုသူက ကောင်းကင်ဘုံအဆင့်နှင့် ယှဉ်နိုင်သော်လည်း ကောင်းကင်အလိုဆန္ဒ မရှိသည့် ဒုတိယအဆင့် မြေကမ္ဘာယွမ်ထီတစ်ယောက် ဖြစ်၏။

ဝမ်ဝေ့က လျှို့ဝှက်နယ်မြေတစ်ခု ဖန်တီးကာ သူ့သွေးကို အထဲတွင် ထားရှိပြီး သွေးမျိုးဆက်အဖွဲ့ဝင်တစ်ယောက် ရှာတွေ့အောင် မျှားခေါ်ခဲ့ခြင်း ဖြစ်၏။ ထိုသူက အဖွဲ့၏ အထက်ပိုင်းကို အလျင်အမြန် အကြောင်းကြားခဲ့သည့်အတွက် ထိုလျှို့ဝှက်သတင်းက မကြာခင် နှင်းမိုးကြိုးကျားသစ်၏ နားထဲ အလျင်အမြန် ရောက်ရှိသွားသည်။

ထိုအရာဖြစ်ပျက်လာသည်နှင့် သူ့ကို အနိုင်ယူဖို့နှင့် အဖွဲ့ကို ထိန်းချုပ်ဖို့က အင်မတန်လွယ်ကူလှ၏။ ဝမ်ဝေ့က သူတို့၏ အခြေစိုက်စခန်းဆီ ပြန်ရောက်လာသည့်အခါ အဖွဲ့က စောင့်ဆိုင်းနေကြသည်။

“ဒါက မဟာမြူအဖွဲ့ခေါင်းဆောင်ပဲ”

ဝမ်ဝေ့က မှတ်ချက်ပေးရင်း အမျိုးသမီးဆန်သည့် အသွင်အပြင်များကြောင့် လှပသည်ဟု ဖော်ညွှန်းနိုင်သည့် အမျိုးသားကို ကြည့်လိုက်သည်။

“ပြဿနာရှိလို့လား” သူက မေးလိုက်သည်။ သူက မုန့်ခယ်အား ထိုသူနှင့် ရင်ဆိုင်ဖို့ စေလွှတ်လိုက်ခြင်း ဖြစ်၏။ မဟာမြူအဖွဲ့က ကောင်းကင်ဘုံအရှင်၊ တာအိုအုပ်ချုပ်သူ သို့မဟုတ် သက်ရှိများကို ဖန်တီးနိုင်စွမ်းရှိသည့် ကျင့်ကြံသူအားလုံးကို မုန်းတီး၍ ဖြစ်သည်။

“သူက ကျုပ်ကို တွေ့ခွင့်ပေးခဲ့ပေမဲ့ ကျုပ်လာတဲ့ အကြောင်းအရင်းကိုလည်း သိရော ချက်ချင်း ရန်လိုလာတာပဲ” မုန့်ခယ်က ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က ထိုသို့တုံ့ပြန်မှုမျိုးကို ထင်မှတ်ထားပြီးသားဖြစ်သည့်အတွက် ခေါင်းညိတ်လိုက်၏။

“မင်းနာမည်က ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သို့သော်လည်း မဟာမြူအဖွဲ့ခေါင်းဆောင်က သူ့ကို စိုက်ကြည့်နေလေ၏။

“ကျိုးပေါ်လား။ နာမည်ကောင်းပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“မင်းက ထူးဆန်းတာပဲ။ ငါတို့ ဖန်တီးသူတွေအတွက် ပြင်းထန်တဲ့ အမုန်းတရား ရှိနေတယ်ဆိုပေမဲ့ ခစားဖို့ လုံလောက်တဲ့သူ ရှာတွေ့ဖို့ တိတ်တဆိတ် မျှော်လင့်နေတုန်းပဲ။ မင်းရဲ့ သခင်က မင်းကို အရမ်းကြီး ကောင်းကောင်းဆက်ဆံတာဆိုတော့ ထူးတော့မထူးဆန်းဘူး။ မင်းအတွက် ချစ်မြတ်နိုးရတဲ့ အဲဒီအချိန်တွေကို ပြန်ပြီးတော့ လိုချင်မှာပဲ။”

“ပါးစပ်ပိတ်ထား။ ကျုပ်အကြောင်း သိသလို လာမလုပ်နဲ့” ကျိုးပေါ်က အော်ပြောလိုက်သည်။

“ဒါပေမဲ့ ငါ သိတယ်”

“ခင်ဗျားကို ခစားမဲ့အစား သေပဲသေလိုက်မယ်” ကျိုးပေါ်က အံကြိတ်ကာ ပြောလိုက်သည်။

“ကိစ္စမရှိဘူးလေ” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“မင်းက မင်း ထင်ထားသလောက် တန်ဖိုးရှိနေတာ မဟုတ်ဘူး။ အထူးသဖြင့် ကောင်းကင်ဘုံအဆင့် ဖန်ဆင်းမှုစမ်းသပ်ချက်ကို ဘယ်လို ရှင်သန်ခဲ့တယ်ဆိုတဲ့ မှတ်ဉာဏ်ကို ဆွဲယူပြီးတဲ့နောက်မှာပေါ့။ ဒါပေမဲ့ မင်းကိုယ်မင်း သတ်သေမယ်ဆိုရင် သွေးမျိုးဆက်အဖွဲ့ခေါင်းဆောင်ကို မင်း ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို စားခိုင်းမှာ။ မင်းရဲ့ လူတွေလည်း အပါအဝင်ပဲဆိုတာ မှတ်ထား”

“ခင်ဗျား မကောင်းဆိုးဝါး” ကျိုးပေါ်က အံကြိတ်ကာ ပြောလိုက်သည်။ အကယ်၍ သက်ရှိများကို ဘာမှမဟုတ်သကဲ့သို့ ကစားနေသည့် ထိုကောင်းကင်အရှင်များထက် မုန်းတီးသည့်သူတစ်ယောက်ကို ဖော်ညွှန်းရမည်ဆိုပါက ထိုသူသာ ဖြစ်လိမ့်မည်။ သူက ထိုကျားသစ် သူ့ကို အနိုင်ယူသွားမည်ထက် တခြားတစ်ယောက်ထံတွင် အညံ့ခံလိုက်မည်။

“ကောင်းပြီ။ အပေးအယူလုပ်ကြတာပေါ့” ကျိုးပေါ်က ပြောလိုက်၏။

“အဲဒီကျားသစ်ကို သတ်ခွင့်ပေးရင် ကျုပ်ဘဝက ခင်ဗျားအပိုင်ပဲ”

“ငါ ပြောတဲ့အတိုင်း မင်းက အဲ့လောက် အဖိုးတန်နေတာ မဟုတ်ဘူး” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“တကယ်လို့ ကျုပ်က သူ့ထက် ပိုပြီး အဖိုးတန်တယ်ဆိုရင် အဲ့လိုဖြစ်ခွင့်ပေးမှာလား”

“စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က မေးကိုင်ရင်း ရေရွတ်လိုက်သည်။

“ကောင်းပြီလေ။ ပြောကြည့်။ မင်းရဲ့ ထိုက်တန်မှုကို ဘယ်လိုသက်သေပြမှာလဲ”

“ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာပြီးတော့ပေါ့” ကျိုးပေါ်က အံကြိတ်ကာ ပြောလိုက်သည်။

“ဟုတ်သားပဲ။ တကယ်လို့ မင်းသာ ငါ့ရဲ့ ဖန်ဆင်းမှုတစ်ယောက်ဖြစ်လာမယ်ဆိုရင် ထာဝရကောင်းကင်ဘုံအဆင့်ဖြစ်လာဖို့ ဖန်ဆင်းမှုစမ်းသပ်ချက် ခံယူနိုင်အောင် ခွင့်ပြုပေးနိုင်တယ်။ ဒါပေမဲ့ မင်းက အဲ့စမ်းသပ်ချက်မှာ အသက်ရှင်မှာမလို့လား။ ငါ့ရဲ့ နဂိုဖန်ဆင်းမှုနဲ့ မတူဘဲ မင်းက ကျရှုံးလိုက်တာနဲ့ တကယ်သေသွားမှာ”

“ကျုပ် အသက်ရှင်မှာပါ” ကျိုးပေါ်က အံကြိတ်ကာ ပြောလိုက်သည်။ သူက အခြေအနေအရ ပုံမှန်မဟာမြူသက်ရှိများသည် ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာသည်ထက် ဆယ်ဆမက ပိုမိုခက်ခဲကြောင်း သိထားလေသည်။ သို့သော် သူက ဂရုမစိုက်ပေ။ သူက ထိုကျားသစ်ကို သတ်နိုင်ဖို့အတွက် သူ့ဘဝကို အလောင်းအစား ချထား၏။

“ကောင်းပြီလေ။ ရလဒ်ကို မျှော်လင့်နေမယ်” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

သူက အဲဒီအမျိုးသားရဲ့ ဆန္ဒကို အသုံးချပြီး ထိန်းချုပ်လိုက်တာ မြင်တယ်မလား။ ကြည့်ရတာ လူသားတွေရဲ့ စိတ်ကို ကိုင်တွယ်ဖို့ သင်ယူရဦးမဲ့ပုံပဲ…

မုန့်ခယ်က သူ့ဇနီးကို စိတ်မှ ဆက်သွယ်ကာ ပြောလိုက်သည်။

ဟုတ်တယ်။ ရှင် သူ့ကို စောင့်ကြည့်ပြီးတော့ အများကြီး သင်ယူနိုင်တယ်။ ဒီခေတ်ကာလ အဆုံးသတ်သွားတာနဲ့ ကျွန်မတို့ လူရိုင်းမျိုးနွယ်က ကြားနေကို ထိန်းထားဖို့ ခက်လိမ့်မယ်…

ထိုအခါက မုန့်ခယ်က လမ်းတွင် ဝင်ရှုပ်လာမည့် အကြီးအကဲအများစုကို ဖြေရှင်းရဦးမည် ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့ကဲ့သို့ ခေါင်းဆောင်သည့် အရည်အချင်းနှင့် ပြောဆိုဆက်ဆံသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားသည်က သူ့အတွက် အခြေအနေကို ထိန်းညှိဖို့ရာအတွက် အရေးပါလာလိမ့်မည်။ အထူးသဖြင့် သူက ရှေးဦးစံပြဖြစ်လာပြီး မျိုးနွယ်ထဲတွင် အကြွင်းမဲ့အာဏာ ရှိမနေခင်အချိန် ဖြစ်၏။

သူက တုကွန်း၊ တစ္ဆေနှင့် ရုပ်သေးရုပ်နတ်ဆိုးတို့ ခေါ်ဆောင်လာသည့် အရူးသူခိုးအဖွဲ့မှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

“သူတို့ ခေါင်းဆောင်က ဘယ်မှာလဲ”

“ဒါက အဖွဲ့ရဲ့ ဒုခေါင်းဆောင်တွေပါ” တုကွန်းက ရှင်းပြလိုက်သည်။

သူတို့ရဲ့ ခေါင်းဆောင်အတွက်တော့ သူက ပျောက်ကွယ်သွားတယ်”

“သူက ထွက်ပြေးသွားတာလား”

“မဟုတ်ပါဘူး” သူမက တုံ့ပြန်လိုက်၏။

“သူက အဖွဲ့ကို သီးသန့်ကျင့်ကြံတဲ့အချိန် ဝင်မယ်ဆိုပြီးတော့ ကြေညာသွားခဲ့တာ။ သူတို့ဌာနချုပ်ကို ဝင်စီးတုန်းကတောင် ထွက်ပေါ်မလာခဲ့ဘူး”

“အဲဒါဆိုတော့ သူ့လူတွေကို စွန့်ပစ်သွားတာလား”

“အဖွဲ့ခေါင်းဆောင်က ကျုပ်တို့ကို စွန့်ပစ်မှာ မဟုတ်ဘူး” ဒုခေါင်းဆောင်ထဲမှ လက်ချောင်းသွယ်က ဝင်ပြောလိုက်သည်။

“သူ့ ကျင့်ကြံရေး မအောင်မြင်ခင်အထိ စောင့်နေလိုက်။ မင်းတို့အားလုံးကို လာပြီးတော့ လက်စားလာချေလိမ့်မယ် ”

“မင်းရဲ့ ခေါင်းဆောင်ကို ဘာလို့များ အဲ့လောက်ယုံကြည်နေရတာလဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဒီလိုဖြစ်တာ ပထမဦးဆုံးအကြိမ်လို့များ ထင်လို့လား” လက်ချောင်းသွယ်က နှာခေါင်းရှုံ့လိုက်၏။

“ပါးစပ်ပိတ်ထား” နောက်ထပ် ဒုခေါင်းဆောင်ဖြစ်သူ သွားနက်က အော်ပြောလိုက်သည်။

“ငါတို့ရဲ့ သတင်းအချက်အလက်ကို ရန်သူဆီ ပေးချင်နေတာလား”

လက်ချောင်းသွယ်က ရုတ်ချည်းဆိုသလို ငြိမ်ကျသွားပြီး ဝမ်ဝေ့ကိုသာ စိုက်ကြည့်နေသည်။

“တကယ်ကို ယုံကြည်ရတဲ့ ခေါင်းဆောင်ပဲ” ဝမ်ဝေ့က မှတ်ချက် ပေးပြီး သူတို့၏ အတိတ်ကို ရှာဖွေကြည့်လိုက်သည်။ သို့သော်လည်း သူတို့၏ ခေါင်းဆောင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အနက်ရောင်မြူများဖြင့် လွှမ်းခြုံထားလေ၏။

ဒီနေရာက ထူးကဲတဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်နေတာပဲ…

သူက တွေးရင်း ပြုံးလိုက်မိသည်။

“နောက်ဆုံးကရော” ဝမ်ဝေ့က ရုတ်ချည်းဆိုသလို အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

“တစ်ခုခုဖြစ်လို့လား” မုန့်ခယ်က မေးလိုက်သည်။

“နောက်ဆုံးအဖွဲ့ အဖမ်းခံလိုက်ရတယ်”

“ဟုတ်လား။ သူတို့ရဲ့ တာဝန်က စောင့်ကြည့်ပြီးတော့ ကျုပ်တို့ကို စောင့်နေဖို့ပဲလေ။ ဘယ်လိုလုပ် အဖမ်းခံလိုက်ရတာလဲ။ သူတို့က အမိန့်ကို မနာခံတာလား” မုန့်ခယ်က မေးလိုက်သည်။

“မဟုတ်ဘူး။ သိုင်းပညာတားမြစ်အဖွဲ့က သူတို့လာမယ်ဆိုတာကို သိထားပြီးတာ”

“ကြည့်ရတာ ကျုပ်တို့ရဲ့ လှုပ်ရှားမှုတွေက ပေါက်ကြားသွားတဲ့ပုံပဲ။ ဒါမှမဟုတ်ဘူးဆိုရင် ရက်စက်ခြင်းဘုရင်က အန္တရာယ်ကို ခံစားမိလို့နေမယ်” မုန့်ခယ်က သုံးသပ်လိုက်သည်။

“ကြည့်ရတာ ငါတို့ တဲ့တိုးဆန်ဆန် ဖြေရှင်းရမဲ့ပုံပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူက အချိန်မဖြုန်းတော့ဘဲ အားလုံးကို သိုင်းပညာတားမြစ်ဌာနချုပ် အပြင်ဘက်သို့ ပို့ဆောင်လိုက်သည်။ ထိုသူများက သူတို့ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြပြီး ချပ်ဝတ်များကို ဝတ်ဆင်ထားကာ တန်းစီပြီး ရပ်နေကြသည်။

ဒီလူတွေက လူမိုက်တွေတော့ မဟုတ်ဘူး။ တိုက်ပွဲများစွာကို လေ့ကျင့်ထားတဲ့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ တပ်သားတွေပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

“လူရိုင်းဘုရင် …  နောက်ကွယ်မှာ မင်းဖြစ်နေမယ်လို့ ထင်မထားဘူး” ရုပ်ချောချော လူလတ်အရွယ် အမျိုးသားက ပြောလာခဲ့သည်။ ထိုသူက သူ သေသပ်စွာ ထုံးဖွဲ့ထားသည့် ဆံထုံးထဲတွင် ဆံပင်ဖြူတချို့ ရှိနေလေ၏။ ထို့နောက် နဂါးပုံစံပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

“ဒါက နတ်ဆိုးငါးကောင်ဆီက တိုက်ခိုက်မှုလို့ ထင်နေတာ” ရက်စက်ခြင်းဘုရင်က ပြောလိုက်သည်။

“အခုတော့ ကြည့်ရတာ မင်းလက်ချက်တောင် ဟုတ်တဲ့ပုံ မပေါ်ဘူး”

သူက ဝမ်ဝေ့သည် ရှေ့ဆုံးတွင်ရှိကြောင်း သတိထားမိသွား၏။ သူက သိပ်မကြာခင်က ကြားရသည့် သတင်းတချို့ကို ပြန်လည်အမှတ်ရသွားခဲ့သည်။ တစ်စုံတစ်ယောက်က လူရိုင်းဘုရင်ကို အနိုင်ပိုင်းခဲ့ကြောင်း ဖြစ်၏။

“ခင်ဗျားက ဘယ်သူများလဲ”

ဝမ်ဝေ့က သူ့ကို ချက်ချင်း ပြန်မဖြေသေးဘဲ အာရုံကို တစ်စုံတစ်ယောက်က ဖမ်းစားသွားခဲ့သည်။ ရက်စက်ခြင်းဘုရင်နောက်တွင် ရပ်နေသည့် လူနှစ်ယောက်က ထိုသူ၏ သားများဖြစ်ကြောင်း သိလေ၏။ သူတို့နှစ်ယောက်လုံးက ထာဝရဧကရာဇ်အဆင့်ဖြစ်ကာ သူ့အာရုံကို မဖမ်းစားနိုင်သင့်ပေ။ သို့သော်လည်း ဘယ်ဖက်တွင်ရှိသည့် လူတစ်ယောက်က ထူးဆန်းလှ၏။

ပထမဦးစွာ ဝမ်ဝေ့က ထိုလူငယ်၏ ကျင့်ကြံဆင့် အတိအကျကို မပြောနိုင်ပေ။ သူသည် မဟာတာအိုအရင်းအမြစ် ၅၀ ရာခိုင်နှုန်းမျှသာ ရှိသည်ဟု ထင်ရသော်လည်း သူ့အစ်ကိုကမူ ၆၀ ရာခိုင်နှုန်း ရှိနေလေသည်။ သို့သော် ဝမ်ဝေ့က ထိုသူသည် သူ့တကယ့်အစစ်အမှန်အဆင့်ကို ဖုံးကွယ်ထားကြောင်း သိလိုက်သည်။ မည်သည့်နည်းလမ်းအသုံးပြုထားစေကာမူ သူ ကိုယ်တိုင်ပင် ထိုးဖောက်မမြင်နိုင်သည့်အရာမျိုး ဖြစ်၏။

ဒုတိယအနေဖြင့် သူ့အာရုံကို ဖမ်းစားသွားစေသည့်အရာက ထိုလူငယ်၏ မျက်ဝန်း ဖြစ်၏။ ထိုသူက အဆင့်၁၇ ကောင်းကင်ရုပ်ခန္ဓာဖြင့် မွေးဖွားလာလေသည်။ မျက်ဆံနှစ်ခု ပိုင်ဆိုင်ထား၏။

နောက်ဆုံးအနေဖြင့် ထိုလူငယ်၏  သူတို့တည်ရှိမှုအပေါ် တုံ့ပြန်မှုက ထူးဆန်းလှသည်။ ပထမဦးစွာ မုန့်ခယ်ကို စိုးရိမ်တကြီးဖြင့် ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့အား ကြောက်လန့်တကြီး ကြည့်လာခဲ့သည်။ ထိုစိတ်ခံစားချက်အားလုံးက မြန်ဆန်လွန်းသည့်အတွက် သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းချုပ်နိုင်ခင် သတိထားမိဖို့ပင် မဖြစ်နိုင်ပေ။

စိတ်ဝင်စားစရာ ကောင်းတဲ့သူပဲ…

ဝမ်ဝေ့က တွေးလိုက်ပြီးသည့်နောက်တွင် ရက်စက်ခြင်းဘုရင်ကို အာရုံစိုက်လိုက်သည်။

“နာမည်က ကောင်းကင်ဘုံအရှင်ဝမ်။ တွေ့ရတာ ဝမ်းသာပါတယ်။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။ ရက်စက်ခြင်း ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားနဲ့ ပိုပြီးရင်းနှီးတဲ့ အရှင်မင်းကြီးလို့ပဲ ခေါ်ရမလား”

ရက်စက်ခြင်းဘုရင်က မျက်မှောင်ကြုတ်လိုက်၏။

“ရက်စက်ခြင်းဆိုတာ အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က တိုင်းပြည်မဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ”

“ဒါက ခက်ခဲမယ်ဆိုတာ သိပေမဲ့ ကျုပ်ရဲ့ သိချင်စိတ်ကို ဘယ်လိုများ နှိုးဆွပေးနိုင်ခဲ့တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ခင်ဗျားရဲ့ တိုင်းပြည်က ဘယ်လိုဖျက်စီးခံခဲ့ရတာလဲ။ အဲဒီကပ်ပါးတွေ လုပ်ပြီး ခင်ဗျားကို ဒီနေရာဆီ မောင်းထုတ်လိုက်တာလို့တော့ ထင်တယ်။ ဒါပေမဲ့ သူတို့တွေက ဘာလို့ ဖျက်ဆီးခဲ့ရတာလဲ။ အကြောင်းအရင်းတချို့တော့ ရှိရမယ်။ ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားတို့တွေက  သူတို့ရဲ့ ရှင်းလင်းရေးစာရင်းထဲမှာ တစ်စိတ်တစ်ပိုင်း ဖြစ်နေလို့လား”

“ဒါက သူစိမ်းတွေပြောရမဲ့ စကားဝိုင်းလို့တော့ မထင်ဘူး” ရက်စက်ခြင်းဘုရင်က လက်သီးဆုပ်ကာ သူ့ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားရင်း တုံ့ပြန်လိုက်သည်။

“ကောင်းပြီလေ။” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“လာရင်းကိစ္စကို ပြောလိုက်ရအောင်။ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို မေးဖို့ စကားဝိုင်း ရောက်လာလိမ့်မယ်လို့ ထင်တယ်။ ကျုပ်တို့နဲ့ ခင်ဗျားတို့ကြားမှာ ဘာရန်ကြွေးတွေ ရှိတာလဲ”

ရက်စက်ခြင်းဘုရင်က ဝမ်ဝေ့ကို စိုက်ကြည့်လိုက်သည်။ သူက တစ်ဖက်သူသည် အပြည့်အဝလွှမ်းမိုးထားနိုင်သည့် စကားဝိုင်းရှိသည့် နောက်ဆုံးအကြိမ်ကို  မမှတ်မိတော့ပေ။ သူက အဆုံးစွန်နည်းလမ်းများကို အသုံးပြု၍ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းထားရ၏။

All Chapters