ဆွဲခေါ်ခြင်း! သူတို့အားလုံးဘာလို့ထူးဆန်းနေ?
Vol. 29 Ch. 426
''သူဌေးချင်... ငါတို့ပြန်ရင် မင်းကိုဒုက္ခပေးရတော့မယ်''
ဝန်ကြီးလုက ဖရဲသီးစိတ်ကိုလတ်စသတ်ပြီး နောက်တစ်စိတ်ယူလိုက်သည်။
ဒီဖရဲသီးစားရတာ တကယ်နှစ်သက်စရာဟုဆိုရမည်။ အသားဖြစ်ဖြစ်၊ အရည်ရွှမ်းတာဖြစ်ဖြစ်၊ ဒါမှမဟုတ် စားပြီးပါးစပ်ထဲမွှေးကျန်နေခဲ့တာပဲဖြစ်ဖြစ်ပေါ့။
ချင်လင်ကအရူးမဟုတ်၊ သဘောတူသည်ပင်။
ဝန်ထမ်းတွေခွဲလာသောဖရဲသီးကို ညှိနှိုင်းသူများကမြန်မြန်စားပစ်လိုက်ကြသည်။ သူတို့ကြည့်ရတာ ကျေနပ်သေးပုံမရ၍ ချင်လင်ကဝန်ထမ်းများကိုနောက်ထပ်နှစ်လုံးခွဲခိုင်းလိုက်သည်။
မကြာမီ ပါမောက္ခရန်နှင့်လီခိုင်လည်းလှုပ်ရှားသည်။ သူတို့ကဒိုနာစီမြက်ရင်းအမြစ်ကိုသေချာတူးယူပြီး အထူးကိရိယာတစ်ခုနှင့်တစ်ပိုင်းဖြတ်လိုက်သည်။ မြေကြီးထဲမှတစ်ပိုင်းကိုလည်း မပုပ်စေရန် အထူးဂွမ်းနှင့်စွတ်လိုက်သည်။
ဖြတ်လိုက်သောအပိုင်းကို ဆေးဖော်စပ်ရန် ဝန်ကြီးလုပြန်ယူသွားဖို့ပေးလိုက်သည်။
ဒိုနာစီမြက်ရင်းအတွက်ညှိနှိုင်းခြင်းက အဆင်ချောသွားပြီဖြစ်သောကြောင့် ဝန်ကြီးလုကကြာကြာမနေတော့။ ကျန်းမာရေးအာမခံဌာနက ရလဒ်အတွက်လောနေသောကြောင့်ပင်။ ဒိုနာစီမြက်ရင်းကိုပြန်ယူသွားပြီး အမြန်ဆုံးအနာကျက်ဆေးရည်ဖော်ရမည်။
ဘာပဲဖြစ်ဖြစ် သိပ်ကြာမည်မဟုတ်။
ဒီဆေးရည်အောင်မြင်သွားရင် ဆေးအဖွဲ့ကိုတိုက်ရိုက်ပြနိုင်ပြီ။ ဆေးရည်မှာပြဿနာရှိရင်တော့ ဆေးအဖွဲ့နှင့်ပြန်ညှိနှိုင်းရုံကလွဲပြီးတခြားမတတ်နိုင်ပေ။
ထို့ကြောင့် နောက်တစ်နေ့တွင် ရှန်လီကလှူဒါန်းဖို့အတွက်စာဖိုင်ပို့ပေးလိုက်သည်။ နှစ်ဦးနှစ်ဖက်လက်မှတ်ထိုးပြီးနောက် ဝန်ကြီးလုကပါမောက္ခရန်နှင့်အတူ ဒိုနာစီမြက်ရင်းကိုယူသွားသည်။ ပါမောက္ခရန်ကိုယ်တိုင် ဆေးပြင်ဆင်ရာတွင်ပါဝင်ဆောင်ရွက်ရမည်။
အရည်အသွေး ၂ ဖရဲသီးတချို့လည်းယူသွားသည်ပေါ့။
ချင်လင်နှင့်လီခိုင်က ဝန်ကြီးလုနှင့်ပါမောက္ခရန်ကိုကားပါကင်လိုက်ပို့ပြီးနောက် ပြန်လှည့်ပြီးစံအိမ်ထဲလျှောက်လာသည်။
ထိုအချိန်တွင် လီခိုင်ကရုတ်တရက်ပြောလာသည်_
''ညီလေးချင်... ပါမောက္ခရန်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်''
ချင်လင်ကအံ့ဩပြီး ဇဝေဇဝါနှင့်မေးလိုက်သည်_
''အစ်ကိုလီ... ပါမောက္ခရန်က ခင်ဗျားကိုအနှောင့်အယှက်ပေးလို့လား? ဒီရက်တွေမှာ ခင်ဗျားနဲ့သူနဲ့အဆင်ပြေနေတာမဟုတ်ဘူးလား?''
လီခိုင်ကရှင်းပြ၏_ ''ပါမောက္ခရန်က ဒီရက်တွေမှာ သူ့ဆီကိုလာဖို့နားပူနားဆာလုပ်နေတာ... ငါကအရည်အချင်းရှိတယ်ပဲပြောနေတာ''
''သောက်...'' ထိုသတင်းကြားလျှင် ချင်လင်ဆဲမိသည်။
ပါမောက္ခရန်က တကယ်ဆွဲခေါ်နေတာပဲ။
လွန်လွန်းတယ်။
အစ်ကိုလီသာတကယ်ပါသွားရင် ဒီလောက်ကောင်းတဲ့ခုတုံးကို သူဘယ်နားသွားရှာရမလဲ?
''အစ်ကိုလီ... ခင်ဗျားပါမောက္ခရန်စကားနားယောင်လို့မဖြစ်ဘူး... စံအိမ်မှာနေရတာမကောင်းဘူးလား? ဒီမှာ ဒေါက်တာထန်လည်းရှိတယ်''
ချင်လင်က မြန်မြန်ပြောလိုက်သည်။ အလှလေးနဲ့ခွင်ဖမ်းဖို့လည်းမမေ့။
ထိုအလှလေးစနက်မှာ လီခိုင်လုံးဝပျော်သွားသည်။ သူကပြုံးလိုက်ပြီး_
''ဟုတ်တယ်... ရှိုးဝမ်ကဒီမှာရှိသေးတယ်... ငါဘယ်လိုလုပ်သွားရမှာလဲ? ပြီးတော့ ပါမောက္ခရန်က ငါ့ကိုအထင်ကြီးလွန်းနေတာ... ဒီအထူးမြေကြီးမရှိဘဲ ဒိုနာစီမြက်ရင်းကိုအောင်အောင်မြင်မြင်ပျိုးထောင်နိုင်မှာမဟုတ်ဘူး''
သူတို့နှစ်ယောက်စကားပြောနေစဉ် အဖြူရောင်ကုတ်ဝတ်ထားသောထန်ရှိုးဝမ်က သူနာပြုတစ်ယောက်နှင့်ဖြတ်သွားသည်ကိုတွေ့ရသည်။
''ရှိုးဝမ်ပဲ... ညီလေးချင် ငါမင်းနဲ့မပြောတော့ဘူး'' လီခိုင်ကပြောပြီး ဒေါက်တာထန်ဆီလျှောက်သွားသည်။ သူကခပ်လှမ်းလှမ်းမှနှုတ်ဆက်လိုက်၏_
''ရှိုးဝမ်''
ချင်လင်က လီခိုင်၏နောက်ကျောကိုကြည့်ရင်း ဝမ်ချိုင်၏အဖော်ကိုကြည့်နေရသလိုခံစားရသည်။
အခုတော့ အစ်ကိုလီရဲ့နောက်ပိုးလမ်းကြောင်းအဆင်ပြေပြီး မြေခွေးအဖြစ်နဲ့ သူလိုချင်တာအမြန်ဆုံးရပါစေဟုသာ ဆုတောင်းရတော့မည်။
ထိုအတွေးနှင့် သူ့ရုံးခန်းထဲလျှောက်သွားပြီး သစ်မွှေးနှင့်လုပ်ထားသော သောင်းချီတန်သည့်ရုံးခန်းထိုင်ခုံတွင်ထိုင်ချလိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။
ငါးမျှား၊ သစ်ပင်ခုတ်၊ တောင်တန်းထွက်ကုန်စစ် လုပ်နေကျအလုပ်များပင်။ ဒါတွေကိုအချိန်ယူလုပ်လိုက်ပြီးနောက် ဘာမှမတွေ့။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံအိမ်သွားပြီး TV ကြည့်စေလိုက်သည်။
အံ့ဩစရာပေါ်လာသည်။ ဒီနေ့နောက်ထပ် TV စျေးဝယ်အစီအစဉ်တစ်ခုရှိသည်။


(ဒီအပတ် TV စျေးဝယ်အစီအစဉ်မှကြိုဆိုပါတယ်... ဒီနေ့ အလှအပဆရာ'ချင်'ထုတ်တဲ့ရေမွှေးကို ယူလာခဲ့ပါတယ်!)
ထို့နောက် ဝတ်စုံရှည်နှင့်လှပသောအမျိုးသမီးတစ်ဦး TV တွင်ပေါ်လာသည်။
TV ပေါ်ကအမျိုးသမီးကိုမြင်ပြီး ချင်လင်အံ့ဩသွားသည်။
ဒါစိုက်ပျိုးမွေးမြူရေးခြံပုံပြင်မှာအောင်ပွဲခံတဲ့အမျိုးသမီး NPC ပဲ။
အဲဒီပုံစံကိုဆော့တုန်းက အမျိုးသမီးဇာတ်ကောင်တွေကိုစစ်ဆေးပြီး ပထမဆုံးအနိုင်ယူဖို့ရွေးခဲ့တာ ဒီအမျိုးသမီးဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်တကယ်ကောင်းသောကြောင့်ပင်။
(အားလုံးပဲ မင်္ဂလာပါ... ကျွန်မက ချင်ပါ... ဒါကျွန်မသေချာထုတ်ထားတဲ့ရေမွှေးပါရှင်... အခုစျေးနှုန်းချိုသာစွာနဲ့ရောင်းပေးနေပါတယ်... ဝယ်ယူဖို့ဖိတ်ခေါ်ပါရစေ)
ရေမွှေး??
ဒီ TV စျေးဝယ်အစီအစဉ်က ထူးဆန်းလိုက်တာ။ ဘာလို့ အမျိုးသမီးသုံးတွေပဲရောင်းတာလဲ?
တစ်ခါလောက် အမျိုးသားသုံးမရောင်းနိုင်ဘူးလား?
သို့သော် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို ရေမွှေးဝယ်စေလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျောက်မိုချင်းအတွက်ရေမွှေးဝယ်ပြီး ပျော်အောင်လုပ်ပေးမည်။
နောက်ပြီး သူကဆက်တိုက်နှိပ်လိုက်သည်။ ဒီတစ်ခေါက် ပုလင်း ၂၀ ကျော်ဝယ်ပစ်လိုက်၏။ တကယ်လို့ ကျောက်မိုချင်းဒီရေမွှေးကြိုက်ရင် သူမကိုပေးလို့ရသည်။
ဝယ်ပြီးသူကအပြင်ထွက်၍ စံအိမ်ထဲလျှောက်ပတ်သွားသည်။ မကြာမီ သူ့စိတ်ထဲတွင်အချက်ပေးသံထွက်လာ၏။ TV စျေးဝယ်အစီအစဉ်က ပစ္စည်းပို့ရောက်လာပြီ။
ဂိမ်းအချိန်အချိုးအစားအတိုင်း ပစ္စည်းပို့သောလုပ်ငန်းစဉ်လည်းဖြစ်သည်။
ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး တံခါးလော့ချလိုက်သည်။ ထို့နောက် ဂိမ်းထဲအတွေးနှင့်ဝင်လိုက်၏။
ပါဆယ်ထုပ်က အရင်လိုအဝါရောင်စာရွက်နှင့်ပင်။ ဖွင့်လိုက်သောအခါ ရေမွှေးပုလင်းပတ်လည်တွင်ပတ်ထားသောရေမြှုပ်စနှင့်။ ဖြန်းသောကိရိယာလည်းပါသည်။
(ချင်၏အထူးရေမွှေး: အရည်အသွေး ၁)
(အလှအပပညာရှင်ချင်က သူ့အိမ်ထောင်ဖက်ကျေနပ်စေရန်ထုတ်ထားသောရေမွှေးပုလင်းဖြစ်သည်။ ဖြန်းပြီးလျှင် အထူးအာနိသင်ရှိသည်:
အမွှေးနံ့ +၁၊ နှစ်သက်နိုင်စွမ်း +၁၊ လန်းဆန်းခြင်း +၁၊ အကြိုက် +၁။)
ထိုအရည်အသွေးကိုမြင်ပြီး ဒီရေမွှေးကနည်းနည်းအံ့ဩဖို့ကောင်းသည်ဟု ချင်လင်ခံစားလိုက်ရသည်။
ရေမွှေးရဲ့အာနိသင်ကဘာလဲ? တကယ်တော့ အကြီးကျယ်ဆုံးအာနိသင်က ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ဖို့ပဲ။ နှစ်သက်စရာရေမွှေးက ဆန့်ကျင်ဘက်လိင်ကို ပိုကောင်းတဲ့အတွေ့အကြုံပေးစွမ်းနိုင်သည်။
ဒီအရည်အသွေးတွေက ဒီလိုအပ်ချက်ကိုပြီးပြည့်စုံစေနိုင်သည်။
အနံ့က နှစ်သက်စရာ၊ ကြည်နူးစရာ၊ လန်းဆန်းစရာ။ လူတိုင်း ဒီရေမွှေးကိုသဘောကျနိုင်သည်။
ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်တဲ့အရည်အသွေး +၁၊ အကြိုက်နဲ့ယုံကြည်မှုရှိစေခြင်း +၁ က ထိပ်တန်းထပ်ဆောင်းအချက်များပင်။ သားသားနားနားဝတ်စားထားတဲ့အမျိုးသမီးတွေက ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်တယ်မလား?
ဖြစ်ချင်တော့ ဒါကအပြီးသတ်ထုတ်ကုန်၊ ဖော်စပ်နည်းမဟုတ်။
ဖော်စပ်နည်းသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ? စျေးကွက်ကိုသိမ်းပိုက်နိုင်မယ့်နောက်ထပ်ထုတ်ကုန်တစ်ခု သေချာပေါက်ဖြစ်လာလိမ့်မည်။
ထိုအတွေးနှင့် ချင်လင်က ဖွင့်ထားသောရေမွှေးပုလင်းကို ဂိမ်းအပြင်ယူပြီး ကျောက်မိုချင်းရုံးခန်းထဲတန်းသွားလိုက်သည်။
သူဝင်ဝင်ချင်း သစ်မွှေးနံ့သာနံ့ကိုကောင်းကောင်းရလိုက်သည်။
ကျောက်မိုချင်းက စာဖိုင်ကိုကြည့်နေသည်။ သူမ၏အာရုံစိုက်နေသောပုံမှာ လုံးဝဆွဲဆောင်မှုရှိသည်။ သူ့ဇနီးကိုပိုကြည့်လေလေ ပိုသဘောကျလေလေပင်။
''စာဖိုင်တွေအများကြီးကို ရှင်ကဘယ်လိုကူပေးရမလဲတောင်မသိဘူး''
ကျောက်မိုချင်းကသူ့ယောက်ျားကို တစ်ချက်လှမ်းကြည့်လိုက်သည်။
''အလုပ်ကြိုးစားနေတာပဲ... မင်းကိုလက်ဆောင်ဆုချမယ်''
ချင်လင်ကပြုံးပြီး ကျောက်မိုချင်းအနောက်လျှောက်သွားလိုက်သည်။ သူကရေမွှေးကို သူမအရှေ့စားပွဲပေါ်တင်ပြီး သူမပခုံးကိုနှိပ်ပေးလိုက်၏။
''ရေမွှေး?'' ကျောက်မိုချင်းမျက်လုံးများအရောင်တောက်သွား၏။ သူမကရေမွှေးပုလင်းကိုလှမ်းယူပြီး ပြောဖို့လည်းမမေ့_
''နာတဲ့နေရာလေးနှိပ်ပေး... စာဖိုင်တွေအကြာကြီးလုပ်ထားရတာ ပခုံးတွေနည်းနည်းကိုက်နေပြီ''
''ဟုတ်ပြီ'' ချင်လင်ကပြုံးပြီးဖြေလိုက်သည်။ သူကပခုံးကိုပိုနှိပ်လိုက်၏။
''တံဆိပ်မပါတာလား... စိတ်တိုင်းကျထုတ်ထားတာလား?''
ကျောက်မိုချင်းက ရေမွှေးပုလင်းကိုလေ့လာနေပြီ။


ချင်လင်လည်း ပုံပြောလိုက်သည်_
''အင်း... ဆယ်လီတွေအတော်များများကြိုက်ကြတယ်... မင်းအတွက်သက်သက်မှာထားတာ''
ကျောက်မိုချင်းဝမ်းသာသွားသည်။
ရေမွှေးမကြိုက်တဲ့မိန်းကလေးရှိလို့လား? ပြီးတော့ ကိုယ့်ယောက်ျားဆီကလေ။ မပျော်ဘဲနေမလား?
အခုရောနောင်ရော အံ့ဩစရာလေးတွေဆို ဘယ်မိန်းကလေးကသဘောမကျဘဲနေမှာလဲ?
ကျောက်မိုချင်းက ဖြန်းဘူးလေးကိုယူပြီး ရေမွှေးနည်းနည်းဆွတ်လိုက်သည်။ ချက်ချင်းအမွှေးနံ့က ပုလင်းထဲမှထွက်လာ၏။ သူမမျက်လုံးများဝင်းလက်သွားကာ_
''ယောက်ျား... ဒီအနံ့အရမ်းကောင်းတယ်''
သူကချက်ချင်းရေမွှေးကိုဖြန်းဘူးထဲထည့်ပြီး ပခုံး၊လက်ဖဝါးနှင့်ရင်ဘတ်တဝိုက်ဖြန်းလိုက်သည်။ ထို့နောက် ချင်လင်နားကပ်၍_
''ယောက်ျား... ရှူကြည့်''
အမှန်ပင်။ ဒီရေမွှေး၏အနံ့က ထူးထူးခြားခြားကြည်နူးဖို့ကောင်းသည်။ ချင်လင်က ကျောက်မိုချင်းနားကပ်သွား၏။ သူရှူကြည့်သောအခါ စိတ်ဝိဉာဉ်ပျော်ရွှင်မှုနှင့်ဘာမှန်းမသိသောအငွေ့အသက်တစ်ခုမရေမရာပေါင်းစပ်ထားသလို လုံးဝခံစားလိုက်ရသည်။
ဒီရုံးခန်းထဲ ဒီအချိန်မှာ တစ်ခုခုလုပ်သင့်သည်ဟု မရေမရာအငွေ့အသက်က သူ့ကိုတောင်ဆွပေးနေသည်။
ဒါဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်တဲ့အရည်အသွေးထွက်လာခြင်းဖြစ်မည်။
ထိုအငွေ့အသက်ပိုလွှမ်းခြုံလာစဉ် တစ်ယောက်ယောက်က ရုံးခန်းတံခါးလာခေါက်ပြီးဖျက်ဆီးပစ်သည်။
ကျောက်မိုချင်းကလှမ်းအော်လိုက်၏_ ''ဝင်ခဲ့ပါ''
တံခါးဖွင့်ဝင်လာတာ စံအိမ်ဝန်ထမ်းမဟုတ်၊ သူ့ယောက်ဖကျောက်မိုယွင်ပင်။
''အစ်ကို... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?'' ကျောက်မိုချင်းက ကျောက်မိုယွင်အလောတကြီးဝင်လာသည်ကိုမြင်လျှင် အံ့ဩပြီးမေးလိုက်သည်။
''အစ်ကို'' ချင်လင်လည်းထပြီး ကျောက်မိုယွင်ကိုနှုတ်ဆက်လိုက်သည်။
ကျောက်မိုယွင်က ရုံးခန်းထဲဝင်လာပြီး ချက်ချင်းပြောပြသည်_
''ချင်လင်ကိုလာရှာတာ... ပြောစရာရှိလို့''
''အစ်ကို... ဘာဖြစ်လို့လဲ?'' ချင်လင်ကကျောက်မိုယွင်ကိုကြည့်ပြီး ဇဝေဇဝါနှင့်မေးလိုက်သည်။
ကျောက်မိုယွင်ကချက်ချင်းပင်_
''ချင်လင်... ငါ့အမေမွေးနေ့ရောက်တော့မှာမလား?''
ချင်လင်က ကျောက်မိုချင်းကိုကြည့်လိုက်သည်။ ဒီအကြောင်း သူတကယ်မသိ။ ဘာပဲဖြစ်ဖြစ် အရင်ကကျောက်မိုချင်းအမေရဲ့မွေးနေ့ကိုကျင်းပဖို့အခွင့်အရေးမရှိခဲ့။
အဲဒီတုန်းက ကျောက်မိုချင်းနဲ့တိတ်တိတ်လေးလက်ထပ်စာချုပ်ချုပ်ထားပြီး မသွားရဲခဲ့ပေ။
ကျောက်မိုချင်းလည်းသတိရပြီး ခေါင်းညိမ့်ပြသည်_
''အခုတလော အလုပ်အရမ်းများပြီးမေ့တော့မလို့... အမေ့အတွက် လက်ဆောင်ကြိုပြင်ထားရမယ်''
''ဟုတ်တယ်... ငါကလက်ဆောင်အတွက်လာတာ'' ကျောက်မိုယွင်ကထိုစကားကြားလျှင် အနာဟောင်းကိုဆွလိုက်သလိုလို။ သူကချင်လင်ကို စိုးရိမ်တကြီးနှင့်_
''ချင်လင်... ငါမင်းကြောင့် အလူးအလဲခံရတာ... ပထမတစ်ခေါက်က ငါလက်ဆောင်မပြင်ခဲ့ဘူး... ဒုတိယတစ်ခေါက်ကျ ငါရွှေလက်စွပ်ပြင်ခဲ့တယ်... မင်းကလည်း အမေနဲ့အဖေရဲ့မင်္ဂလာနှစ်ပတ်လည်အတွက် ကျောက်စိမ်းတစ်စုံပြင်ခဲ့တယ်''
''အမေက ငါ့ကိုနှစ်ခါလုံးမကြည်ဘူး... အခုအမေ့မျက်စိထဲမှာ မင်းကသူ့သားအရင်းငါ့ထက်တောင်ပိုပြီး သွေးနီးနေတယ်... အခုသူအပြင်ထွက်တိုင်း သူ့သားမက်မင်းအကြောင်းပဲပြောနေတာ''
ချင်လင်က ကျောက်မိုယွင်၏ညည်းသံကြောင့် ပြုံးပြီးမေးလိုက်သည်_
''အစ်ကို... ကျွန်တော့်ကိုမနာလိုနေတာလား?''
''မင်းကိုဘယ်သူကမနာလိုလို့လဲ?''
ကျောက်မိုယွင်က ဒေါသတကြီးပြောလိုက်သည်_
''ချင်လင်... ဒီတစ်ခါမင်းကို အစ်ကိုကြီးလို့ခေါ်ရမလား? လက်ဆောင်အကြောင်းဆွေးနွေးရအောင်လေ? မင်းဘာပြင်ထားလဲပြော... ငါလည်းအဲဒီအတိုင်းလုပ်မယ်... မင်းငါ့ကိုထပ်ပြီးချောက်ချရင် သားနေရာမရမှာစိုးတယ်''
ကျောက်မိုချင်းက ကျောက်မိုယွင်၏စကားကြားပြီးစလိုက်သည်_
''အစ်ကိုကြီး... ချင်လင်ကိုအစ်ကိုကြီးခေါ်ရင် ကျွန်မကိုလည်းအစ်မကြီးလို့ခေါ်ရမှာပေါ့?''
ကျောက်မိုယွင်ထိုစကားကြားပြီး_
''မိုချင်း... တော်လိုက်တော့''
ကျောက်မိုချင်းက အလေးအနက်ပြောလိုက်သည်_ ''အစ်ကိုကြီး... ကျွန်မဘဏ္ဍာရေးတာဝန်ခံနော်... ကျွန်မကချင်လင်အတွက် ဆုံးဖြတ်ချက်ချနိုင်တယ်မထင်ဘူးလား?''
''အစ်မကြီး... နင်ကငါ့အစ်မကြီး ဟုတ်ပြီလား?''
ကျောက်မိုယွင်က ချက်ချင်းစိတ်တိုတိုနှင့်ပြောလိုက်သည်။
''လိမ္မာတဲ့ကောင်လေး!'' ကျောက်မိုချင်းသဘောကျသွားသည်။
“...” ကျောက်မိုယွင်က အံကြိတ်ထား၏။
ချင်လင်ကပြုံးပြီး_ ''အစ်ကိုကြီး... ကျွန်တော်ဒီတစ်ခေါက် နှစ်စုံပြင်မယ်... ခင်ဗျားအတွက်လည်း တစ်စုံ''
သူ့ယောက္ခမမွေးနေ့လက်ဆောင်အတွက် သူလုံးဝစိတ်မပူ။ ဂိမ်းထဲမှာ ကျောက်မျက်သတ္တုတွေအများကြီးရှိသေးသည်။
ဒီဇိုင်းပုံစံကိုဆွဲယူပြီး ဂိမ်းထဲယူသွားကာ Sebara ဆီတွင်ပုံသွင်းလိုက်ရုံပင်။
''ဒါကမှဟုတ်သေး... အချိန်ကျရင် ငါမင်းဆီငွေလွှဲပေးလိုက်မယ်... ငါသွားနှင့်ပြီ''
ကျောက်မိုယွင်မျက်နှာမှာ ချက်ချင်းပြုံးလိုက်သည်။ ထို့နောက် သူ့အပေါ်အမြတ်ထုတ်သောကျောက်မိုချင်းကိုစောင်းကြည့်ကာ ထွက်သွား၏။
နောက်ရက်ပိုင်းတွင် စံအိမ်မှာအားလုံးပုံမှန်အတိုင်းပင်။ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်း၏ကိစ္စများမှာလည်း ဖြည်းဖြည်းမှန်မှန်တိုးတက်နေသည်။
တစ်ဖက်တွင် SMA ရောဂါနှင့်ဒိုနာစီမြက်ရင်းအကြောင်းတရားဝင်ကြေညာချက်က အုတ်အော်သောင်းတင်းဖြစ်စေပြီး ချင်းလင်ဓာတ်ခွဲခန်းနှင့်ပါမောက္ခလီခိုင်ကိုချက်ချင်းနာမည်ကျော်သွားစေလေသည်။