လီခိုင်ရဲ့ဆက်ဆံရေးအကြံပေးပုံစံ! ဘုရင်! ၂
Vol. 29 Ch. 431
တစ်ဖက်တွင် လီရှင်း၊ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က သတင်းကြားကြားချင်း စားဖို့လာကြသည်။
''ချင်လင်... မင်းဘာလို့ဘဲဥထမင်းကြော်လုပ်တာလဲ?'' ချန်ရှန်းဖေက ဘဲဥထမင်းကြော်ပန်းကန်ကြီးကိုအံ့ဩစွာကြည့်လိုက်သည်။
''လောင်ချန်... ဒါချင်လင်ရဲ့ဘဲဥထမင်းကြော်နော်'' လီရှင်းကဝင်ပြောလိုက်သည်_
''ငါးစားသောက်ပွဲထက်ကောင်းတယ်''
သူကပြောရင်းဆိုရင်း သူ့အတွက်လည်းဘဲဥထမင်းကြော်တစ်ပန်းကန်ကြီးခပ်လိုက်သည်။
လီခိုင်မှာ အငမ်းမရစားနေလေပြီ။
သူ့မှာလျှောက်ပြောနေဖို့အချိန်မရှိ။ ဒီအချိန်မှာစားဖို့ကအရေးအကြီးဆုံး။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က သူတို့နှစ်ယောက်ကိုကြည့်ပြီးလှုပ်ရှားလိုက်သည်။ ဒီတူဝရီးက ချင်လင်ရဲ့ဘဲဥထမင်းကြော်ကိုစားဖူးသည်။ သူတို့ကလက်နှေးမနေဘဲ ချက်ချင်းစစားကြသည်။
ချင်လင်ရဲ့လက်ရာကို ဘယ်တုန်းကမှသံသယမရှိခဲ့။
ထင်ထားသည့်အတိုင်း ဘဲဥထမင်းကြော်ကပါးစပ်ထဲရောက်ရောက်ချင်း သူတို့နှစ်ဦးမှာ အရသာရှိပုံကိုခံစားမိကြသည်။
အရသာရှိလိုက်တာ။ ငါးစားသောက်ပွဲထက်မညံ့ဘူးဆိုတာ ဘာလဲ? ဒါကပိုပြီးအရသာရှိတာပေါ့။
သူတို့နှစ်ဦးတွေးတောနေစဉ် လီခိုင်က ပန်းကန်ကြီးနှစ်ပန်းကန်ယူပြီး ဘဲဥထမင်းကြော်နှင့်ငါးများခပ်ထည့်နေသည်ကိုတွေ့ရသည်။ ဒါတကယ်ပါဆယ်ထုပ်နေတာပဲ။
''ကျွန်တော်ပြောမယ်နော် ဦးလေး... ခင်ဗျားဘာသာ အဲလောက်အများကြီးစားနိုင်လို့လား?''
လီရှင်းကမကျေနပ်။
''ရှိုးဝမ်ကလာစားမယ်မထင်ဘူးကွ... သူ့အတွက်ထုပ်သွားမလို့''
လီခိုင်ကပြောပြီး ပန်းကန်ကြီးနှစ်လုံးကို ဝန်ထမ်းစားသောက်ခန်းအပြင်ဘက်သယ်သွားသည်။
သူ့ဦးလေးပုံစံမြင်ပြီး လီရှင်းကအတွန့်မတက်ဘဲမနေနိုင်_ ''ဒီလူက တကယ်သောက်*နောက်ပိုးသမားဖြစ်လာတာ''


ချင်လင်ပြုံးလိုက်သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအစ်ကိုလီကိုသူအတော်လေးစားသည်။ အစ်ကိုလီကမိန်းမတွေကိုစိတ်မဝင်စားဘူးဟူ၍ အရင်ကလီရှင်းပြောဖူးသည်။
ဒါပေမဲ့ အခုဒေါက်တာထန်ကိုတွေ့တာနဲ့ နောက်ပိုးသမားဖြစ်လာတယ်မဟုတ်လား။ ဒါဆို ဒေါက်တာထန်ကြောင့် သူအကြာကြီးတစ်ကိုယ်တည်းလုပ်နေခဲ့တာပေါ့။
ဘေးအမြင်နဲ့ကြည့်ရင်တော့ အစ်ကိုလီကနည်းနည်းရူးသည်ပင်။ ဘာပဲဖြစ်ဖြစ် သူ့နောက်ခံနဲ့ သူလိုချင်တဲ့မိန်းမမျိုး လုံးဝရှာနိုင်သည်။
သူ့ကိုအချစ်ရူးဟုဆိုရမည်။
ဒီလိုလူမျိုးကိုရူးမိုက်သည်ဟုပြောနိုင်သော်လည်း သူ့သစ္စာရှိမှုနှင့်အချစ်ရေးဆုံးဖြတ်ချက်ကို လုံးဝဝေဖန်ပိုင်ခွင့်မရှိချေ။
ဟိုးအရင်ကတည်းက တစ်ယောက်ကိုတစ်ယောက်အရူးအမူးစွဲလမ်းကြသူများမှာ အဆုံးသတ်မကောင်းကြပေ။ ဒေါက်တာထန်ရဲ့အရင်ယောက်ျားပြန်လာပြီး လက်ထပ်ချင်ရင် အစ်ကိုလီက နောက်ပိုးဖြစ်သွားလိမ့်မည်။
ဒါကဇာတ်လမ်းဆန်လွန်းသည်။
လီခိုင်မှာ ဘဲဥထမင်းကြော်၊ငါးပန်းကန်နှင့် ဝန်ထမ်းစားသောက်ခန်းမှထွက်ပြီး ဆေးခန်းဆီလျှောက်သွားလေပြီ။ သို့သော် ဆေးခန်းနားရောက်သောအခါ သူကြောင်သွားသည်။
ထန်ရှိုးဝမ်မှာ ဆေးခန်းအပြင်တွင် ခံ့ညားသောအမျိုးသားတစ်ဦးနှင့်လမ်းလျှောက်နေသည်။ သူ့လက်ထဲတွင် နှင်းဆီပန်းစည်းကိုင်ထား၏။
လီခိုင်က ထိုအမျိုးသားကိုမှတ်မိသည်။ ရှိုးဝမ်၏အရင်ယောက်ျားပင်။ ကောလိပ်မှာတုန်းက သူ့ထက်အသက်ပိုကြီးသော်လည်း အလွန်ခံ့ညားနေဆဲပင်။
သူတို့နှစ်ဦးစံအိမ်အပြင်ထွက်သွားသည်ကိုကြည့်ရင်း လီခိုင်မှာမျက်မှောင်ကြုတ်ပြီး ဆုံးရှုံးသလိုခံစားလိုက်ရသည်။
တစ်ဖက်တွင် ထန်ရှိုးဝမ်မှာ စံအိမ်အပြင်ဘက်လျှောက်ပြီး ကားပါကင်ဆီသွားနေသည်။ သူမအရင်ယောက်ျားကိုကြည့်ပြီး ပုပ်သိုးနေသောမျက်နှာနှင့်_
''ချန်ချွမ်းရုံ... ကျွန်မနောက်မလိုက်ပါနဲ့လား? ကျွန်မတို့ဘာမှမဆိုင်တော့ဘူးလေ''
အခုအချိန်မှာ သူမနောင်တအရဆုံးက ငယ်တုန်းရွယ်တုန်းအသိတရားမရှိခဲ့ခြင်းပင်။ သူမလက်တွဲဖော်ကိုပုံစံကြည့်ရွေးချယ်ခဲ့ပြီး သူမချစ်ချင်သောအချစ်မျိုးကိုရွေးခဲ့သည်။ သို့သော် သူမသမီးရဲ့ရောဂါက အကြီးအကျယ်သင်ခန်းစာပေးခဲ့လေသည်။
သို့ရာတွင် သူမအရင်ယောက်ျားက လာတွေ့ပြီး ပြန်လက်ထပ်ချင်သည်ဟုပြောရဲသောသတ္တိရှိလိမ့်မည်မထင်မိပေ။
''ရှိုးဝမ်... ကိုယ်မှားသွားတယ်... ကိုယ်လူမဟုတ်ဘူး... ကိုယ့်ကိုအခွင့်အရေးပေးပါနော်''
ချန်ချွမ်းရုံကတောင်းပန်လိုက်သည်။
သူလည်းအခု အရမ်းနောင်တရနေသည်။ ပါမောက္ခလီခိုင်သာ ဒိုနာစီမြက်ရင်းကိုဖွံ့ဖြိုးအောင်လုပ်နိုင်မည်မှန်းသိခဲ့ရင် အလောတကြီးကွာရှင်းပြီး သူ့မိန်းမနဲ့ကလေးကိုထားခဲ့မည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ထန်ရှိုးဝမ်လို သိမ်မွေ့၊လှပပြီး ရည်မွန်တဲ့ဇနီးမျိုး ရှာရခက်သည်။


ဒါပေမဲ့ ယွမ် ၇၀၀၀၀၀ တန်ဆေးထိုးဖို့ သူတကယ်မတတ်နိုင်။
သူ့မိသားစုက လုံးဝမတတ်နိုင်ပေ။ စီရင်စုထဲက သူ့အိမ်နှစ်လုံးနဲ့ကားကိုရောင်းရင်တောင် ဆေး ၄ ကြိမ်ထိုးစာပဲရှိသည်။ အဲဒါပြီးရင် ဒေဝါလီခံပြီး နေရာတကာပိုက်ဆံလိုက်ချေးရလိမ့်မည်။
နောက်ဆုံး သူ့သမီးရဲ့ရောဂါကကုမရဘဲ သူကပိုက်ဆံဆုံးရှုံးမည်။
ဒီလိုဝန်ထုပ်ဝန်ပိုးကိုခံနိုင်မယ့်သတ္တိ သူ့မှာမရှိချေ။
သူ့မိန်းမကသူ့အကြံကိုလက်မခံ၍ ကွာရှင်းခဲ့ရသည်။
အခုပါမောက္ခလီခိုင်က ရောဂါကိုဖြေရှင်းလိုက်ပြီ။ သူ့သမီးကိုကုဖို့ဒေဝါလီခံစရာမလိုတော့။
ပွင့်ပွင့်လင်းလင်းပြောရရင် ပါမောက္ခလီခိုင်ကို သူရင်းနှီးနေသလိုလို။
သို့သော် ဒါကအရေးမကြီး။ ဒိုနာစီမြက်ရင်းကိုပျိုးထောင်ပေးခဲ့သည့်အတွက် သူ့ကိုကျေးဇူးတင်ရမည်။
သို့ရာတွင် ထန်ရှိုးဝမ်၏နှလုံးသားမှာ သူမကိုတောက်လျှောက်အဖော်ပြုပေးနေသောအမျိုးသားကြောင့် လှုပ်ရှားသွားခဲ့ပြီ။ သူ့စီနီယာအစ်ကိုလီရဲ့ခြွင်းချက်မရှိအဖော်ပြုပေးနိုင်မှုနှင့်စာရင် သူမအရင်ယောက်ျားကိုတွေ့သောအခါ ပိုတောင်စက်ဆုပ်သလိုလိုခံစားမိသည်။
ချန်ချွမ်းရုံကဆက်ပြော၏_ ''ရှိုးဝမ်... ကိုယ့်ကိုခွင့်မလွှတ်ချင်ဘူးဆိုရင်တောင် ရှောင်လင်းကိုထည့်စဉ်းစားရမယ်လေ... သူ့မှာအဖေလိုတယ်... သူအရမ်းငယ်သေးတယ်... မင်းကိုယ့်ကိုတုံ့ပြန်ချင်တယ်ဆိုရင် သူ့ကိုအဖေမရှိဘဲမင်းကြည့်နေနိုင်လို့လား?''
''သူ့နာမည်ကို ရှင်ပြောဖို့မတန်ဘူး''
ထန်ရှိုးဝမ်ကပိုစိတ်ဆိုးသွားပြီး သူမကားနှင့်ထွက်လာခဲ့သည်။
ထို့ကြောင့် ချန်ချွမ်းရုံကသူ့ကားကိုအမြန်မောင်းပြီးလိုက်လာသည်။
ထန်ရှိုးဝမ်က သူမ၏အငှားတိုက်ခန်းဆီပြန်ရောက်သောအခါ ချန်ချွမ်းရုံရှိနေခြင်းကြောင့် ပိုပြီးစိတ်ရှုပ်သွား၏။ သူမမှာမတတ်သာဘဲအိမ်ထဲအပြေးဝင်လာပြီး သူ့ကိုတံခါးအပြင်ဘက်တွင်လော့ချထားခဲ့လိုက်သည်။
တုံ့ပြန်မှုမရှိသောတံခါးကိုအထပ်ထပ်ခေါက်ပြီးနောက် ချန်ချွမ်းရုံကစိတ်ပိုင်းဖြတ်ကာ စောင်ဝယ်ရန်ထွက်လာခဲ့သည်။ သူလည်းသူ့နောင်တကိုဖော်ပြဖို့ တံခါးအပြင်မှာအိပ်ရန်ဆုံးဖြတ်လိုက်သည်။
ထန်ရှိုးဝမ်က နှလုံးသားနူးညံ့သူမှန်းသူသိသည်။ ဒီနည်းကအလုပ်ဖြစ်လိမ့်မည်။
......
ညပိုင်းကုန်လွန်သွားသည်။
ထန်ရှိုးဝမ်မှာ မနက်ပိုင်းတွင်သမ်းဝေပြီး အိမ်မှထွက်လာသည်။ မနေ့ညက သူမအိပ်မပျော်ခဲ့။ ချန်ချွမ်းရုံရုတ်တရက်ရောက်လာခြင်းကြောင့် အလွန်ဒုက္ခရောက်ခဲ့သည်။
သူမတံခါးဖွင့်လိုက်သောအခါ ချန်ချွမ်းရုံအပြင်မှာရပ်နေသည်ကိုတွေ့ရပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက ကော်လိုကပ်နေပြီပဲ။
ထန်ရှိုးဝမ်က ချန်ချွမ်းရုံကိုစကားမပြောချင်သောကြောင့် သူမလျှပ်စစ်ကားလေးထဲဝင်ပြီး အလုပ်သွားရန်ထွက်လာခဲ့လေသည်။