ဘဲမွေးမြူရန် ရောင်ခြည်ခိုးယူခြင်း! အလှလေးကို အစ်ကိုလီပြန်ရပြီ! ၂
Vol. 29 Ch. 434
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို ဘဲဖြူကြီးများဥထားသောဘဲဥများကောက်ပြီး တချို့ကိုသားဖောက်သေတ္တာထဲထည့်စေလိုက်သည်။
ဘဲပေါက်လေးများ သူဖောက်ချင်သည်။
အကြောင်းမှာ မနေ့ညကရန်သုံ့၏တင်ပြချက်ကြောင့်ပင်။ ဘဲခြံထဲမှဘဲပေါက်လေးများက လှောင်အိမ်ကနေလွတ်သွားနိုင်သည်တဲ့။ ဂိမ်းထဲကထုတ်လာတဲ့အကောင်တွေတော့မဟုတ်ဘူးပေါ့။ လက်တွေ့ဘဝမှာ အလှအပဥကိုသားဖောက်ပြီး ရန်သုံ့မွေးထားသောအကောင်များဖြစ်သည်။
လက်တွေ့ဘဝမှာ ဂိမ်းထဲကဘဲခြံနဲ့သားဖောက်စရာမရှိဘဲ ဘယ်လိုသားဖောက်ရလဲသူမသိ။
ထို့ကြောင့် တချို့ကိုဂိမ်းထဲမှာအကောင်ဖောက်ရသည်။ ဒီကောင်တွေကိုအသုံးချရလိမ့်မည်။
ဂိမ်းထဲကအချိန်အချိုးအစားအရ မြန်မြန်ဆန်ဆန်ဘဲအကောင်ပေါက်နိုင်၏။
သူကဂိမ်းထဲမှအာရုံပြန်နုတ်ပြီး ရုံးခန်းထဲမှထွက်လိုက်သည်။ ထို့နောက် ရေလှောင်တမံဘက်ဦးတည်သွားလိုက်ပြီး မကြာမီဘဲခြံဆီရောက်လာ၏။
ထိုနေရာမှာ ရေပေါ်တံတားရှုခင်းကြည့်နေရာနှင့်ဆက်ထားသောကြောင့် အတော်လေးအသက်ဝင်နေသည်။ ခရီးသည်များမှာ တံတိုင်းအနောက်ဘက်တွင်ရပ်ပြီး ဘဲများကိုကြည့်နေ၏။
''သူဌေး'' ရန်သုံ့ကချင်လင်ကိုမြင်လျှင် ရိုရိုသေသေလာနှုတ်ဆက်ပြီး_
''ဘဲပေါက်တွေက တတိယဘဲခြံထဲမှာ''
သူကသူ့လက်ရှိအလုပ်ကို အလွန်စိတ်အားထက်သန်နေသည်။ ဘဲခြံနှင့်ငါးကန်၏ကြီးကြပ်သူအဖြစ်လည်း ရာထူးတိုးထားပြီဖြစ်သည်။ ရုံချန်းစီရင်စုရှိချင်းလင်စံအိမ်တွင်ကြီးကြပ်သူလုပ်နိုင်ခြင်းမှာ လုံးဝအားကျစရာကောင်းသောအလုပ်ဖြစ်၏။ လစာမြင့်ရုံသာမက လူပေါင်း ၁၀ ယောက်မကစီမံအုပ်ချုပ်ရသည်။
သူအဆင်မပြေတာ တစ်ခုတည်းရှိသည်။ ကျန်းကွေ့ကျူက အဖက်မလုပ်ခြင်းပင်။


သူ့အဘိုးနှင့်ဦးလေးက သူ့အတွက်ခန်းဝင်ပစ္စည်းပြင်ဆင်ထားပေးပြီး သူ့မင်္ဂလာဆောင်အတွက် Audi တစ်စီးလည်းဝယ်ထားသည်။ သူသာကောင်မလေးခေါ်လာနိုင်ရင် Audi ကို သူ့နာမည်နှင့်တန်းလွှဲပေးလိမ့်မည်။
ချင်လင်ကရန်သုံ့နောက်လိုက်ပြီး ဘဲခြံထဲဝင်လိုက်သည်။ အထဲတွင် ကောက်ရိုးပျော့နှင့်လုပ်ထားသောလှောင်အိမ်ရှိပြီး ချစ်စရာအမွေးဖွားဖွားဘဲပေါက်အုပ်စုက တရစပ်အော်နေကြသည်။
ရန်သုံ့လည်း ကြိုးနီလေးနှင့်ချည်ထားသောဘဲပေါက် ၆ ကောင်ကိုညွှန်ပြပြီး ရှင်းပြ၏_
''သူဌေး... ဒီကြိုးနီနဲ့ ၆ ကောင်က ထူးရှယ်အလှအပဥကြီးကနေပေါက်ခါစတွေပါ''
ချင်လင်ကခေါင်းညိမ့်ပြီး ရန်သုံ့ကိုမှာလိုက်သည်_ ''ဒီထူးရှယ်အလှအပဥကြီးကပေါက်တဲ့ဘဲနှစ်ကောင်ရယ် တခြားဥကပေါက်တဲ့ဘဲတွေရယ် ကျွန်တော့်ကိုဖမ်းပေးပါ... စစ်ဆေးကြည့်ဖို့ ယူသွားမယ်''
ရန်သုံ့ကညွှန်ကြားချက်ရရချင်း လှောင်အိမ်ယူပြီး ဘဲပေါက်လေးကောင်ထည့်ကာ ချင်လင်ကိုပေးလိုက်သည်။
သူဌေးကလည်း တိရစ္ဆာန်များကိုသုတေသနအများကြီးလုပ်ထားသူမှန်း သူသိသည်။ သူဌေးကရှဉ့်တွေကိုလိမ္မာအောင်လေ့ကျင့်ပေးသည်ဟု ကျန်းကွေ့ကျူချီးကျူးသည်ကို သူကြားဖူးသည်။
ချင်လင်ကစစ်ဆေးချင်သည်ဟုပြောသည်မှာ တကယ်တော့ ဂိမ်းထဲယူသွားပြီးအချက်အလက်ကြည့်ဖို့ဖြစ်သည်။
သူကရုံးခန်းထဲ ဘဲပေါက်လေးကောင်နှင့်ပြန်ရောက်လာပြီး အထဲမှတံခါးလော့ချကာ ဂိမ်းထဲယူသွားလိုက်သည်။
(ကြည့်ကောင်းသောဘဲပေါက်: အရည်အသွေး ၁)
(အထူးဘဲဖြူမျိုးဖြစ်သည်။ အရည်အသွေးက သာမန်ဘဲများထက်ကောင်းသည်။
အရသာ +၁၊ ယင်ဓာတ်နှင့်အစာအိမ်အားကောင်းစေခြင်း +၁၊ ချောင်းဆိုးချွဲကြပ် +၁၊ အာဟာရပြည့်ဝခြင်း +၁၊ အချိန်စီးခြင်း +၁၊ အလှအပအသွင်အပြင် +၁၊ မစင်နံ့ -၁)
(ဘဲပေါက်: ရိုးရိုး)
(ဘဲဖြူကြီးမှအထူးသားဖောက်ထားခြင်းဖြစ်သည်။ သာမန်ဘဲများထက်အရသာပိုကောင်းပြီး အာဟာရအာနိသင်ကောင်းကောင်းရှိသည်!)
ဘဲပေါက်နှစ်ကောင်၏မှတ်ချက်ကိုမြင်လျှင် ချင်လင်သက်ပြင်းချလိုက်သည်။
ထင်ထားသည့်အတိုင်း ဘဲဥအရည်အသွေးက လက်တွေ့ဘဝတွင်ကျဆင်းသွားပြီး အရင်ပါမောက္ခရန်၏ခန့်မှန်းချက်က မှန်သည့်သဘောရှိသည်။
အရည်အသွေး ၂ ဘဲဥက အရည်အသွေး ၁ ဘဲသာပေါက်နိုင်ပြီး အရည်အသွေး ၁ ဘဲဥမှာ အရည်အသွေးလုံးဝမပါသော ရိုးရိုးဘဲတန်းဖြစ်သွားသည်။ မှတ်ချက်အရ သာမန်ဘဲထက်ပိုကောင်းသော်လည်း အရည်အသွေး ၁ ဘဲအဆင့်မရှိပေ။


နောက်ပြီး အချိန်စီးခြင်း +၁၊ အသွင်အပြင် +၁ နှင့် အနံ့ -၁ အရည်အသွေးများတောင် ပျောက်သွားသည်။ ရေပေါ်တံတားရှုခင်းကြည့်နေရာတွင်ထားဖို့မသင့်တော်။ အပြင်ပန်းအသွင်အပြင်ထိခိုက်ရုံသာမက ပတ်ဝန်းကျင်လည်းအနံ့အသက်မကောင်းချေ။
တစ်နည်းပြောရရင် အရည်အသွေး ၁ ဘဲဥမှပေါက်သောဘဲကို တခြားတစ်နေရာမှာ ရိုးရိုးဘဲအဖြစ်သာမွေးနိုင်သည်။ ကံကောင်းရင် သာမန်ဘဲထက် နည်းနည်းပိုကောင်းနိုင်သေး၏။
လက်တွေ့ဘဝမှာ အရည်အသွေး ၂ ဘဲအရေအတွက်တိုးဖို့ အစားထိုးမှသာရမည်။
ထို့ကြောင့် ဂိမ်း၏သားဖောက်သေတ္တာထဲတွင်ဖောက်ထားသောဘဲအကောင်ပေါက်များက အသုံးတည့်လာမည်။
ချင်လင်က ဘဲပေါက်လေးကောင်နှင့်ဂိမ်းထဲမှထွက်လာပြီး စောင့်နေလိုက်သည်။
သားဖောက်ထားသောဘဲအကောင်ပေါက်လာပြီဟု ဂိမ်းအသိပေးစာရလျှင် ဘဲအစစ်လေးကောင်နှင့်ဂိမ်းထဲဝင်ပြီး မွေးမြူရေးခြံထဲသွားလိုက်သည်။
သူကအရည်အသွေး ၁ ဘဲနှစ်ကောင်ကိုကြိုးနီဖြည်ပေးလိုက်ပြီး ဂိမ်းထဲမှပေါက်သောအရည်အသွေး ၂ ဘဲနှစ်ကောင်ကိုချည်လိုက်သည်။ ထို့နောက် ဂိမ်းထဲမှထုတ်၍ ညနေတွင်ဘဲခြံဆီပြန်ယူသွားပြီး တိတ်တိတ်လေးအစားထိုးထားလိုက်သည်။
နောင်မှာလိုအပ်ရင် ဒီအတိုင်းဆက်လုပ်သွားမည်။
ချင်လင်က ရန်သုံ့ကိုမှာခဲ့ဖို့မမေ့_
''ပါမောက္ခရန်ကပြောထားတယ်... ဒီအလှအပဥတွေကိုအကောင်ဖောက်ရင် ဘဲကအဆင့်ကျသွားမယ်တဲ့... ဒီကောင်တွေကိုမွေးရင်သတိထားပါ... အဲလိုဖြစ်ခဲ့ရင် အချိန်မီဘဲတွေကိုရွေးပြီးတော့ နေရာသက်သက်မွေးထားပါ''
''ကောင်းပါပြီ သူဌေး'' ပါမောက္ခရန်ဘယ်သူလဲ ရန်သုံ့သိသည်။ ဒီညွှန်ကြားချက်ကို သူလည်းစိတ်ထဲစွဲမှတ်ထား၏။
နေဝင်ချိန်တွင် နေဝင်ဆည်းဆာဟပ်ခြင်းကြောင့် ရေပေါ်တံတားရှုခင်းမှာ ပိုတောင်ခမ်းနားနေသည်။
ဤအချိန်မှာ ရေပေါ်တံတားရှုခင်းဆီ ခရီးသည်အလာအများဆုံးအချိန်လည်းဖြစ်သည်။ အချိန်နှင့်အမျှ ခရီးသည်များ၏အံ့ဩ၍အော်သံများ၊ ချီးကျူးသံများကိုကြားနိုင်ပေသည်။
စနစ်ကဖန်တီးထားခြင်းဖြစ်သော်လည်း ခရီးသည်များသဘောကျသောကြောင့် သူနည်းနည်းတော့ဂုဏ်ယူမိဆဲပင်။
ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး သူ့အစ်ကိုလီခိုင်၏အခြေအနေကိုစူးစမ်းလိုက်သည်။
တစ်ဖက်တွင်_
ချန်ချွမ်းရုံမှာ သူ့ရပ်ကွက်မှထွက်လာသည်။ ချင်းလင်စံအိမ်သွားပြီး ထန်ရှိုးဝမ်ကိုရှာဖို့ပင်။ ကလေးကိုဆင်ခြေအဖြစ်အသုံးချပြီး ကလေးကိုတွေ့ဖို့ခေါ်သွားခိုင်းမည်။
သူ့သမီးက သူ့အားနည်းချက်မှန်းသိ၍ သေချာပေါက်ဒီလိုလုပ်ရမည်။
ချန်ချွမ်းရုံကကားထဲဝင်ပြီး ရပ်ကွက်ထဲမှမောင်းထွက်မည်အပြု ရုတ်တရက်လန်ဘော်ဂီနီတစ်စီးသူ့ရှေ့ပေါ်လာပြီး သူ့ကားနှင့်လာတိုက်မိလေသည်။