ကျူးထန်နန်းတော်
Vol. 010 Ch. 913
ကောင်းကင်လှေကား အဆုံး၌ရှိသော ရှေးဟောင်း နန်းတော်အပေါ်တွင် လူကြီးက ပျောက်ကွယ်သွားသော လူများအား ကြည့်ကာ ပြုံးသည်။
ပြည်နယ်ကိုးခု၏ ရီဖူရှင်းနှင့်ယူချင်း။
မင်းသမီးလေးက အောက်ဘုံသို့ သွားရောက်ကာ ကောင်းကင်ဘုံ၏ ရွေးချယ်ခံများအား သွားရောက်ရွေးချယ် ခဲ့သည်ဆိုပါက ပြည်နယ်ကိုးခုမှ အထက်ဘုံတွင် နာမည်ကျော်ကြား လာသူများ သေချာပေါက် ရှိလာမည်ဖြစ်သည်။
သို့သော်လည်း ဤနှစ်ယောက်ကား ကောင်းကင်လှေကားအတိုင်း အထက်ဘုံသို့ တက်ရောက် လာသည်ဆိုပါက သူတို့က မင်းသမီးလေးနှင့် အတူ စမ်းသပ်မှု ခံယူခဲ့သူများ မဟုတ်ကြောင်း သိသာပေသည်။ သို့သော်လည်း သူတို့က ကောင်းကင် လှေကားမှတစ်ဆင့် ကြီးမားသော အရှိန်အဝါဖြင့် တက်ရောက်လာခဲ့ကြသည်။
သူတို့နှစ်ယောက်အတွက် အထက်ဘုံနှင့် အောက်ဘုံမှာ ကွဲပြားခြားနားမှု ရှိဟန်မရပေ။ ရှားအင်ပါယာနယ်မြေ၌ သူကများစွာသော ပါရမီရှင်များအား မြင်ဖူးပြီး ဖြစ်သော်လည်း ဤသို့သော ယုံကြည်မှု မြင့်မားပြီး မာနကြီးမားသော လူများမှာ အလွန်အမင်း နည်းပါးပေသည်။ လူငယ်က ပြည်နယ်ကိုးခုတွင် ပြိုင်ဘက်ကင်းသည်ဟု ကြွေးကြော်ခဲ့သလို အထက်ဘုံတွင် မည်သူ့ကိုမှ မော်ကြည့်စရာမလို ဟုလည်းပြောဆိုခဲ့သည်။ မင်းသမီးလေးက ထိုနှစ်ယောက်အား ပြည်နယ်ကိုးခုတွင် တွေးဆုံခဲ့ဖူး သလားဟုလည်း သူတွေးမိ၏။
သူတို့က အထက်ဘုံသို့ အဘယ်ကြောင့် ရောက်လာခဲ့ကြသနည်း။ လီချိန်ယွန်က ထိုနေရာတွင် တောင့်တင်းစွာ ရပ်နေဆဲ ဖြစ်သည်။ သူ၏လည်ပင်းမှ အေးစက်သော အထိအတွေ့ကား လတ်လတ်ဆတ်ဆတ် ရှိနေဆဲဖြစ်သည်။
လီချိန်ယွန်က တိုက်ခိုက်ရေး ဝင်္ကပါစည်တော်များနှင့် ကောင်းကင်လှေကား၏ ဖိအားများဖြင့်ပင် ပေါင်းစပ်တိုက်ခိုက်ခဲ့၏။ သို့သော်လည်း လှံတစ်ချက်က သူ့တွင် ရှိရှိသမျှသော အရာခပ်သိမ်းအား ဖျက်ဆီးနိုင်စွမ်း ရှိခဲ့သည်။ အောက်ဘုံမှ တစ်စုံတစ်ယောက်က သူ့အား ဤမျှဆိုးဝါးသော အခြေအနေသို့ ကျဆင်းစေခဲ့၏။
“ချိန်ယွန်”
ထိုအခိုက်တွင် ခေါ်သံတစ်ခုအား ကြားလိုက်ရ၏။
လီချိန်ယွန်က လူကြီးအား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်သည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့အနီးမှ လူများအားလုံးလည်း ထိတ်လန့် အံ့အားသင့်နေကြသည်။ ပုံမှန်အားဖြင့် ကောင်းကင်လှေကားကို စောင့်ကြပ်ခြင်းတွင် လုပ်စရာများ ဘာမှမရှိသော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်လှေကားအား ဤသို့သော ကြီးမားသော အရှိန်အဝါဖြင့် တက်လာခဲ့ခြင်းက သူတို့အားလုံးကို ထိတ်လန့်စေခဲ့၏။
“သိပ်အများကြီး တွေးမနေနဲ့ ... ဒီလူက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက်ကင်းလို့ ကြွေးကြော်ခဲ့တယ် ... သူက ပြည်နယ်ကိုးခုထဲမှာ အတော်ဆုံး တစ်ယောက်ဖြစ်ရမယ် ... ပြည်နယ်ကိုးခုရဲ့ မျိုးဆက်တိုင်းမှာ ပါရမီရှင် တစ်ယောက်စ နှစ်ယောက်စက အထက်ဘုံကိုတောင် လှုပ်ရန်းစေလေ့ရှိတယ် ... ဒီမျိုးဆက်ကလည်း ဒီလိုလူအချို့ ပေါ်ထွက်လာတာ ဖြစ်ရမယ် ...”
လီချိန်ယွန်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ဆီးသွားမည်ကို စိုးရိမ်ဟန်ဖြင့် လူကြီးက နှိပ်သိမ့်သည်။
“ရှုံးတာက ရှုံးတာပါပဲ ... ကျုပ်ကို နှိပ်သိမ့်နေစရာ မလိုပါဘူး ဗိုလ်ချုပ် ...”
လီချိန်ယွန်က ပြန်ပြောသည်။ လီချိန်ယွန်က ထိုသို့ပြန်ပြောလျှင် လူကြီးက သူ၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ ထိခိုက်ခြင်း မရှိကြောင်း သိလိုက်ကာ ဆက်လက်၍ ပြောသည် ...
“သူတို့နှစ်ယောက်က ကောင်းကင်လှေကားကို တက်ရောက်ခဲ့ ကြပေမဲ့ အထက်ဘုံဝင်ခွင့် အမိန့်တော်ကိုတောင် ယူမသွားကြဘူး ... ကြည့်ရတာ သူတို့က အရေးကြီးကိစ္စ တစ်ခုခုရှိလို့ သွားကြပုံပဲ ... အောက်ဘုံကနေ အထက်ဘုံအထိ သွားရလောက်တဲ့ ကိစ္စက ဘာများဖြစ်မလဲ ...”
“ဗိုလ်ချုပ် ခင်ဗျားဆိုလိုတာက ...” လီချိန်ယွန်က လူကြီးအား ကြည့်ကာမေးသည်။
“အောက်ဘုံက ကိစ္စတချို့ကို မင်းပြောခဲ့တယ် မဟုတ်လား ...” လူကြီးက မှတ်ချက်ချသည်။
လီချိန်ယွန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူကပြန်ပြောသည် ...
“ကျူးထန်နန်းတော်....”
“ဟုတ်တယ်... ပြည်နယ်ကိုးခုက မင်းသမီးနဲ့ လိုက်လာတဲ့ သူတွေက တော်ဝင်မြေက လူတွေ ဖြစ်ဖို့များတယ် ... အခုတက်လာတဲ့ နှစ်ယောက်ကလည်း ရှန့်ထိုတစ်ပါး အဖော်ပြုလိုက်လာတယ် ... သူတို့က လည်း တော်ဝင်မြေက ဖြစ်တယ်ဆိုတာ ထင်ရှားတယ် ... အခုသူတို့က အထက်ဘုံကို အရေးတကြီး လာပုံထောက်ရင် ကျူးထန်နန်းတော်ကို သွားတဲ့သူတွေနဲ့ သူတို့နဲ့ အဆက်အသွယ် ရှိပုံပဲ ...”
လူကြီးက ခန့်မှန်းသည်။
သူက ထိပ်သီးကွန်းရှီ တန်ခိုးရှင် တစ်ပါးဖြစ်ကာ ကောင်းကင်လှေကားအား စောင့်ကြပ်ရသော ခေါင်းဆောင်ဖြစ်သည်။ ပုံမှန်အားဖြင့် သူက ဉာဏ်ရည်ထက်မြက်ကာ ကိစ္စရပ် တော်တော်များကို တွေးတောခန့်မှန်း နိုင်ပေသည်။
“ဗိုလ်ချုပ် ... ကျုပ်က ရက်နည်းနည်းလောက် ခွင့်ယူချင်ပါတယ် ...” လီချိန်ယွန်က တောင်းဆိုသည်။
“ကောင်းပြီ ... သွားလိုက်...” လူကြီးက ပြုံးလျက် ပြန်ပြောသည်။
“ဗိုလ်ချုပ် ... ကျုပ်တို့လည်း သွားကြည့်ချင်ပါတယ် ...” အနီးမှ လူများ အားလုံးကလည်း တပြိုင်နက်တည်း တောင်းဆိုကြသည်။
လူကြီးက သူတို့အားလုံးအား ဒေါသတကြီး ကြည့်သည်။ ကောင်လေးများကား အနည်းငယ်မျှပင် စိတ်ရှည်ခြင်း မရှိကြပေ။
“သွားကြ ...” လူကြီးက လက်ဝှေ့ရမ်းလိုက်သည်။
ဤတွင် လူငယ်များအားလုံးက ရယ်မောကာ ပြန်ပြောသည် ...
“ဒါဆိုလည်း ကျုပ်တို့သွားပြီ ဗိုလ်ချုပ် ...” သူတို့ အားလုံးက ထိုသို့ပြောကာ မြန်ဆန်စွာပင် ထွက်သွားခဲ့ကြသည်။
သူတို့အားလုံး ထွက်ခွာသွားသည်ကို မြင်လျှင် လူကြီးက ခေါင်းရမ်းလိုက်၏။ သူကလည်း သွားကြည့်လိုပေ၏။ သို့သော် ကောင်းကင်လှေကားကို စောင့်ကြည့်ရသော ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူကဤနေရာမှ ထွက်ခွာခွင့် မရှိပေ။
“ကျူးထန် နန်းတော်ကတော့ လှုပ်လှုပ်ရှားရှား ဖြစ်တော့မယ် ...”
လူကြီးက အဝေးကို လှမ်းကြည့်ကာ တီးတိုးရေးရွတ်သည်။ ခုနကနှစ်ယောက်၏ စွမ်းအင်အရဆိုလျှင် သူတို့က ကောင်းကင် အလွှာရှစ်ဆင့်၊ သို့မဟုတ် ကိုးဆင့်သို့ ရောက်နိုင်လောက်ပေသည်။
ရီဖူရှင်းက ပုံမှန်အားဖြင့် ကောင်းကင်လှေကား စောင့်ကြပ်သူများ မည်သို့တွေးတောမည်ကို ဂရုမစိုက်ပေ။ သူတို့က အထက်ဘုံသို့ ရောက်သည်နှင့် ဦးဆုံးလုပ်ဆောင်သည်က မြေပုံတစ်ခု ရှာဖွေခြင်းနှင့် ကျူးထန် နန်းတော်ဖြင့် ပတ်သက်၍ သတင်းအချက်အလက်များ မြန်ဆန်စွာ စုဆောင်းခြင်းဖြစ်သည်။
ထိုအခိုက်တွင် ဓားအလင်းတန်း တစ်ခုက လေထဲတွင် မြန်ဆန်စွာ ရွေ့လျားနေသည်။ ရီဖူရှင်းက ဓားထက်တွင် ရပ်နေသည်။ သူက ဓားပေါ်တွင် ရပ်နေရင်းက သူ့အား ရိုက်ခတ်လာသော လေစီးကြောင်းများအား သူ၏ သဘာဝစွမ်းအားဖြင့် တားဆီးခြင်းမရှိဘဲ တွေ့ထိခံစားနေသည်။ သူ၏အဝတ် အစားများက လေပြင်းများ တိုက်ခတ်သောကြောင့် တဖျတ်ဖျတ် လွင့်နေသည်။
“ဘယ်လောက်တောင် သိပ်သည်းအားကောင်းတဲ့ သဘာဝစွမ်းအင်တွေလဲ ... ကျုပ်က လောကဓာတ်တွေကိုတောင် ခံစားမိတယ် ...”
ရီဖူရှင်းက မျက်လုံးကိုမှိတ်ကာ တီးတိုး ပြောသည်။ အထက်ဘုံက အမှန်ပင် ကျင့်ကြံရန်အတွက် သင့်တော်ပေသည်။
ရီဖူရှင်းက သူ၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ကျေးရွာခေါင်းဆောင်အား မေးသည် ...
“အဘက ဒီကို ရောက်ဖူးတယ်မလား ...”
“ဟုတ်တယ် ... ဒါပေမဲ့ ခဏလေးပါပဲ ... ကျုပ်က အထက်ဘုံနဲ့ သိပ်ပြီး မရင်းနှီးဘူး ...”
ကျေးရွာ ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြန်ပြောသည်။
ယခင်က မရဏဓားနတ်မယ်၏ ဂုဏ်သတင်းမှာ ပြည်နယ် ကိုးခုတွင်သာမက အင်ပါယာရှား၏ အထက်ဘုံအတွင်း၌ပင် ကျော်ကြားပေသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည် ...
“ဒီနေရာမှာ လေ့ကျင့်တာက ပြည်နယ်ကိုးခုမှာ လေ့ကျင့်တာထက် အများကြီးပိုသာတယ် ... ရှီအဆင့်ကို တက်ဖို့တောင် ဒီမှာက သိပ်ခက်ခဲမယ့်ပုံ မရှိဘူး …”
သို့သော်လည်း ပြည်နယ်ကိုးခုမှ လူများမှာ အင်ပါယာရှား၏ အထက်ဘုံသို့ မိမိသဘောကျ ဝင်ထွက်ခွင့် မရှိပေ။ ယူချင်းနှင့် ရီဖူရှင်းတို့က ကောင်းကင်လှေကားမှ တစ်ဆင့် တက်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း တခြားလူများ အတွက်မူ ထိုသို့ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။
ကောင်းကင်လှေကားမှ တက်ရောက်ခြင်းအပြင် တခြားနည်းလမ်းတစ်ခုမှာ ရှန့်ထိုအဆင့်သို့ တက်ရောက်ခြင်းဖြစ်သည်။ ဤနည်းဖြင့် ပြည်နယ်ကိုးခုမှ အတော်ဆုံး အကောင်းဆုံးသော သူများသာ အထက်ဘုံသို့ တက်ရောက်နိုင်ပေသည်။
မျိုးဆက်ပေါင်းများစွာ၌ အင်ပါယာရှား၏ အထက်ဘုံမှ လူများသာ အထူးချွန်ဆုံး တန်ခိုးရှင်များ ဖြစ်ကြသည်။ ရန်ဟောင်တန်ခိုး အဆင့်၌ရှိသော ပုဂ္ဂိုလ်ထူးများမှာ ကောင်းကင် ဒေသအတွင်း သူတို့၏ ကိုယ်ပိုင်ဘုံဌာနေများ ဖွင့်လှစ်ကာ မရေမတွက်နိုင်သော အောက်ဘုံများအား အုပ်ချုပ်ကြသည်။
တစ်ခါတစ်ရံ ရီဖူရှင်းကတွေးမိသည်။ ကောင်းကင်ဒေသက မည်မျှပင်ကြီးမား လေမည်နည်း။ သူ၏အဆင့်တွင် သူကတဖြည်းဖြည်းနှင့် လောကကြီးကို ပိုမိုကျယ်ပြန့်စွာ နားလည်သိမြင် လာခဲ့သည်။ ကောင်းကင်ဒေသ တစ်ခုလုံးကို အုပ်ချုပ်နိုင်ခဲ့သော မဟာအင်ပါယာ နှစ်ခုမှာ မည်မျှအားကောင်း ခဲ့မည်ကို သူက ခံစားမိ၏။
မှန်သည် ... လက်ရှိတွင် ရီဖူရှင်းက ထိုအချင်းအရာများကို တွေးတောရန် အချိန်မရှိပေ။ သူ၏စိတ်တွင် ကျူးထန်နန်းတော်နှင့် ပတ်သက်၍သာ တွေးတောနေသည်။
ကျူးထန်နန်းတော်က အင်အားစုတစ်ခု မဟုတ်ဘဲ အမှန်တကယ် အားဖြင့် ယှဉ်ပြိုင်တိုက်ခိုက် နိုင်သောနေရာ တစ်ခုဖြစ်ကာ အလွှာကိုးခု ခွဲခြမ်းထားပေသည်။ အင်ပါယာ ရှားဘုံဌာန၌ ထိုတိုက်ခိုက်ရေး နန်းတော်မှာ အလွန်နာမည် ကျော်ကြားပေသည်။ အင်ပါယာ ရှားနယ်မြေအတွင်းမှ တန်ခိုး ရှင်အများစုမှာ ကျူးထန်နန်းတော်သို့ လာရောက်ယှဉ်ပြိုင် တိုက်ခိုက်ကြပြီး နဝမအလွှာသို့ ဝင်ရောက်ခြင်းဖြင့် ကျူးထန်အဆင့်၌ ကမ္ဗည်းမှတ်တမ်း တင်ခံကြရပေသည်။
ကျူးထန်အဆင့်ဝင် များအားလုံးမှာ အင်ပါယာ ရှားနယ်မြေ၌ ပြိုင်ဘက်ကင်းများ ဖြစ်ကြပြီး မည်သည့်တော်ဝင် အင်အားစုသို့မဆို လွတ်လွတ်လပ်လပ် ဝင်ရောက်လေ့ကျင့် နိုင်ကြပေသည်။
မှန်သည် ...ပုံမှန်အားဖြင့် ကျူးထန်အဆင့်ဝင် အများစုမှာ မူလကတည်းက တော်ဝင်အင်အားစုများမှ ဖြစ်ကြပေသည်။
အင်ပါယာ ရှားဘုံအတွင်း၌ မင်းသမီးလေး ရှားရှင်းယွန်မှာ ကျူးထန်အဆင့်သို့ ဝင်ရောက်ခဲ့သော အသက်အငယ်ဆုံး တန်ခိုးရှင် တစ်ယောက်ဖြစ်သည်။ ထိုစဉ်က သူမ ကျူးထန်အဆင့်သို့ ဝင်ရောက်ခဲ့သည်ကို မရေမတွက်နိုင်သော လူများလာရောက် ကြည့်ရှုခဲ့ရာ အင်ပါယာရှားဘုံအတွင်း၌ အကြီးအကျယ် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့၏။
ပုံမှန်နေ့ရက်များတွင်လည်း ကျူးထန်နန်းတော်ကား အမြဲတမ်းအားဖြင့်လူစည်ကားနေသောနေရာ ဖြစ် သည်။ အင်ပါယာ ရှားနယ်မြေကား အလွန်ကျယ်ပြောကာ ကျူးထန်နန်းတော်က အင်ပါယာရှားဘုံ၏ အလယ်ဗဟို၌ တည်ရှိပေသည်။
ကျေးရွာခေါင်းဆောင်၏အမြန်နှုန်းဖြင့်ပင် သူတို့က ကျူးထန်နန်းတော်သို့ ရောက်ရှိရန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပေသည်။ ယခုတွင် ကျူးထန်နန်းတော်၌ လူများပြည့်နှက်နေသည်။ နန်းတော်မှ တိုက်ပွဲများမှာ စတင်ခဲ့သည်မှာ တစ်ရက်ခန့် ရှိပြီဖြစ်ကာ ရီဖူရှင်းက နန်းတော်၏အောက်ခြေ လှေကားရင်း၌ ရပ်ကာ အပေါ်ကို မော့ကြည့်နေသည်။
သူက အလွှာတစ်ခု ချင်းစီသို့ ဦးတည်နေသော လှေကားများအားမြင် တွေ့ရပြီး မရေမတွက်နိုင်သော တန်ခိုးရှင်များ အပိုင်းကိုးခုဖြင့် ခွဲခြားထားပေသည်။ ထိုသို့ခွဲခြားထားခြင်းကိုပင် ကောင်းကင် အလွှာကိုးခုဟု ပြောခြင်းဖြစ်သည်။ ကျူးထန်နန်းတော်၏ နဝမအလွှာမှာ မြေပြင်နှင့် ပေ၃၀၀၀ကျော် ကွာဝေးသည်။ ရီဖူရှင်း၏အမြင်အာရုံဖြင့်ပင် အလွှာများကို ဝေဝါးစွာ မြင်ရသည်။
ရီဖူရှင်းတို့က ကျူးထန်နန်းတော်သို့ ချက်ချင်း မဝင်ရောက်ကြသေးပေ။ သူက အပြင်တွင် သတင်းအချက်အလက် များကို စုဆောင်းလိုသေးသည်။ ရီဖူရှင်းတို့က ကျူးထန်နန်းတော်နှင့် မနီးမဝေးတွင်ရှိသော ထန်ကျိအိမ်တော်သို့ သွားရောက်ခဲ့ကြသည်။
ထန်ကျိအိမ်တော်ကား အင်ပါယာ ရှားနယ်မြေအတွင်း၌ သတင်း အချက်အလက်များ ရောင်းဝယ်ရာ နေရာဖြစ်သည်။ သူတို့သုံးယောက်က ထန်ကျိအိမ်တော်သို့ ရောက်လာလျှင် လူတစ်ယောက်က သူတို့အား လက်ခံ၍ တွေ့ဆုံသည်။
“ခင်ဗျားတို့ သုံးယောက်က ဘာသတင်း အချက်အလက်တွေ သိချင်လို့လဲ ...” အကြီးအကဲ တစ်ယောက်က ပြုံးလျက် ရီဖူရှင်းအား မေးသည်။
“မင်းသမီး ရှားရှင်းယွန်က အောက်ဘုံက လူတွေကို ခေါ်ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့တယ် ... အဲဒီအထဲမှာ အောက်ဘုံက လူတွေနဲ့ အထက်ဘုံက လူတွေပြဿနာတွေ ဖြစ်ခဲ့တဲ့ ကိစ္စတချို့ ရှိခဲ့တယ် ... ထန်ကျိအိမ်တော်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သိသလား ...”ရီဖူရှင်းက မေးသည်။
အကြီးအကဲက ပြုံးလျက်ပြန်ပြောသည် ...
“ထန်ကျိအိမ်တော်က မသိတာ ဘာမှမရှိဘူး ...”
သူကထိုသို့ပြောရင်းနှင့် နာမည်တစ်လုံးအား ထုတ်ပြောသည် ...
“ရီဝူချင်း ...”
ရီဖူရှင်း၏မျက်လုံးက ရုတ်တရက် ထက်ရှသွားကာ အကြီးအကဲအား တိုက်ရိုက်ကြည့်လျက် ပြောသည် ...
“ကျုပ်က သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေ အကုန်လုံးကို သိချင်တယ် ...”
“အကုန်လုံးလား...” အကြီးအကဲက မေးသည်။
“ဟုတ်တယ်...” ရီဖူရှင်းက ပြန်ပြောသည်။
“ဒီကိစ္စမှာ အဖွဲ့အစည်းတွေ အများကြီး ပါဝင်ပတ်သက်နေတယ် ... ဒါကြောင့် ဈေးနှုန်းမြင့်တယ် ...” အကြီးအကဲ၏မျက်လုံးက ရီဖူရှင်းအားစူးနစ်စွာ ကြည့်လျက် ပြန်ပြောသည်။
ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်သည်တွင် ထိပ်သီးရှီအဆင့် ရတနာတစ်ခု ပေါ်လာသည်။ သူက အကြီးအကဲအား မေးသည်...
“ဒါကလုံလောက်လား...”
“ကောင်းပြီ...” အကြီးအကဲက လက်ဝှေ့ယမ်းကာ ပြန်ပြောသည်။
အမှန်တကယ်အားဖြင့် ရီဖူရှင်းသိလိုသော သတင်း အချက်အလက်များမှာ လျှို့ဝှက်ချက်များတော့ မဟုတ်ပေ။ ထို့ကြောင့် အဆင့်မြင့် ရှီလက်နက်တစ်ခုမှာ လုံလောက်သည်ထက်ပင် ပိုနေသည်။
ရီဖူရှင်းတို့အား အခန်းတွင်းတစ်ခုသို့ ခေါ်ဆောင်လာခြင်းခံရသည်။ ထိုအထဲတွင် လူအများအပြား ရှိကြသော်လည်း သူတို့က ရီဖူရှင်းအား ရှိသည်ဟုပင် ဂရုမစိုက်ကြပေ။ သူတို့အားလုံးမှာ ကိုယ်စီစာရွက် စာတမ်းများဖြင့် အလုပ်ရှုပ်နေကြသည်။
ထိုစဉ် ဆယ်ကျော်သက် လူငယ်တစ်ယောက်က သူတို့သုံးယောက်ထံ လျှောက်လာကာ ပြုံးလျက်မေးသည်။
“ဆရာတို့က အောက်ဘုံကလား ...”
“ကျုပ်သိချင်တဲ့ အချက်အလက်တွေ ...” ရီဖူရှင်းက ဘာမှပြန်မပြောဘဲ တိုက်ရိုက်မေးမြန်းသည်။
“ကောင်းပြီ...” ဆယ်ကျော်သက်လူငယ်က ပြုံးလျက်ခေါင်းညိတ်သည်။ ထို့နောက် သူက စာရွက်စာတမ်းများအား လှန်လှော်ကာ ဖတ်ရှုလျက် ပြန်ပြောသည် ...
“ခင်ဗျားပြောတဲ့လူက မင်းသမီးလေး ရှားရှင်းယွန်နောက်ကို လိုက်ပြီးတော့ စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ် ...သူတို့က လူသူကင်းမဲ့နေတဲ့ ဓားအင်ပါယာဘုံ တစ်ခုကို သွားခဲ့ကြတယ် ... အဲဒီမှာ အောက်ဘုံက ရီဝူချင်းက သူရဲ့ သက်စောင့်ဝိညာဉ်ထဲကို ဓားအသိအချို့ စုပ်ယူခဲ့တယ် ... ထန်ကျိအိမ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုအရ သူစုပ်ယူခဲ့တဲ့ ဓားအသိတွေက ရှန့်ထိုအဆင့်မှာ အနည်းဆုံးရှိပြီးတော့ ဖြစ်နိုင်ဖွယ် အများဆုံးက ရန်ဟောင်အဆင့်မှာပဲ ... အင်ပါယာရှားဘုံ နယ်မြေအတွင်းကလူတချို့ အဲဒီဓားအသိကို ရယူချင်ခဲ့ကြတယ် ... ဒါကြောင့်ပဲ ရီဝူချင်းရဲ့ သက်စောင့်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက ထုတ်နှုတ် ခံရပြီးတော့ သူကိုယ်တိုင်က သတိလစ်သွားခဲတယ်လို့ ကျုပ်တို့ သိထားတယ် ...” ဆယ်ကျော်သက်လူငယ်က ပြောသည်။
“ဘယ်သူလုပ်ခဲ့တာလဲ”
ရီဖူရှင်းက မေးမြန်းသည်။ သူ့ထံမှ အေးစက်သော ကိုယ်ရောင်ကိုယ် ဝါများပျံ့နှံ့ထွက်ပေါ်လာ၏။
“ခင်ဗျား သိချင်တဲ့ သတင်းက အောက်ဘုံက လူတွေနဲ့ ဆက်စပ်နေတယ်...”
ဆယ်ကျော်သက်လူရွယ်က ပြုံးလျက်ပြန်ပြောသည်။
ဆိုလိုသည်က ရီဖူရှင်း မေးမြန်းသော သတင်းအချက်အလက်မှာ အထက်ဘုံက လူများနှင့်သာ ပတ်သက်နေလျှင် ပြဿနာ မရှိသော်လည်း အောက်ဘုံက လူများနှင့် ပတ်သက်နေမည် ဆိုပါက ပိုမိုသော တန်ကြေးများ ပေးရမည်။
ရီဖူရှင်းက အေးစက်စွာ တစ်ချက်ကြည့်ကာ လက်ဝှေ့ယမ်းလိုက်လျက် နောက်ထပ် သိဒ္ဓိဝင်လက်နက်တစ်ခု ပေါ်ပေါက်လာသည်။ ဆယ်ကျော်သက်လူငယ်က ထိုသိဒ္ဓိဝင် လက်နက်အား သိမ်းဆည်းလိုက်ကာ ပြုံးလျက်ပြောသည် ...
“ခင်ဗျားက ဒီကို ရောက်လာမှတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖျင်း သိထားလိမ့်မယ် ထင်တယ် ...ရီဝူချင်းရဲ့ သက်စောင့် ဝိညာဉ်ကို ထုတ်နှုတ်သွားတဲ့သူက ကျူးထန်အဆင့်ဝင် ပေ့ချိန်ရန် ဖြစ်တယ် ...”
***