တစ်ပေရှည်သော ‘ရေခဲလှိုင်းဓားကျိုး’
Vol. 92 Ch. 1281
အခန်း (၁၂၈၁) တစ်ပေရှည်သော ‘ရေခဲလှိုင်းဓားကျိုး’
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က နက္ခတ်ဧကရာဇ်၏ ‘ဆီးနှင်းအက်ကွဲ’ သိုင်းပညာကို သူ၏ “ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်” အသုံးပြုကာ ခုခံလိုက်ခြင်း ဖြစ်သည်။
ကြီးမားသော အဖျက်စွမ်းအားများက များပြားလှစွာသော ရေခဲဓားသွားများကို တိုက်စားသွားပြီး ယန်ချဲ့ကို ထိခိုက်ခြင်းမရှိအောင် ကာကွယ်ပေးလိုက်သည်။
သို့သော် ထိုသို့ပြုလုပ်လိုက်သည့်အတွက် နက္ခတ်ဧကရာဇ်ကို ဖိနှိပ်ထားရန် အသုံးပြုသည့် ‘ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်း’ က အားပျော့သွားရသည်။
လက်ဝါးပြင်မှ တန်ခိုးစွမ်းအားက တည်ငြိမ်စွာ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသေးသည်။
သို့သော် လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ပြိုင်ဘက်ကင်းဖြစ်သော စွမ်းအားရောင်ဝါနှင့် ထက်ရှပြတ်သားမှုတို့ကတော့ ပျက်ဆီးသွားပြီ ဖြစ်၏။
အခြားရန်သူဆိုလျှင် ဤသည်က ပြဿနာမရှိသော်လည်း နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’ ဆိုသည်က မည်သို့သောလူစားမျိုး ဖြစ်ပါသနည်း။
တိုက်ပွဲအခြေအနေ ယခုကဲ့သို့ဖြစ်လာစေရန် သူက ‘ဆီးနှင်းအက်ကွဲသိုင်းပညာ’ အသုံးပြုပြီး ဖန်တီးယူခဲ့သူ ဖြစ်သည်။ ယခု အခွင့်အရေးက သူ့ထံရောက်ရှိလာပြီဖြစ်ရာ မည်သို့ အလွတ်ပေးပါမည်နည်း။
ရုတ်ချည်းပင် ချန်ရွှမ်ကျုန်းက ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲသွားသည်။
ရေခဲသိုင်းပညာ (၇)ရပ်၏ ပဉ္စမသိုင်းပညာဖြစ်သော ‘ရေခဲမြစ်အရည်ပျော်သိုင်းပညာ’ ထွက်ပေါ်လာပြီးသည့်နောက် စတုတ္ထမြောက်သိုင်းပညာဖြစ်သော ‘ရေခဲမြစ်သိုင်းပညာ’ ကို အသုံးပြုရန် မလိုအပ်တော့ပေ။
သို့သော် ‘ရေခဲမြစ်သိုင်းပညာ’ ၏ မူလအခြေခံနှင့် အရှိန်အဟုန်ကြောင့် ‘ရေခဲမြစ်အရည်ပျော်သိုင်းပညာ’ စွမ်းအားက အရှိန်အဟုန်ကြီးမားလာသည်မှာ သံသယဝင်စရာ မရှိပေ။
နက္ခတ်ဧကရာဇ် ဓားသိုင်းတစ်ကွက်ထုတ်ဖော်လိုက်သည်နှင့် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်းကို အတင်းအကျပ် ဆုတ်ခွာသွားစေခဲ့သည်။
ထိုသို့ဖြစ်ရခြင်းကြောင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က စိတ်ပျက်အားလျော့သွားခြင်း မရှိပေ။
‘ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်’ ကိုအသုံးပြုပြီး ရေခဲများနှင့် အလွန်အမင်းအေးစိမ့်မှုများကို ဝါးမျိုလိုက်ကာ သူ့ကိုယ်သူကာကွယ်ရင်း တည်ငြိမ်စွာပင် ရှိနေသည်။
ထိုခဏတွင် နက္ခတ်ဧကရာဇ်၏ (၂)ပေရှည်သော ကျောက်စိမ်းဖြူရောင်ဓားကျိုးက လေထုထဲတွင် နှင်းပွင့်တစ်ပွင့် ကခုန်နေသည့်ပမာဖြစ်ပြီး ဆီးနှင်းများပြည့်နက်နေသည့်ကောင်းကင်ထက်ဝယ် အရှိန်အဟုန်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ လက်ထဲမှ ‘ရေခဲလှိုင်းဓားကျိုး’ က မြူခိုးများပမာ ပုံရိပ်ယောင်ဆန်စွာ တည်ရှိနေပြီး ဆီးနှင်းထဲပျော်ဝင်သွားသည့်ပမာ တည်နေရာကို ဆုံးဖြတ်ရန် ခက်ခဲလာသည်။
ဓားသွားအစွန်းက ထင်ယောင်ထင်မှားဖြစ်နေပြီး ရုတ်တရက် ပျောက်ကွယ်သွားသည့်ပမာ ထင်မှတ်ရကာ နက္ခတ်ဧကရာဇ်၏ တိုက်ကွက်များက ဆုံးဖြတ်ရခက်လာသည်။
တိုက်ကွက်တစ်ကွက်ထွက်ပေါ်လာတိုင်း နှင်းငွေ့များ အရှိန်ပြင်းပြင်းနှင့် ပြိုကျလာသည့်ပမာ လေထုက တုန်ခါသွားသည်။
ရေခဲသိုင်းပညာ (၇)ရပ်မှ ပထမဆုံးသိုင်းပညာဖြစ်သော ‘ဆီးနှင်းကခုန်သိုင်းပညာ’ နှင့် တတိယသိုင်းပညာဖြစ်သော ‘မခန့်မှန်းနိုင်သောနှင်းပွင့်’ သိုင်းပညာကို ချန်ရွှမ်ကျုန်း၏ဓားထဲတွင် ပေါင်းစပ်အသုံးပြုထားခြင်း ဖြစ်၏။
ရေခဲမြစ်အရည်ပျော်သိုင်းပညာမှ ယူဆောင်လာသော ပေါက်ကွဲမှုစွမ်းအားက အဆုံးမရှိသောလွှမ်းခြုံမှုဖြင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ကို ဝိုင်းရံထားလိုက်ကြသည်။
ချန်ရွှမ်ကျုန်း၏ တန်ပြန်တိုက်ခိုက်မှုက ရက်စက်ကြမ်းတမ်းပြီး ထာဝရတည်မြဲနေကာ ယန်ချဲ့ ယခင်က တိုက်ခိုက်သော ‘ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်း’ ထက် ပိုမို ပြင်းထန်သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး အသာစီးရခြင်း ဆုံးရှုံးသွားသည့်တိုင် စိတ်ပျက်သွားခြင်း မရှိခဲ့ပေ။
သူ၏ သိုင်းပညာရပ်အားလုံးက ယွိချင်အအဆက်အနွယ် ‘ကောင်းကင်ဖွင့်ကျမ်းစာ’ နှင့်အတူ အခြားသော ထိပ်တန်းသိုင်းပညာရပ်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။
သို့သော် ကောင်းကင်ဖွင့်ရေစင်ကို ထုတ်ယူနိုင်သည့် ‘နက်ရှိုင်းရေခဲဓားသိုင်း’ ၊ ကောင်းကင်ဖွင့်မြေကြီးမှထုတ်ယူထားသည့် ‘ယင်ယန်မိုးဖြိုတူ’ ၊ ကောင်းကင်ဖွင့်လေပြင်းမှထုတ်ယူထားသည့် ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ ‘ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်’ က ကောင်းကင်မဖွင့်လှစ်ခင် အမှောင်ထုမှ ကို ပြသထားသည်။
ခံစစ်သဘောသဘာဝစွမ်းအားတွင် ထိုက်ချင်အဆက်အနွယ်မှ ထိုက်ယီလက်သီးသိုင်းနှင့် ခပ်ဆင်ဆင် တူညီသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ အပြင်းထန်ဆုံးတန်ခိုးစွမ်းအားမှာ ‘ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်း’ တစ်ခုတည်း မဟုတ်ပေ။
သို့သော် လူအများ၏မျက်လုံးထဲတွင် ‘ကောင်းကင်လွှမ်းခြုံလက်ဝါးသိုင်း’ ကိုသာ စွမ်းအားကြီးမားသည်ဟု ထင်မှတ်နေခဲ့ကြသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ အခြားသော စွမ်းအားကြီးမားသည့် သိုင်းပညာရပ်များများမှာ သာမန်ဆန်လွန်းလှသဖြင့် ထိုသိုင်းပညာလောက် လူသိများခြင်း မရှိခဲ့ကြပေ။
သို့သော် ထိုသိုင်းပညာရပ်များက သာမန်မဆန်ပဲ အလွန်ထူးခြားကြောင်း ရန်သူဘက်မှ သဘောပေါက်သွားသည့်အချိန်တွင် တိုက်ခိုက်မှုကို ပိတ်ဆို့ရန် အလွန်နောက်ကျသွားပြီ ဖြစ်၏။
ယန်ချဲ့၏သိုင်းပညာသည်လည်း ယန်ချဲ့၏အသွင်အပြင်ကဲ့သို့ ပရိယာယ်မာယာ များသည်သာပင်။
လက်ရှိမှာတော့ ယန်ချဲ့က တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲသွားပြီး ချန်ရွှမ်ကျုန်း၏ တိုက်ကွက်မှန်သမျှကို တန်ပြန်နေခဲ့သည်။
သူ့ကိုယ်သူကာကွယ်ရန် ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်ကို ထုတ်ဖော်အသုံးပြုပြီး တိုက်စစ်နှင့် ခံစစ်ကြားတွင် ဟန်ချက်ညီစွာ ရှိနေခဲ့သည်။
သူ၏ ခံစစ်စွမ်းအားက ရဲတိုက်တံတိုင်းကြီးတစ်ခုပမာ နက္ခတ်ဧကရာဇ်၏ အဆက်မပြတ် ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ခုခံကာကွယ်နေသည်။
“ဆီးနှင်းကခုန်သိုင်းပညာ ၊ ဆီးနှင်းအက်ကွဲသိုင်းပညာ ၊ မခန့်မှန်းနိုင်သောနှင်းပွင့်သိုင်းပညာ ၊ ရေခဲမြစ်သိုင်းပညာ ၊ ရေခဲမြစ်အရည်ပျော်သိုင်းပညာ...”
ယန်ချဲ့ စိတ်ထဲမှ တွက်ချက်လိုက်သည်။
“ဆဋ္ဌမမြောက်သိုင်းပညာဖြစ်တဲ့ ‘ရေခဲသုံးပေသိုင်းပညာ’ နဲ့ နောက်ဆုံးသိုင်းပညာဖြစ်တဲ့ ‘မိုးမြေထာဝရငြိမ်သက်’ သိုင်းပညာ ကျန်နေသေးတယ်”
နက္ခတ်ဧကရာဇ်၏သိုင်းပညာက အအေးဓာတ်လွန်ကဲ့သော ပညာရပ် ဖြစ်သည်။ အေးခဲနေသောတန်ခိုးစွမ်းအား ပျောက်ကွယ်သွားသည့်တိုင် ဗလာနယ်ထဲတွင် အအေးဓာတ်က အချိန်အတော်ကြာအောင် ကျန်ရှိနေဦးမည် ဖြစ်သည်။
ရန်သူနှင့်တိုက်ခိုက်သည့်အခါ အေးစက်သောဓားသွားက သွေးစုပ်သည့်မျှော့တစ်ကောင်ပမာ ရန်သူကို အဆက်မပြတ်တိုက်စားသွားမည်ဖြစ်ရာ ၎င်းအဖျက်စွမ်းအားကို တားဆီးရန် ခက်ခဲသည်။
သို့ဖြစ်ရာ ရေခဲလှိုင်းကျောင်းတော်မှ သိုင်းကျင့်ကြံသူများနှင့် ဆန့်ကျင်တိုက်ခိုက်သူများမှာ တိုက်ပွဲအပြီးတွင် အရိုးထဲအထိ အေးခဲခြင်းတိုက်ပွဲဒဏ်ကို ကာလရှည်ကြာ ခံစားကြရမည် ဖြစ်သည်။
ကိုယ်တွင်းမှ အအေးဒဏ်ကို ပြန်လည်စွန့်ထုတ်ရန်အတွက် တိုက်ပွဲအပြီးတွင် ချက်ချင်း တံခါးပိတ်ကျင့်ကြံကြရပေသည်။
တိုက်ပွဲအချိန်ကြာလေ အအေးဓာတ်က ပိုမိုနက်ရှိုင်းလေ ဖြစ်ပြီး ရန်သူ၏ အသက်ဓာတ်စွမ်းအားနှင့် တန်ခိုးစွမ်းအားကို အားနည်းသွားစေကာ သိုင်းကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာထဲတွင် သိမ်မွေ့သောအပြောင်းအလဲများ ဖြစ်ပေါ်စေသည်။
ရေခဲသိုင်းပညာရပ်များထဲမှ ဆဋ္ဌမသိုင်းပညာဖြစ်သော ‘ရေခဲသုံးပေသိုင်းပညာ’ မှာ တရုတ်စကားပုံတစ်ခုဖြစ်သည့် -
“မြစ်ထဲမှရေ (၃)ပေအထိအေးခဲရန်မှာ တစ်ရက်တည်း ရာသီဥတုအေးရုံဖြင့် မဖြစ်နိုင်”
ဆိုသည့်အပေါ် အခြေခံထားခြင်း ဖြစ်သည်။
ဤသိုင်းပညာသည် ရိုးရှင်းသော တိုက်စစ်နှင့်ခံစစ် သိုင်းပညာတစ်ရပ် မဟုတ်ပေ။
ရန်သူ၏ခန္ဓာကိုယ်ထဲတွင် အအေးဓာတ်များကို စုပြုံလာစေပြီး သက်ရောက်မှုများဖြစ်ပွားစေသည့် ထူးခြားသော သိုင်းပညာတစ်ရပ် ဖြစ်သည်။
အအေးဓာတ်များစုပြုံလာသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး ရန်သူ၏ခန္ဓာကိုယ်အတွင်းပိုင်း ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။
ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ခြင်းအား ရန်သူအနေဖြင့် ခုခံရန် ခက်ခဲပေလိမ့်မည်။
ချန်ရွှမ်ကျုန်းက ဤတိုက်ကွက်ကို အသုံးပြုရန် အခွင့်အရေးရှာနေကြောင်း ယန်ချဲ့ ယုံကြည်လေသည်။
သူတို့၏တန်ခိုးစွမ်းအား တူညီနေသောကြောင့်သာ အစောပိုင်းတွင် ‘ရေခဲသုံးပေသိုင်းပညာ’ ကို နက္ခတ်ဧကရာဇ်က အသုံးမပြုခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ချန်ရွှမ်ကျုန်းက ‘ရေခဲသုံးပေသိုင်းပညာ’ ကို အရမ်းကာရောမထုတ်ဖော်ဘဲ အဆုံးစွန်သော လှုပ်ရှားမှုဖြစ်သည့် ‘မိုးမြေထာဝရငြိမ်သက်သိုင်းပညာ’ ကို အရင်ထုန်ဖော်ကာ ပြီးမှ ၎င်းသိုင်းပညာကိုအသုံးပြုရန် စီစဉ်ထားသည်။
မိုးမြေထာဝရငြိမ်သက်သိုင်းပညာကိုထုတ်ဖော်ပြီးမှ ရေခဲသုံးပေသိုင်းပညာကို အသုံးပြုပါက အကျိုးသက်ရောက်မှု ပိုမိုများပြားပေမည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ သည်လည်း ရေခဲသိုင်းပညာ (၇)ရပ်၏ နောက်ဆုံးပညာရပ်ဖြစ်သော ‘မိုးမြေထာဝရငြိမ်သက်သိုင်းပညာ’ ကို သတိပြုမိသည်။ တစ်နည်းအားဖြင့် ထိုသိုင်းပညာက အသုံးပြုသူကိုရော တိုက်ခိုက်ခံရသူကိုပါ ထိခိုက်စေနိုင်သည့် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်နိုင်စွမ်း မြင့်မားသော ပညာရပ် ဖြစ်သည်။
ပေးဆပ်ရသည့်တန်ဖိုးကြီးမားသလို တန်ခိုးစွမ်းအားကလည်း ပြင်းထန်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချန်ရွှမ်ကျုန်း၏စွမ်းအားရောင်ဝါက ဆက်လက်မြင့်တက်လာပြီး သူ၏ဓားဝိညာဉ်က အမြင့်ဆုံးအထိ ထွက်ပေါ်လာသည်။
သို့သော် ချက်ချင်းပင် ဓားဝိညာဉ်က ပြန်လည်ဆုတ်ခွာသွားပြီး စကြာဝဠာတစ်ခုလုံးမှ ဆီးနှင်းရေခဲများအားလုံး ပျောက်ကွယ်သွားသည်။
ထို့နောက်မှာတော့ တောက်ပအေးစက်သည့်ဓားအလင်းတန်းတစ်ခုက မှောင်မိုက်နေသောဗလာနယ်ထဲတွင် လက်ခနဲ တောက်ပလာသည်။
ဓားအလင်းတန်း ဗလာနယ်ထဲတွင်ထွက်ပေါ်လာပြီး အမှောင်ထုကိုထိုးခွင်းလိုက်သည်နှင့် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုအချိန်တစ်ခဏတွင် စကြာဝဠာတစ်ခုလုံး အေးခဲတိတ်ဆိတ်သွားပုံရသည်။
အသံ ၊ အလင်း ၊ အပူ သို့မဟုတ် အသက်ဓာတ်စွမ်းအား မည်သည့်အရာမှ မရှိတော့ပေ။
အရာအားလုံးက ထာဝရတည်ရှိနေသည့် အအေးဓာတ်နှင့်အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ရေခဲသိုင်းပညာ (၇)ရပ်၏ နောက်ဆုံးသိုင်းပညာ “မိုးမြေထာဝရငြိမ်သက်သိုင်းပညာ” ။
“အဲဒါ လာပြီပဲ...”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် စိတ်ထဲမှ သက်ပြင်းချရင်း တွေးလိုက်သည်။
သူက လက်သီးသိုင်းဝိညာဉ်တစ်ခုထုတ်ဖော်လိုက်ပြီး သူ့ကိုယ်သူကာကွယ်ရန်ပြင်ဆင်လိုက်သည်။ နက္ခတ်ဧကရာဇ်ထံမှ နောက်ဆက်တွဲရောက်ရှိလာမည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သော ‘ရေခဲသုံးပေသိုင်းပညာ’ ကို ကြံကြံ့ခံနိုင်ရန် ကြိုးစားရပေမည်။
တိုက်ပွဲစတင်ကတည်းက နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က သူ၏တိုက်ခိုက်မှုတိုင်းကို ဘယ်သောအခါမှ နောက်ပြန်မဆုတ်ခဲ့ပေ။
တိုက်ကွက်တစ်ခုစီတွင် သူ၏အစွမ်းအစတိုင်းကို အစွမ်းကုန်အားထုတ်ခဲ့ပြီး သူ၏ရုပ်ခန္ဓာအကန့်အသတ်ကိုပင် ကျော်လွန်လုနီးပါး ဖြစ်ခဲ့သည်။
သူက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဖြင့် အချိန်ဆွဲပြီး တိုက်ပွဲဝင်လိုခြင်းမရှိဘဲ တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ချင်ခဲ့သည်။
ရေခဲသိုင်းပညာ (၇)ရပ်က အောင်ပွဲအတွက် အဆုံးဖြတ်ပေးမည့် သိုင်းပညာရပ်များ ဖြစ်သည်။
ယန်ချဲ့ကလည်း ဤအကြောင်းကို သိရှိထားပြီးဖြစ်၍ အံ့သြခြင်းမရှိပေ။
ချန်ရွှမ်ကျုန်း၏ ရေခဲလှိုင်းဓားကျိုးမှ တိုက်ခိုက်လာသော သိုင်းပညာ (၇)မျိုးကို သူ၏ ကောင်းကင်လွှမ်းယပ်တောင်က ခံနိုင်ရည်ရှိမည်ဟုလည်း သူ ယုံကြည်ခဲ့သည်။
အကယ်၍ ချန်ရွှမ်ကျုန်းအနေဖြင့် သိုင်းပညာ (၇)ရပ်လုံး ထုတ်ဖော်ပြီးသည်အထိ အောင်ပွဲမရရှိပါက အောင်ပွဲက ယန်ချဲ့အတွက် ဖြစ်လာမည်မှာ သေချာသည်။
သို့ရာတွင်...
ယခု ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ သိသိသာသာပင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
မှောင်မိုက်အေးစက်နေသော ဗလာနယ်ထဲတွင် ကျောက်စိမ်းဖြူရောင်ဓားကျိုးကိုင်ဆောင်ထားသော ချန်ရွှမ်ကျုန်း၏လက်က အလွန်တည်ငြိမ်နေခဲ့သည်။
သို့သော် သူ့လက်ထဲရှိ ကျောက်စိမ်းဖြူရောင်ဓားကျိုးတွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်။
နှစ်ပေရှည်သော ဓားရှည်သည် ချက်ချင်းပင် အလယ်မှ ပြတ်တောက်သွားသည်။
ပြတ်တောက်သွားသော ပထမဓားတစ်ဝက်က ရေခဲပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားပြီး ဖြစ်တည်မှုမှ ပျောက်ကွယ်ပျက်ပြယ်သွားသည်။
ယခု ဓားရှည်က (၁)ပေသာလျှင် ကျန်ရစ်တော့သည်။
(၁)ပေသာရှည်သော ‘ရေခဲလှိုင်းဓားကျိုး’။
ကမ္ဘာလောကတစ်ခုလုံးမှ လူသားများ၏တည်ရှိမှုကို ရပ်တန့်သွားစေနိုင်သော မကြုံစဖူး ဓားသွာစွမ်းအားသည် ကမ္ဘာကြီးတစ်ခုလုံးကို ထာဝရအမှောင်ထုနှင့် တိတ်ဆိတ်ခြင်းဆီသို့ ပို့ဆောင်ပေးရင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ ခံစစ်စွမ်းအားကို ဖြိုခွဲပစ်လိုက်သည်။
ယန်ချဲ့ နှာတစ်ချက်မှုတ်လိုက်သည်။
သူက လက်ထဲမှ ငှက်မွှေးယပ်တောင်ကိုဝှေ့ယမ်းကာ ‘ချန်ရွှမ်ကျုန်း’ ၏ (၁)ပေရှည်သော ရေခဲလှိုင်းဓားကျိုးကိုပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သိုသော် အရိုးထဲအထိ အေးခဲသွားစေသော ဓားဝိညာဉ်နှင့် ဓားချီက အဆက်မပြတ် သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။
ဓားသွား၏ခုတ်ပိုင်းခံရမှုကြောင့် နာကျင်ခြင်းနှင့် အေးစက်ခြင်းတို့က ပိုမိုမြင့်တက်လာသည်။
ယန်ချဲ့က ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်ကိုအသုံးပြုကာ အအေးဓာတ်ကို စဉ်ဆက်မပြတ်ဝါးမျိုစုပ်ယူရန် ကြိုးစားသည့်အတိုင် ခုခံနိုင်ခြင်း မရှိတော့ပေ။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တန်ခိုးစွမ်းအားကို တိုးမြှင့်လိုက်သည်။
အဖျက်စွမ်းအားများက ချန်ရွှမ်ကျုန်းထံသို့ ဝင်ရောက်သွားပြီး ချန်ရွှမ်ကျုန်း၏ ဓားဝိညာဉ်ကို တိုက်စားသွားသည်။
သူက တိုက်စစ်ကိုတိုက်စစ်နှင့်တန်ပြန်ရင်ဆိုင်ရင်း အခြေအနေကို ဖြေလျှော့ရန် ကြိုးစားလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ချန်ရွှမ်ကျုန်းက ခပ်တိုးတိုး ကြုံးဝါးသံ ပြုလုက်သည်။
“တိုက်...”
ရုတ်ချည်းပင် ယန်ချဲ့၏ခန္ဓာကိုယ်ထဲ၌ အေးခဲသောလေထုကြီးတစ်ခုက ပင်လယ်ပြင်ပမာ ကျယ်ပြန့်လာပြီး တဖြည်းဖြည်းစုစည်းကာ ပေါက်ကွဲထွက်သွားတော့သည်။
ရေခဲသိုင်းပညာ (၇)ရပ်၏ ဆဋ္ဌမပညာ “ရေခဲသုံးပေသိုင်းပညာ”။