"မြောက်ပိုင်းမှ ၀က်၀ံကြီးတစ်ကောင်၏ဟိန်းဟောက်သံ"
Vol. 54 Ch. 836
"မင်း...မင်း မသေသေးဘူးလား"
လီယွန်အင်ပါယာ၏ မင်းသားဂိုမီတုန်လှုပ်သွားပြီး မြင်နေရသည့်အရာကိုယုံနိုင်ခြင်းမရှိပေ။ မှော်အမြှောက်လက်နက်များ၏ စွမ်းအားမြင့်မားသောတိုက်ခိုက်မှုအောက်တွင် သူ၏မျက်လုံးထဲတွင်မြင်နေရသည့် ညစ်ပတ်သောဇီးနစ်သားသည် သေဆုံးသွားခဲ့ခြင်းမရှိပေ။
"ဒီကောင်က သတ်လို့မရတဲ့ နတ်ဆိုးတစ်ပါးလား...မဟုတ်..မဟုတ်မှလွဲရော"
ဤအခိုက်တန့်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အတွေးတစ်ခုသည် မင်းသားဂိုမီ၏ ခေါင်းထဲသို့ မိုးကြိုးပစ်ခံလိုက်ရသလို၀င်ရောက်လာတော့သည်။
"မဟုတ်မှလွဲရော...မင်း..မင်းကနေအဆင့်ကိုရောက်ပြီးသွားပြီလား...ဒါ..ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဂိုမီသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖေးကိုမေးလိုက်သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အားမမြင်နိုင်သည့် စွမ်းအင်တစ်ခုကဖိနှိပ်ထားသည့်အတွက်ကြောင့် လှုပ်ရှားနိုင်ခြင်းမရှိတော့သည်ကို သိလိုက်ရသည်။
"အမှန်ပဲ။ မင်းဒီတစ်ခါတော့မှန်သွားပြီ...ဒါပေမယ့် မင်းကိုဆုချစရာတော့ ငါမှာာဘာမှမရှိဘူး" ဖှေး၏အပြုံးသည် ဂိုမီ၏မျက်လုံးထဲတွင် သေမင်း၏အပြုံးကဲ့သို့ပင်။
လက်ရှိအခိုက်တန့်တွင် ဖေးသည် သူ၏စွမ်းအားများကိုဖုံးကွယ်ထားစရာမလိုတော့ပေ။
အစပိုင်းတွင် ဖေးသည် သူ၏စွမ်းအားများကိုထိန်းချုပ်၍ မြို့တော်အပြင်တွင်တိုက်ခိုက်ခဲ့သည်။
တကယ်တန်းသူ၏စွမ်းအားများကိုမထိန်းချုပ်စေကာမူ တစ်ခြားလူများသည် သူ၏စွမ်းအားအဆင့်ကိုခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။ သူ၏စွမ်းအားသည် ရူးလောက်ဖွယ်ကောင်းသည့် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုအသုံးပြုခြင်းသာဖြစ်ပြီး စစ်သည်တော်စွမ်းအင်၊ မှော်စွမ်းအင်မဟုတ်သည့်အတွက်ပင်။ တစ်ခြားလူများသည် ဤကဲ့သို့စွမ်းအားနှင့်ရင်းနှီးမှုမရှိသည့်တွက်ကြောင့် ဘုရင်အားများသောအားဖြင့် လွယ်လွယ်ကူကူလျှော့တွက်ခဲ့မိကြသည်။
ရလဒ်အနေဖြင့် ရန်သူများဘက်မှ ဘုရင်အားသတ်ဖြတ်ရန်အတွက် သိုင်းဆရာတစ်ယောက်စေလွှတ်လိုက်သည့်အချိန်တိုင်းတွင် သူတို့သည် သိုင်းဆရာများကို ဖေးလက်ထဲတွင် အသတ်ခံရအောင်စေလွှတ်နေသလိုပင်။ သို့မဟုတ်ပါက ဖေးသည် လအဆင့်သိုင်းဆရာများစွာကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
ယနေ့တိုက်ပွဲတွင် ဖေးသည် [နတ်ဆိုးဘုရင်၏ဓား]စာအုပ်ထဲတွင်ပါ၀င်သည့် ထူးခြားသောသိုင်းကွက်တစ်ခုကိုအသုံးပြုခဲ့သည်။ လျို့၀ှက်လေ့ကျင့်နေခဲ့သည်မှာလည်း အချိန်ကြာပြီဖြစ်သည့်အတွက်ကြောင့် သူသည် နေအဆင့်အောက်တွင်ရှိသောသိုင်းကွက်များအားလုံးကို တစ်ကြိမ်မြင်ဖူးရုံဖြင့်ပင် ဤသိုင်းကွက်ကိုအသုံးပြုခြင်းဖြင့် ကော်ပီကူးကာအသုံးပြုနိုင်၏။
ဖေးခိုးယူအသုံးပြုလိုက်သည့်သိုင်းကွက်များသည် ကြည့်ရသည်မှာ တူညီသယောင်ဖြစ်သော်လည်း ခိုးယူကာပြန်သုံးလိုက်သည့်သိုင်းကွက်များသည် မူလသိုင်းကွက်များထက်ပင် များစွာပို၍စွမ်းအားမြင့်မား၏။ ထို့ကြောင့် ယနေ့တိုက်ပွဲတွင် ဖေး၏ရန်သူများအားလုံးသည် သူတို့မြင်ရသည့်အရာကြောင့် ရှော့ရသွားခဲ့ရသည်။
ချမ်းဘော့ဒ်ဘုရင်သူ၏ ရန်သူများကို ကိုယ့်ဆေးကိုယ်ပြန်စားစေခဲ့သည့် အကြောင်းသည် ဇီးနစ်အင်ပါယာပတ်ပတ်လည်တွင်ပြန့်နှံ့သွားတော့မည်မှာ မလွဲမသေပင်။ နေရာတစ်၀ိုက်တွင်ရှိနေသည့် လူများအားလုံး သူ၏နာမည်ကို ကြားဖူးတော့မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဖေးသည်သူ၏စွမ်းအားများကိုထိန်းချုပ်၍ သိုသိုသိပ်သိပ်နေစရာမလိုတော့ပေ။ ရန်သူများသည် သူ့အားလျှော့တွက်ရဲကြတော့မည်မဟုတ်သောကြောင့်ပင်။
ပို၀ေးသည့်နေရာ၌ ကျယ်လောင်သည့် အချက်ပေးခရာသံများ၊ စစ်ဗုံသံများသည် မြို့တော်စိန့်ပီတာစဘာ့တ်ပတ်၀န်းကျင်တွင် ပဲ့တင်နေ၏။
ဇီးနစ်သားများသည် အော်ဟစ်နေပြီး သူတို့၏မြင်းများသည်လည်းဟိန်းဟောက်နေလျှက်ရှိ၏။
နာရီသုံးဆယ်ကြာခန့်ပိတ်ထားခဲ့သည့် လေးဘက်လေးလံမှ မြို့တော်ဂိတ်တံခါးများအားလုံးကို အပြည့်၀ဖွင့်လိုက်သည်။ ဇီးနစ်စစ်ပွဲနတ်ဘုရား၏ဦးဆောင်မှုအောက်တွင် ဒေါသဖြစ်ကာ တိုက်ပွဲဆာလောင်နေကြသည့် ဇီးနစ်စစ်သည်များသည် မြို့တော်အတွင်းမှအနက်ရောင်ရေလှိုင်းကြီးတစ်ခုလိုပင် သတ်ဖြတ်လိုသောဆန္ဒများဖြင့်ပြေးထွက်လာကြတော့သည်။
တန်ပြန်တိုက်ခိုက်ခြင်းပင်။
ဇီးနစ်သားများအတွက် တန်ပြန်တိုက်ခိုက်ရမည့်အချိန်ဖြစ်၏။
အားနည်းသည့် အဖွဲ့၏ ဟိန်းဟောက်ကြုံး၀ါးသံလဲဖြစ်သည်။
ဖိနှိပ်ခံနေခဲ့ရသည့်လူများသည် ယခုအခါတွင်ပြန်လည်တိုက်ခိုက်နေကြပြီဖြစ်၏။
မြောက်ပိုင်းတွင်ရှိသော ၀က်၀ံကြီးတစ်ကောင်၏ အမျက်ဒေါသဖြစ်သည်။
ဖေးသည် သူ၏အရှေတွင်ရှိနေသောမင်းသားဂိုမီအားအလျှင်စလိုသတ်ဖြတ်ခြင်းမပြုပဲဇီးနစ်အင်ပါယာာမှ စစ်သည်များ၏ တန်ပြန်တိုက်ခိုက်မှုနှင့်ပူးပေါင်းဆောင်ရွက်နေ၏။
သူသည် ကောင်းကင်ပေါ်တွင် ဖြေးညှင်းစွာပျံတက်လိုက်ပြီး သူ၏စွမ်းအားအစစ်မှန်ကိုထုတ်လွှတ်လိုက်သည်။
နတ်ဘုရားကဲ့သို့သောစွမ်းအားတစ်ခုသည် ဤကမ္ဘာပေါ်တွင်ထွက်ပေါ်လာပြီး ဘုရင်၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်တောက်လောင်နေသည့်ရွှေရောင်စွမ်းအင်မီးတောက်များသည် ပင်လယ်ပြင်ကဲ့သို့ကျယ်ပြန့်လာတော့သည်။
ခန့်ညားထည်၀ါကာမြင့်မြတ်သည့်အလင်းရောင်များသည် မြို့တော်ပတ်ပတ်လည်တွင်ရှိသောစစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အဖြူရောင်စိန့်ပီတာစဘာ့တ်မြို့တော်ကြီးသည် တောက်ပနေသည့်ရွှေရောင်အဖြစ်သို့ ခြယ်သခြင်းခံလိုက်ရ၏။
စစ်မြေပြင်တွင်ရှိနေသည့် လူပေါင်းများစွာသည် ဤမြင်ကွင်းကြောင့် မင်သက်သွားကြ၏။
လူသန်းပေါင်းများစွာသည် ကောင်းကင်ပေါ်တွင်ရှိနေသည့်ရွှေရောင်လူအား နတ်ဘုရားတစ်ပါးမျှော်ကြည့်နေကြသည့် ကိုးကွယ်သူများကဲ့သို့ကြည့်နေကြ၏။
မီတာရာပေါင်းများစွာမြင့်မားသည့် လူရိုင်းစစ်သည်တော်တစ်ပါး၏ပုံရိပ်သည် ဖေး၏အနောက်တွင်ပေါ်လာတော့သည်။ လူရိုင်းမျိုးနွယ်တို့၏ မသေမျိုးဘုရင်ဖြစ်သူ ဘူးလ်-ခရေးတို့စ်၏ပုံရိပ်ပင်။ ၀ေ၀ါးနေသည့် မျက်နှာသွင်ပြင်မှလွဲ၍ ကျန်ရှိနေသည့် ခန္ဓာကိုယ်အစိတ်ပိုင်းများသည် ပုံရိပ်ယောင်ဟုမထင်ရပဲကြည်လင်ပြတ်သားကာ အသက်၀င်နေ၏။
ရှေးကျသည့်စစ်ပွဲနတ်ဘုရားတစ်ပါးလိုပင် မသေမျိုးဘုရင်သည် မသေမျိုးဘုရင်စုံလိုက်ချပ်၀တ်ပစ္စည်းများကို ၀တ်ဆင်ထားပြီး [မသေမျိုးဘုရင်၏တူ]ကိုကိုင်မြှောက်လိုက်သည်။ သူသည် စကြ၀ဠာကြီးတစ်ခုလုံးကို အုပ်စိုးနိုင်သည့် အရှင်သခင်တစ်ပါးကဲ့သို့ပင်။
နေအဆင့်သခင်။
ဤအရာသည်နေအဆင့်သခင်တစ်ပါး၏စွမ်းအားပင်။
နေအဆင့်သခင်များသည် နတ်ဘုရားများ၏အဆင့်နှင့်နီးကပ်နေသူများဖြစ်ကြသောကြောင့် သာမန်လူများဆိုလျှင်အနားသို့ကပ်ရုံဖြင့်ပင် ကြောက်လန့်တုန်ယင်လာနိုင်၏။
ဖေးသူ၏စွမ်းအားအစစ်မှန်ကို ဖော်ထုတ်ပြသလိုက်သည့်အချိန်တွင် တိုက်ပွဲအရှိန်ဟုန်သည် တစ်မျိုးပြောင်းလဲသွားတော့၏။
ဇီးနစ်သားများဘက်တွင်နေအဆင့်သခင်တစ်ပါးရှိနေခြင်း၏ အဓိပ္ပါယ်ကို ကျပ်မပြည့်သူများပင်သိကြလိမ့်မည်ဖြစ်သည်။ နေအဆင့်သခင်များသည် ပြိုင်ဘက်ကင်းသည့်သဘောဆောင်၏။ တုနှိုင်း၍မရသော စစ်ပွဲနတ်ဘုရားတစ်ပါးရှိနေသည့်အတွက်ကြောင့် မြို့တော်စိန့်ပီတာစဘာ့တ်သည် သိမ်းပိုက်ရန်မဖြစ်နိုင်သည့် ခံတပ်ကြီးတစ်ခုဖြစ်လာခဲ့သည်။ စစ်သည်အရေတွက် ဆယ်ဆခန့်ပိုမိုရောက်ရှိလာစေကာမူ သူတို့သည် ဇီးနစ်အင်ပါယာကို ဖျက်ဆီးနိုင်တော့မည်မဟုတ်ပေ။ နေအဆင့်သို့ရောက်နေသည့်သိုင်းဆရာများသည် သာမန်လူသေမျိုးများ၏ လောကနှင့်မသက်ဆိုင်တော့သည့်တွက်ပင်။
ဇီးနစ်အင်ပါယာ၏ မြို့တော်အတွင်းမှ ပျော်ရွှင်စွာအော်ဟစ်အားပေးသံများထွက်ပေါ်လာတော့သည်။ မြို့တော်ထဲတွင်နေထိုင်နေကြသည့် သာမန်လူများသည် မည်သည့်အချိန်တွင် အဖြစ်ဆိုးကြီးရောက်ရှိလာမည်ကိုမသိနိုင်သည့်အတွက်ကြောင့် စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့အားလုံးစိတ်ပေါ့ပါးပျော်ရွှင်နေကြပြီးမျက်ရည်များပင် စီးကျလာကြသည်။ ကောင်းကင်ပေါ်တွင်ရှိနေသည့် ရွှေရောင်နေမင်းကဲ့သို့သောလူအားမြင်လိုက်ရသည့်အချိန်တွင် နွေးထွေးမှုကိုခံစားလိုက်ရပြီး မကောင်းသည့်ကံကြမ္မာများမရှိတော့သည့်အတွက်ပင်။ ကျူးကျော်လာသူများလည်း ပြန်လည်ပေးဆပ်ရတော့မည်ဖြစ်သည်။
မသေခင်အထိခုခံတိုက်ခိုက်ရန်စီစဥ်ထားကြသည့် ဇီးနစ်အင်ပါယာ၏ ပင်မတပ်ဖွဲ့ကြီးများအသီးသီးမှ စစ်သည်များ၊ ခေါင်းဆောင်များသည်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် သူတို့၏ သွေးများဆူပွက်လာကြတော့၏။
ရွှေရောင်အလင်းရောင်ခြည်၏ တောက်ပမှုအောက်တွင် သေးသိမ်သည့် စစ်သည်များပင် ရဲရင့်သည့် စစ်သည်တော်များဖြစ်လာကြတော့သည်။
သောင်းနှင့်ချီသောဇီးနစ်စစ်သည်များသည် သာမန်ထက်အဆပေါင်းများစွာမြင့်မားသည့်စွမ်းရည်တို့ကိုဖော်ထုတ်လိုက်ကြသည်။ အနက်ရောင်ရေလှိုင်းကဲ့သို့သော တပ်ဖွဲ့များမည်သည့်နေရာသို့ ချီတပ်သွားစေကာမူ မည်သူမှ ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိကြတော့ပေ။
တစ်ဖက်တွင် ခုခံရန်ကြိုးစားနေကြသည့် ဇီးနစ်အင်ပါယာအားကျူးကျော်လာသူ ပူးပေါင်းတပ်ဖွဲ့များတွင် စစ်ရေးခေါင်းဆောင်များ၊ စစ်သည်များအားလုံးလိုလိုကြောက်လန့်နေကြသည်။ သူတို့၏ စိတ်ဓာတ်များသည်လည်း အောက်ခြေသို့ရောက်သည်အထိကျဆင်းသွားးကြ၏။ စောင့်ကြည့်ရေးကွပ်ကဲရေးတပ်ဖွဲ့မှ ထွက်ပြေးသည့်လူများကို လိုက်လံသတ်ဖြတ်နေသော်လည်း သူတို့သည် ဇီးနစ်စစ်သည်များနှင့်တိုက်ခိုက်ရဲခြင်းမရှိတော့ပေ။
ထွက်ပြေးချင်နေသည့် စစ်သည်များသည် ကြယ်အဆင့်စစ်သည်များဖြင့်ဖွဲ့စည်းထားသည့်စောင့်ကြည့်ကွပ်ကဲရေးအဖွဲ့ထံသို့ ဒေါသဖြစ်နေသည့်ခြင်္သေ့များကဲ့သို့ ပြေးသွားပြီး အခြင်းခြင်းပြန်လည်တိုက်ခိုက်နေကြ၏။ ခနကြာသည့်အချိန်တွင် စောင့်ကြည့်ရေးအဖွဲ့မှ စစ်သည်များပင် အနောက်သို့ဆုတ်ခွာထွက်ပြေးနေကြတော့၏။
စစ်သည်များစေလွှတ်လိုက်သည့် အင်ပါယာဆယ်ခုမှ တပ်ဖွဲ့များထဲတွင် အင်အားကြီးအင်ပါယာများဖြစ်ကြသည့် လီယွန်အင်ပါယာနှင့် အော်မွန်းအင်ပါယာတို့မှလွဲ၍ ကျန်ရှိနေသည့် အင်ပါယာရှစ်ခုမှ စစ်သည်များသည် အားနည်းပြီး စည်းစနစ်မကျပေ။ ပုံမှန်အခြေအနေတိုင်းဆိုပါက ဇီးနစ်အင်ပါယာကို လာရောက်တိုက်ခိုက်ရဲလိမ့်မည်မဟုတ်သည့်အင်ပါယာများဖြစ်ကြသည်။ ထိုတပ်ဖွဲ့များထဲတွင် ဇီးနစ်အင်ပါယာ၏ သိမ်းပိုက်ခြင်းခံခဲ့ရသည့် စပါတပ်အင်ပါယာမှ ကျန်ရှိနေသေးသည့် တပ်ဖွဲ့တစ်ချို့လည်းပါရှိ၏။
ရလဒ်အနေဖြင့် သူတို့မြင်လိုက်ရသောမြင်ကွင်းကြောင့် ကြောက်လန့်သွားကြပြီး အနောက်သို့ဆုတ်ခွာထွက်ပြေးရန်ကြိုးစားနေကြကာ ကျန်ရှိနေသည့် စစ်သည်တပ်ဖွဲ့များ၏ စိတ်ဓာတ်ကိုပင် ပျက်ပြားစေ၏။
ထွက်ပြေးနေကြသည့် စစ်သည်များသည်ဆည်တံခါးတစ်ခုဖွင့်လိုက်သည့်အချိန်တွင် စီးဆင်းလာသည့်ရေများကဲ့သို့ပင်။
ဇီးနစ်အင်ပါယာမှ စစ်သည်အရေတွက်သည် ပူးပေါင်းတပ်ဖွဲ့ထက်ဆယ်ဆတစ်ဆခန့်ပိုနည်းသော်လည်း ဇီးနစ်စစ်သည်များသည် ရန်သူများထံသို့ကြောက်လန့်တွန့်ဆုတ်ခြင်းမရှိပဲ၀င်ရောက်ကာ သက်ညှာပေးခြင်းမရှိပဲ ခုတ်ပိုင်းသတ်ဖြတ်နေကြလျှက်ရှိသည်။ ရန်သူများသည်အလျှင်မြန်ဆုတ်ခွာရန်ကြိုးစားနေကြ၏။ ဆုတ်ခွာရန်အချိန်မရှိတော့သည့် စစ်သည်များဆိုလျှင် လက်နက်များမြေပြင်ပေါ်သို့ ပစ်ချကာ ဒူးထောက်၍ အညံ့ခံအရှုံးပေးနေကြသည်။ သူတို့၏ စိတ်ထဲတွင် စစ်သုံ့ပန်းများဖြစ်လာပြီး ကျေးကျွန်များအဖြစ်ရောင်းစားခံရခြင်းသည့် သေရမည်လောက်မဆိုးဟု ယူဆသည့်တွက်ပင်။
အချိန်မှီဖျက်ဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပဲ တောင်လိုပုံနေသည့် စစ်ယန္တရားပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ လက်နက်များ၊ ချပ်၀တ်များသည် ဇီးနစ်အင်ပါယာအတွက် စစ်နိုင်ပစ္စည်းများဖြစ်လာတော့၏။
အင်ပါယာဆယ်ခုပူးပေါင်းတပ်ဖွဲ့သည်လည်း ဟာသတစ်ခုလိုဖြစ်လာတော့သည်။
ဤအခြေအနေတွင် လီယွန်အင်ပါယာနှင့် အော်မွန်းအင်ပါယာတို့မှ စစ်သည်တပ်ဖွဲ့များသာလျှင် ကောင်းကောင်းမွန်မွန်ကိုင်တွယ်လှုပ်ရှားနေကြ၏။
လီယွန်စစ်သည်များဆုတ်ခွာနေကြသော်လည်း များစွာဆုံးရှုံးခြင်းမရှိပေ။ သူတို့သည် စနစ်တကျဖွဲ့စည်းပုံဖြင့် အနောက်သို့ ဖြေးညှင်းစွာဆုတ်ခွာနေကြလျှက်ရှိသည်။ ထို့ကြောင့် လီယွန်တပ်ဖွဲ့၏အကျဆုံးသည် ထင်သလောက်များပြားခြင်းမရှိပေ။ အနည်းငယ်ဖရိုဖရဲဖြစ်နေသော်လည်း စစ်သည်များသည် စိတ်ဓာတ်ကျဆင်းခြင်းမရှိသေးပဲ ဇီးနစ်အင်ပါယာမှစစ်သည်များကို ခုခံရင်းဖြင့် ကျွမ်းကျွမ်းကျင်ကျင်ဆုတ်ခွာနေကြလျှက်ရှိသည်။
အော်မွန်းစစ်သည်များ၏ စခန်းသည် စစ်မြေပြင်နှင့်၀ေးသည့်နေရာတွင်ရှိနေသည့် အတွက်ကြောင့် ဇီးနစ်မြင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကိုမခံခဲ့ရပေ။ ထို့အပြင် လယ်ဗယ်၇အင်ပါယာတစ်ခုဖြစ်သည့်အတွက်ကြောင့် စစ်ဘက်ဆိုင်ရာစည်းကမ်းများနှင့် စစ်သည်များ၏ အရည်ချင်းမှာလည်း ကျန်ရှိနေသည့်အင်ပါယာများထက်သိသိသာသာမြင့်မားနေ၏။
သို့သော် အော်မွန်းသားများလက်ရှိတွင်ရင်ဆိုင်နေရသည့် ဖြစ်ရပ်ဆိုးကြီးတစ်ခုမှာ နေအဆင့်သခင်တစ်ပါးဖြစ်သော ဖေးသည်သူတို့၏စခန်းများပေါ်တွင်ရောက်နေခြင်းပင်။
ထိုကဲ့သို့သောအဆင့်ရှိသည့် သိုင်းဆရာတစ်ပါး၏ ဖိနှိပ်မှုသည် သာမန်စစ်သည်များတောင့်ခံနိုင်သည့်အရာမဟုတ်သည့်အတွက်ကြောင့် အားနည်းသူများဆိုလျှင် ချက်ချင်းပင်နတ္တိလောကအတွင်းသို့ ရောက်ရှိကုန်တော့၏။
ရွှမ်းကယ်ငါးစီးထဲတွင် အနောက်တွင်ရှိနေသည့် ရွှမ်းကယ်နှစ်စီးနှင့် အလည်တွင်ရှိနေသည့် ပင်မရွှမ်းကယ်ကြီးမှလွဲ၍ အရှေ့တွင်ရှိနေသော ရွှမ်းကယ်နှစ်စီးသည် မြေပြင်ပေါ်သို့ ပျက်ကျပေါက်ကွဲသွားပြီဖြစ်သည်။
ဖေးလက်ညိုးထိုးလိုက်သည့်အချိန်တွင် အော်မွန်းအင်ပါယာမှလအဆင့်သိုင်းဆရာနှစ်ပါးသည် အော်ဟစ်ကာသွေးမြူဆိုင်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။
နေအဆင့်သခင်များ၏စွမ်းအားသည် လအဆင့်သိုင်းဆရာများရင်ဆိုင်နိုင်သည့်စွမ်းအားမျိုးမဟုတ်ပေ။ ထို့ကြောင့် အသတ်ခံရရုံမှတစ်ပါးတစ်ခြားမရှိပေ။
"မလုပ်ပါနဲ့..." အော်မွန်းအင်ပါယာမှ လအဆင့်သိုင်းဆရာနောက်တစ်ယောက်သည် အော်ဟစ်ကာ အဖြူရောင်အရိုးများ၊ အသားစမျာအဖြစ်သို့ပြောင်းလဲသွားတော့၏။
ကျန်ရှိနေသည့် လအဆင့်စစ်သည်၇ယောက်ခန့်သည်လည်း ဟန်ပျက်သွားပြီး အကိုက်ခံလိုက်ရသည့်ခွေးနာများကဲ့သို့ အနောက်သို့ပျံပြေးသွားကြတော့သည်။ ဖေး၏နောက်ထပ်ပစ်မှတ်များဖြစ်လာမည်ကို ကြောက်လန့်သည့်အတွက်ပင်။
"ရပ်လိုက်စမ်း ဇီးနစ်သားသိုင်းဆရာ...စစ်ပွဲကိုရပ်လိုက်ကြရအောင်" ရွှမ်းကယ်တပ်ဖွဲ့၏အလည်တွင်ရှိသော ပင်မရွှမ်းကယ်ကြီးပေါ်မှ ခန့်ညားထည်၀ါသည့်အသံတစ်ခုထွက်ပေါ်လာ၏။ ထို့နောက်တွင် ကျယ်ပြန့်သည့်စွမ်းအင်တစ်ခုထွက်ပေါ်လာပြီး ဖေးအော်မွန်းအင်ပါယာ၏ လအဆင့်သိုင်းဆရာများကို သတ်ဖြတ်နေခြင်းအား ဟန့်တားလိုက်သည်။
ထိုလူသည်လည်းစွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ပင်။