ကျူးထန် နန်းတော်သို့ဝင်ခြင်း
Vol. 010 Ch. 914
“ပေ့ချိန်ရန်...”
ရီဖူရှင်း၏ မျက်လုံးများထဲ၌ အေးစက်သော အရောင်တစ်ချက် လက်သွားသည် ...
“အဲဒီသိဒ္ဓိဝင် လက်နက်က နာမည် တစ်လုံးတည်းအတွက် မဟုတ်ဘူး ...”
“သေချာတာပေါ့ ...”
လူငယ်က ပြုံးလျက်ပြောသည် ...
“ကျုပ်က ခင်ဗျားကို တခြားသတင်း အချို့ပေးမယ် ... ပေ့ချိန်ရန်က အင်အားကြီး မိသားစုတစ်ခုကပဲ ... သူက စွေ့ရန်ရှန့်ထိုဓားရဲ့ မျိုးဆက်ဖြစ်တယ် ... ပြီးတော့ ပေချိန်ရန်က ကျူးထန်အဆင့်ဝင် တန်ခိုးရှင်တစ်ယောက် ဖြစ်ပြီးတော့ ကျူးထန်နန်းတော်သခင်လေးနဲ့ ရင်းနှီးတယ် ... ခင်ဗျားက ပေ့ချိန်ရန်နဲ့ တိုက်ခိုက်မယ်ဆိုရင် ကျူးထန်နန်းတော်ထဲမှာတော့ လွယ်ကူမှာ မဟုတ်ဘူး ... ခင်ဗျားမှာ ရှန့်ထိုတွေပါရင်တောင်မှ အဲဒီလို မလုပ်ဖို့ ကျုပ်က အကြံပေးချင်တယ် ...”
“စွေ့ရန်ရှန့်ထိုဓား ...”
ရီဖူရှင်းဘေးမှ ကျေးရွာ ခေါင်းဆောင်၏မျက်လုံးမှာ ထူးဆန်းသော အရောင်တစ်ချက် လက်သွားသည်။ ရီဖူရှင်းက သူ့အား ကြည့်ကာ မေးသည် ...
“အဘက သူ့ကို သိလို့လား ...”
ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်သည် ...
“အရင်တုန်းက သူလာဖူးတယ် ... ဒါပေမဲ့ တွေ့ဖို့ ငြင်းပယ်ခဲ့တယ် ....”
ရီဖူရှင်းက ထိုလူမှာ မည်သူ့ကို လာတွေ့သည်အား နားလည်ပေသည်။ သူလာတွေ့သူမှာ မရဏဓားနတ်မယ် ဖြစ်ရပေမည်။
ယခင်က မရဏဓားနတ်မယ်မှာ ပြည်နယ်ကိုးခု၌ ပြိုင်ဘက်ကင်းပြီး မည်သည့် တော်ဝင်မြေကိုမဆို အမြစ်ပြုတ် ချေမှုန်းနိုင်စွမ်းရှိရာ သူမက မည်မျှ အားကောင်းမည်ကို ခန့်မှန်းနိုင်ပေသည်။ စွေ့ရန်ရှန့် ထိုဓားကား ဓားပညာကို လေ့ကျင့်သူဖြစ်ရာ မရဏဓားနတ်မယ်ကို တွေ့ဆုံလိုသည်မှာ မထူးဆန်းပေ။
လူငယ်က ကျေးရွာခေါင်းဆောင်အား ကြည့်သည်။ ထန်ကျိအိမ်တော်မှာ အရာအားလုံးကို သိသည်မှန်သော်လည်း သူတို၏လက်တံမှာ ပြည်နယ်ကိုးခုသို့အထိ ရှည်လျှားခြင်းမရှိပေ။ ထို့အပြင် အောက်ဘုံမှ သတင်းအချက်အလက်များမှာလည်း တန်ဖိုး သိပ်မရှိပေ။
“အခု အောက်ဘုံက လူတွေ ဘယ်မှာလဲ ...” ရီဖူရှင်းက ဆက်မေးသည်။
“အင်ပါယာ ရှားနယ်မြေမှာ လူတွေ မရေမတွက်နိုင်အောင် ရှိတယ် ... ထန်ကျိအိမ်တော်က သူတို့အားလုံးကို လိုက်ကြည့်မနေဘူး ... ပြီးတော့ ဒါက တန်ဖိုးရှိတဲ့ သတင်းလည်း မဟုတ်ဘူး ... ဒါပေမဲ့ သူတို့ကတော့ ကျူးထန်နန်းတော်မှာပဲ ရှိလိမ့်မယ် ... အခု ဂူတုံးလျိုက ကောင်းကင် ရှစ်လွှာသို့အထိ တက်လှမ်းခဲ့ပြီ ... ခင်ဗျားက ကောင်းကင် ရှစ်လွှာက တိုက်ပွဲတွေကို သေသေချာချာ စောင့်ကြည့်နေရင် မကြာခင် သူ့ကို တွေ့နိုင်လိမ့်မယ် ...” လူငယ်က ပြောသည်။
“သူက ဘာလို့ ကျူးထန်နန်းတော်ကို သွားရတာလဲ ...”
ရီဖူရှင်းက မေးသည်။ ရီဝူချင်းကား ပေ့ချန်ရန်ထံတွင် သက်စောင့်ဝိညာဉ် ထုတ်နှုတ်ခြင်း ခံခဲ့ရ၏။ သို့သော်လည်း ထိုကိစ္စက ကျူးထန်နန်းတော်နှင့် မည်သို့ ပတ်သက်နေသနည်း။
“ပြောကြတာကတော့ ပေ့ချိန်ရန်က သူ့သက်စောင့် ဝိညာဉ်ကို ထုတ်နှုတ်ပြီးနောက်မှာ သူက အထက်ဘုံကို ပြန်လာခဲ့တယ် ... ပြည်နယ်ကိုးခုက လူတွေက လက်မလျှော့ဘဲ မင်းသမီးလေးဆီမှာ တောင်းဆိုမှု တချို့လုပ်ခဲ့ ကြပုံရတယ် ... ပေ့ချန်ရန်က ရီဝူချင်းရဲ့ သက်စောင့် ဝိညာဉ်ကို ပြန်လိုချင်ရင် သူ့ကို ကျုးထန်နန်းတော်ရဲ့ နဝမကောင်းကင် အလွှာမှာ လာတွေ့ပါလို့ ပြောခဲ့တယ် ...”
လူငယ်က ရီဖူရှင်းအား ကြည့်ကာ ဆက်ပြောသည် ...
“ဒါကြောင့် မင်းသမီးလေးက ပြည်နယ်ကိုးခုက လူတွေကို သုံးလတိတိ အာမခံပေးခဲ့တယ် ... အဲဒီအချိန်ကစပြီး အောက်ဘုံကလူတွေ ကျူးထန်နန်းတော်ကို ဆက်တိုက် သွားခဲ့ကြတယ် … ဒါပေမဲ့ ဂူတုံးလျို တစ်ယောက်တည်းကပဲ ကောင်းကင် ရှစ်လွှာအထိ တက်ရောက်နိုင်ခဲ့တယ် ... နောက်တစ်ဆင့် တက်နိုင်ရင် သူက နဝမအလွှာကို ရောက်လိမ့်မယ် ... အဲဒီအချိန်ကျရင် သူက ပေ့ချိန်ရန်ကို တရားဝင် စိန်ခေါ်နိုင်လိမ့်မယ် ... ဒါပေမဲ့ နဝမအလွှာကို တက်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်တာထက် ခက်တယ် ...”
လူငယ်က ပြုံးလျက်ပြောသည်။
ရီဖူရှင်း၏ အမူအရာကား မည်သို့မှ ထူးခြားဟန်မရှိပေ။ သူက လူငယ်အား ကြည့်သည်။ သတင်းအချက်အလက်များကား အမှန်တကယ်အားဖြင့် ရိုးရှင်းကာ ပေးရသော တန်ဖိုးနှင့်ညီမျှခြင်း မရှိပေ။ သို့သော်လည်း ရီဖူရှင်းအတွက်မူ ထိုသတင်းများက အလွန်အရေးပါပေသည်။ တခြားသော သတင်းအချက်အလက် အချို့ကို မေးမြန်းပြီးနောက် သူတို့က ထန်ကျိအိမ်တော်မှ ပြန်လည်ထွက်ခွာ လာခဲ့ကြသည်။
ထန်ကျိအိမ်တော်ထဲမှ ထွက်လာပြီးနောက် ရီဖူရှင်းထံမှ အေးစက်သော အငွေ့အသက်များ ထွက်လာခဲ့သည်။ ရီဝူချင်းကား ပါရမီသိပ်မြင့်မားခြင်း မရှိသော်လည်း သူ၏စိတ်ဓာတ်နှင့် ခံယူချက်မှာ အလွန်တရာ ထူးခြားကောင်းမွန် ပေသည်။ သူ ရရှိခဲ့သော ဓားအသိမှာ အနည်းဆုံး ရှန့်ထိုအဆင့်၌ရှိပြီး ရန်ဟောင်အဆင့် ဖြစ်ဖို့များပေသည်။ သူ၏စိတ်နေ သဘောထားဖြင့်ဆိုရင် ရီဝူချင်းက သူ၏ သက်စောင့်ဝိညာဉ်နှင့် ဓားအသိကို ပေါင်းစပ်ပေလိမ့်မည်။ သို့သော်လည်း ထိုကံကောင်းမှုက သူ့အား ဘေးဒုက္ခရောက်စေခဲ့၏။
တန်ခိုးရှင်များအတွက် သက်စောင့်ဝိညာဉ် ဖယ်ရှားခံရခြင်းမှာ အသက်သေဆုံးခြင်းနှင့် မခြားနားပေ။ တစ်ချိန်က သူ၏ဆရာဟွာ ဖန်းလူမှာလည်း သက်စောင့်ဝိညာဉ် ပျက်စီးမှုကြောင့် ဆက်လက်ကျင့်ကြံ၍ မရတော့သလို မူလအဆင့်ထက်ပင် လျှော့ကျသွားခဲ့ပေသည်။
ပေ့ချိန်ရန်ကား ခွင့်လွှတ်၍ မရသောသူဖြစ်သည်။
ကျူးထန်နန်းတော် အောက်ခြေသို့ ပြန်ရောက်လာပြီးနောက် ရီဖူရှင်းက ကောင်းကင် အထက်၌ရှိသော တိုက်ခိုက်ရေးစင်မြင့်အား ကြည့်ကာ ပြောသည် ...
“ကျုပ်နဲ့ ယူချင်းက ကျူးထန်အဆင့်သို့ တက်မယ် ...”
“ကောင်းပြီ ...”
ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်သည်။ ထို့နောက် သူတို့သုံးယောက်က ကျူးထန်နန်းတော်ထဲသို့ ဝင်သွားကြသည်။ နန်းတော်ထဲတွင် မရေမတွက်နိုင်သောလူများရှိကာ အားလုံးက မြေပြင်မှသည် အပေါ်သို့ ဆင့်ကဲတက်သွားသော တိုက်ပွဲကွင်းပြင်များအား မြင်နိုင်ပေသည်။ အဆင့်တစ်ခုစီတိုင်း၌ စင်မြင့်ကိုးခုရှိကာ ရှီတန်ခိုးရှင်များအတွက် စင်မြင့်သုံးခု၊ မိုရှီအတွက် စင်မြင့်သုံးခုနှင့် ကွန်းရှီများအတွက် စင်မြင့်သုံးခုဖြစ်သည်။ စင်မြင့်တစ်ခုစီက ပေါ်သို့ ဆက်လက်တက်လှမ်းနိုင်သော လှေကားထစ်များရှိကာ အဆင့်တစ်ဆင့်ကို အနိုင်ရပါက နောက်ထပ် ကောင်းကင်အလွှာသို့ တိုက်ရိုက်တက်ရောက်နိုင်ပေသည်။
ရီဖူရှင်းတို့ကလည်း ကွဲပြားခြားနားသော စင်မြင့်တစ်ခုစီကို ရွေးလိုက်ကြကာ ယှဉ်ပြိုင်တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားကြသည်။
ဧည့်ကြည့်စင်ပေါ်တွင် ထိုင်ရင်းက အပေါ်ကို မော့ကြည့်လျှင် လေထဲတွင် ရှိနေသော များစွာသော တိုက်ခိုက်ရေး စင်မြင့်များအား မြင်ပေသည်။ စင်မြင့်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော လူများရှိကာ အလွှာတစ်ခုစီက အပေါ်ကို အဆင့်ဆင့် ဆက်တက်နိုင်သော ပုံစံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရှားအင်ပါယာတွင် ကျင့်ကြံသူများအတွက် အထောက်အပံ့များမှာ ပြည်နယ်ကိုးခုထက် အဆမတန် အားကောင်းပေသည်။
စင်မြင့်ပေါ်တွင် တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက် နေကြသူများမှာလည်း အများအပြား ရှိကြကာ စင်မြင့်တစ်ခုစီ၌ လူတစ်ရာခန့်စီ ရှိကြပြီး သူတို့ရရှိသော အဆင့်အလိုက် နောက်ပိုင်း တိုက်ပွဲများကို ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်ကြရပေသည်။
ထို့ကြောင့်တိုက်ပွဲတိုင်းက အလွန်ပြင်းထန် ပေသည်။ ထို့အပြင် သည်အလွှာကား ကောင်းကင်ပထမ အလွှာမျှသာဖြစ်၏။ တတိယအလွှာမှ ထိပ်သီး ပါရမီရှင်များ၏ တိုက်ပွဲပင် လူတိုင်း၏ သွေးများကို ဆူပွက်စေလောက်အောင် ပြင်းထန်ကာ ကြည့်ကောင်းပေသည်။ စည်းမျဉ်းစည်းကမ်း များမှာလည်း တစ်လွှာချင်းစီအလိုက် ကွဲပြားခြားနားသွားရာ တတိယအလွှာသို့ တက်ရောက်နိုင်သူပင် သိပ်မရှိပေ။
အတန်ကြာပြီးနောက် လူအယောက် တစ်ရာတို့၏ ယှဉ်ပြိုင်မှုက ပြီးဆုံးသွားခဲ့သည်။ ယှဉ်ပြိုင်မှုတွင် ပထမရသူမှာ ပုံမှန်အားဖြင့် ကောင်းကင်လေးလွှာသို့ တိုက်ရိုက်ပါဝင် ယှဉ်ပြိုင်ခွင့် ရပေသည်။
“နောက်တစ်ဖွဲ့တက်မယ် ...ဘယ်သူတွေ ပါကြမလဲ ... ”
ထိုအချိန်တွင် တိုက်ခိုက်ရေး စင်မြင့်ထက်၌ အကြီးအကဲ တစ်ယောက်က ပတ်ပတ်လည်မှ လူအုပ်ကြီးအား ပြောသည်။ သူက ထိုသို့ပြောသည်တွင် လူများ တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ထက်ကို တက်လာကြသည်။
ကျူးထန်နန်းတော်ကား တိုက်ခိုက်ရေး စွမ်းအားကို ကောင်းမွန်အောင် လေ့ကျင့်ခြင်း၊ တခြားတန်ခိုးရှင်များ၏ ကွဲပြားခြားနားသော လေကဓာတ်များကို လေ့လာခြင်းများ လုပ်နိုင်ကာ လွန်စွာ အသုံးဝင်ပေသည်။ မှန်သည် ... ကျူထန်းအဆင့်သို့ ဝင်ရန်မှာ အင်ပါယာရှား နယ်မြေအတွင်းမှ မရေမတွက်နိုင်သော လူများ၏ အိပ်မက်လည်း ဖြစ်ပေသည်။
ရီဖူရှင်းကလည်း ထရပ်ကာ စင်မြင့်ထက်ကို ပျံတက်သွားသည်။ ကောင်းကင်ပထမ အလွှာကား ပါဝင်ယှဉ်ပြိုင်သူ၏ တန်ခိုးအဆင့်ကို အတည်ပြုပြီးသည်နှင့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပေသည်။
“ဝမ်ရန်...”
ထိုအချိန်တွင် မရေမတွက်နိုင်သောလူများက စင်မြင့်ထက်မှ လူငယ်တစ်ယောက်ထံသို့ ရောက်သွားကြသည်။ လူငယ်ကား လှပခန့်ညားသော ဝတ်စုံကို ဝတ်ထားကာ ပုံမှန်မဟုတ်သော ဟန်ပန်အငွေ့အသက်များရှိ၏။ သူက စင်မြင့်ထက်တွင်ပေါ်လာသည်တွင် လူတိုင်း၏အာရုံက သူ့ထံသို့ ရောက်လာကြသည်။
“ဝမ်ရန်လည်း ကျူးထန်နန်းတော်ကို ရောက်လာတာပဲ... သူက ကောင်းကင်ဘယ်နှစ်လွှာအထိ တက်နိုင်မလဲမသိဘူး...”
“ဒီတိုက်ပွဲမှာ သူက ပထမရမှာ သေချာတယ်… သူက ကောင်းကင်လေးလွှာကို တိုက်ရိုက်တက်သွားလိမ့်မယ်...”
ပွဲကြည့်စင်မြင့်ထက်မှ လူအများအပြားက တီးတိုးဆွေးနွေးနေကြသည်။ သိသာစွာပင် ဝမ်ရန်ကား ထင်ပေါ်ကျော်ကြားသူတစ်ယောက်ဖြစ်၏။ သို့သော် သူကား ကျူးထန်နန်းတော်သို့ တစ်ခါမှ လာရောက်ခဲ့ဖူးခြင်းမရှိခဲ့ပေ။ သူ့အတွက် သည်တစ်ခေါက်က ပထမဆုံး အတွေ့အကြုံဖြစ်သည်။ ပွဲကြည့်စင်မြင့်ထက်တွင် ဝမ်ရန်၏အကြီးအကဲများပင် တိုက်ပွဲထံသို့ လာရောက်ကြည့်ရှုကြသည်။
ကျူးထန်အဆင့်သို့ဝင်ရောက်ရန် သည်တစ်ခေါက်က သူ့အတွက် ပထမဆုံး ခြေလှမ်းဖြစ်ပေမည်။
စင်မြင့်ထက်တွင် လှပသော မိန်းမတစ်ယောက်က ဝမ်ရန်ကို ပြုံးလျက်ပြောသည်...
“စီနီယာအစ်ကို... ညီမကို ငဲ့ညှာပေးပါ...”
“မင်းက တတိယအလွှာသို့အထိ တက်ဖို့က ပြဿနာမဟုတ်ဘူး...” ဝမ်ရန်က ပြောသည်။
ဒုတိယနှင့်တတိယအဆင့်ရသူများကလည်း ကောင်းကင်နှစ်လွှာနှင့် သုံးလွှာထံသို့ တိုက်ရိုက်တက်လှမ်းနိုင်ပေသည်။
လူအများအပြားက ဝမ်ရန်နှင့် ထိုမိန်းကလေးတို့အား ကြည့်ကာ မိမိတို့၏ကံဆိုးမှုအတွက် တီးတိုးပြောဆိုနေကြသည်။ ဝမ်ရန်ကား တော်ဝင်မြေတစ်ခုမှ အလွန်နာမည်ကျော်ကြားသောသူတစ်ယောက်ဖြစ်ပေသည်။ သူကား မိုရှီအဆင့်သို့ ရောက်မှ ကျူးထန်နန်းတော်သို့ လာရောက်ခြင်းဖြစ်သည်။
သည်မိန်းမမှာ ဝမ်ရန်၏ဂျူနီယာညီမလေးဖြစ်ရာ သူမကလည်း ချင်းရှင်းကလန်မှ ဖြစ်ကာ အားကောင်းမည်မှာ သေချာ၏။ ဝမ်ရန်၏ထောက်ပံ့မှုဖြင့်ဆိုပါက ထိပ်ဆုံးသုံးနေရာတွင် သူတို့နှစ်ယောက်ဖြင့် သတ်မှတ်ထားပြီးသားဖြစ်ရပေမည်။
သည်တစ်ဖွဲ့ ပါဝင်ယှဥ်ပြိုင်သူများမှာ ကံဆိုးသည်မှာ သေချာ၏။ သို့သော်လည်း သူတို့အားလုံးမှာ ပါဝင်ယှဥ်ပြိုင်ပြီးမှတော့ အားလုံးက အတတ်နိုင်ဆုံး အားထုတ်တိုက်ခိုက်ကြရတော့မည်ဖြစ်သည်။
သိပ်မကြာခင် စင်မြင့်ထက်တွင် မိုရှီအဆင့်တန်ခိုးရှင်အယောက်တစ်ရာမှာ ပြည့်နှက်သွားခဲ့ပြီး သူတို့အားလုံးကို ဝန်းရံသော အရံအတားဝင်္ကပါအစီအရင်တစ်ခု ဖြစ်ပေါ်လာကာ ကြည့်ရှုသူ ပရိသတ်များအား အထိအခိုက်များ မဖြစ်ပေါ်စေအောင် ကာကွယ်ပေးသည်။
“မင်းတို့စလို့ရပြီ...” အကြီးအကဲက ကြေညာသည်။ ချက်ချင်းပင် ကျယ်ပြောသော တိုက်ခိုက်ရေးကွင်းထဲ၌ ပတ်ဝန်းကျင်တစ်ခုလုံးတင်းကြပ်သွားသည်။
ဝမ်ရန်ကဲ့သို့ပင် လင်းယွီချူလည်း ချင်းရှင်းကလန်မှ ဖြစ်ပြီး အဆင့်မြင့်မိုရှီသို့ တက်လှမ်းခဲ့သည်မှာ မကြာသေးပေ။ သူမ၏အနီးတွင် ရောင်စဥ်များနှင့်အတူ ရာချီသော ဓားများဖြစ်ပေါ်လာပြီး စစ်မှန်သော သိဒ္ဓိဝင်လက်နက်များအလား ပြိုးပြိုးပျက်ပျက်လင်းလက်နေကြသည်။ သူမက ရိပ်ခနဲ လှုပ်ရှားလိုက်သည်တွင် ဓားများဝန်းရံလျက် တစ်နေရာသို့ ပျံသန်းသွား၏။ ဓားများအလယ်တွင် သူမကား အလွန်အားကောင်းသော ပုံဟန်ရှိနေသည်။
ချက်ချင်းပင် ရာချီသော ဓားများက တန်ခိုးရှင်တစ်ယောက်ထံသို့ ဦးတည်သွားပြီး ထိုအခိုက်တွင် လေဟာနယ်က ကြောက်မက်ဖွယ်လူသတ်ငွေ့များဖြင့် ပြည့်နှက်လာခဲ့၏။ ထိုတန်ခိုးရှင်ကား တချိန်တည်းတွင်ပင် ဓားစွမ်းအင်များကြောင့် သူ၏စိတ်စွမ်းအားများ အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့မည်ဟု ခံစားရသည်။
တန်ခိုးရှင်က သူ၏လက်များကို ပူးကပ်လိုက်သည်တွင် ရုတ်တရက် သူ့ရှေ့တွင် ကြီးမားသော ရွှေရောင် အလင်းအရံအတားတစ်ခုပေါ်လာကာ ဓားများအား ကာကွယ်သည်။ သို့သော်လည်း ဓားများက အလင်းအရံအတား၏တစ်နေရာတည်းကို စုစည်းတိုးဝင်လာခဲ့၏။ ထိုနေရာမှပင် တဖြည်းဖြည်း အက်ကွဲလာခဲ့ကာ အလင်းအရံအတားက အစိတ်စိတ်ကွဲပြိုကွဲသွားပြီး တစ်ဘက်တွင် ဓားများက တစ်လက်တည်းအဖြစ် ပေါင်းစပ်သွားကာ လျှပ်စီးတန်းအသွင်ဖြင့် တန်ခိုးရှင်ထံသို့ တိုးဝင်လာခဲ့သည်။
ဝုန်း...
ဓားစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလျှင် ထိုတန်ခိုးရှင်မှာ သွေးများ အဆက်မပြတ်အန်ပြီး မျက်နှာက ပြာနှမ်းသွားသည်။ သူက ကောင်းကင်ထက်မှ ကျလျှင် မလိုလားစွာဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရတော့သည်။
တခြားနေရာများတွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်နေသည်။ ဝမ်ရန်က တိတ်ဆိတ်စွာ ရပ်ကာ လင်းယွီချူ တိုက်ခိုက်နေသည်ကို ကြည့်၏။ သူမ၏ခွန်အားဖြင့် သူ့အကူအညီမပါဘဲနှင့်ပင် ထိပ်သီးသုံးနေရာစာရင်းကို ဝင်နိုင်ပေသည်။
“ယွီချူရဲ့ခွန်အားနဲ့ဆို သူမက ကောင်းကင်လေးလွှာသို့အထိ တက်နိုင်လောက်တယ်...” ဧည့်ကြည့်စင်မှ တစ်ယောက်က ပြောသည်။ သူတို့ကား ချင်းရှင်းကလန်မှ တန်ခိုးရှင်များဖြစ်ကြကာ ဝမ်ရန်ကို လာရောက်အားပေးကြခြင်းဖြစ်သည်။ သို့သော်လည်း ပထမအလွှာတိုက်ပွဲမှာ ပျင်းစရာ ကောင်းပေသည်။ နောက်ပိုင်းအဆင့်တိုက်ပွဲများသာ စိတ်ဝင်စားဖွယ်ကောင်း၏။
ရီဖူရှင်းက တိတ်ဆိတ်စွာ ရပ်ကာ စင်မြင့်ထက်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအား တည်ငြိမ်စွာ ကြည့်သည်။ အထက်ဘုံမှ တန်ခိုးရှင်များ၏စွမ်းရည်များကို အကဲခတ်ရသလောက် သူတို့မှာ ပြည်နယ်ကိုးခုမှ လူများထက် သိပ်ထူးခြားထက်မြက်ကြခြင်းမရှိပေ။ သို့သော်လည်း သူတို့၏အသက်မှာ ပိုမို၍ ငယ်ရွယ်ကြပေသည်။ ထိုအရာက သူတို့နေထိုင်ရာ အင်ပါယာရှားဘုံ၏သိပ်သည်းသော သဘာဝစွမ်းအင်များကြောင့် ဖြစ်ရပေမည်။
ထိုအခိုက်တွင် ရီဖူရှင်းထံသို့ စူးရှသောလေပြင်းတစ်ချက် ရိုက်ခတ်လာသည်။ ရီဖူရှင်းက လှမ်းကြည့်လျှင် လင်းယွီချူက သူ့ထံသို့ ဓားအား စီးနင်းလျက် ပျံသန်းလာသည်ကို မြင်၏။ လင်းယွီချူက ရီဖူရှင်းအား လှပသော မျက်လုံးများဖြင့် ကြည့်သည်။ သည်လူကား ထူးခြားကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါရှိကာ ချောမောသည်။ သို့သော်လည်း သူကား တိုက်ပွဲထဲတွင် ဝင်မပါဘဲ ဘေးတွင် တည်ငြိမ်အေးဆေးစွာ ရပ်နေသည်။ တခြားလူများက တိုက်ခိုက်နေပြီး သူက ဝမ်ရန်ကဲ့သို့ ဘေးတွင် အေးအေးလူလူ ရပ်နေခြင်းက သူမအတွက် လက်မခံနိုင်ရာပင်။
ဝမ်ရန်ကလည်း သူ၏အာရုံကို တစ်နေရာသို့ စူးစိုက်လိုက်သည်။ ရီဖူရှင်းက ထိုနေရာတွင်ပင် အေးအေးလူလူ ရပ်နေသည်ကို သူမြင်သည်။ သို့သော်လည်း သူက အလွန်အားကောင်းခြင်းမရှိဘဲ ထိုနေရာတွင် မည်သို့ ရပ်နေနိုင်ရသနည်း။
အားကောင်းသော ဓားအသိက ရီဖူရှင်း၏စိတ်ဝိညာဥ်ကို တင်းကြပ်စေသည်။ ရီဖူရှင်းက လင်းယွီချူအား တစ်ချက်ကြည့်လိုက်ကာ ထိုအတိုင်း မလှုပ်မယှက် ရပ်နေသည်။
“အတင့်ရဲတယ်...” ရီဖူရှင်းက သူမအား လျစ်လျူရှုထားသည်ကိုမြင်လျှင် လင်းယွီချူက သဘောမကျစွာ ပြောပြီး ဓားများနှင့်အတူ လျှပ်စီးတန်းအလား ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။ သို့သော်လည်း ဓားများက ရီဖူရှင်းထံသို့ ရောက်လာသောအခါ အရာအားလုံးမှာ ရုတ်တရက် ရပ်တန့်သွားဟန်ရ၏။ ဓားများသာမဟုတ်ဘဲ လင်းယွီချူကလည်း မမြင်ရသော အားလှိုင်းတစ်ခုကြောင့် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသည်။
“ညီမ...” ဝမ်ရန်က အော်ဟစ်လိုက်သည်။
“ညီမ လှုပ်မရဘူး..” လင်းယွီချူက မျက်နှာများ ပြာနှမ်းသွားကာ ပြောလိုက်သည်။ သည်လူမှာ အလွန်အားကောင်းကြောင်း ယခုမှ သိလိုက်၏။ သူမက ထိုသို့ ပြောသည်တွင် ဧည့်ကြည့်စင်မှ လူတိုင်းက ထိတ်လန့်သွားကြသည်။ မရေမတွက်နိုင်သော မျက်လုံးများက သူမထံသို့ ရောက်လာကြသည်။ သည်တစ်ခေါက် လူတစ်ရာက ထိုမျှအားကောင်းသောလူမပါတော့ဟု ထင်မှတ်ခဲ့ကြ၏။
ဝမ်ရန်က လေဟာနယ်ထဲကို ခုန်တက်လိုက်ကာ ရီဖူရှင်းထံသို့ လှမ်းလာရင်းက ပြောသည်... “သွားမယ်...”
ရီဖူရှင်းက သူ့အား ကြည့်လိုက်လျှင် လောကဓာတ်က ပျောက်ကွယ်သွားသည်။ လေထဲတွင် ရပ်တန့်နေသော လင်းယွီချူမှာ မလှုပ်မယှက်ဖြစ်နေရာမှ တဖန် ရီဖူရှင်းထံသို့ ဆက်လက်တိုးဝင်လာခဲ့ရာ သူမ၏ဓားများက ရီဖူရှင်း၏ခန္ဓာကိုယ်သို့ တိုးဝင်လာခဲ့သည်။ သို့သော်လည်း မည်သည့်ဓားကမှ သူ့အသားကို ဖြတ်တောက်နိုင်စွမ်းမရှိပေ။
လင်းယွီချူကိုယ်တိုင်က ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သော်လည်း ရီဖူရှင်းက လက်ဝါးကို မြောက်လိုက်သည်တွင် လက်ဝါးတံဆိပ်တော်တစ်ခုက သူမ၏ရင်ဘတ်ထံသို့ ကျဆင်းလာခဲ့ကာ သူမအား အဝေးသို့ လွင့်စင်သွားစေသည်။
ထိုလူနှင့် သူမတို့အကြား ကွာဟချက်က အလွန်အမင်း ကြီးမားလွန်းပေသည်။
လင်းယွီချူ၏မျက်နှာက ပြာနှမ်းသွားသည်။ သူ၏ရင်ဘတ်မှ နာကျင်မှုများအား ခံစားရ၏။ ဝမ်ရန်က သူမအား ကြည့်ကာ ရီဖူရှင်းအား အေးစက်စက်ကြည့်လျှင် တစ်လှမ်းချင်း လှမ်းလာခဲ့သည်။ ခြေလှမ်းတိုင်းက ရီဖူရှင်းထံသို့ ထိုးနှက်လာသော ဓားသွားများအလား ခံစားရကာ သူ၏စိတ်စွမ်းအားကိ ဖြိုဖျက်ရန် ကြိုးစားသည်။
“တခြားလူတွေကို သွားပြီးတော့အနိုင်ယူပါ… မင်းက ထိပ်ဆုံးသုံးနေရာကို ဝင်လိမ့်မယ်...” ရီဖူရှင်းက ဝမ်ရန်ကို ပြောသည်။
ဝမ်ရန်၏အမူအရာက ပြောင်းလဲသွားပြီးမှ အေးစက်စွာ ပြောသည်... “ဘယ်လောက် မောက်မာလိုက်သလဲ...”
ရီဖူရှင်းဆိုလိုသည်ကား သူက ရီဖူရှင်းနှင့်တိုက်ခိုက်ရန် မထိုက်တန်ဟူသော သဘောပင်။
ချက်ချင်းပင် အလွန်ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါနှင့်အတူ ပြင်းထန်သော ငွေရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဝမ်ရန်က သူ၏သက်စောင့်ဝိညာဥ်ကို ထုတ်လိုက်သည်။
ရီဖူရှင်းက သူ့အား အေးဆေးစွာ တစ်ချက်ကြည့်ကာ ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ငွေရောင်အားလှိုင်းများအား သည်အတိုင်း တိုးဝင်လာခဲ့သည်။
ဝမ်ရန်က အန္တရာယ်၏အငွေ့အသက်ကို ခံစားမိကာ နောက်ဆုတ်လိုသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က မည်သို့မှ လှုပ်ရှား၍ မရတော့သည်ကို သိလိုက်ကာ မျက်နှာက ပြာနှမ်းသွားသည်။
ဘန်း...
ကျယ်လောင်သော အသံတစ်ခုအား ကြားကြရသည်။ သူ့ရင်ဘတ်မှ အရိုးများ ကျိုးအက်သွားဟန်ရကာ ဝမ်ရန်မှာ နောက်ကို လွင့်စင်သွားတော့သည်။
***