← Chapters

အစွမ်းထက်စစ်တပ်

Vol. 69 Ch. 956

အစွမ်းထက်စစ်တပ်

Vol. 69 Ch. 956

ယဲ့ချန်သည် စကားသံကို လျှို့ဝှက်နည်းလမ်းဖြင့် လူတိုင်းကြားစေရန် ဆောင်ရွက်ခဲ့ကြောင်း ဝူယွဲ့က ရိပ်မိသဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေခဲ့သည်။ အကယ်၍ အခြားနေရာတွင် သူက လူသားတစ်ယောက်ကို တွေ့လျှင် သတ်မည်ဖြစ်သော်လည်း လေ့ကျင့်ရေးနယ်မြေအတွင်း တစ်ဖက်လူ၌ နောက်လိုက်သောင်းချီ ရှိနေသည်။ စစ်ပွဲတစ်ခု ဖြစ်ပွားလျှင် ရွှေဂျိုမျိုးနွယ်လည်း ထိခိုက်နိုင်သောကြောင့် အကျိုးမရှိပေ။ လက်ရှိတွင် သူက လူတိုင်း၏ချဥ်ဖတ် ဖြစ်လာခဲ့ပြီး တပ်ဖွဲ့ငယ်များမှာ မပူးပေါင်းလိုတော့ပေ။ ရွှေဂျိုမျိုးနွယ်နှင့် ပူးပေါင်းမိလျှင် စတေးခံရမည့် အဖြစ်ကို မည်သူမှမလိုလားပေ။ လင်လုံနှင့် ယဲ့ချန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးလိုက်ကြ၏။ ရွှေဂျိုမျိုးနွယ်က ကောက်ကျစ်ပြီး တပ်ဖွဲ့ငယ်များကို စတေးလျှင် သူတို့ကိုလည်း စတေးမည်ဖြစ်သောကြောင့် ပူးပေါင်းစရာ အကြောင်းမရှိပေ။

"ငါက ဒီစစ်တပ်ရဲ့ ခေါင်းဆောင် ယဲ့ချန် ဖြစ်တယ်။ ငါ့လက်အောက်ကို ဝင်မယ်ဆိုရင် မင်းတို့ကို စတေးခံအဖြစ် အသုံးမချဘူး။ ပြီးတော့ တစ်ယောက်ချင်းစီကို မူလကျောက် တန်ငါးသောင်း ပေးမယ်"

ဤပမာဏက နတ်ပြည်တွင် လူနေမှုအဆင့်နိမ့်ကျပြီး ကျင့်ကြံရေး အရင်းအမြစ်မရှိသည့် သာမန် နတ်တစ်ပိုင်းအဆင့်များအတွက် မက်လောက်စရာဖြစ်သောကြောင့် ပူးပေါင်းလိုသူများ ထွက်ပေါ်လာသည်။ တပ်ဖွဲ့ငယ်များက ယာယီဖွဲ့စည်းထားခြင်းဖြစ်၍ ထိန်းချုပ်မခံရသော ကျင့်ကြံသူများက ယဲ့ချန် ကမ်းလှမ်းသော စျေးကြောင့် ချက်ချင်းခိုဝင်လာကြ၏။ ယဲ့ချန်က သူ့ကို အသုံးချ၍ အင်အားများ စုဆောင်းနေသောအခါ ဝူယွဲ့မှာ ဒေါသမီးတောက်လောင်၍ ငယ်သားများကို အမိန့်ပေးလိုက်သည်။

"မင်းကို ငါက ကြောက်နေရမှာလား"

ယဲ့ချန်က ပြုံးလိုက်ပြီး အတွေးတစ်ချက်ဖြင့် အမိန့်ပေးလိုက်သောအခါ နောက်လိုက်များသည် ကောင်းကင်စက်ဝိုင်း အစီအရင်ကို ချက်ချင်းပုံဖော်လိုက်ကြသည်။

"လူသားတစ်ယောက်က မောက်မာနေတယ်။ ဒီကောင့်ကို သင်ခန်းစာပေးရမယ်။ ဖမ်းလာကြစမ်း"

ဝူယွဲ့၏အမြင်တွင် ယဲ့ချန်က ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း ငယ်သားများသည် မျိုးနွယ်ပေါင်းစုံမှ ဖြစ်သောကြောင့် ရွှေဂျိုမျိုးနွယ်ဝင်များချည်း ပါဝင်သည့် သူ၏စစ်တပ်နှင့်ယှဥ်လျှင် စည်းလုံးစရာ မရှိပေ။ ခေါင်းဆောင်ကို လက်ရဖမ်းဆီးလိုက်လျှင် တပ်ဖွဲ့တစ်ခုလုံး ပြိုကွဲသွားမည်ဟု ထင်မှတ်နေခဲ့သည်။ တိုက်ပွဲစတင်ရန် နီးကပ်လာသောအခါ ကျန်ကျင့်ကြံသူများမှာ အဝေးသို့ ဆုတ်ခွာသွားကြ၏။ ယဲ့ချန်၏စစ်တပ်တွင် တပ်သားတစ်သောင်းကျော်ရှိပြီး ဝူယွဲ့ဘက်တွင် သုံးသောင်းကျော် ရှိသောကြောင့် တိုက်ခိုက်လျှင် အကျိုးဆက် ပြင်းထန်ပေလိမ့်မည်။

"ဒီလူသားတော့ ရွှေဂျိုမျိုးနွယ်ကို စော်ကားနေတာ ဒုက္ခရောက်ပြီ"

"သူ့အင်အားက တစ်သောင်းကျော်ပေမယ့် ဘယ်သူက အသက်စွန့်တိုက်ခိုက်ပေးမှာလဲ။ သေချာပေါက် ဖမ်းဆီးခံရလိမ့်မယ်"

ဘေးထွက်နေသည့် ကျင့်ကြံသူများတွင် ယဲ့ချန်ကို အထင်ကြီးသူ တစ်ယောက်တလေပင် မပါဝင်ချေ။ သို့သော် ဟင်းလင်းပြင်မျိုးနွယ် စစ်တပ်၏ ခေါင်းဆောင်ဖြစ်သော ကိရှုသည် ယဲ့ချန်၏စစ်တပ်မှာ မျိုးနွယ်ပေါင်းစုံ ပါဝင်သော်လည်း အစီအရင်တစ်ခု ဖွဲ့စည်းထားကြောင်း မြင်နိုင်ခဲ့သည်။ တစ်ဖက်လူ၏စစ်တပ်က ညီညွတ်သည့်အပြင် ဖွဲ့စည်းပုံက အလွန်ဆန်းကျယ်သော်လည်း ဝူယွဲ့က ဒေါသကြောင့် မျက်လုံးကန်းနေခဲ့သည်။ သူက ယဲ့ချန်ကို အလွန်ဖမ်းဆီးချင်နေသောကြောင့် လက်အောက်ငယ်သားများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ရွှေဂျိုမျိုးနွယ်ဝင် သုံးသောင်းကျော်သည် လျင်မြန်စွာ ချီတက်လာကြစဥ် ယဲ့ချန်နှင့် လင်လုံက နောက်သို့ဆုတ်ခွာသွားပြီး ကောင်းကင်စက်ဝိုင်းအစီအရင်သည် ဧရာမ အသားကြိတ်စက်ကြီးပမာ တဝီဝီလည်ပတ်၍ ရှေ့တက်လာခဲ့သည်။

"ဘန်း ဘန်း ဘန်း"

ရန်သူသုံး​ထောင်ကျော်သည် အစီအရင်နှင့် ထိပ်တိုက်ရင်ဆိုင်မိသောအခါ ချက်ချင်းသေဆုံးသွားပြီး ခဏအတွင်း အသားပြား ဖြစ်ကုန်၏။ သူတို့က ယဲ့ချန်၏ငယ်သား တစ်ယောက်တလေကိုပင် မသတ်နိုင်ခဲ့သောကြောင့် ဝူယွဲ့မှာ အလွန်တရာ ထိတ်လန့်နေသည်။

"သူတို့ကို သင်ခန်းစာပေးလိုက်"

ယဲ့ချန်၏အမိန့်ကြောင့် နောက်လိုက်များသည် ရန်သူများကို ရက်ရက်စက်စက် ထိုးခုတ်သတ်ဖြတ်လိုက်ကြပြီး လေထဲတွင် သွေးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ လွင့်ပျံနေသည်။ ကောင်းကင်စက်ဝိုင်း အစီအရင်အတွင်း၌ စက်ဝိုင်းရှစ်ခုက အချင်းချင်းဆက်နွယ်နေကာ အပြင်ဘက်ပိုင်းတွင် ထက်ရှသော လက်နက်များဖြင့် ရန်သူများကို သုတ်သင်နေသည်။ ဤမြင်ကွင်းကြောင့် ဘေးထွက်ရပ်နေသူများမှာ မယုံနိုင်ဖြစ်နေကြပြီး စစ်ပွဲများစွာ မြင်ဖူးသော်လည်း ဤအစီအရင်လောက် အစွမ်းထက်သော စစ်ချီတက်ပုံကို ကြားပင်မကြားဖူးကြချေ။ ထို့အပြင် ယဲ့ချန်၏နောက်လိုက်များသည် တစ်သားတည်းဖြစ်နေကာ ပူးပေါင်းတိုက်ခိုက်မှုက အကွက်စေ့လှသောကြောင့် ကြောက်စရာကောင်းလွန်းနေသည်။

"ဘုန်း ဘုန်း"

စစ်တပ်ချင်း ရင်ဆိုင်မိသောအခါ ရွှေဂျိုမျိုးနွယ်ဝင်များသည် ဆက်တိုက်သတ်ဖြတ်ခံနေရပြီး အစီအရင်များ ဖွဲ့စည်းလိုသော်လည်း ချက်ချင်းဖျက်ဆီးခံလိုက်ရသဖြင့် တကွဲတပြား ဖြစ်နေကြသည်။ ဤကား တစ်ဖက်သတ် သတ်ပွဲကြီးဖြစ်ကာ တစ်ကိုယ်တော် ခွန်အားချင်းတွင် သူတို့က သာလွန်သော်လည်း တပ်ဖွဲ့ချင်းတိုက်ပွဲ၌ လွန်စွာအရေးမပါတော့ပေ။ ကောင်းကင်စက်ဝိုင်း အစီအရင်အတွင်း ရောက်ရှိသွားလျှင် ၎င်း၏ပုံရိပ်​ယောင်အစွမ်းကြောင့် တစ်​ယောက်သုံးယောက် တိုက်ခိုက်နေရသည်ဟု အမြင်မှားနေခဲ့သည်။ ဤသို့ဖြင့် ရွှေဂျိုမျိုးနွယ်၏ တပ်ဖွဲ့မှာ တိုက်ပွဲစတင်ပြီး အချိန်ခဏအတွင်း အရေအတွက် ငါးထောင်ကျော် ဆုံးရှုံးလိုက်ရ၏။

"မြန်မြန်ဆုတ်ကြ"

ဝူယွဲ့က အလောတကြီး အမိန့်ပေးလိုက်သောအခါ သူတို့သည် လျင်မြန်စွာ ဆုတ်ခွာလာကြသော်လည်း တစ်ဖက်က အလွတ်မပေးခဲ့ပေ။ နောက်ဆုံးတွင် သူတို့က ဘေးကင်းသော အကွာအဝေးတစ်ခုသို့ ဆုတ်ခွာနိုင်ခဲ့ချိန်တွင် နောက်ထပ်အရေအတွက် တစ်ထောင်ကျော် ဆုံးရှုံးသွားခဲ့၏။ ဤစစ်ပွဲကြောင့် လူတိုင်း ထိတ်လန့်နေကြပြီး ကောင်းကင်စက်ဝိုင်းအစီအရင်မှာ ကြောက်စရာကောင်းလွန်းသည့်အပြင် ဟာကွက်မရှိသလောက် နည်းပါးသောကြောင့် ဖြစ်သည်။ တိုက်ခိုက်ပုံချင်းယှဥ်လိုက်လျှင် သူတို့က ခေါင်းမပါသော ယင်ကောင်များပမာဖြစ်ပြီး ယဲ့ချန်၏တပ်ဖွဲ့သည် လေ့ကျင့်သားပြည့်ဝကာ တိုက်ခိုက်ပုံ ညီညွတ်လွန်း၏။ ဝူယွဲ့က သေဆုံးမှုများကို တွက်ချက်လိုက်သောအခါ ရွှေဂျိုမျိုးနွယ်ဝင် ကိုးထောင်ကျော် ကျဆုံးသွားခဲ့ကြောင်း သိလိုက်ရသည်။ ယဲ့ချန်၏ဘက်တွင် အရေအတွက်အနည်းငယ်သာ ကျဆုံးခဲ့သောကြောင့် ကြောက်စရာကောင်းလွန်းသော အစီအရင်က မည်သည့်အစီအရင်မျိုးဖြစ်ကြောင်း အဖြေရှာမရခဲ့ပေ။ သူက ကြောက်ရွံ့ခြင်းနှင့် ဒေါသကို တပြိုင်နက် ခံစားနေရပြီး မောက်မာမှုများ ပျောက်ကွယ်နေသည်။

ယဲ့ချန်က သူ၏နောက်လိုက်များကို စစ်ဆေးလိုက်သောအခါ အရေအတွက် နှစ်ဆယ်ကျော်သာ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အယောက်နှစ်ထောင်ကျော် ရှိသော်လည်း ဝိညာဥ်ကောင်များ၏ အစွမ်းကြောင့် မသေလျှင် ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။ အခြားတပ်ဖွဲ့များမှာ တိုက်ပွဲက တစ်ဖက်သတ် ပြီးဆုံးသွားမည်ဟု မမျှော်လင့်သောကြောင့် မင်သက်နေကြသည်။ တစ်ဖက်လူ၏စစ်တပ်က အလွန်ကြောက်စရာကောင်းနေပြီး မျိုးနွယ်ပေါင်းစုံ ပါဝင်သော်လည်း အစွမ်းထက်မျိုးနွယ်များ၏ သက်တော်စောင့်တပ်များပမာ ညီညွတ်နေခဲ့သည်။ ရွှေဂျိုမျိုးနွယ်က ယဲ့ချန်ကို အထင်သေးမိသည့် အကျိုးဆက်ကို သက်သေပြခဲ့သောကြောင့် မည်သူမှ အထင်မသေးရဲတော့ပေ။

"ငါပြောလိုက်တဲ့ စကားက အခုထိ အကျုံးဝင်တယ်။ ငါ့လက်အောက်ကို ဝင်မယ်ဆိုရင် အကျိုးအမြတ်ကောင်းကောင်း ရစေရမယ်။ မင်းတို့မယုံရင် ကြိုက်တဲ့တပ်သားကို မေးကြည့်လို့ရတယ်"

လက်အောက်ငယ်သား တစ်ယောက်ချင်းစီက အလွန်သစ္စာရှိသောကြောင့် မကောင်းပြောမည် မဟုတ်ရာ ယဲ့ချန်သည် ကျေနပ်စွာပြုံး၍ ကမ်းလှမ်းလိုက်ပြန်သည်။ မူလတွင် သူ၏လက်အောက်သို့ ခိုဝင်လာသူများမှာ နည်းပါးခဲ့သော်လည်း ရွှေဂျိုမျိုးနွယ်ကို အနိုင်ယူပြီး ဂုဏ်သတင်း ကျော်ကြားစေခဲ့သည်။ ထို့ကြောင့် သူ၏ ရက်ရောသော ကမ်းလှမ်းမှုအပြင် ပြိုင်ဘက်ကင်းစစ်တပ်မျိုးသို့ ဝင်ရောက်လိုကြသူများ စတင်များပြားလာခဲ့သည်။ ပထမဆုံးတွင် လေ့လွင့်ကျင့်ကြံသူများသာ ဝင်ရောက်လာကြသော်လည်း ရာချီသော အုပ်စုများ စတင်ပူးပေါင်းလာခဲ့ကြသည်။ နောက်ဆုံးတွင် တပ်ဖွဲ့ငယ်များ၏ ခေါင်းဆောင်များသည်ပင် တစ်အုပ်စုလုံးကို ခေါ်ဆောင်၍ ယဲ့ချန်လက်အောက်သို့ ခိုလှုံလာခဲ့သည်။ တပ်ဖွဲ့ငယ်တစ်ခုက စတင်၍ အညံ့ခံလိုက်သောအခါ နောက်ထပ်အုပ်စုများလည်း လိုက်ပါလာကြပြီး ခဏအတွင်း သူက အရေအတွက် တစ်သောင်းကျော် စုဆောင်းနိုင်ခဲ့သည်။ နတ်တစ်ပိုင်းအဆင့်များကို အချိန်ခဏအတွင်း စုဆောင်းနိုင်ခဲ့သော ယဲ့ချန်၏ အရည်အချင်းကို လင်လုံနှင့် လူသားမျိုးနွယ်ဝင်များ အထင်ကြီးနေကာ ဤမျှအင်အားကြီးမားသည့် စစ်တပ်ကို မည်သို့စုဆောင်းခဲ့ကြောင်း နားလည်လိုက်ကြသည်။

ယဲ့ချန်သည် ခိုဝင်လာကြသူများကို မူလကျောက်များ ခွဲဝေပေး၍ ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်စေသည်။ ထို့နောက် သူတို့သည် မိတ်ဆွေအပေါင်းအသင်းများကို ယဲ့ချန်လက်အောက်သို့ ပူးပေါင်းရန် ဖိတ်ခေါ်ပေးခဲ့ကြ၏။ သုံးရက်အကြာတွင် ရလဒ်က အလွန်ကောင်းမွန်ပြီး စုစုပေါင်း ကျင့်ကြံသူ ၁၈၀၀၀ ကျော် စုဆောင်းနိုင်ခဲ့သောကြောင့် ဒန်တန်အတွင်းရှိ နှစ်သောင်းကျော်နှင့် ပေါင်းလိုက်လျှင် အင်အားသုံးသောင်းကျော်အထိ ယဲ့ချန်က ပိုင်ဆိုင်နိုင်ခဲ့သည်။ ကိရှုနှင့် ပိုအာတို့သည် အချိန်တိုအတွင်း အင်အားများစွာ စုဆောင်းနိုင်လိုက်သော ယဲ့ချန်၏အစွမ်းကို ကြောက်သောကြောင့် ခပ်ခွာခွာနေလိုက်ကြသည်။ အကယ်၍ တစ်ဖက်လူက စိတ်ရူးပေါက်ပြီး သူတို့ကို တိုက်ခိုက်လာလျှင် အကြီးအကျယ် ဒုက္ခရောက်သွားပေလိမ့်မည်။ တပ်ဖွဲ့ငယ်များကို ငယ်သားအဖြစ် စုစည်းနိုင်ခဲ့သော ယဲ့ချန်အတွက် ကျန်တပ်ဖွဲ့သုံးခုက ပြဿနာ မပေးနိုင်တော့ချေ။

"မင်းတို့နှစ်ယောက်က အစောင့်သားရဲတွေကို ဘေးနှစ်ဖက်က တိုက်ခိုက်ပေး။ ရတနာတွေအတွက်ကတော့ အစွမ်းရှိရင် ယူနိုင်သလောက် ယူကြမယ်။ ဘယ်လိုသဘောရလဲ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ကိရှုနှင့် ပိုအာကို ကမ်းလှမ်းလိုက်၏။ သူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး ဤကမ်းလှမ်းချက်သည် အနည်းဆုံး ဝူယွဲ့၏ လောဘကြီးသော အကြံထက် ပို၍ကောင်းမွန်နေခဲ့လေသည်။

All Chapters