← Chapters

ဝူယွဲ့အား မောင်းထုတ်ခြင်း

Vol. 69 Ch. 957

ဝူယွဲ့အား မောင်းထုတ်ခြင်း

Vol. 69 Ch. 957

ကိရှုနှင့် ပိုအာက ပူးပေါင်းရန် စဥ်းစားနေစဥ် လင်လုံသည် ယဲ့ချန်ကို အသံချင်း ဆက်သွယ်လာခဲ့သည်။

"လူသားမျိုးနွယ်ရဲ့ အင်အားအမှတ်က နှစ်ဆယ်ကျော် တိုးလာတယ်"

မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူပေါင်း နှစ်သောင်းကျော်ကို စုဆောင်းနိုင်ခဲ့သော်လည်း တိုးလာသော အမှတ်က နည်းနေသဖြင့် ယဲ့ချန်က မင်သက်နေသည်။ သို့သော် အသေအချာ စဥ်းစားကြည့်လိုက်သောအခါ စကြဝဠာအတွင်း များပြားလှသော ကြယ်အဖွဲ့အစည်းများတွင် လူသားမျိုးနွယ် အရေအတွက်က မရေတွက်နိုင်ပေ။ ၎င်းက အားနည်းသော မျိုးနွယ်ဖြစ်သော်လည်း မျိုးပွားရာတွင် စွမ်းဆောင်ရည် မြင့်မားသောကြောင့် နတ်တစ်ပိုင်းအဆင့် နှစ်သောင်းကျော်၏ အင်အားက ပင်လယ်အတွင်းမှ ရေတစ်ပေါက်ပမာ နည်းပါးပေလိမ့်မည်။ သို့သော် လူသားမျိုးနွယ်၏ အင်အားအမှတ် တစ်ထောင်ကျော် မြင့်တက်သွားသော အချက်က လင်လုံအတွက် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။ ယဲ့ချန်တွင် နောက်လိုက်သောင်းချီ ရှိနေသောကြောင့် တိုးတက်လာခြင်း မဖြစ်နိုင်ကြောင်းကို လက်ရှိတွင် မျက်မြင်သိလိုက်ရသည်။ သူမက စိတ်ရှုပ်နေစဥ် အကြောင်းအရင်းမှာ ရွှေပိုင်နက်သားရဲများဖြစ်ကြောင်း ယဲ့ချန်က နားလည်သွား၏။ ဤစစ်တပ်များ၏ တိုက်ခိုက်နိုင်စွမ်းက ၎င်းတို့နှင်ယှဥ်လျှင် လွန်စွာနိမ့်ကျသည် မဟုတ်ပါလော။

ထိုအချိန်၌ မျိုးနွယ်အမှတ် ငါးဆယ်ကျော် ရုတ်တရက် မြင့်တက်လာကာ ဆယ်မှတ်ကျော် နုတ်ယူခံလိုက်ရသည်။

လူသားမျိုးနွယ်၏ အင်အားအမှတ် ရုတ်တရက် တိုးတက်လာခြင်းသည် ယခုတစ်ခေါက်တွင် ယဲ့ချန်နှင့် လင်လုံကြောင့် မဟုတ်သဖြင့် အခြားခေါင်းဆောင်တစ်ယောက်၏ အစွမ်းအစ ဖြစ်ပေလိမ့်မည်။ ပြန်လည်နုတ်ယူခံလိုက်ရသော အမှတ်များမှာမူ ရှင်းဟွမ်မျိုးနွယ်၏ လက်ချက်ဖြင့် လူသားအင်အားစုတစ်ခု သုတ်သင်ခံလိုက်ရသောကြောင့် ဖြစ်နိုင်သည်။ ဤအတွေးကြောင့် အခြေအနေက အရေးတကြီးဖြစ်နေကြောင်း သူက နားလည်လိုက်သည်။

"မင်းရဲ့ ကမ်းလှမ်းချက်ကို ငါတို့ သဘောတူပါတယ်။ ဒါပေမယ့် ဝူယွဲ့က ဝင်ရှုပ်ရင် ဘယ်လိုလုပ်ကြမလဲ"

ရွှေဂျိုမျိုးနွယ်၏ စစ်တပ်က နောက်ဆုတ်သွားသော်လည်း စောင့်ကြည့်နေဆဲ ဖြစ်သောကြောင့် ကိရှုနှင့် ပိုအာက စိုးရိမ်မကင်း ဖြစ်နေသည်။

"သူတို့ကို အရင်ရှင်းထုတ်ပြီးမှ အစောင့်သားရဲတွေကို တိုက်ခိုက်မယ်။ ဘယ်လိုသဘောရလဲ"

"ငါတို့က ဘယ်လိုလုပ် ရွှေဂျိုမျိုးနွယ်ကို စော်ကားရဲမှာလဲ"

"ဟုတ်တယ်။ ဒီလိုသာဆိုရင် လေ့ကျင့်ရေးနယ်မြေ အပြင်ကို ရောက်တာနဲ့ ငါတို့ဘဝ အဆုံးသတ်သွားလိမ့်မယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ သူတို့က အကြောက်အကန် ငြင်းဆန်လိုက်ကြသည်။ သို့သော် လူသားမျိုးနွယ်ကို မောင်းထုတ်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သော ရန်သူမျိုးနွယ်ကို ယဲ့ချန်က အလွတ်မပေးနိုင်ပေ။

"မင်းတို့တွေ မကူညီရင်လည်း ငါ တစ်ယောက်တည်း ကိုင်တွယ်လိုက်မယ်"

သူက တစ်ချက်ပြုံး၍ အမိန့်ပေးလိုက်သောအခါ အရေအတွက် သုံးသောင်းကျော်သည့် စစ်တပ်ကြီးသည် ရန်သူမျိုးနွယ်ထံ ချီတက်သွားခဲ့သည်။ သူ၏လုပ်ရပ်က အမှန်တကယ် မိုက်ရူးရဲဆန်လွန်းသောကြောင့် ပိုအာနှင့် ကိရှုက တုန်လှုပ်နေကြ၏။ အခြားမျိုးနွယ်များသည် ရွှေဂျိုမျိုးနွယ်ဝင်များကိုတွေ့လျှင် မစော်ကားမိစေရန် ရှောင်လွှဲသွားတတ်ကြသော်လည်း ယဲ့ချန်ကမူ လုံးဝဂရုမစိုက်ခဲ့ပေ။

"ဒီကောင် လွန်လာပြီ"

ယဲ့ချန်၏စစ်တပ် ချီတက်လာသောအခါ ဝူယွဲ့သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သို့သော် တစ်ဖက်လူ၏ အင်အားတစ်သောင်းနှင့် တိုက်ခိုက်ရာတွင် အသာစီးမရခဲ့သည့်အပြင် နောက်ထပ်သုံးဆကျော် တိုးလာသော အင်အားအခါ မရင်ဆိုင်ရဲပေ။

"မြန်မြန် နောက်ဆုတ်ကြစမ်း"

ယဲ့ချန်၏လက်ချက်ဖြင့် ဒဏ်ရာများရထားသော်လည်း အနားမယူရသေးသော စစ်တပ်ကို သူက အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် နောက်လိုက်များက ဖရိုဖရုဲဖြစ်နေပြီး ပြိုင်ဘက်စစ်တပ် ရောက်လာသောအခါ တကွဲတပြား ဆုတ်ခွာနေရသည်။ ယဲ့ချန်၏ နောက်လိုက်များကမူ လေအလျင်အတိုင်း ရောက်ရှိလာကာ ထက်ရှသော လက်နက်များဖြင့် ထိုးခုတ်သတ်ဖြတ်လိုက်ကြသောအခါ လေထဲတွင် သွေးများ ပြန့်ကြဲကုန်သည်။ ရန်သူများမှာ ဆက်တိုက်အသတ်ခံနေရသောကြောင့် မြေပြင်တွင် အလောင်းချင်း ထပ်နေခဲ့၏။ အသစ်ဝင်ရောက်လာသော ကျင့်ကြံသူများသည်လည်း ဝိညာဥ်ကောင်များ၏ အစွမ်းဖြင့် ကောင်းကင်စက်ဝိုင်း အစီအရင်အတွင်း တစ်သားတည်း ဖြစ်နေကြသည်။ ထို့ကြောင့် ရန်သူများမှာ လုံးဝရင်ဆိုင်နိုင်ခြင်းမရှိဘဲ သေးထွက်မတတ် ကြောက်လန့်ကာ အမိတ၍ ထွက်ပြေးနေသည်။ အရေအတွက် နှစ်သောင်းကျော် ကျန်ရစ်သော ရွှေဂျိုမျိုးနွယ်၏ စစ်တပ်တွင် နောက်ထပ်ခြောက်ထောင်ကျော် သုတ်သင်ခံလိုက်ရသဖြင့် ဝူယွဲ့မှာ လက်မခံနိုင် ဖြစ်နေခဲ့သည်။ သူက ဤစစ်တပ်ကို ဦးဆောင်ခဲ့ချိန်မှ စတင်၍ ယခုတစ်ကြိမ်လောက် အထိအခိုက် မရှိခဲ့ဖူးပေ။ သာမန်အခြေအနေများတွင် အခြားမျိုးနွယ်ဝင်များသည် သူ၏နောက်ခံကို မျက်နှာသာပေးရသဖြင့် ရှောင်ရှားသွားတတ်သောကြောင့် ဖြစ်သည်။ သူက လေ့ကျင့်ရေးနယ်မြေမှ ထွက်မသွားသော်လည်း ယဲ့ချန်၏ စစ်တပ်က ထပ်ကြပ်မကွာ လိုက်လာနေသည်။

"ခွေးကောင် နေနှင့်ဦးပေါ့ကွာ။ လေ့ကျင့်ရေးနယ်မြေ အပြင်ကိုရောက်ရင် မင်းကို ငါ ကိုင်တွယ်ပြမယ်"

ဝူယွဲ့က စိတ်ဓာတ်ကျစွာဖြင့် ဆက်နေလျှင် တစ်ဖက်လူသည် အလွတ်ပေးမည် မဟုတ်သောကြောင့် နောက်လိုက်များနှင့်အတူ လေ့ကျင့်ရေးနယ်မြေအတွင်းမှ ထွက်ခွာသွားရ၏။ ယဲ့ချန်သည် ရန်သူများကိူ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သော်လည်း နောက်လိုက်တစ်သောင်းကျော်ကို ခွဲထုတ်ကာ အစောင့်အဖြစ် တာဝန်ပေးခဲ့သည်။ အကယ်၍ ရန်သူများက ဟန်ပြထွက်ခွာသွားပြီး သူတို့က ဝိညာဥ်ကောင်များနှင့် တိုက်ခိုက်နေစဥ် ရောက်ရှိလာလျှင် တားမြစ်နိုင်ရန်ဖြစ်သည်။

"အခု ပူးပေါင်းလို့ ရပြီလား"

သူက တစ်ချက်ပြုံး၍ ကိရှုနှင့် ပိုအာကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူက အလွန်ရက်စက်ပြီး ဝူယွဲ့၏စစ်တပ်ကို နာလန်မထူနိုင်အောင် ဖိနှိပ်ပစ်လိုက်သောကြောင့် သူတို့က အံ့သြနေကြပြီး ဤမျှသန်မာမည်ဟု မထင်ထားပေ။

"အစီအစဥ်ကို ပြောပါ"

"ငါက ညာဘက်က တိုက်ခိုက်မယ်။ မင်းတို့နှစ်ယောက်က ဘယ်ဘက်က ဝင်ကြ။ ငါ့အမိန့်ကို ရတာနဲ့ ပြိုင်တူတိုက်ခိုက်ရမယ်"

"ကောင်းပြီ"

ယဲ့ချန်၏ ညွှန်ကြားချက်ကို သူတို့က လိုက်နာဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"ဒီအစောင့်သားရဲတွေက အစွမ်းထက်လွန်းတယ်။ အရင်တစ်ခေါက်တုန်းက ကျင့်ကြံသူတစ်သောင်းပါတဲ့ စစ်တပ်တောင် ကျရှုံးခဲ့ရတယ်။ ငါတို့အနေနဲ့ အကျအဆုံး များနိုင်တယ်"

လင်လုံက ယဲ့ချန်ကို အသံချင်းဆက်သွယ်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။

"ငါတို့က အစွမ်းကုန်ထုတ် တိုက်ခိုက်မှာ မဟုတ်ဘူး။ သူတို့ကို အချိန်ဆွဲထားရုံသက်သက်ပဲ။ ငါတို့နှစ်ယောက်က ဒီအချိန်မှာ ရတနာကို အရယူကြမယ်"

အစောင့်သားရဲများ၏ အရှိန်အဝါက ထူးဆန်းနေသောကြောင့် ယဲ့ချန်က သတ်ဖြတ်မည့်အစား အချိန်ဆွဲရန်သာ ဆုံးဖြတ်ထားသည်။ စစ်တပ်ကြီးသုံးခု ချီတက်လာသောအခါ အစောင့်သားရဲများက အန္တရာယ်ကို အာရုံခံမိလိုက်ပြီး မရေမတွက်နိုင်သော သားရဲများကို တိုက်ခိုက်ရန် စုစည်းနေသည်။

ကိရှု၏မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု တည်ရှိနေပြီး ယဲ့ချန်က ပူးပေါင်းရာတွင် မရိုးသားနိုင်ဟု သုံးသပ်ခဲ့သည်။ ထို့ကြောင့် သူက တစ်ဖက်လူ၏ အသုံးချခံ မဖြစ်လိုသောကြောင့် ရတနာများကို အလစ်သုတ်ရန် ဆုံးဖြတ်လိုက်၏။

"တိုက်ခိုက်ကြ"

ယဲ့ချန်၏ အမိန့်သံ ထွက်ပေါ်လာသောအခါ နောက်လိုက်များက သားရဲများထံ ပြေးဝင်သွားပြီး ပိုအာနှင့် စစ်တပ်က အချိန်ကိုက် လှုပ်ရှားခဲ့သော်လည်း ကိရှု၏စစ်တပ်မှာ နောက်တွင် ကျန်ရစ်နေခဲ့သည်။

"ခွေးကောင်"

ပိုအာမှာ လှည့်စားခံလိုက်ရသော​ကြောင့် ဒေါသထွက်နေသော်လည်း အစောင့်သားရဲ နှစ်ကောင်နှင့် တိုက်ခိုက်နေရပြီဖြစ်သည်။ ယဲ့ချန်၏စစ်တပ်ကလည်း အစောင့်သားရဲနှစ်ကောင်ကို တာဝန်ယူထားရပြီး ကျန်သားရဲများကို သတ်ဖြတ်နေခဲ့သည်။ ကိရှုသည် သူ၏နောက်လိုက်များကို စုစည်းကာ နောက်ဆုတ်ချင်သော်လည်း ယဲ့ချန် ထားရစ်ခဲ့သော အရေအတွက် တစ်သောင်းကျော် စစ်တပ်က လမ်းပိတ်နေသည်။ ယဲ့ချန်၏ စစ်တပ်ထက်စာလျှင် အစောင့်သားရဲများကို တိုက်ခိုက်ရသည်မှာ ပို၍လွယ်ကူသောကြောင့် သူက စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ရွေးချယ်စရာမရှိပေ။ သူက လှည့်စားအကွက်ချခဲ့သော်လည်း အကင်းပါးသော ယဲ့ချန်သည် တစ်ကွက်ကြိုမြင်၍ ကာကွယ်နိုင်ခဲ့သည်။ အစောင့်သားရဲကြီးများနှင့် စစ်တပ်ကြီးသုံးခု၏ တိုက်ပွဲက ပြင်းထန်နေပြီး သားရဲဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

"ဘာဖြစ်လာတာလဲ"

ထိုအချိန်၌ လေ့ကျင့်ရေးနယ်မြေအပြင်သို့ ခေါင်းငိုက်စိုက်ချ၍ ထွက်လာသော ဝူယွဲ့နှင့် နောက်လိုက်များကြောင့် ရွှေဂျိုမျိုးနွယ်၏ နတ်အဆင့်များ ထွက်ပေါ်လာကြသည်။ ထိုစစ်တပ်က အရေအတွက် တစ်ဝက်ကျော် ပျောက်ဆုံးနေပြီး လူတိုင်းက စိတ်ဓာတ်ကျနေခဲ့သည်။

"ဘာ ဒီကောင်က ရွှေဂျိုမျိုးနွယ်ဝင်တွေကို သတ်ဖြတ်ရဲတယ်ပေါ့။ အသက်မရှင်ချင်ဘူး ထင်တယ်"

"ဒီလိုဆိုရင် သူ့ကို ဒီနေရာမှာ မြေမြုပ်ပေးလိုက်ကြတာပေါ့"

ဝူယွဲ့က အကြောင်းစုံ ရှင်းပြလိုက်သောအခါ သူတို့က ဒေါသထွက်သွားကြပြီး လေ့ကျင့်ရေးနယ်မြေ၏ ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်ကြသည်။ အကယ်၍ ယဲ့ချန်နှင့် နောက်လိုက်များ ထွက်လာလျှင် ဝိုင်းဝန်းတားဆီးကာ သတ်ဖြတ်ကြပေလိမ့်မည်။ ရွှေဂျိုမျိုးနွယ်၏ နတ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်က ဝင်ပေါက်တွင် စောင့်ဆိုင်းနေစဥ် ယဲ့ချန်သည် အခြေအနေကို မရိပ်စားမိခဲ့ပေ။ သူက အစောင့်သားရဲများနှင့် တိုက်ပွဲကိုသာ အာရုံစိုက်ထားပြီး ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်ရန် ညွှန်ကြားနေသည်။ သူ၏တပ်သားများက သာမန်သားရဲများကိုသာ သတ်ဖြတ်ကြပြီး အစောင့်သားရဲကြီးများကိုမူ နေရာ၌ ထိန်းချုပ်ထားကြ၏။

"သွားကြစို့"

ယဲ့ချန်က လင်လုံကို အချက်ပြလိုက်ပြီး ရတနာစင်မြင့်ထံ ခုန်ဝင်သွားသောအခါ သူမကလည်း ချက်ချင်းလှုပ်ရှား၍ အနီးကပ် လိုက်ပါလာခဲ့လေသည်။

All Chapters