← Chapters

နတ်အမြစ်

Vol. 69 Ch. 961

နတ်အမြစ်

Vol. 69 Ch. 961

ကောင်းကင်ရေတောင်တန်းအတွင်း ရောက်သောအခါ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများသည် အုပ်စုလိုက်ဖြစ်စေ၊ တစ်ကိုယ်တော်ဖြစ်စေ နေရာယူလိုက်ကြ၏။ အများစုက အားနည်းသော မျိုးနွယ်များမှ ဖြစ်သော်လည်း အရေအတွက် သိန်းချီသောကြောင့် စန်းရီနယ်မြေတွင် ရှင်းဟိုင်၏လွှမ်းမိုးမှုကို ဖော်ပြထားသည်။

"ဒီတစ်ခေါက် ကောင်းကင်ရေကန်အတွင်းကို ဝင်ရောက်နိုင်တဲ့ နေရာအရေအတွက်က တစ်ရာကျော်လိမ့်မယ်"

တီးတိုးဆွေးနွေးသံများကြောင့် ယဲ့ချန်သည် ရှင်းဟိုင်က သူ၏အမွေအနှစ်ကို ချန်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ပို၍သေချာခဲ့သည်။ သူ့ကို ဘုရင်သုံးပါးက လာရောက်တိုက်ခိုက်သောအခါ သေလုမျောပါးဖြစ်ခဲ့သောကြောင့် အတွေးအမြင်များ ပြောင်းလဲသွားခဲ့၏။ သူ၏ကာကွယ်မှုအောက်တွင် ရှိနေသော မျိုးနွယ်များအနက် တစ်ခုအပါအဝင်ဖြစ်သော ဝိညာဥ်မျက်လုံးမျိုးနွယ်မှ လူငယ်များက ကျေနပ်ပျော်ရွှင်နေကြသည်။ အကယ်၍ နေရာခွဲတမ်းသာ နည်းပါးလျှင် သူတို့အတွက် အခွင့်အရေး မရှိနိုင်သော်လည်း ဤတစ်ကြိမ်တွင် အရေအတွက် တစ်ရာကျော်အထိ ခွင့်ပြုထားသည်။ ကျင့်ကြံဆင့်တွင် သူတို့က မမြင့်မားသော်လည်း ရှင်းဟိုင် တန်ဖိုးထားသည်မှာ ပါရမီသာ ဖြစ်သည်။ ရေခဲကောင်းကင်မျိုးနွယ်၊ အရိပ်မျိုးနွယ် စသည်ဖြင့် မျိုးနွယ်စုစုပေါင်း တစ်ဒါဇင်ကျော် ရောက်ရှိနေကာ လူသားမျိုးနွယ်နှင့် မှော်သားရဲမျိုးနွယ်များလည်း ပါဝင်သည်။ ဤမျိုးနွယ်နှစ်ခုက မဟာမိတ်များဖြစ်သောကြောင့် နတ်ပြည်မှ လူသားမျိုးနွယ် မောင်းထုတ်ခံရချိန်တွင် မှော်သားရဲမျိုးနွယ်လည်း နှင်ထုတ်ခံခဲ့ရ၏။

အားလုံးက စိတ်ရှည်စွာ စောင့်ဆိုင်းနေရင်း ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ တင်ပျဥ်ခွေထိုင်နေသော ဟင်းလင်းပြင်နတ်အဆင့် ကျင့်ကြံသူနှစ်ဦးကို မြင်လိုက်ရသည်။ ကျွမ်းရှနှင့် ဟောင်ရိတို့သည် ရှင်းဟိုင်၏ အစွမ်းထက်ပည့်များဖြစ်ပြီး သူတို့ တသက်လုံး မျှော်လင့်ထားသော အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ကျင့်ကြံသူအများစုသည် မည်မျှကြိုးစားပါစေ၊ လောကနတ်အဆင့်တွင် တစ်ဆို့နေသောကြောင့် ဟင်းလင်းပြင်နတ်အဆင့် တက်နိုင်သူက အလွန်ရှားပါးလေသည်။

"ဒီမျိုးနွယ်တွေကြားထဲမှာ ငါတို့က အနည်းဆုံး အဆင့်ငါးအတွင်း ဝင်လိမ့်မယ်"

ဝူချီက ဂုဏ်ယူစွာပြောလိုက်ပြီး သူ၏အမြင်တွင် မျိုးနွယ်သည် နေရာခွဲတမ်း ငါးခုအထက်ရလျှင် တစ်နေရာ အပိုင်စားရပေလိမ့်မည်။

"လူတိုင်း ဒီတစ်ကြိမ် စစ်ဆေးပွဲမှာ ငါတို့က နတ်အမြစ်နဲ့ ဝိညာဥ်ကို စမ်းသပ်ဖို့ တာဝန်ယူထားတယ်။ ဒါပေမယ့် ဆရာကလည်း စောင့်ကြည့်နေမှာ ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ချင်ရင် ပြောနိုင်တယ်"

ကျွမ်းရှက လူတိုင်းကို ငုံ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

"အရှင်နှစ်ယောက်က တာဝန်ယူမယ်ဆိုမှတော့ ကျွန်တော်တို့က ကန့်ကွက်စရာ မရှိပါဘူး"

မျိုးနွယ်ခေါင်းဆောင်များနှင့် အကြီးအကဲများက ဦးညွှတ်၍ ပြိုင်တူသဘောတူလိုက်ကြသည်။ ရှင်းဟိုင်၏ တပည့်နှစ်ယောက်ကို သူတို့က အလွန်လေးစားကြပြီး အစွမ်းထက်သောကြောင့် မည်သူမှ မေးခွန်းမထုတ်ရဲကြပေ။

"လူတိုင်းက ငါတို့ကို ယုံကြည်တယ်ဆိုရင် စလိုက်ကြရအောင်"

သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်သောအခါ ဖောက်ထွင်းမြင်ရသော အရည်ကဲ့သို့ အရာတစ်မျိုး ထွက်ပေါ်လာပြီး လူတိုင်းကို လွှမ်းခြုံလိုက်၏။ ၎င်းက ကောင်းကင်ရေကန်၏ မျက်နှာပြင်ဖြစ်ကာ ကျင့်ကြံသူတိုင်း၏ နတ်အမြစ်နှင့် ဝိညာဥ်ကို စစ်ဆေးပေးနိုင်သောကြောင့် လူငယ်မျိုးဆက်များက စိုးရိမ်စွာဖြင့် လက်သီးဆုပ်ထားကြသည်။

"ကောင်းကင်ရေကန်က ဘယ်လိုနေရာမျိုးလဲ။ အထဲကို ဝင်ခွင့်ရရင် အချိန် ဘယ်လောက်ကြာမှာလဲ"

ပတ်ဝန်းကျင်က ရေအောက်ရောက်သွားသကဲ့သို့ ဖြစ်လာသောအခါ ယဲ့ချန်က လင်လုံထံ ခပ်တိုးတိုး မေးလိုက်သည်။ သူမသည်လည်း ဤနယ်မြေအကြောင်း ကြားဖူးနားဝသာရှိသောကြောင့် မဖြေနိုင်သဖြင့် ခေါင်းယမ်းပြလိုက်၏။ ကောင်းကင်ရေကန်ကို အသက်သွင်းခြင်းသည် မူလကျောက် တန်ချိန်ဘီလီယံချီ ကုန်ကျသောကြောင့် ရှင်းဟိုင်ကဲ့သို့ ဟင်းလင်းပြင်နတ်တစ်ယောက်ပင် အလွယ်တကူ အသုံးမပြုနိုင်ပေ။ ပုံမှန်ဆိုလျှင် သူက ဟင်းလင်းပြင်နတ်အဆင့်သို့ ချိုးဖျက်ရန် နီးကပ်သော ပါရမီရှင်များကို စမ်းသပ်ရန်သာ အသုံးပြုခဲ့သော်လည်း ဤတစ်ကြိမ်က ချွင်းချက်ဖြစ်သည်။ သူက ပါရမီရှင်တပည့်များ လက်ခံကာ ပျိုးထောင်ပေးပြီး အမွေအနှစ်များ လက်ဆင့်ကမ်းရန် ဆုံးဖြတ်ထားသည်။ ဤနည်းဖြင့် သူတို့က ကောင်းကင်ရေတောင်တန်းမှ ထွက်ခွာသွားလျှင် တစ်ယောက် အသက်ရှင်နေရုံဖြင့် သူ၏အမွေအနှစ် ဆက်လက်တည်တံ့နေပေလိမ့်မည်။

"လူသားမျိုးနွယ်တွေနဲ့ မှော်သားရဲမျိုးနွယ်က ဘာကိစ္စ ဒီကို ရောက်နေရတာလဲ။ သူတို့က မျိုးနွယ်ကျောက်စာမှာ အဆင့်တစ်ဖြစ်နေမှတော့ ဘာအကျိုးမှ မရှိဘူး"

ဝူယုသည် ကဲ့ရဲ့လိုက်ပြီး လောကနတ်အဆင့် ဖြစ်သောကြောင့် နတ်တစ်ပိုင်းအဆင့် လူသားတစ်ယောက်ထံမှ လျစ်လျူရှုခံရခြင်းအတွက် မကျေမနပ်ဖြစ်နေခဲ့သည်။ အတိတ်တွင် ဝိညာဥ်မျက်လုံးမျိုးနွယ်မှ လူငယ်မျိုးဆက်များစွာ ရွေးချယ်မခံရသော်လည်း ဤတစ်ကြိမ်တွင် ရှင်းဟိုင်၏ တပည့်ဖြစ်လာရန် အခွင့်အလမ်းများနေ၏။ အတိတ်တွင် တပည့်ရွေးချယ်ခြင်းက အလွန်တင်းကြပ်ပြီး တစ်ယောက်နှစ်ယောက်သာ ခေါ်ဆောင်ခဲ့သော်လည်း လက်ရှိ၌ အယောက်တစ်ရာကျော် ရွေးချယ်နိုင်ချေ ရှိနေသောကြောင့် ဖြစ်သည်။

"အခု နတ်အမြစ်ကို စမ်းသပ်မယ်။ မင်းတို့ရဲ့နတ်ချီ ဒါမှမဟုတ် အချိန်လေဟာနယ်ချီကို ထုတ်ဖော်လိုက်ကြ"

ကျွမ်းရှက လေးနက်စွာ ညွှန်ကြားလိုက်သောအခါ ကျင့်ကြံသူများစွာသည် အစွမ်းကုန် ထုတ်ဖော်လိုက်ကြပြီး ကောင်းကင်ရေကန်တွင် အရွယ်အစားမျိုးစုံရှိသော ရေပွက်များ ဖြစ်ပေါ်လာကြသည်။

"မင်းတို့ရဲ့ နတ်အမြစ်က အားနည်းတော့ တစ်သက်လုံး လောကနတ်အဆင့်အထက်ကို မရောက်နိုင်ဘူး။ မင်းတို့က ပိုပြီးအားနည်းတဲ့အတွက် နတ်အဆင့်ကို တက်ဖို့တောင် မဖြစ်နိုင်ဘူး"

ကျွမ်းရှနှင့် ဟောင်ရိက လက်များ ဝှေ့ယမ်းလိုက်သောအခါ ကျင့်ကြံသူများစွာ ထုတ်ပယ်ခံလိုက်ရသည်။

"နတ်အမြစ်ကို ဘယ်လိုစမ်းသပ်တာလဲ။ ကောင်းကင်ရေကန်ရဲ့ အစွမ်းက ဘယ်လိုမျိုးလဲ"

ဤမြင်ကွင်းကြောင့် ယဲ့ချန်က အတွေးနက်နေပြီး နတ်အမြစ်သည် နတ်ချီကျင့်ကြံနိုင်စွမ်းကို ကိုယ်စားပြုကြောင်း နားလည်လိုက်၏။ နတ်အမြစ်က ပို၍သန်မာလေလေ၊ ပါရမီမြင့်မားလေလေ ဖြစ်ကာ အားနည်းလျှင် ပါရမီလည်း နိမ့်ကျပေလိမ့်မည်။

"ဒီတစ်ယောက်ကတော့ ပါရမီရှင်ပဲ"

ဟင်းလင်းပြင်နတ်နှစ်ယောက်၏ အကြည့်က ရေခဲကောင်းကင်မျိုးနွယ်ဝင်တစ်ယောက်ထံ ကျရောက်လာသည်။ သူက အလွန်ငယ်ရွယ်ပြီး အသက်ဆယ်နှစ်ဝန်းကျင်သာဖြစ်၍ ကောင်းကင်ရေတောင်တန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း ရင့်ကျက်ပုံပေါ်၏။ သူ၏ပတ်လည်တွင် ရေပွတ်တစ်ခုက စက်ဝိုင်းသဏ္ဍာန် ပြန့်ထွက်နေကာ အချို့သော နတ်အဆင့်များနှင့် လောကနတ်အဆင့်များထက် ပို၍ကြီးမားနေသည်။

"မင်းရဲ့နတ်အမြစ်က မဆိုးဘူး။ ဝိညာဥ်ရဲ့ စွမ်းအားကိုတော့ စမ်းသပ်ရလိမ့်မယ်"

ကျွမ်းရှက ရလဒ်ကို ဆုံးဖြတ်နေစဥ် ယဲ့ချန်သည် ကောင်းကင်ရေကန်၏ အလုပ်လုပ်ပုံ သဘောတရားကို နားလည်သွားခဲ့သည်။ ထိုအချိန်၌ ဝူချီသည် အချိန်လေဟာနယ်ချီများကို ထုတ်ဖော်လိုက်သောအခါ မြင်သာသော ရေပွက်တစ်ခု အလျင်အမြန် ပြန့်ထွက်လာသဖြင့် ဝူယုက ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် သူ၏အကျင့်စရိုက်ကို သဘောမကျသော လင်းရှောင်က လျစ်လျူရှုထားသည်။ အတိတ်တွင် လင်းတုန်၏အစောင့်အဖြစ် ခွင့်ပြုပေးခဲ့ခြင်းမှာ ဝူကျန်း၏ အတင်းအကြပ် တောင်းဆိုမှုကြောင့် ဖြစ်သည်။

"သမီးလေး အစွမ်းပြလိုက်တော့"

သူက မွေးရာပါစွမ်းရည်ရော ပါရမီပါ မြင့်မားသည့် သမီးဖြစ်သူကို အချက်ပြလိုက်၏။ သူမက ခေါင်းညိတ်၍ ရှင်းဟိုင်၏ တပည့်ဖြစ်စေလိုသော ဖခင်၏ဆန္ဒကို စိတ်မပျက်စေခဲ့ပေ။ ညာလက်အတွင်းမှ အချိန်လေဟာနယ်ချီများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြီးမားသော ရေပွက်တစ်ခု ဖြစ်တည်လာကာ ရေခဲကောင်းကင်မျိုးနွယ်၏ ပါရမီရှင်ထက် ကျယ်ဝန်းနေသည်။ သိန်းချီသော ကျင့်ကြံသူများအကြားတွင် သူမ၏ပါရမီကို ယှဥ်နိုင်သူမှာ လက်ချိုးရေတွက်နိုင်ပေလိမ့်မည်။ ကျွမ်းရှနှင့် ဟောင်ရိပင် ချီးကျူးသော မျက်ဝန်းများဖြင့် အာရုံစိုက်နေသောကြောင့် လင်းရှောင်သည် အလွန်တရာ ဂုဏ်ယူနေခဲ့၏။ သူက သမီးဖြစ်သူ၏ ပါရမီကို ယုံကြည်စိတ်ချသော်လည်း အသေအချာ စစ်ဆေးပြီးသောအခါတွင်မှ စိတ်အေးသွားခဲ့သည်။ ဤအခြေအနေအတိုင်းဆိုလျှင် လင်းတုန်သည် ရှင်းဟိုင်၏ တပည့်ဖြစ်လာရန် ရာနှုန်းပြည့် သေချာပေလိမ့်မည်။ ဝူချီကမူ သူ့ထက် ပို၍ပါရမီမြင့်မားနေသော လင်းတုန်ကို အငုံ့စိတ်ဖြင့် မုန်းတီးနေခဲ့သည်။

ထို့နောက် ဝူယု၏ ပတ်ဝန်းကျင်ရှိ လူငယ်များက စမ်းသပ်လိုက်ကြပြီး ဝူချီထက် ပါရမီမြင့်မားသူနှစ်ယောက် ထွက်ပေါ်လာသော်လည်း လင်းတုန်အောက် နိမ့်ကျနေသည်။ လင်းရှောင်၏ ပတ်ဝန်းကျင်ရှိ လူငယ်များကလည်း နတ်အမြစ်ကို စမ်းသပ်လိုက်ပြီး ရလဒ်မဆိုးလှသော်လည်း လင်းတုန်ထက် မြင့်မားသူ တစ်ယောက်တလေပင် မရှိချေ။ ဝိညာဥ်မျိုးနွယ်မှ လူငယ်မျိုးဆက်များ၏ ပါရမီကို စမ်းသပ်ပြီးသောအခါ သူတို့၏အကြည့်က ယဲ့ချန်၊ လင်လုံနှင့် နင်အာထံ ကျရောက်လာသည်။ ယဲ့ချန်က အချိန်လေဟာနယ်ချီကို ထိန်းချုပ်ထားသော်လည်း ဝိညာဥ်အသိစိတ်ဖြင့် ကောင်းကင်ရေကန်ကို စစ်ဆေးနေသည်။ အချိန်လေဟာနယ်ချီနှင့် နတ်ချီသည် ရေပွက်များကို ဖြစ်ပေါ်စေခဲ့ပြီး နတ်အမြစ်က ပို၍သန်မာလေလေ ၎င်းက ပို၍ကြီးမားကျယ်ဝန်းလေလေ ဖြစ်သည်။ သူက နတ်အမြစ်ကို စမ်းသပ်ရမည့်အစား ကောင်းကင်ရေကန်၏ သဘောတရားများကို စစ်ဆေးထောက်လှမ်းနေရင်း နားလည်စ ပြုလာခဲ့သည်။

"မင်းတို့ အလှည့် ရောက်ပြီ၊ မြန်မြန်လုပ်ကြစမ်း။ ဟင်းလင်းပြင် နတ်အဆင့်တွေရဲ့ အချိန်က တန်ဖိုး ရှိတယ်"

ဝူယုက အော်ငေါက်လိုက်ပြီး လှောင်ပြောင်နေဟန်ဖြင့် သူတို့ကို စိုက်ကြည့်နေခဲ့သည်။ သူ၏အမြင်တွင် လူသားများက နိမ့်ကျသော သတ္တဝါများဖြစ်ကာ အပြင်လောက၌ဆိုလျှင် အသတ်ခံရပေလိမ့်မည်။ ယဲ့ချန်ကဲ့သို့ လင်လုံက ကောင်းကင်ရေကန်ကို ထောက်လှမ်းနေခဲ့သော်လည်း ညာလက်မှ အချိန်လေဟာနယ်ချီများကို ထုတ်ဖော်လိုက်၏။ ထိုအချိန်တွင် လင်းတုန်၏ ရေပွက်ထက် အဆများစွာကြီးမားသော ရေပွက်တစ်ခုသည် ချက်ချင်းပြန့်ထွက်လာခဲ့သည်။ ထို့ကြောင့် ကျွမ်းရှနှင့် ဟောင်ရိက အကြည့်ချင်း ဖလှယ်လိုက်ပြီး အံ့သြသော အမူအရာနှင့် သူမကို စိုက်ကြည့်နေကြသည်။ လူသားတစ်ယောက်တွင် အလွန်တရာ အစွမ်းထက်သော နတ်အမြစ်တစ်ခု အမှန်တကယ် ပိုင်ဆိုင်ထားလေသည်။

All Chapters