← Chapters

ကောင်းကင်ရေကန်

Vol. 69 Ch. 960

ကောင်းကင်ရေကန်

Vol. 69 Ch. 960

နတ်ပြည်တွင် လေ့ကျင့်ရေးနယ်မြေမှ အမြတ်ထွက်ခဲ့သော ယဲ့ချန်သည် သူ၏နယ်မြေသို့ ပြန်ရောက်သောအခါ လူသားများစွာကို တွေ့လိုက်ရသည်။ အားလုံးက သူ၏စစ်တပ်သို့ ပူးပေါင်းလိုနေကြပြီး နတ်ပြည်သို့ ကြယ်ဒေသအသီးသီးမှ ရောက်ရှိလာခဲ့ကြသည်။ သူတို့အတွက် ဤနေရာတွင် ရှင်သန်ရန် အလွန်ခက်ခဲပြီး နေ့စဥ်နေ့တိုင်း အခြားမျိုးနွယ်များ၏ လိုက်လံသတ်ဖြတ် ခံနေရသည်။ ထို့ကြောင့် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ပိုင်နက်တွင် သူက နယ်မြေတစ်ခု တည်ထောင်ထားကြောင်း သိရသောအခါ မဆိုင်းမတွ ရောက်လာခဲ့ခြင်းဖြစ်၏။ ကျယ်ဝန်းလှသော စန်းရီနယ်မြေအတွင်း လူသားအရေအတွက်က ပမာဏတစ်ခုအထိ များပြားပြီး နေ့စဥ် တဖွဲဖွဲ ရောက်ရှိလာနေကြသည်။

"အစ်ကိုယဲ့ ပြန်လာပြီလား"

ယဲ့ချန်ကို မြင်လိုက်ရသောအခါ လင်းတုန်က ဝမ်းသာပျော်ရွှင်နေခဲ့သည်။ သူမက မျိုးနွယ်သို့ ပြန်ရောက်ချိန်မှစတင်၍ အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရပြီး မျိုးနွယ်ပိုင်နက်နှင့် ကောင်းကင်ရေတောင်တန်း အပြင်သို့ ထွက်ခွင့်မရှိပေ။ ထို့ကြောင့် သူမအနေဖြင့် ယဲ့ချန်၏နယ်မြေသို့ မကြာခဏ လာရောက်လည်ပတ်တတ်သည်။

"အရှင်ရှင်းက တပည့်တွေရဲ့ နတ်အမြစ်နဲ့ ဝိညာဥ်ကို စမ်းသပ်ပေးဖို့ ကောင်းကင်ရေကန်ထဲကို ဝင်ခွင့်ပေးမယ်လို့ ကြေညာထားတယ်။ ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင်တွေနဲ့ အစ်ကိုယဲ့တို့ကိုလည်း ခွင့်ပြုထားတယ်။ စိတ်ဝင်စားလား"

ယဲ့ချန်က တစ်ချက်ပြုံး၍ နှုတ်ဆက်လိုက်သောအခါ သူမက ဤသို့ပြောလာခဲ့၏။

"ကောင်းကင်ရေကန် ဟုတ်လား။ ဘယ်လိုနေရာမျိုးလဲ"

"အဖေပြောတာကတော့ ဒီရေကန်ကို အရှင်ရှင်းရဲ့ ဘိုးဘေးဆီကနေ အမွေရထားတာတဲ့။ ရေကန်ထဲမှာ ဆန်းကျယ်မှုတစ်ခုရှိပြီး ကျင့်ကြံဆင့်ကို တိုးတက်စေနိုင်တယ်လို့ အဖေဆီက ကြားထားတယ်။ မှန်လား မှားလားတော့ တုန်အာလည်း မသိဘူး"

လင်းတုန်က သိထားသမျှ ရှင်းပြလိုက်သည်။

"မင်း သွားချင်လား"

ယဲ့ချန်က လင်လုံဘက်လှည့်ကာ မေးခွန်းထုတ်လိုက်သည်။ သို့သော် ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်သည့် အချက်က သူ့အတွက် ဆွဲဆောင်အားပြင်းနေသည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း တိုက်ခိုက်ခံရရန် နီးကပ်လာသောကြောင့် ခွန်အားတိုးတက်ရန် အရေးတကြီး လိုအပ်နေသောကြောင့် ဖြစ်သည်။

"ရှင်းဟိုင်က လူသားမျိုးနွယ်ရဲ့ မိတ်ဆွေတစ်ယောက်ပဲ။ တစ်ချက်လောက် သွားကြည့်တာပေါ့"

သူမက ခေါင်းညိတ်၍ သဘောတူလိုက်ပြီး လူသားမျိုးနွယ်ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးလာသောကြောင့် ရှင်းဟိုင်ကို လေးစားပေသည်။ ယဲ့ချန်၏အမြင်တွင် ရှင်းဟိုင်သည် ဘုရင်သုံးပါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးနောက် တပည့်အသစ်များ လိုအပ်နေပေလိမ့်မည်။ ထို့ကြောင့် အခွင့်အရေးရှိလျှင် သူ၏ပါရမီကို ပြသကာ အာရုံစိုက်စေနိုင်ပါက အခွင့်ကောင်းတစ်ရပ် ဖြစ်သည်။ နတ်ဆေးပင်များကို သန့်စင်၍ ကျင့်ကြံဆင့်ကို အခြေတည်စေပြီးနောက် သူက ကြယ်သခင် ထိပ်တန်းအဆင့်သို့ရောက်ရန် အလွန်နီးကပ်နေခဲ့သည်။ ဤရက်များအတွင်း ရွှေဂျိုမျိုးနွယ်ဝင်အချို့က ကောင်းကင်ရေတောင်တန်း၏ ပတ်ဝန်းကျင်၌ ခြေရှုပ်နေသော်လည်း မောင်းထုတ်ခံလိုက်ရ၏။ ဝိညာဥ်မျက်လုံးမျိုးနွယ်က လက်ရှိတွင် ကျဆင်းနေသော်လည်း နယ်ချဲ့လာလျှင် သူသေကိုယ်သေ တိုက်ခိုက်ပေလိမ့်မည်။ ရန်သူများ လုံလောက်စွာရှိနေသော ရွှေဂျိုမျိုးနွယ်အတွက် နောက်ထပ်မျိုးနွယ် စစ်ပွဲ စတင်ရန် မထိုက်တန်ချေ။

ရွှေဂျိုမျိုးနွယ်ဝင်များ ရောက်ရှိလာခြင်းသည် ယဲ့ချန်၏နယ်မြေနှင့် ပတ်သက်နေသော်လည်း လက်ရှိတွင် ရှင်းဟိုင်နှင့် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ကာကွယ်မှုကြောင့် စိုးရိမ်စရာ မရှိပေ။ သို့သော် သူတို့က အချိန်တစ်ခုသာ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ထာဝရအတွက်ဆိုလျှင် ကိုယ့်အားကိုယ်ကိုးရမည် ဖြစ်သောကြောင့် ယဲ့ချန်က ပူပန်နေခဲ့သည်။ နောက်ထပ်ရောက်ရှိလာသော လူသားများကြောင့် ယဲ့ချန်၏အင်အားသည် ငါးသောင်းကျော်အထိ တိုးပွားလာကာ ဝိညာဥ်ကောင်များ အသုံးပြု၍ ကျင့်ကြံစေခဲ့သည်။ သူ၏ကျင့်ကြံဆင့် မြင့်တက်လာပြီး ထိပ်တန်းကြယ်သခင် ဖြစ်ကာနီးတွင် စိတ်အတွင်းရှိ ဓားပျံက အသက်ဝင်လာခဲ့သည်။ ၎င်းအတွင်း ချိတ်ပိတ်ထားပုံရသော အသိစိတ်တစ်ခု နိုးထလာသောကြောင့် သူက ဝိညာဥ်အသိစိတ်ဖြင့် စပ်စုလိုက်သောအခါ ပေါင်းစပ်ခံလိုက်ရပြီး မရေမတွက်နိုင်သော မှတ်ဉာဏ်များ ရရှိလိုက်သည်။

ဓားပျံ၏ မှတ်ဉာဏ်များအတွင်း၌ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၊ ကောင်းကင်ကြယ်တာရာ ရုန်းကျင့်စဥ် အပါအဝင် ကျင့်စဥ်ပေါင်းထောင်ချီ ပါဝင်နေခဲ့သည်။ ၎င်းတို့ကို ဓားပျံ၏ပိုင်ရှင်က အမွေပေးခဲ့ခြင်း ဖြစ်နိုင်သောကြောင့် ယဲ့ချန်က မင်သက်​နေကာ တစ်ဖက်လူသည် မည်သည့်အဆင့်ဖြစ်ကြောင်း တွေးလိုက်မိသည်။ သူက စစ်ဆေးလိုက်သောအခါ ၎င်းကျင့်စဥ်များတွင် ဇနီးသည်များ ကျင့်ကြံနေသည့် ကျောက်စိမ်းကိုးသွယ် ခန္ဓာကျင့်စဥ်နှင့် မိုးကြိုးနတ်ခန္ဓာ ကျင့်စဥ်တို့ပင် ပါဝင်နေသည်။ တစ်ခုချင်းစီက အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်ပြီး ထွက်ပြေးရန်အတွက် ဟင်းလင်းပြင်ခရီးသည် ကျင့်စဥ်နှင့် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာအတွက် ဖန်တီးထားသော ဖျက်ဆီးရေးရှစ်ပါး ကျင့်စဥ်တို့က သူ၏အာရုံကို ဆွဲဆောင်နေသည်။ ဖျက်ဆီးရေးရှစ်ပါး ကျင့်စဥ်က ကျင့်ကြံသူ၏ခွန်အားကို ဆယ်ဆကျော် မြှင့်တင်ပေးနိုင်သော်လည်း အစွန်းနှစ်ဖက်ပါသော ဓားကဲ့သို့ ဘေးထွက်ဆိုးကျိုး ရှိသည်။ ဒဏ်ရာကုသနှုန်း အလွန်မြန်သော ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပင် ၎င်းကို အသုံးပြုပြီးလျှင် လဝက်ခန့် အနားယူရနိုင်သည်။

ဤကျင့်စဥ်များအပြင် ယဲ့ချန်သည် စစ်ပွဲများတွင် အသုံးချနိုင်သော သူတော်စင်ကိုးပါး တိုက်ပွဲပုံစံကို ရှာတွေ့ခဲ့သည်။ ၎င်းက ရွှေဂျိုမျိုးနွယ်၏ ရုန်းပေါင်းစပ်တိုက်ကွက်နှင့် ဆင်တူပြီး အသက်သွင်းရန်အတွက် ကျင့်ကြံသူငါးယောက်မှ ကိုးယောက်အထိ လိုအပ်၏။ ကောင်းကင်စက်ဝိုင်း အစီအရင်နှင့် ဤကျင့်စဥ်ကို ပေါင်းစပ်အသုံးချလိုက်လျှင် စစ်ပွဲများတွင် သူ၏နောက်လိုက်များက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာပေလိမ့်မည်။ သူက ထိုကျင့်စဥ်များကို သစ္စာရှိနောက်လိုက်များထံ ခွဲဝေပေးလိုက်ပြီး သူတို့၏ခွန်အားများ တိုးတက်လာလျှင် အကူအညီများစွာ ရနိုင်သောကြောင့်ဖြစ်သည်။ သူက မျိုးနွယ်ကျောက်စာကို စစ်ဆေးလိုက်သောအခါ အင်အားအမှတ်က တစ်ရာကျော် တိုးလာကြောင်း တွေ့လိုက်ရသည်။ အကြောင်းအရင်းကို သူက မသိရဘဲ စကြဝဠာတစ်ခွင် လူသားများ သတ်ဖြတ်ခံနေရသော်လည်း ဤအမှတ်များက တိုးတက်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ လူသားခေါင်းဆောင်များ၏ အင်အားနှင့် ခွန်အားများ မြင့်မားလာသောကြောင့်ပင်။

ယဲ့ချန်၏ခွင့်ပြုချက်ဖြင့် လင်လုံသည် နယ်မြေအတွင်း အိမ်တစ်လုံး ဆောက်လုပ်နေထိုင်ခဲ့၏။ ဤခေါင်းဆောင်နှစ်ယောက်ကြားတွင် ယုံကြည်မှု ဖြစ်ပေါ်လာပြီး သူက ကိုယ်ပိုင်အင်အားများကို တိုးချဲ့ရာ၌ ထူးချွန်ကာ သူမသည် ကျင့်ကြံရာ၌ ထက်မြက်လေသည်။ တစ်ခုသေချာသည်မှာ သူမက မဟာတာအိုရုန်းကျင့်စဥ်ကို အဆင့်မြင့်မြင့် တတ်ကျွမ်းထားပြီး အစွမ်းကုန်ထုတ်သုံးလိုက်လျှင် နတ်အဆင့်တစ်ယောက်ကိုပင် အနိုင်ယူနိုင်ပေလိမ့်မည်။ ရှန်းရန်က သူမ၏လက်ထဲတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရခြင်းမှာ မထူးဆန်းချေ။ သူမ၏ မဟာတာအိုရုန်းများဖြင့် တိုက်ခိုက်သည်ကို နုံချာသော နတ်တစ်ပိုင်းအဆင့်တစ်ယောက်က မည်သို့ခုခံနိုင်မည်နည်း။

အချိန် ကြာမြင့်လာသည်နှင့်အမျှ ကောင်းကင်ရေတောင်တန်းသို့ မျိုးနွယ်ပေါင်းစုံမှ ပါရမီရှင်များ ရောက်ရှိလာနေခဲ့သည်။ သူတို့အားလုံးသည် ရှင်းဟိုင် ကာကွယ်ပေးထားသော မျိုးနွယ်များမှ ဖြစ်ကြသည်။ သူက ဘုရင်နေရာကို တပ်မက်ခြင်းမရှိသော်လည်း စန်းရီနယ်မြေ၌ အစွမ်းထက် ဟင်းလင်းပြင်နတ်တစ်ယောက် ဖြစ်သောကြောင့် လွှမ်းမိုးနိုင်စွမ်း ကြီးမား၏။ အားနည်းသော မျိုးနွယ်များစွာကို သူက ကာကွယ်ပေးထားသဖြင့် ၎င်းတို့က ကျေးဇူးသိတတ်ကြပြီး နှစ်အနည်းငယ်ကြာတိုင်း အထူးချွန်ဆုံး ပါရမီရှင်များကို တပည့်အဖြစ် ပို့ဆောင်ပေးတတ်ကြ၏။ ဤတစ်ကြိမ်တွင် ကောင်းကင်ရေကန်သို့ ဝင်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် လူငယ်ပါရမီရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ၏တပည့် ဖြစ်လာနိုင်သော အချက်က မက်လုံးတစ်ခု ဖြစ်နေသည်။ သူ၏ ဟင်းလင်းပြင် နတ်အဆင့် တပည့်နှစ်ယောက်သည် ကောင်းကင်ရေကန်သို့ ဝင်ရောက်ပြီးနောက် လက်ရှိအဆင့်သို့ တက်နိုင်ခဲ့သည်ဟူသော သတင်းများလည်း ရှိသည်။

ကန့်သတ်ချက်များက တင်းကျပ်လွန်းသောကြောင့် ကောင်းကင်ရေကန်သို့ ဝင်ရောက်ရန် မလွယ်ကူပေ။ ဝင်ရောက်ခွင့်ရသူတိုင်းက အံ့သြလောက်စရာ ပါရမီရှင်များ ဖြစ်ကြပြီး ရှင်းဟိုင်၏ ရွေးချယ်ပွဲ စတင်ရန် အချိန်ရောက်သောအခါ လင်းရှောင်သည် ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ပါရမီရှင်များနှင့်အတူ ထွက်ခွာလာခဲ့သည်။ ယဲ့ချန်၊ နင်အာနှင့် လင်လုံသည်လည်း ဤအုပ်စုတွင် ပူးပေါင်းလိုက်ကြသည်။ ဝူချီက ရှိနေခဲ့ပြီး ယဲ့ချန်ကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သော်လည်း သူတို့သည် ဖုတ်လေသည့်ငါးပိ ရှိသည်မထင်ဟန်ဖြင့် လျစ်လျူရှုထားကြသည်။ လင်လုံ ထွက်ပေါ်လာသောအခါ ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင် လူငယ်များ မင်သက်နေကြကာ မျက်လုံးများ တောက်ပလာကြသည်။ ဤမျိုးနွယ်နှင့် လူသားမျိုးနွယ်၏ အလှအပ စံသတ်မှတ်ချက်များ တူညီသောကြောင့် သူတို့၏အမြင်တွင် သူမက ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ယောက် ဖြစ်သည်။ လူသားမျိုးနွယ်နှင့် ဝိညာဥ်မျက်လုံးမျိုးနွယ်က အချင်းချင်း လက်ထပ်နိုင်ပြီး လက်ရှိတွင်လည်း လူသားမိန်းမပျိုများစွာကို သူတို့က ရယူထားခဲ့ကြသည်။

ဝူချီ၏အနားတွင် ရှိနေသော နတ်အဆင့်တစ်ယောက်သည် လောကနတ်အဆင့် အကြီးအကဲတစ်ယောက်ထံ တီးတိုးပြောလိုက်သည်။

"လူသားမိန်းကလေး ငါ့မျိုးနွယ်ဝင် ပါရမီရှင်တစ်ယောက်က မင်းကို သဘောကျနေတယ်။ မင်းက ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင်တစ်ယောက်နဲ့ လက်မထပ်ချင်ဘူးလား"

ဝူယုဟု အမည်ရသော လောကနတ်သည် ဝူကျန်း၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ သူ၏အမြင်တွင် ဤဖိတ်ခေါ်ခြင်းကြောင့် လင်လုံအနေဖြင့် ကျေနပ်ပျော်ရွှင်သွားပေလိမ့်မည်။ စန်းရီနယ်မြေတွင် ကိုယ်လုပ်တော်ဖြစ်လျှင်ပင် ဝိညာဥ်မျက်လုံး မျိုးနွယ်ဝင်များနှင့် လက်ထပ်ချင်သည့် လူသားမိန်းမများစွာ ရှိနေခဲ့သည်။ လင်လုံက သူ့ကို အေးစက်စက် တစ်ချက်စိုက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။

"ငါက မင်းကို မျက်နှာသာပေးနေတာကို စော်ကားတာလား၊ လူသားတစ်ယောက်ကများ ရာရာစစ လုပ်ရဲသလား"

သူမ၏အမူအရာကြောင့် ဝူယု၏မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားကာ ဒေါသတကြီး ဖြစ်နေခဲ့သည်။

"ဝူယု သူတို့က ငါ့ဧည့်သည်တွေ ဖြစ်တယ်"

အဝေးရှိ လင်းရှောင်က အခြေအနေကို ရိပ်စားမိသောကြောင့် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။ သူ၏အာဏာစက်ကို ကြောက်ရွံ့သောကြောင့် ဝူယုက ပါးစပ်ပိတ်သွားကာ သည်းခံနေခဲ့ရ၏။ ဤမြင်ကွင်းကြောင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး လင်လုံ၏ ကိုယ်ကျင့်စရိုက်အရ လောကနတ်တစ်ယောက်ကိုပင် လျစ်လျူရှုထားပေလိမ့်မည်။ ဝူယုမှာ ဒေါသထွက်နေသော်လည်း လင်းရှောင် ရှိနေသောကြောင့် ထိပါးရန် မဖြစ်နိုင်ပေ။

All Chapters