← Chapters

​မျှော်လင့်မထားသော အကျိုးအမြတ်

Vol. 69 Ch. 959

​မျှော်လင့်မထားသော အကျိုးအမြတ်

Vol. 69 Ch. 959

ပိုအာနှင့် သူ၏စစ်တပ် ထွက်လာသောအခါတွင်လည်း ရွှေဂျိုမျိုးနွယ်ဝင်များက အလွတ်မပေးခဲ့ပေ။ သို့သော် ယဲ့ချန်၏စစ်တပ် ပျောက်ကွယ်နေသောကြောင့် ကိရှုနှင့် ပိုအာအပေါ် သူတို့က ဒေါသပုံချနေခြင်းဖြစ်သည်။ ရတနာစင်မြင့်အထက်မှ ရတနာအနည်းငယ်သာ ရယူနိုင်ခဲ့သော်လည်း ဓားပြများ၏လက်တွင် ဆုံးရှုံးခဲ့ကြသည်။ ထိုအချိန်တွင် ကိရှုက ပြန်လည်ရောက်ရှိလာကာ ဘေးတွင် ဟင်းလင်းပြင်မျိုးနွယ်မှ နတ်အဆင့်နှင့် လောကနတ်အဆင့် ကျင့်ကြံသူများ လိုက်ပါလာ၏။

"ဝူယွဲ့ ငါ့ရတနာတွေကို ပြန်ပေးစမ်း"

ကိရှုသည် တစ်ဖက်လူ၏ အနိုင်ကျင့်မှုကြောင့် အမြှီးကုပ်ကာ ထွက်ပြေးသွားရသော်လည်း စစ်ကူများ ခေါ်ဆောင်လာခဲ့သည်။ သူတို့က မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး ရွှေဂျိုမျိုးနွယ်နှင့် စတင်တိုက်ခိုက်လိုက်ကြသည်။ ပိုအာနှင့် သူ၏စစ်တပ်ကလည်း ရွှေဂျိုမျိုးနွယ်၏ အနိုင်ကျင့်မှုကို သည်းမခံနိုင်သောကြောင့် ဝင်ရောက်တိုက်ခိုက်လိုက်သောအခါ ဝင်ပေါက်၌ အခြေအနေက အလွန်ရှုပ်ထွေးနေခဲ့သည်။ မိုင်ရာချီအဝေးရှိ တောင်ပေါ်တွင် ယဲ့ချန်နှင့် လင်လုံသည် အပြုံးကိုယ်စီဖြင့် ဤမြင်ကွင်းကို အရသာခံ ကြည့်နေကြသည်။ ရွှေဂျိုမျိုးနွယ်နှင့် ဟင်းလင်းပြင်မျိုးနွယ် တိုက်ခိုက်မည်ဟု မျှော်လင့်မထားသော်လည်း ဝူယွဲ့၏ လောဘစိတ်ကြောင့် စစ်ပွဲဖြစ်ပွားလျှင် လူသားမျိုးနွယ်အတွက် အမြတ်ထွက်ခြင်းသာ ဖြစ်၏။

အမှန်တကယ်တွင် ကိရှုနှင့် ပိုအာ ထွက်မလာခင် အချိန်ကြာမြင့်စွာကပင် ယဲ့ချန်နှင့် နောက်လိုက်များက ထွက်ခွာလာပြီဖြစ်သည်။ သူက နောက်လိုက်အားလုံးကို ဒန်တန်အတွင်း သိမ်းဆည်းကာ လင်လုံ၊ နင်အာနှင့် လူသားများနှင့်အတူ ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ပုန်းခဲ့သည်။ ထို့နောက် ရွှေဂျိုမျိုးနွယ်ဝင်များ ရန်မစဝံ့သော ရှင်းဟွမ်မျိုးနွယ်မှ နောက်လိုက်တစ်ဦးအား ၎င်းကို သယ်ဆောင်စေကာ ထွက်ခွာနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူများမှာ တစ်ဖက်လူက သူတို့၏မျက်စိအောက်မှ အလွယ်တကူ ထွက်ခွာသွားနိုင်မည်ဟု တွေးမိကြမည် မဟုတ်ပေ။ ယာဥ်ပုံစံငယ်အပြင် သူက ထူးဆန်းသော ရတနာများကို ရရှိခဲ့ပြီး အစွမ်းအထက်ဆုံးမှာ အစိမ်းရောင် မီးဖိုတစ်လုံးနှင့် ဖောက်ထွင်းမြင်ရသော တောင်ပံတစ်စုံ ဖြစ်သည်။ သူက ဒန်တန်အတွင်းရှိ နောက်လိုက်ငါးသောင်းကျော်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ အချို့က ပန်းပဲပညာတွင် ထူးချွန်ပြီး အချို့က ဆေးပညာ တတ်ကျွမ်းသော်လည်း ဆရာသခင်အဆင့်များ မပါဝင်ချေ။

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ပန်းပဲဆရာများကို ရတနာများ၏ အသုံးဝင်ပုံကို လေ့လာရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် အရင်းအမြစ်များ ထောက်ပံ့၍ ယာဥ်ပုံစံငယ်ကို လေ့လာစေကာ စတင်တည်ဆောက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် သူက အရင်းအမြစ်များ နည်းပါးနေကြောင်း နားလည်လိုက်ပြီး ပိုင်ဆိုင်ထားသမျှ သတ္တုများဖြင့် မလုံလောက်ပေ။ သူတည်ဆောက်ရန် စီစဥ်ထားသော ယာဥ်က အလွန်ကြီးမား၍ ကောင်းကင်မူလကြယ်ထက် ပို၍ကြီးမားနေသည်။ ၎င်း၏အပြင်ပိုင်းကို အမာကျောဆုံး သတ္တုတစ်မျိုးဖြစ်သည့် ရွှေနက်ဖြင့် သွန်းလုပ်လိုက်လျှင် လောကနတ်အဆင့်များပင် မထိုးဖောက်နိုင်ပေ။ သို့သော် သူ ပိုင်ဆိုင်ထားသော ရွှေနက်များက အလွန်နည်းပါးနေပြီး လိုအပ်သမျှ၏ ဆယ်ပုံတစ်ပုံပင် မပြည့်ချေ။ ကံကောင်းစွာဖြင့် အပြင်ပိုင်းကို နောက်ဆုံးမှ တည်ဆောက်ရန် လိုအပ်ပြီး အတွင်းပိုင်းကို ပထမဆုံး တည်ဆောက်ရပေလိမ့်မည်။

ယဲ့ချန်သည် ရွှေဂျိုမျိုးနွယ်နှင့် အခြားကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး သိုလှောင်လက်စွပ်များ ရရှိလာသောကြောင့် စစ်ဆေးလိုက်သောအခါ ရွှေနက် ပမာဏများစွာ တွေ့ရှိခဲ့သည်။ ထို့ကြောင့် နတ်ပြည်၌ ရွှေနက်က ပေါများနိုင်ပြီး သူ့အနေဖြင့် ရှာဖွေရန် နည်းလမ်းတစ်ခု စဥ်းစားရပေလိမ့်မည်။ လူသားမျိုးနွယ်၏ အင်အား တိုးတက်ရေးအတွက် နောက်လိုက်နောက်ပါများ စုဆောင်းရန်ကိုလည်း မေ့မထားပေ။

"မင်းက နတ်ပြည်ကို ရောက်ရောက်ချင်း ဒီလောက်မွှေနှောက်ပစ်နိုင်မယ်လို့ မထင်ထားဘူး။ မင်း ဘယ်အဆင့်အထိ သွားနိုင်မလဲ"

အမှောင်မြို့၏ အလယ်ဗဟိုရှိ ဟင်းလင်းပြင်အတွင်း ရှိနေသော သေမင်းက ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူ၏အနီးတွင် သလင်းကျောက် အခေါင်းတစ်လုံး မျောလွင့်နေကာ အတွင်း၌ အလွန်တရာချောမောသော ယောကျ်ားတစ်ယောက် လဲလျောင်းနေသည်။ သူ၏ခန္ဓာကိုယ်က အသက်ရှင်နေသကဲ့သို့ ပုပ်သိုးသွားခြင်းမရှိဘဲ အနက်ရောင် ဆံပင်ရှည်များနှင့် နူးညံ့သော အသားအရေကို ပိုင်ဆိုင်ထားသည်။ အခေါင်းအထက်တွင် မှော်ကောင်းကင်သခင်ဟူသော စာတန်းတစ်ခု ရေးထွင်းထားကာ သေမင်းသည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်နေခဲ့သည်။

"ဆရာ ကျုပ်က အသုံးမကျတဲ့အတွက် ဆရာ့ကို အခုထိ အသက်မသွင်းနိုင်သေးဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိပါတယ်"

သူက ကောင်းကင်သခင်တစ်ဦး၏ သက်တော်စောင့်ဖြစ်နေခဲ့ပြီး ညာလက်ကို ယမ်းလိုက်သောအခါ အခေါင်းမှာ ပြန်လည်ပျောက်ကွယ်သွား၏။

"ကျိုးလီကို ဒီအရာပေးပြီး ငါက ပူးပေါင်းချင်တယ်လို့ ပြောလိုက်"

"အမိန့်အတိုင်းပါ "

သေမင်း၏ အတွေးတစ်ချက်တွင် ဟင်းလင်းပြင်အတွင်း၌ သူ၏ တော်ဝင်တပ်သားများဖြစ်သော အနက်ရောင် အရိပ်များ ရောက်ရှိလာကြသည်။ ယဲ့ချန်သည် အမှောင်မြို့သို့ ဓားပျံအစိတ်အပိုင်းကို ရှာရန် ရောက်ရှိလာကြောင်း သူက သိနေခဲ့ပြီး ၎င်းကို တပ်သားတစ်ဦးထံ ပစ်ပေးကာ အမိန့်ပေးလိုက်သည်။ သူတို့က ပြိုင်တူအော်ဟစ်၍ ဦးညွှတ်လိုက်ပြီး ကောင်းကင်မူလကြယ်ထံ ဦးတည်ထွက်ခွာခဲ့ကြ၏။ ကျိုးလီနှင့် သေမင်းက အချင်းချင်း သဘောမကျလှသော်လည်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ကပ်ဆိုးကြီး နီးကပ်လာသောအခါ ပူးပေါင်းရန် လိုအပ်နေသည်။

ကောင်းကင်မူလကြယ်တွင် အရာရာက အစီအစဥ်တကျ တိုးတက်နေပြီး နတ်ဆိုးတိုက်လှေများ ဝင်ထွက်သွားလာနေကာ ယဲ့မျိုးနွယ်၏ သြဇာအာဏာသည်လည်း ကြယ်ဒေသဆယ်ခုအထိ ဖြန့်ကျက်ထားနိုင်ခဲ့သည်။ သို့ရာတွင် ကြယ်သခင်အဆင့် ကျင့်ကြံသူများ နည်းပါးနေပြီး အရေအတွက် ခြောက်ထောင်ကျော်သာရှိ၍ ကျန်ကျင့်ကြံသူများက အားနည်းနေကြ၏။ ကြယ်အဖွဲ့အစည်းအတွင်းမှ ကုန်သည်များသည် ၎င်းမျိုးနွယ်၏ အင်အားနှင့် ကြွယ်ဝမှုကို ရိုသေလေးစားကြပြီး အင်အားစုအချို့ပင် လက်အောက်သို့ ခိုဝင်လာခဲ့ကြ၏။ ယဲ့အိမ်တော်အတွင်း၌ ထန်တိုက်လင်က လက်ရှိအုပ်ချုပ်နေပြီး မျိုးနွယ်ဝင်များ တင်ပို့လာသော သတင်းများကို စစ်ဆေးနေခဲ့သည်။

"နတ်ဆိုးတိုက်လှေအကြီးက မကြာခင် ရောက်လာပါတော့မယ်။ နန်းကုန်းဇီက သွေးပြည်ထောင်ရဲ့ ရာထူးအကြီးပိုင်းတွေနဲ့ ဆက်သွယ်ပြီး နယ်စပ်ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။ သုံးလအတွင်း နောက်ထပ်တစ်စီး ရောက်လာနိုင်ပါတယ်"

ဤလှေအသစ်က သာမန်နတ်ဆိုးတိုက်လှေများထက် ပို၍သန်မာပြီး ကြယ်အဖွဲ့အစည်းများအကြား ပို၍လွယ်ကူစွာ သွားလာနိုင်သည်။ ၎င်း၏အရွယ်အစားက ကောင်းကင်မူလကြယ်အောက် အနည်းငယ်သာ သေးငယ်၍ ဘီလီယံချီသော စစ်သည်တော်များကို သယ်ဆောင်နိုင်သည်။ ပြည်ထောင်စစ်ပွဲများတွင် ၎င်း၏အခန်းကဏ္ဍသည် သွေးပြည်ထောင်အတွက် အလွန်အရေးပါခဲ့သဖြင့် ထန်တိုက်လင်ကို အံ့သြစေခဲ့သည်။ သွေးပြည်ထောင်တွင် နန်းကုန်းဇီ၏ အဆင့်အတန်းက အလွန်တရာ မြင့်မားနေမှသာလျှင် ဤသို့သော ယာဥ်မျိုးကို ရယူနိုင်ပေလိမ့်မည်။ စစ်မက်ရေးရာတွင်သာမက ၎င်းသည် ယဲ့မျိုးနွယ်၏ ခရီးသွားလာနိုင်စွမ်းကို မြင့်မားစေမည်ဖြစ်ကာ ဟင်းလင်းပြင်အတွင်း လျင်လျင်မြန်မြန် သွားနိုင်ပေလိမ့်မည်။ ဤအချိန်အတောအတွင်း နန်းကုန်းဇီနှင့် ယဲ့မျိုးနွယ်က ပူးပေါင်း၍ ပြည်ထောင်နှစ်ခုအကြား ကုန်သွယ်ခဲ့သောကြောင့် နှစ်ဖက်လုံး အလွန်ကြွယ်ဝ ချမ်းသာလာခဲ့၏။ ယဲ့မျိုးနွယ်၏ ပစ္စည်းဥစ္စာများကို မည်သူမှ အတပ်မပြောနိုင်သော်လည်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတစ်ခုလုံးနှင့် ယှဥ်နိုင်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။

"လဝက်အတွင်း ရန်သူတွေရဲ့ ရှေ့ပြေးတပ်က ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ရောက်လာတော့မယ်။ ငါတို့ပြင်ဆင်ထားဖို့ လိုအပ်ပြီ"

ထန်တိုက်လင်၏ လှပသော မျက်နှာလေးအထက်တွင် စိုးရိမ်စိတ်များ ထင်ဟပ်နေသည်။ သူမက ယဲ့ချန် မည်သည့်နေရာရောက်နေကြောင်း မသိသော်လည်း လဝက်အတွင်း စစ်ဖြစ်မည်ကိုသိလျှင် အရာရာကို လျစ်လျူရှုကာ ပြန်လာမည်ဟု ယုံကြည်နေမိသည်။ ယဲ့ချန်၏ဇနီးများသည် ကျိုးလီ၏ သင်ကြားမှုဖြင့် ကျောက်စိမ်းကိုးသွယ် နတ်ခန္ဓာနှင့် မိုးကြိုးနတ်ခန္ဓာ ကျင့်စဥ်များကို ကျင့်ကြံနိုင်ခဲ့ပြီး ကြယ်သခင်များ ဖြစ်လာကြသည်။ တိုးတက်မှု အမြန်ဆုံးမှာ ယဲ့တန်းရွှမ်ဖြစ်ပြီး မိခင်နှင့် ဒေါ်လေးများနောက်မှ အမီလိုက်လာသည့်အပြင် ကြယ်သခင်အဆင့် ရောက်သောအခါ ကျင့်ကြံနှုန်း အလွန်တရာ မြန်ဆန်နေသဖြင့် ကျော်ဖြတ်သွားခဲ့၏။ သူက ကလေးအရွယ်ဖြစ်ပြီး အရွယ်မရောက်သေးသော်လည်း အဆင့်မြင့် ကြယ်သခင်တစ်ယောက် ဖြစ်နေခဲ့သည်။

"အဘိုးကျိုး တန်းအာရဲ့ ကျင့်ကြံနှုန်းက မယုံနိုင်စရာကောင်းလောက်အောင် မြန်လွန်းနေတယ်။ ပြဿနာတစ်ခုခုများ ရှိနိုင်လား"

မိခင်ဖြစ်သော ထန်တိုက်လင်က ကျိုးလီနှင့် အသံချင်း ဆက်သွယ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"သူက တော်ဝင်ယဲ့မျိုးနွယ်နဲ့ တော်ဝင်ပင်လယ် မိစ္ဆာမျိုးနွယ်ရဲ့ မျိုးဆက်ဖြစ်နေမှတော့ ဒီလောက်မြန်တာ မဆန်းပါဘူး။ စကြဝဠာထဲမှာ ဒီထက်မြန်တဲ့ မျိုးနွယ်တွေတောင် ရှိသေးတယ်။ စိတ်ပူစရာ မလိုပါဘူး"

ကျိုးလီသည် တည်ငြိမ်စွာ ဖြေလိုက်ပြီး ဗဟုသုတများသူ ဖြစ်သောကြောင့် ထန်တိုက်လင်က စိတ်အေးသွားခဲ့သည်။ တော်ဝင်ပင်လယ် မိစ္ဆာမျိုးနွယ်အကြောင်း သူမက စပ်စုလိုက်သော်လည်း ကျိုးလီက ဖြေကြားလိုပုံ မရသောကြောင့် နောက်ထပ်မမေးတော့ပေ။

တန်းအာသည် နေ့တိုင်း ဝူဇီနှင့် ရေလိပ်ပြာကို ခေါ်ဆောင်၍ ဆော့ကစားတတ်သည်။ ရေလိပ်ပြာသည် တော်ဝင်မျိုးနွယ်တစ်ခု၏ မျိုးဆက်ဖြစ်သောကြောင့် ကျင့်ကြံရာတွင် မြန်ဆန်ပြီး အဆင့်မြင့်ကြယ်သခင် ဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းက ယဲ့ချန်၏ ဝိညာဥ်ကောင်များကို ဝါးမျိုထားသဖြင့် အရည်အချင်း တိုးတက်နေခဲ့၏။ ဝူဇီသည်လည်း အလွန်တိုးတက်နေပြီး ကျင့်ကြံဆင့်တွင် မထူးခြားသော်လည်း ပျံသန်းနှုန်း အလွန်မြန်ဆန်၍ ဟင်းလင်းပြင်းအတွင်း ခရီးသွားနိုင်စွမ်းပင် ရှိလာသည်။

ပိုလင်းသည်လည်း မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရသောကြောင့် ယဲ့မျိုးနွယ်၏ အကြီးအကဲများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ ယဲ့မျိုးနွယ်တစ်ခုလုံးတွင် အလှဆင်မီးပုံးများ ချိတ်ဆွဲထားကာ ရောင်စုံတံခွန်များကို တလူလူ လွှင့်ထူထားသည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် ညအချိန် ဖြစ်သောကြောင့် မည်းမှောင်နေသော်လည်း ယဲ့မျိုးနွယ်တွင် ဤအဖြစ်အပျက်ကြောင့် ပျော်ရွှင်မှုများ လွှမ်းခြုံနေခဲ့လေသည်။

All Chapters