ဝိညာဥ်စမ်းသပ်မှု
Vol. 69 Ch. 962
"ငါတို့ အမြင်မှားနေကြတာလား။ လူသားတစ်ယောက်ရဲ့ နတ်အမြစ်က ဒီလောက်အထိ သန်မာနိုင်စရာ မရှိဘူး"
ဝိညာဥ်မျက်လုံး မျိုးနွယ်ဝင်များက ကြောင်အနေပြီး ဤမြင်ကွင်းကို မယုံနိုင် ဖြစ်နေကြသည်။ လင်းရှောင်ကိုယ်တိုင်ပင် တုန်လှုပ်နေကာ လင်းတုန်၏ နတ်အမြစ်က လုံလောက်အောင် သန်မာသည်ဟု ခန့်မှန်းထားသော်လည်း လင်လုံ၏နတ်အမြစ်က အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်နေမည်ဟု ထင်မထားပေ။ ထို့အပြင် စမ်းသပ်သမျှ ပါရမီရှင်များတွင် သူမက အမြင့်ဆုံး ဖြစ်နေသောကြောင့် လင်လုံကိုယ်တိုင်ပင် မယုံနိုင်ချေ။
"မင်းက ဝိညာဥ်စမ်းသပ်စရာ မလိုတော့ဘူး။ ရွေးချယ်လိုက်ပြီ"
ကျွမ်းရှဖြစ်စေ၊ ဟောင်ရိဖြစ်စေ ဝမ်းမြောက်နေကြပြီး နှစ်ပေါင်းများစွာအတွင်း သူမက အထူးချွန်ဆုံး ပါရမီရှင် ဖြစ်နေသောကြောင့်ပင်။ သူမ၏ ထူးချွန်မှုနှင့်ဆိုလျှင် ဟင်းလင်းပြင်နတ်အဆင့်သို့ သေချာပေါက် ရောက်နိုင်ပြီး ပို၍မြင့်မားနိုင်ချေရှိသည်။ သို့သော် လူသားမျိုးနွယ်၏ ကံတရားကို ဖိနှိပ်ထားကြောင်း သူတို့က သတိရလိုက်သဖြင့် အပြုံးများ အေးခဲသွားသည်။
"ဒီကိစ္စက ဆရာ့ကို မေးရမယ်ထင်တယ်"
ဟောင်ရိက ကျွမ်းရှထံ အသံချင်း ဆက်သွယ်လိုက်၏။
"သူမကိုယ်တိုင် ရွေးချယ်ပါစေ"
ထိုအချိန်တွင် ရှင်းဟိုင်၏စကားသံက သူတို့၏နားအတွင်း ရောက်လာသောကြောင့် လေးစားစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ ထိုအချိန်တွင် နောက်ထပ်ရေပွက်တစ်ခု ဖြစ်ပေါ်လာသောကြောင့် သူတို့ကို မင်သက်သွားစေသည်။ ယဲ့ချန်၏ပခုံးပေါ်တွင် ထိုင်နေသော နင်အာက အချိန်လေဟာနယ်ချီများကို ထုတ်လွှတ်လိုက်ပြီး လင်လုံနီးပါး အစွမ်းထက်နေ၏။ မဟာတာအို ကောင်းကင်သခင်၏ မျိုးဆက်ဖြစ်သောကြောင့် လင်လုံ၏ပါရမီက မြင့်မားနေခြင်း ဖြစ်သော်လည်း သူမ၏ပါရမီ မြင့်မားနေခြင်းအတွက် အဖြေမရှိပေ။ မှော်သားရဲများသည် လူသားများကဲ့သို့ ရှင်းဟွမ်မျိုးနွယ်၏ အကောက်ကြံခြင်း ခံနေရသည်။
"မင်းကိုလည်း ရွေးချယ်လိုက်ပြီ"
ဟင်းလင်းပြင်နတ်နှစ်ယောက်က ပြိုင်တူကြေညာလိုက်ပြီး ဤမိန်းကလေးနှစ်ယောက်၏ မျိုးနွယ်များသာ ကံတရား ဖိနှိပ်ခံထားရခြင်းမရှိလျှင် အစွမ်းထက် နတ်အမြစ်ကြောင့် သူတို့၏အဆင့်သို့ ရောက်ရန် အလွန်လွယ်ကူပေလိမ့်မည်။ ရှင်းဟိုင်က ဤအချက်ကို သိထားသော်လည်း လက်မလျှော့လိုသည့်အတွက် နှစ်ယောက်လုံးကို ရွေးချယ်လိုက်၏။ ဝူယုမှာ အလွန်စိတ်ပျက်နေပြီး လင်လုံရော နင်အာပါ ရှင်းဟိုင်၏တပည့်များ ဖြစ်လာလျှင် ပြဿနာရှာရန် မဖြစ်နိုင်တော့ပေ။ ထိုအချိန်၌ လင်လုံက သူ့ကို စိုက်ကြည့်နေသောအခါ အကြောင်းအရင်းမရှိသော်လည်း စိတ်ထဲတွင် တုန်ရီသွားခဲ့သည်။ သူက ခဏတာ ထိတ်လန့်သွားသော်လည်း ဒေါသတကြီးဖြင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်သည်။ တစ်ဖက်လူက ရှင်းဟိုင်၏တပည့် ဖြစ်လာလျှင် လောကနတ်အဆင့်သို့ရောက်ရန် အချိန် လိုအပ်သောကြောင့် လျှော့တွက်ထားလိုက်သည်။
လင်လုံနှင့် နင်အာ၏ နတ်အမြစ်များက အစွမ်းထက်လွန်းသောကြောင့် လူတိုင်း၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာသည်။ အကယ်၍ သူ၏နတ်အမြစ်ကပါ အစွမ်းထက်နေလျှင် ကြောက်စရာကောင်းလွန်းနေပြီး တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်တော့ပေ။ နတ်အမြစ်က မွေးရာပါအရည်အချင်းဖြစ်ပြီး တိုးတက်လာရန် ခက်ခဲသော်လည်း နည်းလမ်းတစ်ခု ရှိမည်ဟု သူတို့က တွေးမိကြပေလိမ့်မည်။ ဝိညာဥ်မျက်လုံးမျိုးနွယ်အပြင် အခြားမျိုးနွယ်ဝင်များလည်း သူ့ကို အာရုံစိုက်နေကြပြီး မည်သို့ခံစားနေရကြောင်း မဖော်ပြတတ်ပေ။ ဤမိန်းကလေးနှစ်ယောက်၏ ပါရမီက ကြောက်စရာကောင်းလွန်းနေရာ လူသားမျိုးနွယ်ဝင် နောက်တစ်ယောက် ပါရမီမြင့်မားမည်ကို မနာလို ဖြစ်နေကြသည်။ သူက မျက်လုံးကိုမှိတ်၍ ကောင်းကင်ရေကန်ကို အာရုံခံလိုက်ပြီး အချိန်လေဟာနယ်ချီများ ထုတ်လွှတ်လိုက်သော်လည်း တစ်မျိုးတည်းသာဖြစ်၍ အနီရောင် သန်းနေသည်။
ရေပွက်တစ်ခု ဖြစ်ပေါ်လာပြီး ကျယ်ဝန်းကြီးမားသော်လည်း လင်လုံနှင့် နင်အာအောက် နိမ့်ကျနေကာ လင်းတုန်၏ အဆင့်မျိုးသာ ဖြစ်၏။ ဤမြင်ကွင်းကြောင့် သူတို့က စိတ်အေးသွားကာ နင်အာနှင့် လင်လုံ၏ ပါရမီက တိုက်ဆိုင်ခြင်းသာဖြစ်ရမည်ဟု ယုံကြည်ကုန်သည်။ ခွဲတမ်းနေရာနှစ်ခုကို ပေးလိုက်ရသော်လည်း လူသားမျိုးနွယ်နှင့် မှော်သားရဲမျိုးနွယ်မှ ဖြစ်နေသောကြောင့် သူတို့က မစိုးရိမ်ကြပေ။ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူပေါင်းသန်းချီတွင် ဤသို့သော နတ်အမြစ်မျိုး ပိုင်ဆိုင်ထားသူမှာ တစ်ယောက်ပင် ရှိနိုင်သည်။ နှစ်ယောက် ပြိုင်တူပေါ်လာခြင်းက တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း သုံးယောက်ဆိုလျှင် သင်္ကါမကင်း ဖြစ်သွားကြပေလိမ့်မည်။ လင်လုံနှင့် နင်အာသည် ယဲ့ချန်၏ပါရမီကို သိထားသောကြောင့် ဤမြင်ကွင်းကို မယုံကြည်ကြပေ။ ထို့နောက် သူတို့က အနီရောင် ချီတစ်မျိုးတည်းကိုသာ မြင်သောအခါ တစ်စုံတစ်ခုကို နားလည်သွားကြ၏။
ဟင်းလင်းပြင် နတ်နှစ်ယောက်က မည်သည့်မှတ်ချက်မှ မပေးဘဲ ကျင့်ကြံသူများကို ဆက်လက်စစ်ဆေးနေခဲ့သည်။ အားနည်းသူများနှင့် သန်မာသူများ ထွက်ပေါ်လာပြီး အချို့က လင်းတုန်ထက် ပို၍သန်မာကြသော်လည်း လင်လုံနှင့် နင်အာ၏ အဆင့်မျိုးအထိ ရောက်မလာကြပေ။ နောက်ဆုံးတွင် အရေအတွက်သိန်းချီတွင် ငါးရာကျော်သာ ကျန်ရစ်နေခဲ့သော်လည်း ဟင်းလင်းပြင် နတ်နှစ်ယောက်က ကျေနပ်စွာ ပြုံးနေကြသည်။ ကျန်ရစ်နေသူများတွင် လင်းတုန်နှင့် ဝူချီအပါအဝင် ဝိညာဥ်မျက်လုံးမျိုးနွယ်မှ ၁၁ယောက် ပါဝင်ခဲ့သည်။
"နောက်ထပ်စစ်ဆေးမှာက နတ်ဝိညာဥ် ဖြစ်တယ်။ မင်းတို့ရဲ့နတ်အမြစ်က အစွမ်းထက်လို့ ပျိုးထောင်ပေးသင့်ပေမယ့် အစစ်အမှန် နတ်တစ်ပါး ဖြစ်လာချင်ရင် ဝိညာဥ်က အရေးကြီးတယ်။ နတ်ဝိညာဥ်အရ မင်းရဲ့ရုပ်ခန္ဓာက နတ်ချီဘယ်လောက်များများ သိုလှောင်နိုင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတယ်။ နတ်အမြစ်တစ်ခုတည်းနဲ့ အဆင့်မြင့် ကျင့်ကြံသူဖြစ်လာဖို့ မလုံလောက်တဲ့အတွက် ဝိညာဥ်က ပို၍အရေးကြီးတယ်လို့ ဆိုရလိမ့်မယ်"
ဟောင်ရိက ပါရမီရှင်ငါးရာကျော်ကို တစ်ချက်ဝေ့ကြည့်ကာ ရှင်းပြလိုက်သည်။ လူတိုင်းက နတ်ဝိညာဥ်၏ အရေးပါပုံကို သိထားသော်လည်း ၎င်းက ဆန်းကျယ်လွန်းသဖြင့် မည်သို့စစ်ဆေးကြောင်း မသိကြပေ။ သူက ညာလက်ကို ယမ်းလိုက်သောအခါ ပါရမီရှင်များရှေ့မှောက်တွင် အရွယ်အစားမျိုးစုံရှိသော အလင်းလုံးသုံးဆယ် ထွက်ပေါ်လာကာ အသေးဆုံးမှာ လက်မအရွယ်ဖြစ်ပြီး အကြီးဆုံးသည် ဦးခေါင်းပမာဏ ရှိ၏။
"ဒါတွေကို နတ်ဝိညာဥ်ဘောလုံးလို့ ခေါ်တယ်။ မင်းတို့လုပ်ရမှာက အချိန်လေဟာနယ်ချီနဲ့ နတ်ချီကို ထည့်သွင်းရမယ်။ အသေးဆုံးကနေ စတင်ပြီး မင်းရဲ့စွမ်းအင်ကို ဒါက မထိန်းသိမ်းနိုင်တော့ဘူးဆိုရင် ပေါက်ကွဲသွားမယ်။ ဒါပေမယ့် အလင်းလုံးတစ်လုံးကိုသာ ပေါက်ကွဲစေနိုင်ရင်တော့ အညံ့ဆုံးလို့ သတ်မှတ်နိုင်တယ်"
ဟောင်ရိက ဤသို့ရှင်းပြလိုက်သောအခါ လူတိုင်း၏အကြည့်သည် အလင်းလုံးများထံ ကျရောက်သွားကြသည်။ နတ်တစ်ယောက်က ပထမဆုံးရှေ့ထွက်လာပြီး အသေးဆုံးအတွင်း နတ်ချီကို ထည့်သွင်းလိုက်သောအခါ ဘန်းခနဲ ပေါက်ကွဲသွားခဲ့သည်။
"ဒါက အရမ်းရိုးရှင်းတယ်"
သူက ကျေနပ်စွာ ပြုံးလိုက်ပြီး ဆက်လက်စမ်းသပ်လိုက်သောအခါ ငါးခုမြောက်တွင် မည်မျှကြိုးစားပါစေ၊ ၎င်းက မလှုပ်ရှားတော့ပေ။ သူက မျက်နှာတစ်ခုလုံး မည်းနက်နေကာ ကြိုးစားနေသော်လည်း ရလဒ်က မပြောင်းလဲပေ။
"လေးခုမြောက်အထိ ဖောက်ခွဲနိုင်တယ်ဆိုတော့ မဆိုးပါဘူး"
ဟောင်ရိ၏ ချီးကျူးစကား ထွက်ပေါ်လာသောအခါတွင်မှ သူက စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ သူက အရေအတွက် တစ်ဒါဇင်အထိ ဆက်တိုက်ဖောက်ခွဲနိုင်မည်ဟု ထင်ထားသော်လည်း လေးခုအထိသာ ဖောက်ခွဲနိုင်ခဲ့သည်။ သို့သော် သူ လုံးဝမျှော်လင့်မထားသော ချီးကျူးစကားကို ဟောင်ရိထံမှ ကြားခဲ့ရသည်။ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်လိုက်ကာ အများစုက တစ်ခုနှစ်ခုသာ ဖောက်ခွဲနိုင်၍ ငါးခုအထိ ဖောက်ခွဲနိုင်သူမှာ ရှားပါးနေသည်။ လင်းတုန်၏အလှည့် ရောက်သောအခါ သူမ၏ညာလက်ဖြင့် ထိကပ်လိုက်ပြီး ခုနစ်ခုအထိ ဆက်တိုက်ပေါက်ကွဲသွားကာ ရှစ်ခုမြောက်တွင် ရပ်တန့်သွားခဲ့သည်။ ဤရလဒ်ကြောင့် လူတိုင်းက အာရုံစိုက်လာကြပြီး လက်ရှိတွင် သူမ၏အဆင့်က အမြင့်ဆုံး ဖြစ်နေခဲ့သည်။ သူမ၏နောက်တွင် ခြောက်ခုအထိ ဖောက်ခွဲနိုင်သူမှာ တစ်ယောက်တည်းရှိသောကြောင့် အံ့သြဖွယ်ပါရမီပင် ဖြစ်သည်။
"မင်းကိုလည်း ရွေးချယ်လိုက်ပြီ"
ဟောင်ရိ၏စကားကြောင့် လင်းရှောင်မှာ သမီးဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူနေသည်။ ရှင်းဟိုင်၏တပည့် ဖြစ်လာလျှင် သူမ၏အနာဂတ်က အကန့်အသတ်မဲ့သွားမည် မဟုတ်ပါလော။
ဝူယု၏ တိုက်ရိုက်တပည့်များတွင် အထူးချွန်ဆုံးမှာ သုံးခုအထိသာ ဖောက်ခွဲနိုင်သောကြောင့် သူက လင်းရှောင်ကို မနာလိုဖြစ်နေသည်။ သူ၏တပည့်က ကံကောင်းလျှင် ရွေးချယ်ခံရမည် ဖြစ်သော်လည်း အလင်းလုံးသုံးခုအထိ ဖောက်ခွဲနိုင်သူများစွာ ရှိနေခဲ့သည်။
"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"
ဝူချီက စမ်းသပ်လိုက်သောအခါ အလင်းလုံးတစ်ခုကိုသာ ဖောက်ခွဲနိုင်သောကြောင့် မယုံနိုင်ဟန်ဖြင့် အော်ဟစ်နေသည်။ သူက အချိန်လေဟာနယ်ချီ မည်မျှထည့်သွင်းပါစေ၊ ဒုတိယမြောက် အလင်းလုံးက တုတ်တုတ်မျှ မလှုပ်ချေ။
"ငါ့နတ်ဝိညဥ်က ဘာကြောင့် ဒီလောက်အားနည်းရတာလဲ"
သူက စိတ်ဓာတ်အလွန်ကျနေပြီး ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။ အလင်းလုံးတစ်ခုကိုသာ ဖောက်ခွဲနိုင်ခြင်းသည် သူ့တွင် မျှော်လင့်ချက်မရှိဟု ဆိုလိုနေသည်။ နတ်ဝိညာဥ်နှင့် နတ်အမြစ်က သက်ဆိုင်ခြင်းမရှိဘဲ နတ်အမြစ် အလွန်သန်မာသော်လည်း ဝိညာဥ်အားနည်းသူများတွင် သူက တစ်ယောက်အပါအဝင် ဖြစ်နေခဲ့လေသည်။