← Chapters

ယဲ့ချန်၏ ဝိညာဥ်အင်အား

Vol. 69 Ch. 963

ယဲ့ချန်၏ ဝိညာဥ်အင်အား

Vol. 69 Ch. 963

ဝူချီသည် ရလဒ်ကို မပြောင်းလဲနိုင်သောကြောင့် အခြားပါရမီရှင်များ စမ်းသပ်နေခဲ့သည်ကို စိတ်ဓာတ်ကျစွာ ကြည့်နေရသည်။ ဆက်တိုက်ထွက်ပေါ်နေသော ပေါက်ကွဲသံများအကြားတွင် ကောင်းကင်ရေကန်၏ စစ်ဆေးပုံကို ရှာဖွေနိုင်ခဲ့သော ယဲ့ချန်က အကြံအိုက်နေသည်။ သူ၏အကြံမှာ စမ်းသပ်မှုကို အောင်မြင်ရုံသာ ကျော်ဖြတ်လိုခြင်း ဖြစ်သော်လည်း အလင်းလုံးများ၏ တည်ဆောက်ပုံကို မသိသောကြောင့် စိတ်ရှုပ်နေ၏။ သူ၏အလှည့်သို့ ရောက်သောအခါ ညာလက်ဖြင့် အသေးဆုံး အလင်းလုံးကို ထိလိုက်သည်နှင့်တပြိုင်နက် ဘန်းခနဲ ပေါက်ကွဲသွားသည်။ ၎င်း၏အလုပ်လုပ်ပုံကို မလေ့လာနိုင်ခင်မှာပင် ချက်ချင်းပေါက်ကွဲသွားသောကြောင့် သူက ပါရမီကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ သူ၏အင်အားကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်လျှင် အကျိုးရှိသော်လည်း မဖုံးကွယ်နိုင်သောအခါ ထုတ်ပြရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများ၏ ရလဒ်များက ကွဲပြားနေပြီး ခြောက်ခုအထိ ဖောက်ခွဲနိုင်သူမှာ ရှားပါး၍ လင်းတုန်အထက်တွင် မည်သူမှ မရှိပေ။ လေးခုအထိ ဖောက်ခွဲနိုင်လျှင် စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ပြီ ဖြစ်သောကြောင့် ယဲ့ချန်က အဆင့်မည်မျှရမည်ကို တွေးနေခဲ့သည်။ သူ၏ဝိညာဥ်က သန်မာရုံသာမက မဟာတာအို ကောင်းကင်သခင်၏ နတ်ဝိညာဥ်ကိုပါ ပိုင်ဆိုင်ထားသောကြောင့် အလင်းလုံးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲနေကြသည်။ သူက ခြောက်ခုမြောက်ကို ဖောက်ခွဲလိုက်သောအခါ လူတိုင်းကို အာရုံစိုက်စေခဲ့သည်။ ဤအဆင့်သည် ရှင်းဟိုင်၏ တပည့်ဖြစ်လာရန် အလွန်သေချာပြီး ကောင်းကင်ရေကန်သို့ ဝင်ရောက်ခွင့် ရပေလိ့မ်မည်။ ယဲ့ချန်နှင့် လင်းတုန်အပြင် ဝိညာဥ်မျက်လုံးမျိုးနွယ်မှ သုံးယောက် ရွေးချယ်ခံလိုက်ရသော်လည်း ဝူချီ မပါဝင်ပေ။

လင်းရှောင်က တအံ့တသြ စောင့်ကြည့်နေပြီး ယဲ့ချန်၏ဝိညာဥ်သည် လင်းတုန်ထက် သန်မာနိုင်မည်လားဟု သိချင်နေသည်။ ဟောင်ရိနှင့် ကျွမ်းရှသည် သူ့ကို စိုက်ကြည့်နေစဥ် ညာလက်ဖြင့် ခုနစ်ခုမြောက်ကို ဖြည်းညှင်းစွာ ထိတွေ့လိုက်၏။ ခြောက်ခုအထိ ဖောက်ခွဲနိုင်ခြင်းက လုံလောက်သော်လည်း ဤထက်ပိုလျှင် အာရုံများစွာကို ဆွဲဆောင်မိပေလိမ့်မည်။ သို့သော် ဟင်းလင်းပြင်နတ်နှစ်ယောက် စောင့်ကြည့်နေသဖြင့် သူက လှည့်ဖျားရန် မဖြစ်နိုင်သောကြောင့် တတ်နိုင်သမျှ အနည်းဆုံး ချီပမာဏကို ထည့်သွင်းလိုက်သည်။ သို့သော် ဤစမ်းသပ်မှုသည် ချီအနည်းအများနှင့် မသက်ဆိုင်သောကြောင့် လက်သီးဆုပ်နှစ်ခု အရွယ်အစားရှိသော အလင်းလုံးမှာ ဘန်းခနဲ ပေါက်ကွဲသွားသည်။ ဤရလဒ်က လင်းတုန်နှင့် တူညီသောကြောင့် ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင်များ အံ့သြနေကြပြီး တစ်ဖက်လူက လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သော်လည်း အစွမ်းထက်ဝိညာဥ်ကို ပိုင်ဆိုင်ထား၏။

"ရှစ်ခုမြောက်ကိုရော သူက ဖျက်ဆီးနိုင်မှာလား"

လူတိုင်းက သူ့ကို စောင့်ကြည့်နေပြီး ဝူယုနှင့် အပေါင်းအပါများမှာ စိတ်ဓာတ်ကျနေခဲ့သည်။ လင်းရှောင်က အံ့သြနေသော်လည်း ကျေနပ်ဝမ်းသာနေပြီး လင်းတုန်၏ပါရမီက မြင့်မားသော်လည်း ရှင်းဟိုင် အာရုံစိုက်စေရန် မထိုက်တန်ပေ။ အကယ်၍ ယဲ့ချန်၏ပါရမီကသာ ဤအဆင့်မျိုးရောက်ရှိနေလျှင် လင်းတုန်ကို ဂရုစိုက် စောင့်ရှောက်ပေးစေလိုသောကြောင့် အနာဂတ်တွင် အရင်းအမြစ်များ ထောက်ပံ့ရပေလိမ့်မည်။ ဤနည်းဖြင့် သူက ယဲ့ချန်နှင့် အနည်းဆုံး ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ပေလိမ့်မည်။

"ဘန်း"

ရှစ်ခုမြောက်၏ ပေါက်ကွဲသံ ထွက်ပေါ်လာသောအခါ လူတိုင်း မင်သက်သွားကြပြီး အချိန်ကြာမြင့်စွာ သတိပြန်မဝင်လာခဲ့ပေ။ ယဲ့ချန်က လင်းတုန်၏စံချိန်ကို ချိုးဖျက်လိုက်ရုံသာမက ပါရမီရှင်ငါးရာအကြားတွင် ဝိညာဥ်အင်အား အမြင့်ဆုံး ဖြစ်နေသည်။ သူတို့အားလုံးက သူ့ကို တစ်ချိန်တည်း စိုက်ကြည့်နေကြပြီး မနာလိုအားကျနေကြသည်။

"ဒီကောင်လေးက အတော်ပါရမီရှိတယ်။ လူသားတစ်ယောက် ဖြစ်နေတာ နှမြောစရာကောင်းလိုက်တာ"

"လူသားနှစ်ယောက်နဲ့ မှော်သားရဲတစ်ကောင်က ပါရမီ ရှိကြတယ်။ သူတို့သာ အခြားမျိုးနွယ်ကဆိုရင် အနာဂတ်က အကန့်အသတ်မဲ့နေပြီ"

ဟင်းလင်းပြင် နတ်နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ အတိတ်တွင် ဤမျိုးနွယ်နှစ်ခုက အစွမ်းထက်သော်လည်း နတ်ပြည်မှ မောင်းထုတ်ခံရပြီးနောက် ကျဆင်းသွားသဖြင့် ဤသို့သော ပါရမီရှင်မျိုး ထွက်ပေါ်လာရန် အလွန်ခက်ခဲပေသည်။ ကိုးခုမြောက် အလင်းလုံးက ဘန်းခနဲ ပျက်စီးသွားသောအခါ လူတိုင်း မယုံနိုင်ဖြစ်နေကြပြီး ယဲ့ချန်၏ အကန့်အသတ်သို့ ရောက်နေပြီဟု ထင်ထားသော်လည်း ရပ်တန့်မသွားပေ။ သူက အထူးအဆန်း သတ္တဝါသဖွယ် ဝိုင်းကြည့်ခံနေရသောကြောင့် ခါးသက်သက် ပြုံးနေသော်လည်း လူအုပ်၏ စောင့်ကြည့်မှုအောက်တွင် လုပ်နိုင်သော အရာ မရှိပေ။ သူက အချိန်လေဟာနယ်ချီကို ထည့်သွင်းလိုက်ပြီး တည်ဆောက်ပုံကို မလေ့လာနိုင်ခင်မှာပင် ၎င်းက ပေါက်ကွဲသွားသဖြင့် အလုပ်လုပ်ပုံကို နားမလည်ချေ။ ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ ဤမျှထင်ပေါ်နေခြင်းက ကောင်းကျိုးမရှိသဖြင့် လင်လုံက မျက်မှောင်ကြုတ်နေသော်လည်း ကူညီရန် နည်းလမ်းမရှိချေ။ သူက ကူကယ်ရာမဲ့စွာ ဖြစ်နေပြီး ချီကို ဆယ်ခုမြောက် အလင်းလုံးအတွင်း ထည့်သွင်းလိုက်သည်။

"ဘန်း"

ပေါက်ကွဲသံ ထွက်ပေါ်လာသောကြောင့် အားလုံး မယုံနိုင်ဖြစ်ကာ ယဲ့ချန်ကို ငေးမောကြည့်ရှုနေခဲ့သည်။

"ဝိညာဥ်က ဘာကြောင့် ဒီလောက်သန်မာနေရတာလဲ"

"အလင်းလုံးတွေမှာ ပြဿနာတစ်ခုခု ရှိနေတာလား"

"ဘန်း"

သို့သော် နောက်ထပ်တစ်ခု ပေါက်ကွဲသွားသောကြောင့် ကျွမ်းရှနှင့် ဟောင်ရိပင် အလွန်အံ့အားသင့်နေကြသည်။ အတိတ်တွင် သူတို့၏ဝိညာဥ်ကို စမ်းသပ်ခဲ့၍ ရှစ်ခုနှင့် ကိုးခုကိုသာ ဖောက်ခွဲနိုင်ခဲ့သော်လည်း ထူးချွန်သော ပါရမီရှင်များ ဖြစ်ခဲ့သည်။ သို့မဟုတ်လျှင် ဟင်းလင်းပြင်နတ်အဆင့် ရောက်အောင် ကျင့်ကြံနိုင်စရာ အကြောင်းမရှိချေ။ နတ်ပြည်တွင် အစွမ်းထက်မျိုးနွယ်အချို့မှ ထိပ်တန်းပါရမီရှင်များသာ ဆယ့်တစ်ခုအထိ ဖောက်ခွဲနိုင်စွမ်း ရှိသည်။ ဤအဆင့် ပါရမီရှင်များသည် ဟင်းလင်းပြင်ထိပ်ဆုံးအဆင့် ရောက်အောင် ကျင့်ကြံနိုင်ခဲ့သောကြောင့် ယဲ့ချန်သာ လူသားမျိုးနွယ်ဝင်မဟုတ်လျှင် အနာဂတ် အောင်မြင်မှုက ကြောက်စရာကောင်းပေလိမ့်မည်။

"ကျွမ်းရှ ဟောင်ရိ ဒီကလေးရဲ့ပါရမီက ထူးခြားတယ်။ သတင်းတွေကို ပိတ်ဆို့ထားလိုက်။ အပြင်လူတွေ ထွက်သွားရင် သူနဲ့ ပတ်သက်သမျှ မှတ်ဉာဏ်တွေကို ဖျက်ဆီးလိုက်ကြ"

ထိုအချိန်၌ တံခါးပိတ်ကျင့်ကြံနေသော ရှင်းဟိုင်ကိုယ်တိုင်ပင် သတိထားမိသွားကာ တပည့်များကို ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

သူတို့က ပြိုင်တူခေါင်းညိတ်လိုက်ပြီး ဟင်းလင်းပြင်နတ်အဆင့်ဖြင့် အောက်အဆင့်များ၏ မှတ်ဉာဏ်များကို ဖျက်ပစ်နိုင်သည်။ အကယ်၍ ယဲ့ချန်သာ သူ၏အမိန့်ကို ကြားလိုက်လျှင် စိတ်အေးသွားပေလိမ့်မည်။

"ဘန်း"

"ဘန်း"

ကြီးမားလှသော ဖိအားအောက်ရောက်နေသည့် ယဲ့ချန်က ဆက်လက်စမ်းသပ်နေသောအခါ ၁၅ခုမြောက် အလင်းလုံးအထိ ပေါက်ကွဲလာခဲ့သည်။ နတ်ပြည်တွင် ဤအဆင့်ပါရမီရှင်မျိုးကို ကောင်းစွာပျိုးထောင်ပေးနိုင်ပြီး ပြဿနာမရှိလျှင် ဟင်းလင်းပြင်နတ်အဆင့်ကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ရှင်းဟိုင်၏ ဝိညာဥ်သည်ပင် ၁၃ခုအထိသာ ဖောက်ခွဲနိုင်ပြီး စန်းရီနယ်မြေ၏ အသန်မာဆုံးဘုရင်က ဤအဆင့်အထိ ဖောက်ခွဲထားနိုင်သည်။ ရှင်းဟွမ်မျိုးနွယ်၏ ကံတရား ထိန်းချုပ်မှုကို ကျော်ဖြတ်နိုင်ရန် နည်းလမ်းတစ်ခုရှိလျှင် ယဲ့ချန်၏အနာဂတ်က တောက်ပနေသောကြောင့် သူက မျက်မှောင်ကြုတ်ကာ အလေးအနက် စဥ်းစားခန်းဝင်နေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုအချိန်၌ နောက်ထပ်တစ်ခု ပေါက်ကွဲသွားသောကြောင့် သူက တုန်လှုပ်နေသည်။ ယဲ့ချန်၏ဝိညာဥ်က ပြိုင်ဘက်ကင်းလောက်အောင် သန်မာနေပုံရကာ အာကာသနတ်အဆင့်သို့ပင် ကျင့်ကြံနိုင်လောက်သည်။ နတ်ပြည်တွင် ဤအဆင့် ရောက်သူတိုင်းသည် အမှန်တကယ် အုပ်ချုပ်သူများဖြစ်ပြီး အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ဟင်းလင်းပြင် နတ်အဆင့်နှင့် ခွန်အားချင်းက မိုးနှင့်မြေပမာ ဖြစ်သည်။ သူ၏ပါရမီက ဟင်းလင်းပြင် နတ်သုံးယောက်အပေါ် သက်ရောက်မှု ကြီးမားခဲ့သည်ကို ယဲ့ချန်က မသိနိုင်ပေ။ သူတို့၏အမြင်တွင် လူသားမျိုးနွယ်၏ အာကာသနတ်တစ်ပါး ဖြစ်လာနိုင်သူသည် ကံတရား ထိန်းချုပ်ခံထားရသဖြင့် နှမြောစရာကောင်းလွန်းနေသည်။

သို့ရာတွင် ယဲ့ချန်၏အဆင့်က ဤမျှဖြင့် ရပ်တန့်မသွားဘဲ ၁၉ခုမြောက် အလင်းလုံးအထိ ပေါက်ကွဲစေခဲ့သောကြောင့် လူတိုင်း၏ မျက်လုံးများ ရီဝေဝေ ဖြစ်နေကြသည်။ သာမန်ကျင့်ကြံသူများသည် သူ၏ပါရမီက သန်မာကြောင်း သိသော်လည်း မည်မျှအထိ သန်မာကြောင်းကို အတိအကျ မတွေးတတ်တော့ပေ။ သူတို့အတွက် ဤအဆင့်က များစွာကွာခြားသည်ဟု မထင်ရသော်လည်း ဟင်းလင်းပြင် နတ်အဆင့်များကမူ ကောင်းစွာနားလည်ကြ၏။ ဤအချိန်တွင် ရှင်းဟိုင်နှင့် တပည့်နှစ်ယောက်၏ အံ့သြမှုအတိုင်းအတာကို စာဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။ ယဲ့ချန်ကိုယ်တိုင်လည်း ခေါင်းကိုက်နေရပြီး အချိန်လေဟာနယ်ချီကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ထားခဲ့သည်။ သို့သော်လည်း အလင်းလုံးများနှင့် ထိတွေ့မိလိုက်တိုင်း ၎င်းတို့သည် မည်သည်မျှ မကျန်အောင် တဘန်းဘန်း ပေါက်ကွဲသွားကြလေသည်။

All Chapters