သူတော်စင်ဘုရင်၏ အတိတ်ဘဝ
Vol. 69 Ch. 964
ဤစမ်းသပ်ချက်သည် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဥ်စွမ်းအားကို စမ်းသပ်ခြင်းဖြစ်ပြီး ယဲ့ချန်အနေဖြင့် အချိန်လေဟာနယ်ချီ မည်မျှထည့်သွင်းပါစေ၊ ပေါက်ကွဲမသွားသော အလင်းလုံးကို ရှာဖွေနေခဲ့သည်။ သို့ရာတွင် အလင်းလုံးများ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါက်ကွဲနေသည့်အပြင် လူတိုင်းကလည်း စောင့်ကြည့်နေကြပြီး ရပ်တန့်ရန် မဖြစ်ပေ။ နှစ်ဆယ့်ငါးခုမြောက် အလင်းလုံးသည် လက်ဖြင့်ကိုင်၍ မရလောက်အောင် ကြီးမားသော်လည်း သူ၏ဝိညာဥ်ကြောင့် ပေါက်ကွဲသွားခဲ့သည်။ ထို့ကြောင့် စမ်းသပ်ချက်တွင် ပြဿနာတစ်ခုခု ရှိနိုင်သည်ဟု မျိုးနွယ်ပေါင်းစုံမှ ပါရမီရှင်များက မှတ်ယူလိုက်ကြသည်။ သူတို့က ရှေ့မှောက်ရှိ အလင်းလုံးများကို စိုက်ကြည့်ရင်း ပြဿနာကို အဖြေရှာရန်အတွက် အချို့က အလင်းလုံးအချို့ကို ရွေးချယ်ကာ စမ်းသပ်လိုက်ကြ၏။ သို့သော်လည်း သူတို့က နတ်ချီနှင့် အချိန်လေဟာနယ်ချီများကို ထည့်သွင်းလိုက်သောအခါ ၎င်းတို့က တုတ်တုတ်မျှမလှုပ်ချေ။ အကယ်၍ စမ်းသပ်ချက်တွင် ပြဿနာမရှိလျှင် ယဲ့ချန်၏ဝိညာဥ်က ကြောက်စရာကောင်းလောက်အောင် သန်မာနေသည်ဟူသော ရှင်းပြချက်တစ်ခုသာ ရှိပေသည်။
ကျင့်ကြံသူအချို့က ယုတ်မာသော အကြံအစည်ဖြင့် ဤသတင်းကို ဖြန့်ရန်အတွက် ကောင်းကင်ရေတောင်တန်းမှ ထွက်ခွာသွားကြသည်။ ကျွမ်းရှနှင့် ဟောင်ရိက သူတို့ကို သတိထားနေခဲ့ပြီး လက်တစ်ချက် ယမ်းလိုက်သောအခါ ယဲ့ချန်နှင့် ပတ်သက်သမျှ မှတ်ဉာဏ်များ ပျောက်ကွယ်ကုန်သည်။
"ငါ အခု ဘာလုပ်နေတာလဲ"
"အခု ဘာဖြစ်သွားတာလဲ"
သူတို့၏မျက်နှာများက အေးခဲသွားကာ အပြင်ထွက်သွားနိုင်သော်လည်း မှတ်ဉာဏ်အချို့ ဖျက်ဆီးခံလိုက်ရသည်။ ရှင်းဟိုင်သည် ယဲ့ချန်ကို စိုက်ကြည့်ရင်း အတွေးနက်နေပြီး အလင်းလုံး၂၅ခုအထိ ဖောက်ခွဲနိုင်ခြင်းက ကြီးကျယ်ခမ်းနားသော အောင်မြင်မှု ကြီးဖြစ်သည်။ ဤသို့သောအဆင့်မျိုးကို မျိုးနွယ်ကြီးများ၏ လျှို့ဝှက်စမ်းသပ်မှုများတွင် ထိပ်တန်းပါရမီရှင်များသာ စွမ်းဆောင်နိုင်ကြသည်။ အတိတ်တွင် သူ မြင်ဖူးသမျှတွင် ဝိညာဥ်ခွန်အား အသန်မာဆုံးသည် အာကာသနတ်တစ်ပါး၏ တပည့်ရွေးချယ်ပွဲတွင်ဖြစ်ပြီး ၂၀အထိ ပေါက်ကွဲစေခဲ့သည်။ လက်ရှိတွင် သူက ဟင်းလင်းပြင်နတ်အဆင့်၌ တစ်ဆို့နေသော်လည်း ထိုပါရမီရှင်က အာကာသနတ်များအကြားတွင် အစွမ်းထက်သူတစ်ယောက် ဖြစ်လာခဲ့သည်။ လက်ရှိတွင် ယဲ့ချန်ကမူ သူ၏အကန့်အသတ်သို့ ရောက်ရှိသေးပုံ မရချေ။
"နောက်ထပ်စမ်းသပ်စရာ မလိုတော့ဘူး။ သူတို့ကို ခေါ်လာခဲ့"
ရှင်းဟိုင်၏စကားသံက တပည့်နှစ်ယောက်၏ နားအတွင်း ဝင်ရောက်သွားခဲ့သည်။ အလင်းလုံး၂၅ခုအထိ ဖောက်ခွဲနိုင်ခြင်းသည် အလွန်အံ့သြစရာကောင်းပြီး သူကိုယ်တိုင်ပင်လျှင် မမြင်ဖူးပေ။ သူသိထားသမျှအရ ရှင်းဟွမ်မျိုးနွယ်နှင့် ရွှေဂျိုမျိုးနွယ်ကဲ့သို့ အစွမ်းထက်မျိုးနွယ်များပင် ဤသို့သော ပါရမီရှင်မျိုးကို ရတနာသဖွယ် ဆက်ဆံကြပေလိမ့်မည်။ လက်ရှိတွင် သူ့အတွက် ခေါင်းကိုက်စရာ ပြဿနာတစ်ခုရှိနေပြီး ယဲ့ချန်အတွက် လူသားမျိုးနွယ်၏ ကံတရား ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို အလေးအနက် စဥ်းစားနေရသည်။ အတိတ်တွင် သူ့ကို လူသားကျင့်ကြံသူတစ်ယောက်က ကယ်တင်ခဲ့သည့်အပြင် ရှင်းဟွမ်မျိုးနွယ်နှင့် ရန်ကြွေးရှိခဲ့သည်။ ထိုအချိန်တွင် သူက နတ်အဆင့်တစ်ယောက်သာ ဖြစ်သောကြောင့် ကျေးဇူးရှင်၏ ကျင့်ကြံဆင့် နက်ရှိုင်းလွန်းကြောင်းကိုသာ သိခဲ့ပြီး အတိအကျ မခန့်မှန်းနိုင်ခဲ့ပေ။ နတ်အဆင့်တွင် တစ်ဆို့နေခဲ့ပြီး နတ်ပြည်တွင် ခြေသလုံးအိမ်တိုင်ဖြစ်နေသော သူ့ကို ကျေးဇူးရှင်က အသက်ကယ်ခဲ့သည့်အပြင် အဆင့်တက်နိုင်ရန်အတွက် ညွှန်ကြားပြသပေးခဲ့သည်။
အတိတ်တွင် ကျေးဇူးရှင်က ပြန်လာခဲ့မည်ဟု မှာကြားခဲ့သော်လည်း ရှင်းဟိုင်က နှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ပြီး ရောက်ရှိမလာသေးပေ။ ဤနှစ်များအတွင်း သူက ကျေးဇူးပြန်ဆပ်ရန်အတွက် လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် ယဲ့ချန်၏ပါရမီကို သိလိုက်ရသောအခါ ကံတရားဖိနှိပ်မှုမှ လွတ်မြောက်စေပြီး လူသားမျိုးနွယ်အတွက် ခေတ်သစ်တစ်ခု ယူဆောင်ပေးလာမည့် ခေါင်းဆောင်တစ်ယောက်အဖြစ် ပျိုးထောင်ပေးချင်ခဲ့သည်။ ဤနည်းဖြင့် သူက ကျေးဇူးရှင်၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်နိုင်ပေလိမ့်မည်။ ထို့အပြင် သူ၏မျိုးနွယ်ကို သတ်ဖြတ်ခဲ့သော ရှင်းဟွမ်မျိုးနွယ်ကိုလည်း လက်စားချေချင်နေသည်။ ရန်သူများကြောင့် မျိုးနွယ် ပျက်စီးသွားသည်ကို သူက ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရပြီး မျိုးနွယ်ဝင်အားလုံးမှာ နတ်ပြည်တွင် လေလွင့်ကျင့်ကြံသူဘဝ ရောက်သွားခဲ့သည်။ သူ၏မျိုးနွယ်က အားနည်းသော အဆင့်သုံး မျိုးနွယ်တစ်ခု ဖြစ်သော်လည်း လက်ရှိ မျိုးနွယ်ခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက် ရှင်းဟွမ်မျိုးနွယ်ကို လက်စားချေရန် နေ့ရော ညပါ မမေ့ချေ။
"လူတိုင်း လိုက်ခဲ့ကြ"
ရှင်းဟိုင်၏ ညွှန်ကြားချက်ကို ရပြီးနောက် ကျွမ်းရှနှင့် ဟောင်ရိသည် ရွေးချယ်ထားသော ပါရမီရှင်တစ်ရာကျော်ကို ခေါ်ဆောင်လိုက်သည်။
"အရှင်ရှင်းရဲ့ တပည့်အဖြစ် ကောင်းကောင်းကျင့်ကြံပါ။ အနာဂတ်မှာ မင်းက ဝိညာဥ်မျက်လုံးမျိုးနွယ်ရဲ့ ကာကွယ်သူ ဖြစ်လာရမယ်။ အဖေက မင်းအတွက် ဂုဏ်ယူတယ်"
"သမီးလေးကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်းချင်ပါတယ် သခင်လေး"
လင်းရှောင်က လင်းတုန်ကို လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက်လိုက်ပြီး ယဲ့ချန်ဘက်လှည့်ကာ လက်နှစ်ဖက်ဆုပ်၍ တောင်းဆိုလိုက်သည်။
"စိတ်ချပါ"
ကြင်နာကာ စိတ်ထားကောင်းမွန်သော လင်းတုန်ကို ယဲ့ချန်က ဂရုစိုက်ပေးရန် ကတိပြုလိုက်သည်။ သူမအပြင် ဝိညာဥ်မျက်လုံးမျိုးနွယ်မှ ပါရမီရှင်နှစ်ယောက် ရွေးချယ်ခံလိုက်ရပြီး လင်းရှောင်နှင့် ဝူကျန်း၏ နောက်လိုက်တစ်ယောက်စီ ဖြစ်သည်။
"ရွေးချယ်ပွဲ ပြီးပြီဖြစ်လို့ လူတိုင်း ပြန်နိုင်ပါပြီ"
ကျွမ်းရှက ပါရမီရှင်များကို ကောင်းကင်ရေတောင်တန်းအတွင်း ခေါ်ဆောင်သွားစဥ် ဟောင်ရိသည် ညာလက်ကိုယမ်း၍ ကျင့်ကြံသူများအပေါ် အလင်းတန်းများ ကျရောက်စေခဲ့သည်။ ယဲ့ချန်နှင့် ပတ်သက်သော မှတ်ဉာဏ်များ ပျောက်ကွယ်သွားကာ အလင်းလုံးငါးခုအထိသာ ပေါက်ကွဲခဲ့သည်ဟူသော မှတ်ဉာဏ်အသစ် ဖြစ်ပေါ်လာ၏။ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများ ထွက်ခွာသွားသောအခါ ရွေးချယ်ပွဲအကြောင်း ဆွေးနွေးသွားကြသော်လည်း ယဲ့ချန်အကြောင်း မပြောကြပေ။ ကျွမ်းရှနှင့် ဟောင်ရိက ကျန်တပည့်များကို နေရာချထားပေးနေစဥ် ရှင်းဟိုင်သည် ယဲ့ချန်၊ နင်အာနှင့် လင်လုံကို ခေါ်ယူပြီး သီးသန့်တွေ့ဆုံခဲ့သည်။
"ငါတို့ ပြန်တွေ့ကြပြီ"
သူ၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာခဲ့သည်။ သူက ခရီးသွားဟန်လွဲ ကယ်တင်ခဲ့သော လူသားတစ်ယောက်သည် ပါရမီ အလွန်ကောင်းမွန်မည်ဟု မျှော်လင့်မထားပေ။
"ဒီအတောအတွင်း စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ရှင်း"
နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော လူသားများကို ကယ်တင်ပေးခဲ့သည့် ရှင်းဟိုင်က ယဲ့ချန်၏ လေးစားမှုကိုရရန် ထိုက်တန်ပေသည်။
"မင်းကလည်း လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ရမယ်။ မင်းရဲ့ ပါရမီကလည်း ချီးကျူးစရာပဲ"
ရှင်းဟိုင်၏အကြည့်က လင်လုံထံ ရောက်ရှိသွားကာ တစ်ချက်ပြုံး၍ ပြောလိုက်သောအခါ သူမက ခေါင်းညိတ်ပြခဲ့သည်။
"မင်းလည်း ခေါင်းဆောင်တစ်ယောက်မလား"
"ဟုတ်ပါတယ်"
ယဲ့ချန်ကလည်း ဖုံးကွယ်ထားရန် မလိုသောကြောင့် အမှန်အတိုင်း ဝန်ခံလိုက်၏။
"အတိတ်တုန်းက ငါ့ကို လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက်က ကယ်တင်ပေးခဲ့တယ်"
"ဘယ်သူများလဲ သိပါရစေ"
လင်လုံက သိချင်စိတ် ပြင်းထန်စွာဖြင့် စပ်စုလိုက်သည်။ သူမက ဤအကြောင်း ကြားဖူးထားသော်လည်း ရှင်းဟိုင်ကို ကယ်တင်ခဲ့သော လူသားခေါင်းဆောင်ကို မသိပေ။
"ငါလည်း သေချာမသိဘူး။ မင်းတို့လူသားတွေကတော့ သူ့ကို သူတော်စင်ဘုရင်လို့ ခေါ်ကြတယ်"
ရှင်းဟိုင်၏ အဖြေစကားကြောင့် ယဲ့ချန်နှင့် လင်လုံက မင်သက်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ရှင်းဟိုင်ကို ကယ်တင်ခဲ့သူမှာ ယဲ့ချန်၏ အတိတ်ဘဝ ဖြစ်နေခဲ့သည် မဟုတ်ပါလော။
"မင်းတို့က သူ့အကြောင်း သိလို့လား"
သူတို့၏ မျက်နှာထားများက ထူးဆန်းနေသောကြောင့် ရှင်းဟိုင်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ်။ သူက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတစ်ယောက်ပါ။ သူ့နည်းလမ်းအတိုင်း ကျုပ်တို့က လူသားမျိုးနွယ်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတာပါ"
ယဲ့ချန်သည် တစ်ဖက်လူ၏ နောက်ကြောင်းအသေးစိတ်ကို မသိထားသောကြောင့် အပြည့်အစုံပြောရန် မဖြစ်နိုင်ပေ။ ရှင်းဟိုင်၏ အကျင့်စရိုက်နှင့် လုပ်ရပ်များက လေးစားထိုက်သော်လည်း စောင့်ကြည့်ရန် လိုအပ်နေသည်။
"မင်းတို့က လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေဖြစ်နေမှတော့ ဒီနယ်မြေကို ငါ အကောင်းဆုံး ကာကွယ်ပေးမယ်။ ရန်သူတွေက အာကာသနတ်အဆင့်တွေ မလွှတ်လိုက်သရွေ့ ဘုရင်တစ်ပါး ရောက်လာရင်တောင် စန်းရီနယ်မြေမှာ မင်းတို့ကို မထိခိုက်စေရဘူး။ ဒါပေမယ့် မျိုးနွယ်တစ်ခုလုံးကို အန္တရာယ်မရှိရင် အာကာသနတ်တွေ ထွက်လာဖို့ မဖြစ်နိုင်ဘူး။ အတိတ်တုန်းက လူသားမျိုးနွယ်ဟာ အဆင့်ခြောက်မျိုးနွယ် ဖြစ်လာပြီး အစွမ်းထက် ကျင့်ကြံသူတွေများစွာ ပိုင်ဆိုင်ခဲ့လို့ အဆင့်ခုနစ် မျိုးနွယ်တွေက နေရာပျောက်မှာ စိုးရိမ်တဲ့အတွက် အကောက်ကြံခဲ့တာ ဖြစ်တယ်"
ယဲ့ချန်နှင့် လင်လုံသည် တစ်ခုခုကို ဖုံးကွယ်ထားကြောင်း ရိပ်မိသော်လည်း ရှင်းဟိုင်က နောက်ထပ်မမေးခဲ့ဘဲ ကာကွယ်ပေးမည့် အကြောင်း ကတိပေးလိုက်သည်။ ဤမျှသေးငယ်သော နယ်မြေတစ်ခုအတွက် အာကာသနတ်များ လှုပ်ရှားမည် မဟုတ်သောကြောင့် လောလောဆယ် အန္တရာယ်ကင်းပေလိမ့်မည်။
"ကောင်းကင်ရေကန်က အမှန်တကယ် ဆန်းကျယ်တယ်။ အတိတ်တုန်းက သူတော်စင်ဘုရင်တောင် တာအိုကို ဆင်ခြင်ဖို့အတွက် ဝင်ရောက်ခဲ့ဖူးတယ်။ မင်းတို့လည်း ဉာဏ်အလင်းရဖို့ သေချာပါတယ်။ ရှင်းဟွမ်မျိုးနွယ်က မင်းတို့ရဲ့ ကံတရားကို ဖိနှိပ်ထားတာ နှမြောစရာပဲ။ မဟုတ်ရင် မင်းတို့နှစ်ယောက်က အာကာသနတ်အဆင့်ကို ရောက်နိုင်တယ်"
ရှင်းဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတော်စင်ဘုရင်သည် ကောင်းကင်ရေကန်အတွင်း ဝင်ရောက်ခဲ့ဖူးသည်မှာ တာအိုကို ဆင်ခြင်ရုံသာမက အခြားအကြောင်းအရင်းများ ရှိနိုင်သည်ဟု ယဲ့ချန်က တွေးနေမိသည်။ ကောင်းကင်ရေကန်တွင် ရှင်းဟိုင်ပင် မသိနိုင်သော လျှို့ဝှက်ချက်များ ရှိနိုင်သောကြောင့် သူက ဝင်ရောက်ချင်စိတ်များ ဖြစ်ပေါ်လာ၏။ သူ၏အမြင်တွင် အတိတ်ဘဝမှ သူတော်စင်ဘုရင်သည် အလွန်ဆန်းကျယ်ပြီး အစွမ်းထက်သူတစ်ယောက် ဖြစ်သည်။ ကောင်းကင်ဓားပျံ၊ ကျောက်စိမ်းနန်းတော်နှင့် အခြားသော အကြံအစည်များကိုထောက်၍ စဥ်းစားလိုက်လျှင် ကောင်းကင်ရေကန်အတွင်း သေချာပေါက် အစီအစဥ်တစ်ခုခု ရှိနေပေလိမ့်မည်။