ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်၏ သရုပ်မှန်
Vol. 69 Ch. 967
ခန်းမကျယ်အတွင်း၌ ရှင်းဟိုင်နှင့် တပည့်နှစ်ယောက်သည် ကောင်းကင်ရေကန်ကို စောင့်ကြည့်နေပြီး မည်သို့ဖြစ်ပျက်နေသည်ကို မြင်နိုင်သော်လည်း သေခြင်းရှင်ခြင်းကို မစွက်ဖက်နိုင်ပေ။
"သူတို့ထဲက ဘယ်လောက်များများ အသက်ရှင်နိုင်မလဲ သိချင်မိတယ်"
ဟောင်ရိက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။ သူနှင့် ကျွမ်းရှသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနေရာကို ဝင်ရောက်ခဲ့ဖူးပြီး အပေါင်းအဖော်များ သေဆုံးသွားသော အဖြစ်ကြောင့် ဝမ်းနည်းခဲ့ရသည်။
"သူတို့သုံးယောက်က တော်တော်ထူးဆန်းတယ်။ သူတို့ရဲ့အသက်အား ကုန်ခမ်းမှုက အခြားသူတွေထက် ဆယ်ဆလောက် ပိုနှေးနေတယ်။ ဆရာ ယဲ့ချန်က နတ်တစ်ပိုင်းထိပ်တန်းအဆင့်ကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် သူက ရှင်းဟွမ်မျိုးနွယ်ရဲ့ ဖိနှိပ်မှုကို ချိုးဖျက်နိုင်ပါ့မလား"
ကျွမ်းရှက ယဲ့ချန်၊ နင်အာနှင့် လင်လုံကို စိုက်ကြည့်နေရင်း မေးခွန်းထုတ်လိုက်၏။
"မဖြစ်နိုင်ဘူး။ ကောင်းကင်ဗျတ်စောင်းရဲ့ စွမ်းအားက စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်။ ကောင်းကင်ရေကန်ထဲမှာလည်း အတူတူဖြစ်နေတော့ နတ်အဆင့် တက်နိုင်မှာ မဟုတ်ဘူး"
ရှင်းဟိုင်က ခေါင်းတစ်ချက်ယမ်းလိုက်သည်။
"နှမြောစရာကောင်းလိုက်တာ"
တပည့်နှစ်ယောက်က သက်ပြင်းကိုယ်စီချလိုက်သော အချိန်တွင် သူသည် စကားတစ်ခွန်းမှ မဆိုဘဲ တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေသည့် ယဲ့ချန်အား နက်ရှိုင်းစွာ စိုက်ကြည့်နေသည်။
ယဲ့ချန်သည် ကျင့်ကြံနေသော်လည်း ဝိညာဥ်အသိစိတ်က ကောင်းကင်ရေကန်နှင့် ပေါင်းစပ်နေသောကြောင့် စိတ်အာရုံထက်ရှနေပြီး သူ့ကို စောင့်ကြည့်နေသူ သုံးယောက်ရှိကြောင်း သိလိုက်၏။ ဤသုံးယောက်က ရှင်းဟိုင်နှင့် တပည့်နှစ်ယောက် ဖြစ်နိုင်ပြီး တစ်ယောက်ထံမှ ရန်လိုစိတ်ကို ခံစားခဲ့ရသည်။ သူက ရှင်းဟိုင်နှင့် ရင်းနှီးသောကြောင့် ရန်လိုသောအကြည့်မှာ ထိုဟင်းလင်းပြင်နတ်ထံမှ မဟုတ်ကြောင်း သေချာသည်။ ထို့ကြောင့် သူ၏တပည့်နှစ်ယောက်အနက် ရန်သူများ ထည့်သွင်းထားသော သူလျှို ရှိနိုင်သောကြောင့် နတ်စက်လုံးကို ထုတ်မပြမိရန် ပို၍အရေးကြီးလာသည်။ လောလောဆယ်တွင် သူ့အတွက် ကျင့်ကြံခြင်းက အရေးကြီးနေပြီး အပြင်ပြန်ရောက်မှသာ သူလျှိုအကြောင်း စုံစမ်းရပေလိမ့်မည်။
ယဲ့ချန်သည် ကောင်းကင်ရေကန်၏ နယ်မြေအတွင်းမှ ခေါ်နေသံတစ်ခုကို ခပ်ဖျော့ဖျော့ ကြားနေခဲ့ပြီး ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သည်။ အချိန်က ဆက်လက်ကုန်ဆုံးနေပြီး ရှစ်နှစ်မြောက်တွင် ပါရမီရှင်ပေါင်းရာချီအနက် အချို့က အသက်ဓာတ်များ ကုန်ခမ်းလာကာ အရေပြားများ ရှုံ့တွ၍ ဆံပင်များ ဖွေးဖွေးဖြူကုန်၏။ နတ်ပြည်တွင် ဤခံစားချက်မျိုး မရှိသောကြောင့် သူတို့က ရူးသွပ်ကာ ထွက်ပေါက်ကို အသည်းအသန် လိုက်ရှာခဲ့ကြသည်။ သို့သော် ကောင်းကင်ရေကန်သည် နှစ်ပေါင်းငါးရာ ကြာမှသာလျှင် ပြန်ပွင့်မည်ဖြစ်သောကြောင့် သူတို့အားလုံး ကျရှုံးခဲ့သည်။ နတ်ပြည်တွင် အသတ်မခံရလျှင် ထာဝရ ရှင်သန်နိုင်သောကြောင့် အမြဲတစေ သတ်ဖြတ်နေကာ အသက်များက ဟင်းရွက်များပမာ စျေးပေါသည်။ သူတို့က ဤနေရာတွင် သေဆုံးလျှင်ပင် မျိုးနွယ်ဝင်များသည် တမ်းတသတိရနေမည် မဟုတ်ချေ။ နှစ်အနည်းငယ်အတွင်း ထပ်မံပေါက်ဖွားလာမည့် ပါရမီရှင်များကြောင့် သူတို့အကြောင်းက မှေးမှိန်ပျောက်ကွယ်သွားပေလိမ့်မည်။
ရှစ်နှစ်အတွင်း ပါရမီရှင်ဆယ်ယောက်ကျော် သေဆုံးသွားကာ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လောကတစ်ခုအတွင်း ရောက်ရှိနေသည်။ ရှေ့တည့်တည့်တွင် အရပ်မြင့်မြင့် လူတစ်ယောက်ရှိနေပြီး အဖြူရောင်ကို ဝတ်ဆင်ထားကာ နောက်ကျောဘက်ကိုသာ မြင်ရသော်လည်း လောကကြီးနှင့် တစ်သားတည်း ဖြစ်နေခဲ့၏။
"မင်း ရောက်လာပြီလား"
ထိုလူက လှည့်ကြည့်လိုက်သောအခါ မျက်နှာကို သေချာစွာ မြင်လိုက်ရပြီး ယဲ့ချန်နှင့် ထပ်တူကျနေခဲ့သည်။
"မင်းက သူတော်စင်ဘုရင်လား။ ငါ ရောက်လာမယ်ဆိုတာကို မင်း သိနေတာလား။ ကောင်းကင်ဓားပျံနဲ့ ကျောက်စိမ်းနန်းတော်လို အရာတွေက မင်းရဲ့ အစီအစဥ်လား"
တစ်ဖက်လူသည် ကောင်းကင်ရေကန်အတွင်း ဝင်ရောက်ခဲ့ပြီး ဝိညာဥ်အသိစိတ်တစ်ခု ချန်ထားရစ်ခဲ့ရန် ဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။
"မဟာတာအိုက ဆက်လက်ရွေ့လျားနေတယ်။ ငါက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ခန့်မှန်းနိုင်ရင်တောင် ကိုယ့်ကံကြမ္မာကိုယ် ဘယ်လိုစီရင်ရမှာလဲ။ မင်း ကြုံတွေ့နေရတဲ့ အရာရာက ငါစီစဥ်နိုင်တာမျိုး မဟုတ်ဘူး။ ကံတရားကိုသာ ကြိုတင်စီမံနိုင်ရင် ရှင်းဟွမ်ဘုရင်ကို ရှုံးခဲ့မှာ မဟုတ်ဘူးလေ"
ယဲ့ချန်၏စကားကို ကြားသောအခါ သူတော်စင်ဘုရင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်၏။ သူ၏ကံကြမ္မာကို သူတော်စင်ဘုရင်မှ ချုပ်ကိုင်ထားမည်အား စိုးရိမ်သော ယဲ့ချန်၏ စိတ်အတွင်းရှိ အထုံးတစ်ခု ပြေလျော့သွားခဲ့သည်။
"မင်းရဲ့ အတိတ်ဘဝအနေနဲ့ ပြန်လည်ဝင်စားနိုင်ဖို့ ငါ အစွမ်းကုန် ကြိုးစားပေးခဲ့တယ်။ မင်း ဘယ်လောက်သွားနိုင်မလဲဆိုတာကတော့ ငါ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် ဖန်တီးရမယ်။ မေးစရာရှိရင် စိတ်ကြိုက်မေးနိုင်တယ်။ လူသားမျိုးနွယ်ရဲ့ အနာဂတ်က မင်းအပေါ်မှာ မူတည်နေတယ်။ ကံတရားကို ကောင်းကင်ဗျတ်စောင်းက ထိန်းချုပ်ထားပေမယ့် ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်နဲ့ဆိုရင် မင်းက ဖောက်ထွက်နိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်"
သူတော်စင်ဘုရင်က တစ်လုံးချင်း တည်ကြည်စွာ ပြောလိုက်၏။
"ဒီကျင့်စဥ်က"
"တကယ်တော့ ဒါက အပိုင်းကိုးပိုင်းရှိပြီး မင်း ကျင့်ကြံနေတာက တစ်ပိုင်းတည်းပါ"
"ကျင့်စဥ်အပြည့်အစုံကရော ဘယ်မှာလဲ"
အစွမ်းထက်လွန်းသော ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်သည် ကျင့်စဥ်အပြည့်အစုံ မဟုတ်ကြောင်း ကြားလိုက်ရသောအခါ ယဲ့ချန်က တအံ့တသြ ပြန်မေးလိုက်မိသည်။
"တကယ်တော့ ဒီကျင့်စဥ်ကို ကိုးဘဝကိုးကြိမ် ကျင့်ကြံရပြီး မင်းက နောက်ဆုံးဘဝ ဖြစ်တယ်။ အရင်ဘဝရှစ်ခုမှာ ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်ရဲ့ အပိုင်းရှစ်ပိုင်းကို ကျင့်ကြံထားပြီးပြီ။ ငါတို့က ပြန်လည်ဝင်စားလိုက်တိုင်း ပိုပြီးသန်မာလာကြတယ်။ ငါ ကျင့်ကြံတုန်းက နတ်တစ်ပိုင်းအဆင့်ရောက်ဖို့ နှစ်၅၀၊ နတ်အဆင့်ရောက်ဖို့ နှစ်၁၀၀၊ လောကနတ်အဆင့်ရောက်ဖို့ နှစ်ငါးရာ၊ အာကာသနတ်အဆင့်ရောက်ဖို့ နှစ်၂၀၀၀နဲ့ ထိပ်တန်းအာကာသနတ်အဆင့်ရောက်ဖို့ နှစ်ပေါင်းငါးထောင် လိုအပ်ခဲ့တယ်။ မင်းက ကိုးဘဝဆိုတော့ ကျင့်ကြံနှုန်း ငါ့ထက် ပိုမြန်လိမ့်မယ်။ အသက်နှစ်ဆယ်နဲ့ နတ်တစ်ပိုင်းအဆင့်ကို ရောက်နေပြီဆိုတော့ အနာဂတ်မှာ ငါ့ထက် ပိုပြီးသန်မာလိမ့်မယ်"
"ဒီလိုဆိုရင် ကြေးခွံနက် ဝိညာဥ်မြွေမျိုးနွယ်လိုမျိုးလား"
ယဲ့ချန်က ခဏတာစဥ်းစား၍ မေးခွန်းထုတ်လိုက်၏။
"မင်းပြောချင်တာက မှော်သားရဲမျိုးနွယ်တစ်ခု မဟုတ်လား။ မင်းက ဒီကောင်တွေနဲ့ ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်ကို ယှဥ်နေတာလားကွာ ဟား ဟား"
သူတော်စင်ဘုရင်က သဘောကျစွာ ရယ်မော၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"ဒီမျိုးနွယ်မှာ သူတို့က ဝိညာဥ်ကိုထုတ်ပြီး ကပ်ပါးအသက်ရှင်ဖို့ ခန္ဓာတစ်ခုကို ရှာဖွေကြတာဖြစ်တယ်။ ခွန်အားက ပိုပြီးသန်မာလာနိုင်ပေမယ့် ဝိညာဥ်ကတော့ အဲ့လောက်အစွမ်းမထက်ပါဘူး။ မင်းက ဒီကျင့်စဥ်ကို အောင်မြင်သွားရင် ဘိုးဘေးနတ်အဆင့်အထိ ရောက်နိုင်လိမ့်မယ်။ သူတို့က ဒီစကြဝဠာကြီးမှာ အစွမ်းအထက်ဆုံးဖြစ်ပြီး အရာရာကို ထိန်းချုပ်ကိုင်တွယ်ကြတယ်။ အသက်နတ်ဘုရားက စကြဝဠာအက်ကြောင်းတွေကို ပြင်ဆင်ဖို့အတွက် သေဆုံးသွားတဲ့အခါ နတ်မီးတောက် ကျန်ရစ်ခဲ့တယ်။ ငါက ဒါကို ရအောင် မယူနိုင်ခဲ့တာ နှမြောစရာပဲ။ ဒီလိုသာမဟုတ်ရင် လူသားမျိုးနွယ်က ဒီလောက်နိမ့်ကျနေစရာ မလိုဘူးလေ"
သူတော်စင်ဘုရင်၏ စကားကြောင့် ယဲ့ချန်က မင်သက်သွားကာ ဤကျင့်စဥ်သည် ဘိုးဘေးနတ်အဆင့်သို့ ရောက်စေနိုင်မည်ဟု ထင်မထားပေ။
"နတ်မီးတောက်က ဘယ်လိုအရာမျိုးလဲ။ ဒါက ရှင်းဟွမ်ဘုရင်ရဲ့ လက်ထဲ ရောက်နေတာ မဖြစ်နိုင်ဘူးလား"
သူက မေးလိုက်ခြင်းဖြစ်သည်။
"မဖြစ်နိုင်ဘူး။ ဒီကောင်က ငါ့ကိုတိုက်ခိုက်ပြီး နတ်မီးတောက်ကို လုယူခါနီးမှာ ငါက ကောင်းကင်ဓားပျံရဲ့ နောက်ဆုံးတိုက်ကွက်နဲ့ အပြင်းအထန် ဒဏ်ရာရအောင် ပစ်ခတ်နိုင်ခဲ့တယ်။ သူက ကောင်းကင် နတ်လက်နက်တစ်ခုရဲ့ အစွမ်းကြောင့် နောက်ထပ်နှစ်သိန်းချီလောက် ဝိညာဥ် လောင်ကျွမ်းခံနေရသလို နာကျင်နေလိမ့်မယ်"
ရှင်းဟွမ်ဘုရင်နှင့် တိုက်ပွဲအကြောင်း ဇာတ်ကြောင်းပြန်နေသော သူတော်စင်ဘုရင်၏ မျက်လုံးများတွင် ဝမ်းနည်းစိတ်များ ထင်ဟပ်နေခဲ့သည်။ အတိတ်မှ ဖြစ်ရပ်တစ်ခုကြောင့် သူက အပြစ်ရှိစိတ်ကို ခံစားနေရပုံပေါ်သော်လည်း ယဲ့ချန်ကို မပြောခဲ့ပေ။ ထို့ကြောင့် အကင်းပါးသော ယဲ့ချန်သည် ဤကိစ္စသည် ရောင်ယွမ်၏ အတိတ်ဘဝနှင့် ပတ်သက်နိုင်ကြောင်း နားလည်လိုက်၏။ ရှင်းဟိုင်၏စကားအရ အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များကို သူက ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။
"ဒါဆိုရင် နတ်မီးတောက်က အခုဘယ်မှာလဲ"
"ဒါကို လောလောဆယ်မှာ ဘိုးဘေးနတ်၁၇ယောက် ထိန်းချုပ်ထားတယ်။ မျိုးနွယ်ပေါင်းစုံရဲ့ ကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူကသာ နတ်မီးတောက်ကို ထိန်းချုပ်ပြီး ဘိုးဘေးနတ်အဆင့်ကို တက်နိုင်လိမ့်မယ်။ မင်းက ကျင့်ကြံဆင့်တစ်ခုကိုရောက်ရင် နတ်မီးတောက်ကို ဘယ်လိုယူရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ်"
သူတော်စင်ဘုရင်က တစ်လုံးချင်း ပြောလိုက်သည်။ ကွယ်လွန်သွားသော အသက်နတ်ဘုရားအပါအဝင် ဤစကြဝဠာကြီးတွင် ဘိုးဘေးနတ်၁၈ယောက် တည်ရှိနေ၏။ သူတို့က အရာရာကို အထင်သေးစွာ ကြည့်နိုင်ပြီး အာကာသနတ် ထိပ်ဆုံးအဆင့်များပင် သူတို့ရှေ့မှောက်တွင် ပုရွက်ဆိတ်များပမာ သေးငယ်ကြသည်။
"ငါက ကောင်းကင်ရေကန်မှာ ဓားပျံအစိတ်အပိုင်းတစ်ခုကို ချန်ထားခဲ့တယ်။ မင်းက ဂရုတစိုက်ရှာဖွေရင် ဒါကို ရှာတွေ့မှာပါ။ မင်းအနေနဲ့ ရှင်းဟွမ်ဘုရင်ကို အနိုင်ယူချင်ရင် ကောင်းကင်ဓားပျံရဲ့ အစိတ်အပိုင်းအားလုံးကို စုစည်းပြီး ကောင်းကင် နတ်လက်နက်ကို ပြန်လည်တည်ဆောက်ရမယ်။ သူ့မှာ ကောင်းကင်ဗျတ်စောင်းရှိရုံတင်မဟုတ်ဘဲ ကောင်းကင် နတ်လက်နက်တစ်ခုဖြစ်တဲ့ သွေးပုဆိန်ကိုလည်း ပိုင်ဆိုင်ထားတယ်"
သူတော်စင်ဘုရင်က ယဲ့ချန်ကို တင်းကြပ်စွာ သတိပေးလိုက်သည်။
"နားလည်ပါပြီ"
ရှင်းဟွမ်မျိုးနွယ်ကို ရင်ဆိုင်ခြင်းသည် အပြောထက် အလုပ်က ပို၍ခက်ခဲသော်လည်း ယဲ့ချန်အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်၏။ သူ့အနေဖြင့် လူသားမျိုးနွယ်ကို အန္တရာယ်ကင်းကင်း ရှင်သန်စေလိုလျှင် စကြဝဠာကို အုပ်စိုးနိုင်ရပေလိမ့်မည်။
"မင်း အဆင်သင့်ပြင်ထား"
"ဘာကို ပြင်ဆင်ရမှာလဲ"
"မင်းက ငါ့ဝိညာဥ်နဲ့ ပေါင်းစပ်ရလိမ့်မယ်။ ဒါက ငါ့လက်ဆောင်ဖြစ်ပြီး မင်းကို နတ်အဆင့်ရောက်အောင် ကူညီမပေးနိုင်ပေမယ့် ဒီထဲကစွမ်းအားဟာ မင်းထင်တာထက် ပိုများတယ်။ ဒီဖြစ်စဥ်က နာကျင်နိုင်တဲ့အတွက် မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်"
သူတော်စင်ဘုရင်၏ ဝိညာဥ်အသိစိတ်က ဖြည်းညှင်းစွာ ကွဲထွက်လာခဲ့သည်။
"ငါ့အသိစိတ်က မင်းကို မသက်ရောက်စေဖို့အတွက် ဝိညာဥ်ကနေ ခွဲထုတ်ထားရမယ်။ ငါက အချိန်အနည်းငယ်အတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် မေးစရာရှိရင် မြန်မြန်မေး"
သူတော်စင်ဘုရင်က ဂရုတစိုက် ပြောလိုက်ပြီး သူ၏ဝိညာဥ်သည် ယဲ့ချန်၏ ဝိညာဥ်အသိစိတ်ထံ စတင်ပေါင်းစပ်လာခဲ့သည်။
"ဘုန်း"
သည်းမခံနိုင်လောက်သော နာကျင်မှုတစ်ခုက သူ၏စိတ်ကို ထိုးနှက်သွားခဲ့လေသည်။