← Chapters

ကောင်းကင်ရေကန်၏ ဘေးထွက်ဆိုးကျိုး

Vol. 69 Ch. 966

ကောင်းကင်ရေကန်၏ ဘေးထွက်ဆိုးကျိုး

Vol. 69 Ch. 966

ရှင်းရွှမ်သည် ကောင်းကင်မူလကြယ်၏ ကြယ်သခင် ဖြစ်သောကြောင့် ယဲ့ရှင်းရွှမ်နှင့် တစ်ယောက်တည်း ဟုတ်မဟုတ် မသေချာပေ။ လူတူမရှား နာမည်တူမရှား ဖြစ်သော်လည်း ကြယ်သခင်ရှင်းဖြစ်နေလျှင် အံ့သြစရာ ကောင်းပေလိမ့်မည်။ လက်ရှိတွင် သူက နတ်သခင်အမည်ဖြင့် ကောင်းကင်နတ်ဆိုးပြည်ထောင်တွင် လှုပ်ရှားနေပြီး ကောင်းကင်နတ်ဆိုးများ၏ ထိန်းချုပ်မှုအောက် ကျရောက်​နေပုံပေါ်သည်။ ထို့ကြောင့် ယဲ့ချန်သည် ယဲ့မျိုးနွယ်၏ ပါရမီရှင်နှင့် နတ်သခင်က တစ်ယောက်တည်း မဖြစ်စေရန်သာ မျှော်လင့်နေလိုက်၏။ စကားအနည်းငယ် ပြောဆိုပြီးနောက် ရှင်းဟိုင်သည် ယဲ့ချန်၊ နင်အာနှင့် လင်လုံတို့ကို ခေါ်ဆောင်သွားကာ ခန်းမကြီးတစ်ခုထံ ဦးတည်လိုက်သည်။ ထိုနေရာတွင် ရွေးချယ်ခံများ စုဝေးနေကြပြီး ရှင်းဟိုင်နှင့်အတူ ရောက်လာသူများကို မြင်သောအခါ မနာလိုအားကျနေကြသည်။ သူတို့၏အမြင်တွင် ရှင်းဟိုင်က ယဲ့ချန်တို့ကို အရင်းအမြစ်အချို့ ပေးအပ်ပြီးပြီဟု ထင်မှတ်နေကြသည်။ ထိုသုံးယောက်၏ ပါရမီများသည် ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားသောကြောင့် ရှင်းဟိုင်၏ တန်ဖိုးထားခံရသော်လည်း သူတို့က ဤမျှကံမကောင်းချေ။

"မင်းတို့အားလုံးက မျိုးနွယ်ပေါင်းစုံရဲ့ ပါရမီရှင်တွေ ဖြစ်တဲ့အတွက် ငါက မျှော်လင့်ထားတယ်။ ကောင်းကင်ရေကန်က နတ်ပြည် စတင်ဖြစ်ပေါ်လာချိန်မှာ တည်ရှိခဲ့တဲ့ အချိန်လေဟာနယ် အက်ကြောင်းတစ်ခု ဖြစ်တယ်။ ဒီအထဲမှာ အချိန် ဆယ်စုနှစ်ချီ ကြာသွားရင်တောင် အပြင်မှာ တစ်ရက်သာ ကြာမြင့်လိမ့်မယ်"

ရှင်းဟိုင်က ရွေးချယ်ခံများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်၏။ သူ၏စကားကို ကြားသောအခါ သူတို့က အုတ်အော်သောင်းတင်း ဖြစ်သွားကာ ကောင်းကင်ရေကန်၏ အကျိုးကျေးဇူးကို ထင်မှတ်မထားပေ။ ဤအချက်အရ ထိုနေရာတွင် အချိန်တစ်နှစ်ခန့် ကျင့်ကြံလိုက်လျှင်ပင် နတ်အဆင့်နှင့်အထက်သို့ တက်ရောက်နိုင်စွမ်း ရှိပေလိမ့်မည်။ သူတို့အားလုံးသည် အချင်းချင်း တီးတိုးဆွေးနွေးနေကာ ဤသို့သော နေရာတစ်ခုကို ရှင်းဟိုင်က ဆက်တိုက်အသုံးမပြုရသော အကြောင်းအရင်းကို အတွေးနက်နေသည်။

"ငါက ဒီလိုနေရာတစ်ခုကို အမြဲတမ်း အသုံးမပြုတဲ့အတွက် မင်းတို့ သိချင်နေကြမယ် ထင်တယ်။ တကယ်တော့ ကောင်းကင်ရေကန်မှာ အန္တရာယ်ကြီးတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိတယ်။ လူအယောက်တစ်ရာ ဝင်သွားရင် တစ်ယောက်သာ ပြန်ထွက်လာနိုင်ချေ ရှိတယ်။ နတ်ပြည်မှာ ကျင့်ကြံသူတွေက ထာဝရ အသက်ရှင်နိုင်ပေမယ့် ကောင်းကင်ရေကန်မှာတော့ အချိန်စီးကြောင်းကြောင့် အသက်ကြီးနှုန်းက အဆပေါင်းထောင်သောင်းချီ မြန်နေလိမ့်မယ်။ မင်းတို့ရဲ့ရုပ်ခန္ဓာက အချိန်တိုင်း အသက်ကြီးလာနေမှာဖြစ်ပြီး အချို့ကတော့ နိယာမတွေကို နားလည်နိုင်ရင် အသက်ရှင်ခဲ့ကြတယ်။ အချို့ကတော့ ဒါကို နားမလည်တဲ့အတွက် လျင်မြန်စွာ အသက်ကြီးရင့် သေဆုံးသွားခဲ့တယ်။ ဒါ့အပြင် ကောင်းကင်ရေကန်အပြင်ကို ထွက်လာဖို့ အချိန်ဆယ်ရက်သာ လိုအပ်တယ်။ ဒီဆယ်ရက်က အပြင်လောကမှာ နှစ်ပေါင်းငါးရာ ကြာမြင့်မှာဖြစ်ပြီး မင်းတို့ရဲ့အသက်အားက လျင်လျင်မြန်မြန် ကုန်ဆုံးနေလိမ့်မယ်။ ကျင့်ကြံသူအများစုက ဒါကို မကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဖြတ်ကျော်နိုင်ရင်တော့ ဒီဆယ်ရက်အတွင်းမှာ အဆင့်တက်နိုင်လိမ့်မယ်။ မင်းတို့ဆန္ဒ မရှိရင်တော့ မဝင်လို့လည်း ရပါတယ်"

ရှင်းဟိုင်က တည်ငြိမ်လေးနက်စွာ ရှင်းပြလိုက်သောအခါ ပါရမီရှင်များ တုံ့ဆိုင်းကုန်သည်။ ကောင်းကင်ရေကန်အတွင်း တာအိုကို ဆင်ခြင်လျှင် များစွာအကျိုးရှိသည်ဟု ကြားဖူးထားသော်လည်း ပြင်းထန်လွန်းသော အကျိုးဆက်အား မျှော်လင့်မထားကြချေ။ သို့ရာတွင် ဆယ်ရက်အတွင်း အဆင့်တက်နိုင်မည်ဟူသော အချက်က လက်လွှတ်ရန်အတွက် ဆွဲဆောင်အားပြင်းလွန်းနေ၏။ နှစ်ပေါင်းငါးရာက အတွင်း၌ ဆယ်ရက်သာ ကြာမည်ဖြစ်သောကြောင့် သူတို့အတွက် အချိန်မကြာသည့်အပြင် ထွက်လာနိုင်လျှင် အကျိုးကျေးဇူးများ ရှိပေလိမ့်မည်။ နတ်ပြည်တွင် သေခြင်းတရားက ပုံမှန်သာဖြစ်ပြီး နေ့တိုင်း ကျင့်ကြံသူများ သေဆုံးနေကာ မြက်ပင်များပမာ တန်ဖိုးမရှိပေ။ ထို့ကြောင့် သူတို့က တုံ့ဆိုင်းနေသော်လည်း ထွက်မသွားကြဘဲ အသက်နှင့် ရင်းရမည်ဆိုလျှင်ပင် နတ်အဆင့်တစ်ယောက် သို့မဟုတ် လောကနတ်တစ်ယောက် ဖြစ်လာလိုကြ၏။ အသက်ရှင်နှုန်းက အယောက်တစ်ရာလျှင် တစ်ယောက်သာ ရှိသော်လည်း သူတို့က စွန့်စားရန် ဆန္ဒ ရှိနေကြသည်။

"ကျုပ်တို့က ဒီလောက်မှ မစွန့်စားရဲရင် ဘယ်လိုလုပ် ကျင့်ကြံနိုင်တော့မှာလဲ"

"မှန်တယ် အရှင်ရှင်း။ ကျုပ်တို့ကို ဝင်ခွင့်ပေးပါ"

မျိုးနွယ်ပေါင်းစုံမှ ပါရမီရှင်များက တစ်ယောက်ပြီးတစ်ယောက် ပြတ်သားစွာ ဆုံးဖြတ်လိုက်ကြသည်။

"တကယ်တော့ မင်းတို့က အထဲဝင်စရာ မလိုဘူး။ အခြားမျိုးနွယ်ဝင်တွေက အဆင့်တက်နိုင်ပေမယ့် ရှင်းဟွမ်မျိုးနွယ်ရဲ့ ဖိနှိပ်မှုကြောင့် နောက်ဆုံးမှာ မင်းတို့က နတ်တစ်ပိုင်းအဆင့် ထိပ်ဆုံးကိုသာ ရောက်နိုင်လိမ့်မယ်။ ဘယ်လိုဆုံးဖြတ်ထားကြလဲ"

ရှင်းဟိုင်၏ အကြည့်က ယဲ့ချန်၊ နင်အာနှင့် လင်လုံထံ ကျရောက်လာကာ သဘောထားကို မေးမြန်းလိုက်သည်။ သူ၏စကားကို ကြားသောအခါ အခြားကျင့်ကြံသူများက ယဲ့ချန်တို့ကို သနားစဖွယ် စိုက်ကြည့်လာကြသည်။ သူတို့အတွက် စွန့်စားခြင်းနှင့် ရလဒ်က ထိုက်တန်ပြီး အသက်အားများ ကုန်ဆုံးလျှင်ပင် အဆင့်တက်နိုင်ကြပေလိမ့်မည်။ ယဲ့ချန်တို့သုံးယောက်အတွက် အသက်နှင့်ရင်းကာ မည်မျှကြိုးစားပါစေ၊ နောက်ဆုံးတွင် နတ်အဆင့်သို့ တက်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ထိုနေရာ၌ဆိုလျှင် ဆုလာဘ်က အလွန်နည်းပါးပြီး သေနိုင်သောကြောင့် ကောင်းကင်ရေကန်အတွင်း ဝင်ရောက်ရန် တွေးမည် မဟုတ်ချေ။

"နင်အာ မင်း လိုက်မလာပါနဲ့။ အစ်ကို သွားလိုက်မယ်"

ယဲ့ချန်က ခဏတာစဥ်းစား၍ နင်အာကို တားမြစ်လိုက်၏။

"ငါက အစ်ကိုကြီးကို တစ်ယောက်တည်း မလွှတ်နိုင်ဘူး။ ဘယ်သွားသွား သေအတူရှင်မကွာ နေကြမယ်။ မှော်သားရဲမျိုးနွယ်က အခြားနေရာမှာ မတော်ရင်တောင် သက်တမ်းရှည်တဲ့အတွက် နှစ်ငါးရာက ဘာမှမဟုတ်ပါဘူး"

နင်အာက ခေါင်းတစ်ချက်ယမ်းကာ လေးနက်စွာ ပြောလိုက်သည်။ အကယ်၍ သူမသာ အသက်အားများ ကုန်ဆုံးသည့် ဒဏ်ကို သည်းမခံနိုင်တော့လျှင် ဒန်တန်အတွင်း ထည့်သွင်းထားမည်ဟု ယဲ့ချန်က တွေးမိလိုက်သည်။ သူ၏ အတွင်းလောကသည် ကောင်းကင်ရေကန်၏ အသက်အားကုန်ခမ်းမှုကို တွန်းလှန်နိုင်ချေ ရှိသောကြောင့် စိတ်အေးသွားကာ လက်ခံလိုက်၏။

"လင်းတုန်ရော ဘယ်လိုဆုံးဖြတ်ထားလဲ"

"အထဲကို သွားမယ်"

လင်းတုန်ကလည်း ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ခေါင်းညိတ်လိုက်၏။ အတွင်း၌ အန္တရာယ်များကြောင်း သိထားသော်လည်း ဝိညာဥ်မျက်လုံးမျိုးနွယ်ကို ကာကွယ်ရန်အတွက် သူမက နောက်ဆုတ်ရန် အကြောင်းမရှိပေ။ လင်လုံသည်လည်း တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့ပြီး ဤနေရာကို လုံးဝကြောက်ရွံမနေခဲ့ချေ။

"မင်းတို့ရဲ့ နတ်အမြစ်နဲ့ ဝိညာဥ်က အလွန်သန်မာတဲ့အတွက် အသက်အားကုန်ဆုံးနှုန်းက သူများတွေထက် ပိုနှေးလိမ့်မယ်"

သေခြင်းတရားများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသော ရှင်းဟိုင်က တည်ငြိမ်စွာ အကြံပေးလိုက်သည်။

"ဒါဆိုရင် ကျုပ်တို့လည်း လိုက်ပါမယ်"

ကောင်းကင်ရေကန်အတွင်း သူတော်စင်ဘုရင် ချန်ထားရစ်ခဲ့သော လျှို့ဝှက်ချက်ကို စုံစမ်းလိုသောကြောင့် ယဲ့ချန်က ကြောက်ရွံ့ခြင်းကင်းမဲ့စွာ လက်ခံလိုက်၏။

"ကောင်းပြီ။ သွားကြစို့"

ရှင်းဟိုင်က စကားအဆုံးတွင် လက်တစ်ချက် ယမ်းလိုက်သောအခါ ခန်းမ၏အလယ်၌ ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာပြီး အနောက်တွင် ကောင်းကင်ရေကန် ရှိပေလိမ့်မည်။ ရွေးချယ်ခံများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဝင်ပေါက်အတွင်း တုံ့ဆိုင်းခြင်းမရှိ ခုန်ဝင်သွားကြသည်။ ကောင်းကင်ရေကန်က အလွန်ကျယ်ဝန်းသော နေရာတစ်ခုဖြစ်ပြီး ကောင်းကင်နှင့် မြေပြင်တွင် အချိန်လေဟာနယ်ချီများသည် ရေစီးကြောင်းများသဖွယ် စီးဆင်းနေသောကြောင့် နာမည်နှင့် ကိုက်ညီပေသည်။ ဤမျှကျယ်ဝန်းလှသော နေရာအတွင်း သူတို့က မြူမှုန်များပမာ သေးငယ်နေ၍ ကျင့်ကြံရန်အတွက် နေရာကိုယ်စီ ရှာဖွေလိုက်ကြ၏။ သူတို့၏အသက်အားများ ဆက်တိုက်စီးထွက်နေသည်ကို ခံစားမိသောကြောင့် သူတို့က အချိန်တစ်စက္ကန့်ကိုပင် မဖြုန်းတီးလိုပေ။

ယဲ့ချန်၊ လင်လုံနှင့် နင်အာသည် သီးခြားဖြစ်သော နေရာတစ်ခု ရှာဖွေလိုက်ပြီး တင်ပျဥ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်ကြသည်။ ကောင်းကင်ရေကန်အတွင်း အသက်အားများ လျင်မြန်စွာ ကုန်ဆုံးသွားသော်လည်း အချိန်က နှေးကွေးလှ၏။ ကောင်းကင်ရေကန်အတွင်း အသိစိတ်တစ်ခု ရှိနေသည်ကို သူက ခံစားလိုက်ရသဖြင့် သူတော်စင်ဘုရင်နှင့် သက်ဆိုင်နိုင်ချေရှိသည်။ သို့သော် သူက ဝိညာဥ်အသိစိတ်ဖြင့် ၎င်းကို ဆက်သွယ်ရန် ကြိုးစားလိုက်တိုင်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ အချိန်များစွာ ကျန်ရစ်သောကြောင့် အနှေးနှင့်အမြန် ဖော်ထုတ်နိုင်မည်ဖြစ်သောအခါ သူက ရှည်ရှည်ဝေးဝေး မတွေးဘဲ စတင်ကျင့်ကြံလိုက်၏။ ကောင်းကင်ရေကန်အတွင်း ကျင့်ကြံသူများ ဝင်ရောက်လာကာစတွင် ဆူညံသွားသော်လည်း ခဏအတွင်း ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက ကိုယ်စီကျင့်ကြံနေကာ တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ကြပေ။

ယဲ့ချန်၏ကျင့်ကြံဆင့်က ဖြည်းဖြည်းမှန်မှန် တိုးတက်နေပြီး လက်ရှိကျင့်ကြံဆင့်၏ ထိပ်ဆုံးသို့ ရောက်လာသော်လည်း အဆင့်တက်ရန် အလျင်မလိုဘဲ ခွန်အားကို တိုးမြှင့်လိုက်သည်။ ကောင်းကင်ရေကန်တွင် ကျင့်ကြံသူများ၏စိတ်ကို တည်ငြိမ်စေနိုင်သော စွမ်းရည်တစ်ခုရှိကာ ကျင့်ကြံနေရင်း အချိန်က မျက်တောင်တစ်ခတ်အတွင်း သုံးနှစ်ကျော်လွန်လာ၏။ သူက ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားပြီး အချိန်ကို မေ့ထားကာ နောက်ဆုံးတွင် အတားအဆီး ကျိုးပြတ်သွား၍ ထိပ်တန်းကြယ်သခင်အဆင့်သို့ ရောက်သွားခဲ့သည်။ အချိန်လေဟာနယ်ချီများက ရုပ်ခန္ဓာပတ်လည်တွင် စုဝေးနေကာ အရောင်ကိုးရောင် ကွဲပြားနေသည်။ နောက်ဆုံးတွင် ကျင့်ကြံခြင်း၌ အောင်မြင်မှုကြီးကြီးမားမား ရခဲ့သောကြောင့် သူက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

အဆင့်တက်ပြီးနောက် ယဲ့ချန်သည် တိတ်တဆိတ် ဆက်လက်ကျင့်ကြံနေကာ လက်ရှိကျင့်ကြံဆင့်ကို အခြေတည်စေသည်။ ဝိညာဥ်အသိစိတ်သည်လည်း ကောင်းကင်ရေကန်တစ်ခုလုံးနှင့် တစ်သားတည်း ပေါင်းစပ်နေပုံရကာ ဦးခေါင်းအထက်၌ မျောလွင့်နေခဲ့လေသည်။

All Chapters