← Chapters

လူသားမျိုးနွယ်၏ သမိုင်းကြောင်း

Vol. 69 Ch. 965

လူသားမျိုးနွယ်၏ သမိုင်းကြောင်း

Vol. 69 Ch. 965

"ရှင်းဟွမ်မျိုးနွယ်က လူသားမျိုးနွယ်ရဲ့ ကံတရားကို ဖိနှိပ်ထားဖို့အတွက် ကောင်းကင်ဗျတ်စောင်းလို့ ခေါ်တဲ့ ရတနာကို အသုံးပြုခဲ့ကြတယ်။ ဒါကို အသက်သွင်းဖို့အတွက် ရန်သူမျိုးနွယ်တွေက များစွာအားထုတ်ခဲ့ပြီး လူသားမျိုးနွယ်ကို ထိန်းချုပ်ထားခဲ့ကြတယ်။ မင်းက ဒါကို ချိုးဖျက်ချင်ရင် အကူအညီတစ်ခုခုတော့ လိုအပ်လိမ့်မယ်"

ရှင်းဟိုင်က ဆက်ပြောလိုက်သည်။

"ဘယ်လိုအကူအညီမျိုးလဲ"

ယဲ့ချန်သည် ကောင်းကင်ဗျတ်စောင်းအကြောင်းနှင့် နတ်စက်လုံးအကြောင်း ချင်ရှုထံမှ သိထားသော်လည်း ရှင်းဟိုင်ထံမှ အခြားနည်းလမ်းရလိုရငြား မေးလိုက်၏။

"ငါ သိထားသလောက်ဆိုရင် ဒါကို တွန်းလှန်နိုင်တဲ့ ရတနာနှစ်ခု ရှိတယ်။ တစ်ခုက နတ်စက်လုံးဖြစ်ပြီး နောက်ရတနာတစ်ခုကတော့ နတ်အိပ်မက်ပုလဲ ဖြစ်တယ်။ ဒီရတနာတွေ ဘယ်ကိုရောက်နေလဲ မသိပေမယ့် အစွမ်းထက်မျိုးနွယ်တွေ လက်ထဲကို ရောက်နေလိမ့်မယ်။ ချင်ရှုရဲ့နန်းတော် ထွက်ပေါ်လာတုန်းက နတ်စက်လုံးကို တွေ့မယ်လို့ ထင်ထားပေမယ့် ငါ မှားခဲ့တယ်"

ရှင်းဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ နတ်အိပ်မက်အကြောင်း ယဲ့ချန် မသိသော်လည်း နတ်စက်လုံးကိုမူ လက်မောင်းကာအတွင်း သိမ်းဆည်းထားသည်။ ချင်ရှု၏စကားက အလိမ်အညာဖြစ်ပုံ မရသောကြောင့် နတ်အဆင့်တက်လိုလျှင် ၎င်းကို အားကိုးရပေလိမ့်မည်။ သို့သော် နတ်ပြည်တွင် ဤရတနာ ထွက်ပေါ်လာလျှင် ပြဿနာအကြီးအကျယ် ဖြစ်နိုင်သောကြောင့် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ပြန်ရန် လိုအပ်နေသည်။

"အရှင်ရှင်း အတိတ်မှာ လူသားမျိုးနွယ် ဘယ်လိုကျဆင်းသွားခဲ့တယ်ဆိုတာကို သိထားပါသလား"

ယဲ့ချန်က နတ်စက်လုံးအကြောင်း ထိမ်ချန်ထားလိုက်ပြီး သိလိုစိတ်ဖြင့် စုံစမ်းလိုက်သည်။

"အတိတ်တုန်းက လူသားမျိုးနွယ်ဟာ အလွန်အစွမ်းထက်ပြီး အာကာသနတ်ဆယ်ယောက်အထိ ပိုင်ဆိုင်တယ်။ သူတော်စင်ဘုရင်က အသန်မာဆုံးဖြစ်ပြီး အာကာသနတ်ထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့အတွက် ဘိုးဘေးနတ်အဆင့်ကို ရောက်ဖို့ အနည်းငယ်သာ လိုတော့တယ်"

"ဒီလိုအင်အားမျိုးနဲ့တောင် အဆင့်ခုနစ် မျိုးနွယ် မဖြစ်နိုင်ဘူးလား"

ယဲ့ချန်က တအံ့တသြ မေးလိုက်၏။

"မင်းက အဆင့်ခုနစ်မျိုးနွယ်တွေကို အထင်သေးလွန်းနေပြီ။ ဒီမျိုးနွယ်တိုင်းမှာ အာကာနတ်အရေအတွက် ရာချီရှိပြီး သူတို့အတွက် တိုက်ခိုက်ပေးမယ့် လက်အောက်ခံမျိုးနွယ်တွေ ရှိတယ်"

အဆင့်ခုနစ်မျိုးနွယ်များက အမှန်တကယ် အစွမ်းထက်လွန်းသောကြောင့် လူသားမျိုးနွယ် အဆင့်မတက်နိုင်ခြင်းမှာ မထူးဆန်းပေ။

"လူသားမျိုးနွယ်က အဆင့်ခြောက်ဆိုပေမယ့် သူတော်စင်ဘုရင်က တကယ်အစွမ်းထက်တယ်။ အာကာနတ်အဆင့်မှာ သူ့ကို တိုက်ခိုက်နိုင်တာက ရှင်းဟွမ်ဘုရင်တစ်ယောက်တည်း ရှိတယ်။ သူတို့က တစ်ခုခုအတွက် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး သူတော်စင်ဘုရင်သာ ဒါကို ရသွားရင် လူသားမျိုးနွယ်က အဆင့်ခုနစ် ဖြစ်လာမယ်လို့ သတင်းတွေ ရှိတယ်။ ဒီအရာက ဘာလဲဆိုတာ ငါ မသိပေမယ့် သူတို့နှစ်ယောက်အတွက် အလွန်အရေးပါလိမ့်မယ်။ ဒီတိုက်ပွဲက ပြင်းထန်လွန်းတဲ့အတွက် ဘိုးဘေးနတ်တွေရဲ့ အာရုံကို ဆွဲဆောင်ခဲ့ပေမယ့် ဝင်မပါခဲ့ကြဘူး။ ဒီလိုနဲ့ တစ်ရက်မှာ အခြေအနေက ပြောင်းလဲသွားတယ်"

"ဘယ်လိုပြောင်းလဲသွားတာလဲ"

ယဲ့ချန်၊ နင်အာနှင့် လင်လုံတို့ သုံးယောက်သည် စိတ်ဝင်တစားဖြင့် အာရုံစိုက်နေကြသည်။

"လူသားမျိုးနွယ်မှာ ပုန်ကန်မှုတစ်ခု စတင်လာခဲ့တယ်။ သူတော်စင်ဘုရင်က အစွမ်းထက်ပေမယ့် ရက်စက်ပြတ်သားတယ်။ ရှင်းဟွမ်မျိုးနွယ်နဲ့ စစ်ပွဲမှာ သူ့ကြောင့် လူသားများစွာက ခွန်အားတိုးတက်လာဖို့ နတ်ဆိုးကျင့်စဥ်တွေ ကျင့်ကြံခဲ့ရတယ်။ သူက တာအိုလမ်းစဥ်နဲ့ နတ်ဆိုးလမ်းစဥ်ကို ပေါင်းစပ်ချင်ခဲ့ပြီး လူသားပေါင်းများစွာကို စတေးခဲ့တယ်။ သူ့လုပ်ရပ်က ကြမ်းကြုတ်လွန်းတဲ့အတွက် ကောင်းကင်သခင်ခြောက်ယောက် ဦးဆောင်ပြီး ပုန်ကန်တော်လှန်ခဲ့ကြတယ်"

ရှင်းဟိုင်က အတိတ်မှ ဖြစ်ရပ်များကို ဆွေးမြေ့စွာ ပြောပြနေခဲ့သည်။ သမိုင်းကြောင်းက ထင်ထားသည်နှင့် ကွဲလွဲနေသောကြောင့် ယဲ့ချန်က မင်သက်သွားကာ နင်အာရော လင်လုံပါ တိတ်ဆိတ်နေကြ၏။

"ဒီကိစ္စမှာ ဘယ်သူ မှားတယ် မှန်တယ်ဆိုတာကို ပြောဖို့ခက်တယ်။ လူတိုင်းက အတွေးကိုယ်စီရှိပြီး သူတော်စင်ဘုရင်က ပြတ်သားပေမယ့် ငါ့အထင်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါပဲ။ သူက လူသားမျိုးနွယ် အဆင့်ခုနစ်ဖြစ်လာဖို့အတွက် ကြိုးစားခဲ့ပေမယ့် သဘောထားကွဲလွဲမှုတွေ ဖြစ်လာတာ နှမြောစရာကောင်းလွန်းတယ်။ သူ့ကြောင့် လူသားသန်းရာချီ သေဆုံးခဲ့အတွက် နောက်ဆုံးမှာ မျိုးနွယ်ကရော မိတ်ဆွေတွေကပါ စွန့်ခွာသွားပြီး နောက်လိုက်အနည်းငယ်သာ ကျန်ရစ်တယ်"

ရှင်းဟိုင်၏ စကားကြောင့် မျက်ကန်းကြီးသည် သူ့ကို ခပ်တန်းတန်းဖြစ်နေသော အကြောင်းအရင်းအား ယဲ့ချန်က နားလည်လိုက်၏။

"သူက ကောင်းကင်သခင်ခြောက်ယောက်နဲ့ စစ်တပ်ကို အနိုင်ယူခဲ့ပေမယ့် ဒဏ်ရာရသွားပြီး လူသားမျိုးနွယ်ရဲ့ အင်အားလည်း ဆုတ်ယုတ်သွားတယ်။ ဒီအချိန်မှာ ကောက်ကျစ်တဲ့ ရှင်းဟွမ်ဘုရင်က အခွင့်ကောင်းယူပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ သူတော်စင်ဘုရင်က သူ့ကို ဖိနှိပ်ထားခဲ့ပေမယ့် ဒဏ်ရာရနေတဲ့အတွက် ပြဿနာရှိခဲ့တယ်"

"ရလဒ်က ဘယ်လိုဖြစ်သွားတာလဲ"

အဖြေကို သိထားသော်လည်း ယဲ့ချန်က မမေးဘဲ မနေနိုင်ချေ။

"တိုက်ပွဲရလဒ်က ငါတို့ထင်ထားတာနဲ့ ကွဲပြားနေတယ်။ ဒီအကြောင်းကို ငါလည်း ကြားဖူးနားဝသာရှိလို့ မသေချာဘူး။ ရှင်းဟွမ်ဘုရင်က အရှုံးပေးခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရသွားလို့ ရှင်းဟွမ်မျိုးနွယ်ရဲ့ အာကာသနတ်တစ်ရာကျော် လာရောက်ကယ်ဆယ်သွားရတယ်။ သူတော်စင်ဘုရင်ကလည်း သေလုမျောပါးဖြစ်သွားပြီး ပြန်လည်ကောင်းမွန်ဖို့ မဖြစ်နိုင်ဘူး။ နတ်ဘုရားမြက်ကနေ အသွင်ပြောင်းထားတဲ့ မိန်းမပျိုတစ်ယောက်က သူ့ကို ရန်သူလက်ထဲက လာရောက်ကယ်ဆယ်သွားတယ်။ နောက်ပိုင်းမှာ သူက ငါ့ကို ကြယ်အလင်းကျင့်စဥ် သင်ပေးခဲ့ပြီး ငါလည်း ကောင်းကင်ရေတောင်တန်းမှာ နေထိုင်ခဲ့တယ်။ နောက်ဆုံးမှာ ကျေးဇူးရှင်က သူ ပြန်လာမယ်လို့ပြောပြီး နတ်ပြည်က ပျောက်ချင်းမလှ ပျောက်သွားတယ်"

ရှင်းဟိုင်၏စကားသံတွင် ဝမ်းနည်းစိတ်များ ထင်ဟပ်နေသည်။ နတ်မြက်မှ အသွင်ပြောင်းထားသူက ရောင်ယွမ် ဖြစ်နိုင်သော်လည်း သူမက သူတော်စင်ဘုရင်အကြောင်း မသိထားသဖြင့် လူဝင်စား ဖြစ်နိုင်သည်။ သူတော်စင်ဘုရင်က သူ၏အသက်သွေးကို အသုံးပြုကာ နတ်ဘုရားမြက်အား အသက်သွင်းပေးခဲ့သော အကြောင်းအရင်းကို ယဲ့ချန်က နားလည်လိုက်၏။ သူနှင့် ရောင်ယွမ်၏ အတိတ်ဘဝချင်းက ဆက်နွယ်နေသည် မဟုတ်ပါလော။ သူတော်စင်ဘုရင်က လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သော်လည်း သူ့ကြောင့် လူသားများစွာ သေဆုံးစေခဲ့သောကြောင့် အကျင့်စရိုက်ကို အမှားအမှန် ခွဲခြားရန် မဖြစ်နိုင်ပေ။ သို့သော် သူက အစွမ်းထက် ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ လူသားမျိုးနွယ်၏ သမိုင်းတွင် အခိုင်အမာ နေရာယူထားရန် ဖြစ်ပေလိမ့်မည်။

"ဒီတိုက်ပွဲအပြီးမှာ ရန်သူမျိုးနွယ်တွေ စုပေါင်းပြီး လူသားမျိုးနွယ်ကို သတ်ဖြတ်ခဲ့ကြတယ်။ အစပိုင်းမှာ ရှင်းဟွမ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်က မိတ်ဆွေဖြစ်တဲ့အတွက် ရှင်းဟွမ်အချို့ ကာကွယ်ပေးချင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရော မှော်သားရဲမျိုးနွယ်ပါ သေဆုံးခဲ့ရပြီး ကောင်းကင်သခင်သုံးယောက် သေဆုံးပြီး သုံးယောက် ပျောက်ကွယ်သွားကြတယ်။ မှော်သားရဲမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေလည်း အသတ်ခံလိုက်ရပြီး စကြဝဠာတစ်ခွင် မဟာစစ်ပွဲကြီး ဖြစ်ခဲ့ရတယ်။ ရှင်းဟွမ်ဘုရင် ဒဏ်ရာရထားပြီး အာကာသနတ်တွေက သူ့ကို စောင့်ရှောက်နေတဲ့ အချက်ကြောင့်သာ မဟုတ်ရင် လူသားတစ်ယောက်မှ ရှင်သန်နိုင်ခဲ့မှာ မဟုတ်ဘူး"

ရှင်းဟွမ်၏စကားကြောင့် ဝိညာဥ်ပြိုကွဲပြီး နောက်ဆုံးသွေးစက် ကျန်သည်အထိ တိုက်ပွဲဝင်ခဲ့သော မဟာတာအို ကောင်းကင်သခင်အကြောင်းကို လင်လုံက ဝမ်းနည်းစွာ တွေးနေမိသည်။ ကောင်းကင်သခင်က သမီးနှစ်ယောက်ကို ရေခဲအခေါင်းအတွင်း ချိတ်ပိတ်ကာ မျက်ကန်းကြီးအား ကယ်ထုတ်မသွားစေခဲ့လျှင် သေဆုံးခဲ့ရပေလိမ့်မည်။ နောက်ပိုင်းတွင် သူတို့အားလုံးက လူသားမျိုးနွယ် တိုးတက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြရင်း သူတော်စင်ဘုရင် လူဝင်စားအဖြစ် မွေးဖွားလာမည့် သတင်းတစ်ခု ပြန့်လာခဲ့သည်။ သူတော်စင်ဘုရင်က ရက်စက်ပြတ်သားလွန်းသောကြောင့် သစ္စာဖောက်ခံခဲ့ရသော်လည်း လူသားများအနေဖြင့် သူက မျိုးနွယ်အတွက် တိုက်ခိုက်ခဲ့သည်ဟူသော အချက်ကို ငြင်းမရချေ။ ထိုအချိန်တွင် ရတနာအတွက် စစ်ပွဲ၌ ရှင်းဟွမ်ဘုရင် အနိုင်ရသွားခဲ့လျှင်လည်း လူသားမျိုးနွယ်၏ အခြေအနေက ပိုမိုဆိုးရွားသွားပေလိမ့်မည်။ သူတို့က ရှုပ်ထွေးသော ခံစားချက်များဖြင့် သူတော်စင်ဘုရင်၏ လူဝင်စား ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသည်။

"လူသားမျိုးနွယ်က နတ်ပြည်မှာ ပြန်ပြီး နေရာရနိုင်ပါ့မလား"

ယဲ့ချန်ရော လင်လုံပါ သက်ပြင်းကိုယ်စီချလိုက်ပြီး ထိချက်အပြင်းဆုံးမှာ ယဲ့ချန် ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအတွင်း သူက ကောင်းကင်ကြယ်သခင်တစ်ယောက် ဖြစ်လာသည့်အပြင် ဝိညာဥ်စမ်းသပ်ချက်တွင်လည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေခဲ့သည်။ ဤအရည်အချင်းများဖြင့်ဆိုလျှင် သူက သူတော်စင်ဘုရင်၏ လူဝင်စားမှလွဲ၍ အခြားမဖြစ်နိုင်ချေ။ ကောင်းကင်သခင်များ၏ မျိုးဆက်များက သူတော်စင်ဘုရင်ကို သဘောမကျသော်လည်း သူ၏လူဝင်စားသာလျှင် လူသားမျိုးနွယ်၏ မျှော်လင့်ချက် ဖြစ်ကြောင်း သေချာနေသည်။

"လောလောဆယ်မှာ လူသားမျိုးနွယ်ရဲ့ အခြေအနေကို ငါ မသိပေမယ့် ရှင်းဟွမ်မျိုးနွယ်နဲ့ တိုက်ခိုက်မယ်ဆိုရင် ငါ့ကိုပါ ထည့်တွက်လိုက်။ ရှေးဟောင်းမူလမျိုးနွယ်က လက်စားချေဖို့အတွက် စောင့်ဆိုင်းနေတာ ကြာလှပြီ"

ရှင်းဟိုင်က တိုက်ခိုက်လိုစိတ် ပြင်းပြစွာဖြင့် ကတိပေးလိုက်သည်။

"အရှင်ရှင်း လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေအကြောင်း ဘာတွေများ သိထားလဲ"

ရှေးခေတ်ဟောင်းမှ လူသားကျင့်ကြံသူများအကြောင်း သိထားပြီး အသက်ရှင်နေလျှင် သိမ်းသွင်းလိုသောကြောင့် ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"ငါလည်း သေချာမသိဘူး။ ဒါပေမယ့် မင်းတို့ကို ပြောပြဖို့ မေ့နေတာ တစ်ခုရှိတယ်။ အတိတ်မှာ တော်ဝင်ယဲ့မျိုးနွယ်က သူတော်စင်ဘုရင် ရှိတဲ့အပြင် နတ်ပြည်က မောင်းထုတ်ခံလိုက်ရတဲ့အချိန်မှာ ကလေးတစ်ယောက် မွေးဖွားလာခဲ့တယ်။ သူ့ပါရမီက သူတော်စင်ဘုရင်နဲ့ တန်းတူယှဥ်နိုင်ပေမယ့် မျိုးနွယ်က မကာကွယ်နိုင်တဲ့အတွက် ရေခဲနဲ့ ချိတ်ပိတ်ပြီး စကြဝဠာထဲကို ပို့လွှတ်လိုက်ရတယ်"

ရှင်းဟိုင်က တစ်လုံးချင်း ပြောလိုက်သည်။

"တော်ဝင်ယဲ့မျိုးနွယ်ရဲ့ ကလေးတစ်ယောက် သူတော်စင်ဘုရင်နဲ့ ပါရမီချင်း ယှဥ်ပြိုင်နိုင်သူ"

သူတော်စင်ဘုရင်၏ ပါရမီက ထူးခြားလွန်းသောကြောင့် လင်လုံသည် အလွန်တရာ အံ့သြနေခဲ့သည်။ အတိတ်တွင် တော်ဝင်ယဲ့မျိုးနွယ်က လူသားမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်နေခြင်းမှာ မထူးဆန်းချေ။

"အရှင်ရှင်း ဒီပါရမီရှင်ရဲ့ နာမည်ကိုများ သိလား"

အကယ်၍ ယဲ့မျိုးနွယ်ဝင် ပါရမီရှင်သာ နာမည်မပြောင်းဘဲ အသက်ဆက်ရှင်နေလျှင် ရှာဖွေရန် လမ်းစရှိသောကြောင့် ယဲ့ချန်က မေးမြန်းလိုက်သည်။

"ငါ့အထင် သူ့နာမည်က ယဲ့ရှင်းရွှမ် ဖြစ်လိမ့်မယ်"

ရှင်းဟိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သော စကားကြောင့် ယဲ့ချန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

All Chapters