ကမ္ဘာဂြိုလ်
Vol. 69 Ch. 969
"ကျုပ် အဆင့်တက်သွားတာလား"
တန်းကွေသည် ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီး ဖြစ်ပျက်သွားသည်များမှာ မြန်လွန်းသောကြောင့် အိပ်မက်ပမာ ထင်မှတ်ရသည်။
"ဘာတွေဖြစ်နေတာလဲ။ ငါ့ခွန်အားက အများကြီး တိုးလာတယ်"
"ငါရောပဲ။ ကျင့်ကြံဆင့် တက်သွားတယ်"
ထိုအချိန်တွင် တစ်ရွာလုံးရှိ ကျင့်ကြံသူများ အဆင့်တက်သွားပြီး ရွာလူကြီးက မြေဝိဇ္ဇာအဆင့် ရောက်သွားသောကြောင့် အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။ အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်လာသောအခါ မွေးကာစ ကလေးငယ်များပင် ခွန်အားများ သန်မာလာပြီး တိုးတက်မှုများ မြင်သာနေသည်။
"ရွာလူကြီး ဘာတွေဖြစ်နေတာလဲ"
ရွာသားများက မယုံနိုင်ဟန်ဖြင့် စိတ်များ ရှုပ်ထွေးနေကြသည်။
"ငါတို့ကြယ်ရဲ့ ရှေးသမိုင်းကြောင်းတွေအရ အတိတ်မှာ ငါတို့လူသားမျိုးနွယ်ရဲ့ ကလေးတွေဟာ အနည်းဆုံး စစ်ဧကရာဇ်အဆင့်နဲ့ မွေးဖွားခဲ့ကြဖူးတယ်။ အချိန်တွေ ကျော်လွန်လာပြီး လူသားမျိုးနွယ်ရဲ့ ကံတရားက ဖိနှိပ်ခံလိုက်ရတဲ့အတွက် အားနည်းလာခဲ့တယ်။ အခု ငါတို့ရဲ့ပါရမီတွေက တိုးတက်လာပြီဆိုတော့ အစွမ်းထက်လူသားတွေက တိုက်ပွဲဝင်နေတာ ဖြစ်ရမယ်။ ဒါက အကြောင်းအရင်းပဲ"
ရွာလူကြီး၏ ခေါင်းအတွင်း ဤမှတ်ဉာဏ်များ အလိုလိုထွက်ပေါ်လာကာ ရှင်းပြလိုက်ခြင်း ဖြစ်သည်။
"လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေက ငါတို့ရဲ့ ကံကြမ္မာအတွက် တိုက်ခိုက်ပေးနေကြတယ်။ ငါတို့က ဒီအခွင့်အရေးကို အရယူပြီး ပိုအစွမ်းထက်လာအောင် ကျင့်ကြံရမယ်။ ငါတို့က ခေါင်းဆောင်ကို ကူညီပေးရမယ်"
"အစွမ်းရှိသလောက် ကျင့်ကြံပြီး တိုက်ပွဲဝင်ကြ"
ရွာလူကြီး၏ စကားကြောင့် သူတို့၏သွေးများ ပွက်ပွက်ဆူလာကာ ကျင့်ကြံခြင်း၌ အသည်းအသန် ကြိုးစားလိုက်ကြသည်။
"တစ်နေ့ကျရင် ငါကလည်း လူသားမျိုးနွယ်ရဲ့ ထောက်တိုင်ကြီးတစ်ခု ဖြစ်လာရမယ်။ ငါက လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်မယ်"
တန်းကွေက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်၏။ နတ်ပြည်မှ မောင်းထုတ်ခံရပြီးနောက် လူသားများက စကြဝဠာတစ်ခွင် ပြန့်ကြဲသွားသဖြင့် ရှေးခေတ်ဟောင်းမှ အသက်ရှင်သူများ ကျန်ရစ်ခဲ့သည်။ သူတို့၏မျိုးဆက်များက လူဦးရေ တိုးပွားလာကာ ကြီးမားသော မျိုးနွယ်ကြီးများအဖြစ် ပုန်းအောင်းနေခဲ့ကြသည်။ မဟာမြစ်ကြယ်ဒေသသည် လူသားများ အုပ်ချုပ်သော နေရာတစ်ခုဖြစ်ကာ သန်းရာချီသော ကြယ်များ ပါဝင်သည်။ ၎င်းက စကြဝဠာအတွင်းရှိ လူသားအင်အားစုများအနက် တစ်ခုဖြစ်ပြီး ထိပ်တန်းကြယ်သခင်ပေါင်းသောင်းချီ ပိုင်ဆိုင်ထား၏။ လူသားမျိုးနွယ်က အဆင့်တက်သွားသောအခါ လူသားများအားလုံး ခွန်အားရော ပါရမီပါ မြင့်တက်လာခဲ့ကြသည်။ စကြဝဠာအတွင်း တင်ပျဥ်ခွေထိုင်နေသော အဘိုးအိုအချို့၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာကြသည်။
"ငါ ဒါကို သေချာခံစားလိုက်ရတယ်။ ငါတို့က အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်လာပြီ"
"နောက်ဆုံးတော့ လူသားမျိုးနွယ်အတွက် ခေါင်းဆောင်တွေ ထွက်ပေါ်လာပြီလား"
"ယာဥ်တွေကို မြန်မြန်ပြ င်ဆင်ကြစမ်း။ ဒီခေါင်းဆောင်ကို သွားရှာပြီး ကူညီကြမယ်"
"အခုချက်ချင်း ထွက်ခွာမယ်၊ လူစုစမ်း"
ထိပ်တန်းကြယ်သခင်များက တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားစွာ ထရပ်၍ ပြိုင်တူအမိန့်ပေးလိုက်ကြသည်။ နာရီအနည်းငယ်အကြာတွင် သိန်းချီသော ယာဥ်များက လူသားပေါင်းဘီလီယံချီကို သယ်ဆောင်ကာ ထိုကြယ်ဒေသမှ စကြဝဠာအတွင်း ထွက်ခွာလာကြသည်။ သူတို့က လူသားခေါင်းဆောင်များ၏ တည်နေရာကို မသိသော်လည်း လိုက်လံရှာဖွေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြ၏။ ခေါင်းဆောင်များကို ရှာတွေ့လျှင် နောက်လိုက်အဖြစ် ခစား၍ လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်လိုသောကြောင့် ဖြစ်သည်။ မျိုးနွယ်သမိုင်းကြောင်းက အချိန်တိုက်စားမှုကြောင့် ဝေဝါးသွားခဲ့သော်လည်း ဘိုးဘေးများထံမှ ဇာတ်လမ်းများစွာ လက်ဆင့်ကမ်းခဲ့သောကြောင့် အတိတ်မှ ဂုဏ်ကျက်သရေကို သိရှိခဲ့ရသည်။ ကုလန်ကြယ်ဒေသ၊ မြစ်ပြာကြယ်ဒေသ စသော နေရာပေါင်းစုံမှ လူသားပေါင်းများစွာက အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ သူတို့က အစွမ်းထက်မျိုးနွယ်များအကြားတွင် ခက်ခဲစွာ ရှင်သန်နေရသော်လည်း လူသားမျိုးနွယ်၏ သွေးများ စီးဆင်းနေဆဲပင်ဖြစ်၏။
"လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ကြမယ်"
မျိုးနွယ် အဆင့်တက်သွားသောအခါ လူသားများ၏ ခေါင်းအတွင်း အတိတ်မှ မှတ်ဉာဏ်များ အလိုလို ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အောက်တန်းကျလှသော ဘဝကို စိတ်ပျက်နေသည့် သူတို့က လူသားမျိုးနွယ်ခေါင်းဆောင်ကို ရှာဖွေလိုစိတ် ပြင်းထန်လာကြ၏။ မရေမတွက်နိုင်သော ယာဥ်များသည် စကြဝဠာအတွင်း သွားလာနေကာ အချို့သော ကြယ်များတွင် လေဟာနယ်ခရီးသွားလှေများ မရှိသော်လည်း လူသားပေါင်းသန်းချီ နေထိုင်ကြသည်။ ထိုကြယ်များသို့ လူသားနတ်လှေများ ဆင်းသက်လာကာ ဝင်ပေါက် ဖွင့်ပေးလိုက်သောအခါ ထိုလူများက မဆိုင်းမတွ တက်ရောက်လိုက်ကြ၏။ ကြယ်ဒေသများအကြားတွင် ဘီလီယံချီသော ယာဥ်များ ခရီးဆက်နေကာ ရောက်လေရာမှ လူသားများကို သယ်ဆောင်ခဲ့ကြ၏။ တစ်သက်လုံးလိုက်ရှာလျှင်ပင် ခေါင်းဆောင်များကို ရှာတွေ့ရန် မသေချာဘဲ အန္တရာယ်များအကြား သေဆုံးသွားလျှင်ပင် နောက်မဆုတ်စတမ်း ချီတက်နေကြသည်။
"လူသားတွေ ရူးကုန်ကြတာလား"
"သူတို့က ဘာကို လိုက်ရှာနေကြတာလဲ"
အခြားမျိုးနွယ်များက ဤအဖြစ်ကို သတိပြုမိလိုက်ပြီး အဖြေမရှာနိုင်သော်လည်း ရန်သူများမျိုးနွယ်များက စတင်လှုပ်ရှားခဲ့ကြသည်။ လူသားများ၏ ယာဥ်များ ဆက်တိုက်ဖောက်ခွဲခံနေရပြီး မီးများ တောက်လောင်နေကာ ကြယ်ဒေသတိုင်းတွင် စစ်မီး တောက်လောင်နေသည်။ ဤခရီးတွင် လူသားမျိုးနွယ်က ကြီးမားစွာဆုံးရှုံးခဲ့သော်လည်း ရပ်တန့်မသွားသည့်အပြင် ကြယ်ဒေသတစ်ခုကို ကျော်ဖြတ်လိုက်တိုင်း အရေအတွက် တိုးပွားလာသည်။ လူသားမျိုးနွယ်က အားနည်းသော်လည်း မျိုးပွားရာတွင် အသန်မာဆုံးဖြစ်သောကြောင့် လူဦးရေ အလွန်များပြားကာ စကြဝဠာ၏ နေရာတိုင်း၌ ရှင်သန်နေကြသည်။
နဂါးငွေ့တန်းကြယ်အဖွဲ့အစည်း၊ ကမ္ဘာဂြိုလ်ခေါ် ကြယ်ပြာကြီးတွင် သိပ္ပံပညာရပ် တိုးတက်လာသောကြောင့် စကြဝဠာအတွင်း အာကာသယာဥ်များ လွှတ်တင်ကာ စူးစမ်းလေ့လာနေကြသည်။ သို့ရာတွင် ဤကြယ်၌ မည်သည့်ချီမှ မရှိသောကြောင့် အခြားမျိုးနွယ်များ နေထိုင်ခြင်းမရှိသဖြင့် စွန့်ပစ်ခံထားရသော သီးခြားကြယ်တစ်လုံး ဖြစ်သည်။ မည်သို့မှကျင့်ကြံ၍ မဖြစ်နိုင်သောကြောင့် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာထဲက အခြားမျိုးနွယ်များ စွန့်ခွာသွားကာ လူသားများသာ ကျန်ရစ်ခဲ့၏။
"အာကာသထဲက နောက်ဆုံးသတင်းပို့ချက်အရ ကြယ်ရှာသူ အာကာသယာဥ်ဟာ စကြဝဠာထဲမှာ ခြောက်ခုမြောက်ဂြိုလ်ကို စူးစမ်းနိုင်ခဲ့ပြီ။ ဒီကြယ်ဟာ အရင်ကြယ်ငါးလုံးနဲ့ တူညီပြီး သက်ရှိတွေ နေထိုင်ခဲ့ကြောင်း သဲလွန်စတွေ့ရတယ်။ သူတို့ရဲ့ နေထိုင်မှုပုံစံက ငါတို့နဲ့ ကွဲပြားတဲ့အပြင် ခွန်အားသန်မာလို့ တောင်တွေကိုတောင် လက်သီးနဲ့ ဖြိုဖျက်နိုင်ကြတယ်။ ဒါက ဒဏ္ဍာရီလာ ဖြစ်ရပ်တွေများလား။ ကြယ်ရှာသူ အာကာယာဥ်က ဒီဂြိုလ်သားတွေရဲ့ အရိုးတွေကို ရှာတွေ့ပြီး သယ်ဆောင်လာတဲ့အတွက် စကြဝဠာရဲ့ ဆန်းကျယ်မှုတွေကို လေ့လာနိုင်ပါတော့မယ်"
ပစိဖိတ်သမုဒ္ဒရာ၏ အတွင်းရှိ ရေငုပ်သင်္ဘောတစ်စင်းအတွင်း၌ မုတ်ဆိတ်ထူထူနှင့် လူတစ်ယောက်က ရုပ်မြင်သံကြားမှတဆင့် သတင်းကြည့်နေခြင်း ဖြစ်သည်။
"တောင်တွေကို ဖြိုဖျက်နိုင်တယ် ဟုတ်လား။ စကြဝဠာထဲမှာ ဂြိုလ်သားတွေ မရှိနိုင်ပါဘူးကွာ"
"ကပ္ပတိန် လေဆာစနစ်က တစ်ခုခုကို ထောက်လှမ်းမိပါတယ်။ တစ်ချက်လောက် လာကြည့်ပါဦး"
ထိုအချိန်၌ သင်္ဘောသားတစ်ဦးက လေဆာမျက်နှာပြင်ကို ထောက်ပြ၍ အံ့သြစွာ သတင်းပို့လာခဲ့သည်။ နက်ရှိုင်းသော ရေအောက်တွင် နဂါးရုပ်တုကြီးများ ဝန်းရံထားသော သင်္ချိုင်းဂူကြီးတစ်ခု တည်နေရှိသည်ကို မြင်လိုက်ရသောကြောင့် ကပ္ပတိန်၏ မျက်လုံးများ ပြူးထွက်လာသည်။ နဂါးရုပ်တစ်ခု၏ ပါးစပ်အတွင်း တလက်လက်တောက်ပနေသော အရာတစ်ခုရှိနေပြီး ဂရုတစိုက် ကြည့်လိုက်သောအခါ လက်နက်တစ်ခု၏ အစိတ်အပိုင်း ဖြစ်ပုံရ၏။
"မြန်မြန်သတင်းပို့ကြစမ်း။ ဒါက လူသားမျိုးနွယ်အတွက် မဟာရှာဖွေမှုကြီး ဖြစ်ရမယ်။ ငါတို့ ချမ်းသာပြီ"
ကပ္ပတိန်က စိတ်လှုပ်ရှားစွာ သတင်းပို့လိုက်ပြီး နာရီဝက်အကြာတွင် ကမ္ဘာပေါ်ရှိ ရုပ်သံလိုင်းများတွင် သတင်းတစ်ခု ထုတ်လွှင့်ခဲ့သည်။ ရေငုပ်သင်္ဘောတစ်စီးသည် ပစိတ်ဖိတ်သမုဒ္ဒရာအတွင်း ရှေးခေတ်သင်္ချိုင်းတစ်ခုကို ရှာတွေ့ခဲ့၏။ ကာဘွန်စစ်ဆေးချက်များအရ ၎င်း၏သက်တမ်းသည် နှစ်တစ်သိန်း ကျော်ကြောင်းနှင့် မည်သူ၏သင်္ချိုင်းဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် များမကြာမီမှာပင် တုန်လှုပ်ဖွယ် သတင်းတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
"ကြယ်ရှာသူရဲ့ နောက်ဆုံးသတင်းပို့ချက်အရ လှေနဲ့ဆင်တူတဲ့ အာကာသယာဥ်တွေဟာ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းကို ဝင်ရောက်လာကြပါတယ်။ ဒီပုံရိပ်တွေကို ဖော်ပြပေးပါမယ်"
ရုပ်သံလိုင်းများမှ ပြသနေသော သတင်းများတွင် အာကာသအတွင်း၌ ဧရာမလှေကြီးများ တိုးဝင်လာနေသည်ကို မြင်ခဲ့ရသည်။ ၎င်းတို့၏ဦးတည်ရာသည် ကမ္ဘာဂြိုလ်ဖြစ်ပြီး အာကာသယာဥ်များကို လျစ်လျူရှုကာ ကျော်ဖြတ်လာကြ၏။ သန်းရာချီသော ယာဥ်များကြောင့် မြင်ကွင်းက ကမ္ဘာသားများအတွက် အင်မတန် တုန်လှုပ်စရာကောင်းနေခဲ့သည်။
"လခွမ်း ဒီအာကာသယာဥ်အကြောင်းပဲ လာနေတော့မှာလား။ သတင်းခေါင်းစဥ်က ပြောင်းသွားပြန်ပြီ"
ရေငုပ်သင်္ဘောကပ္ပတိန်က သူ၏ရှာဖွေမှု သတင်း ပျောက်ကွယ်သွားသောကြောင့် မူလတွင် ဒေါသထွက်နေသော်လည်း ရုပ်သံလိုင်းများမှ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သင်္ဘောသားများသည်လည်း မြင်နေရသည်ကို မယုံနိုင်ဟန်ဖြင့် မျက်လုံးအား လက်ဖြင့်ပွတ်သပ်၍ ထပ်ကာထပ်ကာ ကြည့်လိုက်မိသည်။
"ဂြိုလ်သားတွေ ကျူးကျော်လာတာလား"
"ကြယ်တာရာစစ်ပွဲ စတော့မှာလား"
ကမ္ဘာပေါ်ရှိ လူဦးရေခြောက်ဘီလီယံက တီဗီဖန်သားပြင်ထက်တွင် ထိုင်ကြည့်နေပြီး ကြယ်ရှာသူမှ သတင်းများကို ဆက်လက်စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးက အလွန်ကြောက်ရွံ့နေကြပြီး သိပ္ပံပညာ ထွန်းကားသော်လည်း နိုင်ငံတိုင်းက ခုခံရန်အတွေးကို စွန့်လွှတ်ထားကြ၏။ ဂြိုလ်သားများ၏ အင်အားက အင်မတန်များပြားပြီး တစ်ကမ္ဘာလုံးရှိ လက်နက်များဖြင့် တိုက်ခိုက်လျှင်လည်း အနိုင်ယူနိုင်မည် မဟုတ်ချေ။ အရေအတွက်ချင်း အင်မတန်ကွာခြားသောကြောင့် တိုက်ခိုက်နေစရာ အကြောင်းမရှိပေ။ လဝက်အကြာတွင် ဤယာဥ်များသည် ကမ္ဘာ၏လေထုအတွင်း ဝင်ရောက်လာပြီး ကြယ်သခင်အချို့ ဆင်းသက်လာကြ၏။
"ဒီလိုနေရာမျိုးမှာ လူသားတွေ ရှိနေတာလား"
"ဒီကြယ်မှာ ကောင်းကင်ချီရော အချိန်လေဟာနယ်ချီရော မရှိဘူး။ ဒီလူသားတွေကြားထဲမှာ ကျင့်ကြံသူတစ်ယောက်တောင် ရှိမနေပါလား"
"ဘာဖြစ်ဖြစ် သူတို့ကလည်း လူသားတွေ မဟုတ်လား"
ထိပ်တန်းကြယ်သခင်များက ဝိညာဥ်အသိစိတ်ဖြင့် တစ်ကမ္ဘာလုံးကို စစ်ဆေးကာ မျက်မှောင်ကြုတ်နေခဲ့လေသည်။