မျိုးနွယ် အဆင့်တက်ခြင်း
Vol. 69 Ch. 968
ယဲ့ချန်၏ ဝိညာဥ်အသိစိတ်ထံ သူတော်စင်ဘုရင်၏ နတ်ဝိညာဥ်က ပေါင်းစပ်နေသောကြောင့် အလွန်နာကျင်နေသည်ဖြစ်ရာ မေးခွန်းမေးရန် အင်အားမရှိချေ။ ၎င်းက အစွမ်းထက်လွန်းသောကြောင့် သူ၏ လက်ရှိအင်အားဖြင့် သည်းခံနိုင်ရန် မလွယ်ချေ။ သူ၏ဝိညာဥ်အသိစိတ်က ဆက်တိုက်တိုးတက်လာနေပြီး ကောင်းကင်ရေကန်တစ်ခုလုံး ပြည့်နှက်သွားကာ ဦးနှောက်အတွင်း၌ ပေါက်ကွဲသံများ တဘုန်းဘုန်း ထွက်ပေါ်လာသကဲ့သို့ အတွင်းလောကမှာလည်း ကြီးမားလာနေခဲ့သည်။ ထိုနေရာ၌ ကျင့်ကြံနေသော နောက်လိုက်ငါးသောင်းကျော်သည် ပြည့်လျှံနေသော ဝိညာဥ်စွမ်းအင်များကို ရူးရူးမူးမူး စုပ်ယူလိုက်ကြသောအခါ တစ်ယောက်ပြီး တစ်ယောက် နတ်အဆင့်တက်သွားကြသည်။
နောက်လိုက်ငါးသောင်းကျော်တွင် အများစုက လူသားမျိုးနွယ်မှ မဟုတ်သောကြောင့် ကံတရားဖိနှိပ်မှုအောက်မှ လွတ်မြောက်ခဲ့သည်။ သူတို့က အဆင့်တက်ရန် ခြေတစ်လှမ်းသာ နီးကပ်နေသော်လည်း ကံကောင်းစွာဖြင့် အခွင့်အရေးများ ရှာတွေ့မှသာ အဆင့်တက်နိုင်ပေလိမ့်မည်။ သူတော်စင်ဘုရင်၏ နတ်ဝိညာဥ်က ဤကွက်လပ်ကို ဖြည့်ပေးလိုက်သောအခါ မိုးပေါ်မှကျလာသော မိုးရေစက်များကဲ့သို့ နတ်အဆင့် ကျင့်ကြံသူအရေအတွက် သုံးထောင်ကျော်အထိ ရှိလာသည်။ ထို့နောက် နတ်ဝိညာဥ်သည် ရွှေပိုင်နက်သားရဲ ဥပေါင်းရာချီကို ပေါက်ဖွားစေခဲ့ပြီး အကောင်ပေါက်လေးများ၏ ရုပ်ခန္ဓာများက တောက်ပလင်းလက်နေသည်။ စုစုပေါင်း ခုနစ်ကောင်က နတ်အဆင့်ရောက်သွားကြပြီး ရုပ်ခန္ဓာသည် အဆင့်သစ်တစ်ခုသို့ ပြောင်းလဲတိုးတက်သွားသောကြောင့် လောကနတ်အဆင့်များပင် မထိုးဖောက်တော့ပေ။ သို့သော် ၎င်းတို့ကလည်း လောကနတ်အဆင့်များ ထိခိုက်နိုင်စေရန် မတိုက်ခိုက်နိုင်ကြချေ။
သူတော်စင်ဘုရင်၏ နတ်ဝိညာဥ်နှင့် ပေါင်းစပ်ပြီးနောက် ယဲ့ချန်၏ ကျင့်ကြံဆင့်သည် နတ်အဆင့်တက်ရန် အလွန်နီးကပ်လာသည်။ အကယ်၍ ကောင်းကင်ဗျတ်စောင်းသာ ဖိနှိပ်ထားခြင်းမရှိလျှင် သူက ၎င်း၏အစွမ်းကြောင့် နတ်အဆင့်သာမက လောကနတ်အဆင့်သို့ပင် ရောက်သွားပေလိမ့်မည်။ သို့ရာတွင် ကံဆိုးစွာဖြင့် သူ၏ကျင့်ကြံဆင့်က နတ်တစ်ပိုင်းအဆင့်၌ တစ်ဆို့နေခဲ့သည်။ သူ၏ဝိညာဥ်က ဖြည်းဖြည်းချင်း သန်မာလာနေပြီး နတ်ဝိညာဥ်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူက အဆင့်တက်ရန် မဖြစ်နိုင်သောကြောင့် လက်ရှိကျင့်ကြံဆင့်ကို အခြေခိုင်စေရန် ပြုလုပ်လိုက်သည်။ သူ၏အုတ်မြစ်က ပြိုင်ဘက်ကင်းလောက်အောင် သန်မာလာပြီး သာမန်ကျင့်ကြံသူများထက် အဆပေါင်းရာချီ ပိုသည်။
ကောင်းကင်ဗျတ်စောင်း၏ ဖိနှိပ်မှုကြောင့် လူသားမျိုးနွယ်သည် နတ်တစ်ပိုင်းအဆင့်မှ မတက်နိုင်သော်လည်း ကောင်းကျိုးတစ်ခု ရရှိခဲ့သည်။ အစွမ်းထက်ပါရမီရှင်များမှာ ထိုအဆင့်၌ တစ်ဆို့နေသောကြောင့် အုတ်မြစ်က အလွန်တရာခိုင်မာ၍ ခွန်အားများ စုစည်းနိုင်ခဲ့၏။ ဤကား ပုလင်းတစ်လုံးအတွင်း လေများ ဖိသိပ်ထိုးသွင်းနေခြင်းနှင့် ဆင်တူပြီး ၎င်း၏အရွယ်အစား ကန့်သတ်ချက်အရ ထုထည်က ကြီးမလာသော်လည်း သိပ်သည်းဆက မြင့်မားလာပေလိမ့်မည်။ လူသားမျိုးနွယ်တွင် နတ်တစ်ပိုင်းအဆင့်များ အလွန်တရာ များပြားလာသောအခါ ကောင်းကင်ဗျတ်စောင်းသည် ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာသည်။ ထို့ကြောင့် အဆင့်မြင့်ရှင်းဟွမ်များက လူသားများကို စတင်သတ်ဖြတ်ခဲ့ပြီး တစ်နေ့တွင် လက်အောက်မှ လွတ်ထွက်သွားမည်ကို ကြောက်လန့်နေကြသည်။ ပုလင်းတစ်လုံးအတွင်းမှ လေထုက သိပ်သည်းစွာ တွန်းကန်နေလျှင် နောက်ဆုံး၌ ကွဲထွက်သွားမည် မဟုတ်ပါလော။
ယဲ့ချန်သည် အဆင့်မတက်နိုင်သောကြောင့် ခွန်အားကို ဆက်လက်စုဆောင်းနေခဲ့ပြီး ဘက်ပေါင်းစုံမှ ဖိအားကြီးများ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ သူက မည်မျှရုန်းကန်ပါစေ၊ ဤဖိအားအောက်မှ မလွတ်မြောက်နိုင်သောကြောင့် နာကျင်စွာ အော်ဟစ်နေခဲ့သည်။ သူ၏ရုပ်ခန္ဓာလည်း ပြောင်းလဲလာပြီး ကျောဘက်ရှိ အရိုးတစ်ဝက်ကျော်က နတ်အရိုးများအဖြစ် ပြောင်းလဲသွားကာ နတ်သွေးများလည်း စတင်ဖြစ်တည်လာသည်။ ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးသည် ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလာကာ မရေမတွက်နိုင်သော အစွမ်းထက် ဝိညာဥ်ကောင်များ ကပ်တွယ်နေကြ၏။ သူ၏ကျင့်ကြံဆင့်နှင့် ခွန်အား မြင့်တက်လာသောအခါ နတ်အဆင့် နောက်လိုက်အရေအတွက်ကလည်း တိုးပွားလာသည်။
သူတော်စင်ဘုရင်သည် ယဲ့ချန် တိုးတက်လာနေပုံကို စောင့်ကြည့်ရင်း ဝိညာဥ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်။ အမှန်တကယ်ဆိုလျှင် ယဲ့ချန်က သူ၏ဘဝအသစ်ဖြစ်ကာ အတိတ်၌ မှားယွင်းခဲ့သည်များကို ပြန်လည်ပြင်ဆင်ပေးနိုင်သူ ဖြစ်၏။ သူက လူသားမျိုးနွယ်ကို အဆင့်ခုနစ်ဖြစ်စေရန် မရေမတွက်နိုင်သော လူသားများကို စတေးခဲ့မိသည်။ ဤအပြစ်ရှိစိတ်ကို ဘဝတလျှောက်လုံး ခံစားခဲ့ရပြီး နောက်ပိုင်းတွင် မိသားစုနှင့် မိတ်ဆွေများ၏ သစ္စာဖောက်ခြင်း ခံလိုက်ရသောကြောင့် စိတ်ရော ကိုယ်ပါ နာကျင်စွာ ရှင်သန်ခဲ့သည်။
"လူသားမျိုးနွယ်အတွက် ငါ ဒီလောက်ပဲ လုပ်ပေးနိုင်တော့မယ်။ အတိတ်မှာ ငါက နတ်မီးတောက်ကို မရနိုင်ခဲ့ပေမယ့် အရှိန်အဝါတစ်ခုကို ဖမ်းယူပြီး ကောင်းကင်ဓားပျံနဲ့ ပေါင်းစပ်ခဲ့တယ်။ ဒါကြောင့် မင်းရဲ့ဒန်တန်ထဲမှာ လောကတစ်ခု ဖြစ်လာတယ်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်နဲ့ဆိုရင် မင်း ဘယ်လောက်ဝေးဝေး သွားနိုင်မယ်ဆိုတာကို ငါ မသိဘူး။ မင်းလည်း ငါ့လို လမ်းမှားမလျှောက်မိစေဖို့ မျှော်လင့်ပါတယ်"
သူတော်စင်ဘုရင်က နောက်ဆုံးသက်ပြင်းကို ချလိုက်ပြီး ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ခဲ့သော်လည်း ခေါင်းမာလွန်းသောကြောင့် လူသားမျိုးနွယ်အား ပျက်သုဥ်းစေခဲ့သည်။ သူ၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာကာ မကြားနိုင်မှန်း သိသော်လည်း သင်ကြားပြသရင်း ပျောက်ကွယ်သွားလေသည်။
ကောင်းကင်ရေကန်အတွင်း နှစ်ပေါင်းများစွာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပါရမီရှင်များ အသက်ကြီးရင့်ကာ သေဆုံးခဲ့ကြသည်။ အရေအတွက်ရာချီတွင် ၃၁ယောက်သာ ကျန်ရစ်ပြီး ဆယ်ယောက်ကျော်က အသက်ကြီးထွားမှုကို မနည်းတွန်းလှန်နေရသည်။ ယဲ့ချန်၊ လင်လုံနှင့် နင်အာသည် တည်ငြိမ်စွာ ဆက်လက်ကျင့်ကြံနေပြီး ၁၆နှစ်မြောက်တွင် အသက်အားများ လျင်မြန်စွာ ကုန်ခမ်းနေသော လင်းတုန်၏ ကိုယ်တွင်းမှ အစွမ်းထက် အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။ နတ်အဆင့်သို့ ရောက်သွားသောအခါ သူမ၏ အသက်ဓာတ်ကုန်ခမ်းမှုက များစွာလျော့ကျသွားသည်။ ကျင့်ကြံသူတစ်ယောက်၏ နတ်အမြစ်နှင့် နတ်ဝိညာဥ်က သန်မာလေလေ၊ အသက်အားကုန်ခမ်းမှု နည်းလေလေ ဖြစ်၏။
နှစ်ပေါင်းများစွာအကြာတွင် ယဲ့ချန်သည် သူ၏ကျင့်ကြံဆင့်က ဆက်လက်မတိုးတက်တော့သော်လည်း ခွန်အားက အကန့်အသတ်သို့ ရောက်နေသည်။ ဝိညာဥ်နတ်ဘုရားကလည်း ပို၍သန်မာနေပြီး ဒန်တန်အတွင်း၌ နတ်အဆင့် နောက်လိုက်အရေအတွက်သည် ရှစ်ထောင်ကျော်အထိ တိုးလာကာ ရွှေပိုင်နက်သားရဲကိုးကောင်အထိ ပိုင်ဆိုင်ခဲ့သည်။ သူတော်စင်ဘုရင်၏ နတ်ဝိညာဥ်က အစွမ်းထက်လွန်းသောကြောင့် သူက ၁ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပြီး လက်ကျန်အား နတ်သန္ဓေအတွင်း၌ သိမ်းဆည်းထားခဲ့သည်။ အကယ်၍ သူသာ ၎င်း၏စွမ်းအား အပြည့်အဝကို ထုတ်လွှတ်လိုက်လျှင် ဝိညာဥ်အသိစိတ်က ခဏအတွင်း ပေါက်ကွဲသွားပေလိမ့်မည်။ ထို့ကြောင့် သူသည် အာကာသနတ်တစ်ပါး၏ ခွန်အားကို အကြမ်းဖျင်း နားလည်နိုင်ခဲ့သည်။
အတိတ်တွင် ယဲ့ချန်သည် ရှင်းဟိုင်နှင့် တွေ့ခဲ့စဥ် အလွန်အမင်း အစွမ်းထက်သည်ဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ဟင်းလင်းပြင်နတ်အဆင့်ဖြစ်သော ရှင်းဟိုင်၏ ခွန်အားက အာကာသနတ်တစ်ယောက်နှင့်ယှဥ်လျှင် ပင်လယ်အတွင်းမှ ရေတစ်ပေါက်ပမာ သေးငယ်ကြောင်း နားလည်လိုက်၏။ သူက မျိုးနွယ်ကျောက်စာကို စစ်ဆေးလိုက်သောအခါ အင်အားအမှတ်သည် တစ်သောင်းနှစ်ထောင်အထိ ဆက်တိုက်မြင့်တက်သွားခဲ့သည်။ ဤအချက်ကို လင်လုံကလည်း သတိထားမိသောကြောင့် မျက်လုံးဖွင့်ကာ သူ့ကို တအံ့တသြ ကြည့်လာခဲ့သည်။ ဤတိုးတက်မှုကြောင့် လူသားမျိုးနွယ်သည် အဆင့်နှစ်မျိုးနွယ် ဖြစ်လာခဲ့ပြီး ယဲ့ချန်နှင့် ပတ်သက်နေခြင်း ဖြစ်နိုင်သော်လည်း ဒန်တန်အတွင်းသို့ မမြင်နိုင်သောကြောင့် သူမက တွေးမရအောင် ဖြစ်နေသည်။
ထိုအချိန်၌ သူမသည် နတ်တစ်ပိုင်းအဆင့်သာ ဖြစ်သော်လည်း ခွန်အားနှင့် ပါရမီက ရုတ်တရက် တိုးတက်လာကြောင်း ခံစားမိလိုက်သည်။ ယဲ့ချန်သည်လည်း ထို့အတူပင်ဖြစ်ကာ နတ်ရတနာများက ရုတ်တရက် သန်မာလာကြ၏။ အမှန်တကယ်၌ စကြဝဠာအတွင်းရှိနေသော လူသားများအားလုံးကို အဆင့်နှစ်မျိုးနွယ်ဖြစ်ခြင်းက အကျိုးသက်ရောက်မှု ရှိစေခဲ့ကာ ပါရမီနှင့် အင်အားကို မြှင့်တင်ပေးလိုက်သည်။ လူသားမျိုးနွယ်၏ အင်အားအမှတ်က ဆက်လက်မြင့်တက်လာကာ ငါးသောင်းကျော်၌ ရပ်တန့်သွား၍ အဆင့်သုံးသို့ရောက်ရန် အမှတ်တစ်သိန်း လိုအပ်နေ၏။
ယဲ့ချန်နှင့် လင်လုံသည် နတ်တစ်ပိုင်းအဆင့်များ ဖြစ်သောကြောင့် ပြောင်းလဲမှုက မသိသာသော်လည်း သာမန်လူများတွင် ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ကောင်းကင်မူလကြယ်ရှိ တောစပ်ဒေသတွင် ရွာငယ်လေးတစ်ရွာရှိကာ အဆင့်နိမ့်ကျင့်ကြံသူဖြစ်သော ရွာလူကြီးသည် ရွာသားများ၏ ပါရမီကို လေ့ကျင့်ရေးကွင်း၌ စစ်ဆေးပေးနေခဲ့သည်။
"ငါတို့တွေ ဘဝသစ်မှာ ရှင်သန်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့တဲ့ ယဲ့မျိုးနွယ်ကို ကျေးဇူးတင်ရမယ်။ ငါတို့က အခုထက် ပိုသန်မာလာပြီး လူသားမျိုးနွယ်ရဲ့ ကာကွယ်သူ ယဲ့မျိုးနွယ်ရဲ့နောက်လိုက် ဖြစ်လာကြရမယ်။ တန်းကွေ မင်းအလှည့် ရောက်ပြီ"
ရွာလူကြီးက လေးနက်စွာပြောလိုက်ပြီး တပည့်တစ်ယောက်ကို ခေါ်ထုတ်လိုက်၏။
"ဟုတ်ကဲ့ ခေါင်းဆောင်"
နာမည်ခေါ်ခံလိုက်ရသူက လေးနက်သော မျက်နှာထားဖြင့် ရှေ့ထွက်လာကာပြီး ကောင်းကင်ချီကို လည်ပတ်ကာ ဧရာမကျောက်တုံးကြီးအား ထိုးနှက်လိုက်သည်။
"ဘုန်း"
မီတာဒါဇင်မြင့်သော ကျောက်တုံးကြီးက သူ၏လက်သီးချက်တွင် ကွဲကြေသွားကာ အမှုန့် ဖြစ်သွားခဲ့သည်။ တန်းကွေက အားနည်းသူတစ်ယောက် ဖြစ်သောကြောင့် လူတိုင်း မင်သက်နေကာသည်။ ဤကျောက်တုံးကြီးကို တစ်ချက်တည်းနှင့် ကြေမွသွားစေရန်အတွက် အနည်းဆုံး ရွာလူကြီး၏အဆင့်မျိုး ရောက်နေရန် လိုအပ်ပေသည်။ တန်းကွေကိုယ်တိုင်လည်း သူ၏လက်သီးများကို ပြူးကျယ်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေပြီး မယုံနိုင် ဖြစ်နေခဲ့လေသည်။