နတ်ဘုရားဝိညာဉ်ကို ကာကွယ်ပေးထားသော နဂါးသွေးရတနာသစ်ပင်
Vol. 83 Ch. 1076
တစ္ဆေသင်္ဘောအပေါ်တွင်
ဝေစွေ့ဖုန်းသည် တည်ကြည်လေးနက်နေသော အမူအရာရှိ၏။ သူက ချင်မူ့ခေါင်းရှိ ထိခိုက်ဒဏ်ရာများကို ကြည့်ပြီးနောက် ဦးခေါင်းခွံပေါ်သို့ လက်ချောင်းများဖြင့် တတောက်တောက် ခေါက်လိုက်သည်။ ချင်မူ၏ဝိညာဉ် ထွက်မသွားအောင် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ဖန်ဆင်းစာသားခုနစ်ခန်းဖြင့် ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားအား ချုပ်လိုက်ခြင်း ဖြစ်သည်။
မကြာမီ ဝေစွေ့ဖုန်း၏ ခန္ဓာကိုယ်က အရိပ်သေးသေးလေးအသွင် ပြောင်းကာ ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဝိညာဉ်သန္ဓေသားရတနာအတွင်းသို့ ဝှစ်ခနဲ ၀င်ရောက်သွားတော့သည်။
မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာသည် သူ တန်ခိုးရှင်သစ်ခုတ်သမား၏ သင်ကြားပို့ချမှုမှ တစ်ဆင့် ရရှိခဲ့သည့် ကျင့်စဉ်တစ်ခုဖြစ်၏။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ကျင့်ကြံနေသော ကျင့်စဉ်များမှာ သူ လက်ဆင့်ကမ်းပေးခဲ့သော ကျင့်စဉ်များပင် ဖြစ်ချေသည်။
ခန္ဓာကိုယ်အား အနက်ရောင်အရိပ်သဖွယ် ပြောင်းလဲခြင်းကို တစ္ဆေအရိပ်ကျင့်စဉ် ဟု ခေါ်သည်။ ၎င်းအပြင် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မှန်ချပ်များကဲ့သို့ ဖြစ်လာစေနိုင်သည့် မှန်ရိပ်ထင်ကျင့်စဉ်လည်း ရှိသေးသည်။
ဝေစွေ့ဖုန်းသည် ချင်မူ၏ ဝိညာဉ်သန္ဓေသားရတနာအနီးသို့ ရောက်လာသည့်အခါ ဟိုဟိုသည်သည် ကြည့်လိုက်ပြီး အံ့ဩမှင်သက်သွား၏။ ချင်မူ၏ ဝိညာဉ်သန္ဓေသားရတနာကား အခြားသူများနှင့် များစွာ ကွဲပြားနေသည့်အပြင် ကမ္ဘာဦးစကြ၀ဠာကဲ့သို့ ကျယ်ပြန့်နေသည်။
‘သူ ဒီလောက် အစွမ်းထက်နေတာ အံ့ဩစရာမရှိဘူး”
သူ စစ်ဆေးကြည့်လိုက်ရာ ချင်မူ၏ဝိညာဉ်သန္ဓေသားရတနာမှာ ပြိုကျနေကြောင်း တွေ့လိုက်ရသည်။ ကြယ်တာရာများသည် ဖရိုဖရဲဖြစ်နေပြီ ပထဝီအနေအထားမှာ ပြောင်းပြန်လန်နေသည်။ အရာရာတိုင်း ပြိုကျပျက်စီးနေချေပြီ။ ယင်နှင့်ယန်၊ သင်္ကေတလေးပါး၊ ဓာတ်ကြီးငါးပါးနှင့် ခုနစ်စဉ်ကြယ်တို့အားလုံး ကစဉ့်ကလျား ဖြစ်နေကြသည်။
“ကောင်းကင်ခုနစ်စဉ်ကြယ်ကျင့်စဉ်”
ဝေစွေ့ဖုန်းက ခပ်သာသာ ဟိန်းဟောက်လျက် သူ၏ကောင်းကင်နန်းဆောင်ကို စတေးခံ၍ ကစဉ့်ကလျား ဓာတ်သတ္တိများကို ရပ်တန့်ကာ မြေပြင်ကို ပြန်လှန်လိုက်သည်။ သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် ကြယ်တာရာများသည် ဖရိုဖရဲ ပြန့်ကြဲနေရာမှ သူ့နေရာသူ ပြန်ရောက်သွားကြသည်။
သူက ချင်မူ၏ ဒဏ်ရာများ ပို၍ ဆိုးရွားမလာစေရန် ယင်နှင့်ယန်ကို ခွဲခြား၍ ဓာတ်ကြီးငါးပါးကို ငြိမ်သက်စေလိုက်သည်။
ထိုစဉ် ချင်မူ၏ ဝိညာဉ်သန္ဓေသားရတနာထဲတွင် ဧရာမသစ်ပင်ကြီးတစ်ပင်အား မြင်လိုက်ရသည်။ ၎င်းသည် ဧရာမလှံကြီး ထိုးဖောက်သွားသောကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာတစ်ခု ဖြစ်၏။
‘ဘယ်လောက် အားကြီးလိုက်သလဲ’
ဝေစွေ့ဖုန်းမှာ အံ့ဩမှင်သက်နေမိသည်။ လှံဒဏ်ရာမှ အကြွင်းအကျန် ကောင်းကင်နတ်သိုင်းကို ဖယ်ရှားပြီးမှသာ သူ့မှာ စိတ်အေးနိုင်တော့သည်။
ချင်မူ၏ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်သည် စုတ်ပြတ်နေ၏။ ကောင်းကင်နန်းဆောင်မှန်သမျှ ဖျက်ဆီးခံလိုက်ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်မှာ လက်မတင်လေး ရှင်ကျန်ခဲ့သည်။
ဝေစွေ့ဖုန်း မျက်မှောင်ကြုတ်သွားသည်။ ထိုကဲ့သို့ ဒဏ်ရာများအား သူ မကုသနိုင်ချေ။
ရုတ်တရက် ချင်မူ၏အသိစိတ်အလျဉ် လှုပ်ရှားလာ၏။ ၎င်းမှာ အ၀တ်စုတ်သဖွယ် အားနည်းနေသည်။ “အစ်ကိုကြီး၊ လုံပိရဲ့ လည်ပင်းမှာ ကျောက်စိမ်းပုလင်းတစ်ပုလင်း ဆွဲထားတယ်... အဲ့ဒီထဲမှာ ကမ္ဘာဦးရေကြည် ရှိတယ်...”
ဝေစွေ့ဖုန်းက သူ၏ ကောင်းကင်ရတနာထဲမှ ကမန်းကတန်း ပျံထွက်ကာ နဂါးချီလင်၏ လည်ပင်းမှ ဖန်ပန်းချောင်ကမ္ဘာကို ဖြုတ်ယူလိုက်သည်။ ထို့နောက် ကမ္ဘာအတွင်းသို့ ၀င်ရောက်၍ ကမ္ဘာဦးရေကြည်အချို့ ခပ်၍ ဧရာမရွှေဒယ်အိုးကြီးတစ်လုံးထဲ ထည့်လိုက်သည်။ ချင်မူ့ခေါင်းကိုလည်း ထိုဒယ်အိုးထဲသို့ နှစ်လိုက်၏။
‘ဂိုဏ်းသခင်ကြီးဝေ ကမ္ဘာဦးရေကြည်တွေ ထည့်လိုက်တာ နည်းနည်းများသလားလို့...’
နဂါးချီလင်မှာ ဒယ်အိုးအတွင်းမှ ကမ္ဘာဦးရေကြည်များကို ကြည့်ရင်း တွေးနေမိသည်။ ‘ဒီရေတွေနဲ့ အမိကမ္ဘာမြေကို ရေလောင်းတယ်ဆိုတာ သူ သိပုံမရဘူး... အများကြီးထည့်လည်း အဆင်ပြေလောက်ပါတယ် ဟုတ်တယ်မလား'
ချင်မူ၏လည်ပင်းက ထိုရေများကို စတင်စုပ်ယူနေသည်။ သူ၏ဝိညာဉ်သန္ဓေသားသည် ဖန်ဆင်းမှုတစ်ခု လုပ်ဆောင်လိုက်သကဲ့သို့ ပျက်စီးနေသော ကြယ်တာရာများ ပြန်လည်ကောင်းမွန်လာ၏။ ပြိုကွဲနေသော ထိုက်ကျိစက်ဝန်းလည်း လျင်မြန်စွာ ပြန်ဆက်လာသည်။ ပြိကျသွားသည့် တောင်တန်းများ ပြန်လည်ထူမတ်လာပြီး နေ့နှင့် ညသည်လည်း ပြန်လည်အသက်၀င်လာ၏။ မြူခိုးနှင့် မိုးစက်များ ရွာကျလာသည့်အခါ ရှေးဟောင်းနတ်ဘုရားပုံရိပ်များလည်း ဖွဲ့တည်လာကြသည်။
သူ၏ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်တို့မှာ အသွေးအသားနည်းတူ အလျင်အမြန် အားပြည့်လာနေသည်။
ဝေစွေ့ဖုန်းက ဖန်ပေါင်းချောင်ကမ္ဘာကို ကိုင်၍ ဒယ်အိုးထဲသို့ ကမ္ဘာဦးရေကြည် အချိန်မရွေး ဖြည့်ပေးရန် အသက်ပြင်ထားသည်။ ဒယ်အိုးထဲရှိ ရေကြည်များ လျော့ကျသွားတိုင်း ထပ်ထည့်နေ၏။
သူသည် ထိုမျှနှင့် လုံလောက်သည်ဟု မခံစားရသဖြင့် ချင်မူ့ပါးစပ် ဟကာ သူ့ဗိုက်ထဲသို့ ကမ္ဘာဦးရေကြည်များ လောင်းထည့်တော့သည်။
နဂါးချီလင်မှာ ထိတ်လန့်သွားပြီး အလောတကြီး သတိပေးလိုက်မိသည်။ “ဂိုဏ်းသခင်ကြီးခင်ဗျ၊ ကျွန်တော်တို့ ကမ္ဘာဦးရေကြည်အများကြီး သုံးလို့မရဘူးနော်... သေသွားနိုင်တယ်... အဲ့ဒါက ကမ္ဘာဦးသစ်ပင်ကို ရေလောင်းခဲ့တဲ့ ရတနာမလား”
ဝေစွေ့ဖုန်းက သူ့ခေါင်းကို ခေါက်ကာ ကြိမ်းလိုက်သည်။ “မင်းက ဂိုဏ်းသခင်လား ငါက ဂိုဏ်းသခင်လား.... ငါက မင်းထက် ကြာကြာနေလာတာကွ... ငါ စားခဲ့တဲ့ ဆားက မင်း စားခဲ့တဲ့ ထမင်းထက်တောင် များသေးတယ် .. ငါလုပ်နေတာ ငါသိတယ်...”
သူ့စကားမဆုံးခင်မှာင် ချင်မူ့ခန္ဓာကိုယ်မှာ ကြီးထွားလာပြီး မကြာမီ သူ့ထက် အဆပေါင်းများစွာ ကြီးမားသွား၏။
ဝေစွေ့ဖုန်း မှင်သက်နေစဉ် နဂါးချီလင်က ပြောလေသည်။ “ဂိုဏ်းသခင်ကြီး စားခဲ့တဲ့ ဆားတွေက ကျွန်တော့်ထမင်းထက် မများနိုင်ပါဘူး.... ဘာလို့ဆို ကျွန်တော့်ထမင်းက စိတ်ဝိညာဉ်ဆေးလုံးတွေလေ”
ဝေစွေ့ဖုန်းက သူ့ခေါင်းကို ထပ်ခေါက်လိုက်ပြန်ရင်း ချင်မူ့အား ရင်တုန်စွာ ကြည့်နေသည်။ ဒယ်အိုးမှာ ကြီးမားသော်လည်း ချင်မူ့ခန္ဓာကိုယ် ဆံ့နိုင်သည်အထိ မကြီးချေ။
“ညီလေး”
ဝေစွေ့ဖုန်းနဖူးမှ ချွေးစီးများ ကျလာပြီး သူက အော်ဟစ်လိုက်သည်။ “မင်းရဲ့ရုပ်ခန္ဓာအသစ်က အရင်တစ်ခုထက် ပိုဆိုးနေတယ်.... မင်းကိုယ်မင်း ကြိတ်ပေးဖို့လိုတယ်... ခန္ဓာကိုယ်ကြီးပြီး အားနည်းနေတာမျိုးမဖြစ်အောင် မင်းရဲ့ကျင့်စဉ်ကို မြန်မြန် အသက်သွင်းလိုက်ချေ...”
ချင်မူမှာ မူးနောက်နောက် ဖြစ်နေသည်။ သူက မျက်လုံးများဖွင့်ကြည့်ပြီးနောက် ပြန်မှိတ်လိုက်သည်။
ဝေစွေ့ဖုန်းက မျက်မှောင်ကြီးကြုတ်လျက် ဒယ်အိုးအား လှည့်ပတ်ရင်း ပြောနေ၏။ “သူ့ရုပ်ခန္ဓာမှာ ထိခိုက်မှုမရှိဘူး.. သူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနဲ့ ကောင်းကင်နန်းဆောင်တွေလည်း ပြန်ကောင်းနေပြီ... ဘာလို့ နိုးမလာသေးတာလဲ”
သူ အကြံအိုက်နေစဉ် ချင်မူ့ခေါင်းမှာ ပေပေါင်းများစွာ ကြီးထွားလာပြန်သည်။ သူကား ဖန်ဆင်းရှင်ငယ်တစ်ဦးအလားပင်။
ဝေစွေ့ဖုန်းအနေဖြင့် ချင်မူ့ဗိုက်ထဲရှိ ကမ္ဘာဦးရေကြည်များကို ဖောက်ထုတ်မရသော်လည်း ဒယ်အိုးထဲရှိ ပိုလျှံနေသော ကမ္ဘာဦးရေကြည်များကိုတော့ ဖယ်ရှားနိုင်သည်။ ထို့အပြင် ချင်မူ့ဒဏ်ရာများက ထူးဆန်းလွန်းသောကြောင့် ကမ္ဘာဦးရေကြည်များ မည်သည့်နေရာတွင် ရှိနေသလဲ အတိအကျသိရရန် ခက်နေသည်။
“ဒီလောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ဘယ်သူနဲ့ တိုက်ခိုက်ခဲ့တာလဲ” ဝေစွေ့ဖုန်းက အလောတကြီး မေး၏။
နဂါးချီလင်က ဖြေသည်။ “တဟုန်... မဟာဧကရာဇ်ရဲ့ အငှားခန္ဓာကိုယ် ဖြစ်နိုင်လောက်တယ်... မျိုးဆက်သစ်တွေအတွက်ဆိုရင်တော့ ကောင်းကင်နတ်အရှင်ဟုန်ပေါ့..”.
“မဟာဧကရာဇ်တဲ့လား...အပြင်းထန်ဆုံးဒဏ်ရာက သူ့အသိစိတ်အလျဉ်မှာပဲ... ငါက အဲ့ဒီအပိုင်းမှာ မကျွမ်းတော့ ကုမပေးတတ်ဘူးဟ”
ဝေစွေ့ဖုန်းက သူ၏အသိစိတ်အလျဉ်ဖြင့် ချင်မူ့အသိစိတ်အလျဉ်ကို ထိတွေ့ရန် ကြိုးစားလိုက်သည်။ ချင်မူ့အသိစိတ်အလျဉ်မှာ ကစဉ့်ကလျား အခြေအနေတွင် ဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသဖြင့် သူက တမုဟုတ်ချင်း မေးလိုက်သည်။ “ညီလေး၊ ငါ အသိစိတ်အလျဉ်ဒဏ်ရာတွေကို ဘယ်လိုကုသရမလဲ”
ချင်မူ သတိရသဖြင့်၊ မရတစ်ချက် ဖြစ်နေသည်။ “နတ်ဘုရင်ကုန်းယွင်ကို သွားရှာပါ.... သူ ကျွန်တော့်အပေါ် ကျေးဇူးကြွေးတင်ထားတယ်...” သူ့စကားဆုံးသည့်အခါ နဂါးသွေးရတနာသစ်ပင်တစ်ပင်က သူ့မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာပြီး ဒယ်အိုးဘေးသို့ ကျသွားသည်။
သစ်ကိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ သာယာနာပျော်ဖွယ် တာအိုသံတစ်သံ ပျံ့လွင့်လာသည်။ ချင်မူ၏ ကျန်ရှိသော အသိစိတ်အလျဉ်မှာ ပျံထွက်လာပြီးနောက် သစ်ပင်ထဲသို့ ပို့ဆောင်ခံလိုက်ရသည်။ သူက သစ်ပင်၏ တာအိုစည်းချက်ဖြင့် သူ့ကိုယ်သူ သတိကပ်နေစေ၏။
ဒယ်အိုးထဲရှိ ချင်မူမှာလည်း ဆက်လက်မကြီးထွားတော့ချေ။ ရောင်ခြည်တော်စက်ဝန်းများက သူ့ကို လှည်ပတ်နေပြီး ရောင်ခြည်စုစုပေါင်း ၂၀၀၀၀ ၀န်းကျင်ရှိနေသည်။ တစ်ခုချင်းစီတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးစီ၏ ပုံရိပ်များ ကိန်းဝပ်နေသည်။
သူတို့က ချင်မူ့ရုပ်ခန္ဓာကို ဝိုင်း၀န်းလျက် ရပ်တန့်နေကြပြီး အတွင်းရှိ ကမ္ဘာဦးရေကြည်အပိုအလျှံများကို အတူတကွ ချေဖျက်ပေးနေကြသည်။
ဝေစွေ့ဖုန်းမှာ ငေးမော၍ ကြည့်နေမိသည်။ ကောင်းကင်နတ်ဧကရာဇ်ထံမှ ချင်မူ ခိုးလာခဲ့သည့် နဂါသွေးရတနာသစ်ပင်က အနည်းငယ်မျှသာ ကျန်ရှိတော့သော သူ၏အသိစိတ်အလျဉ်ကို ထိန်းသိမ်းပေးထားသည်။
“ငါတို့ နတ်ဘုရင်ကုန်းယွင်ကို ဘယ်မှာရှာလို့ရမလဲ” ဝေစွေ့ဖုန်းမှာ ရေရွတ်လိုက်မိသည်။
သူ၏ချီစွမ်းအင်က ပျံထွက်သွားပြီး ဒယ်အိုးအတွင်းမှ ချင်မူကို မ,၍ သစ်ပင်အောက်တွင် ထားလိုက်သည်။ ချင်မူ့အင်္ကျီများမှာ တဟုန်ကြောင့် ပျက်စီးသွားသဖြင့် သူသည် မည်သည့်အ၀တ်ကိုမှ မဝတ်ထားပေ။
ဝေစွေ့ဖုန်းက သူ့၀တ်ရုံကို ချင်မူ ၀တ်ရန် ချွတ်ပေးလိုက်သည်။ နဂါးချီလင်က ချင်မူ့အတွက် ယူပေး၏။
ချင်မူမှာ သူ၏ရုပ်ခန္ဓာကို ကာကွယ်ရန် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း မလှုပ်မယှက် ထိုင်နေရသည်။ သူ၏အသိစိတ်အလျဉ်လှိုင်းက သစ်ပင်ထံမှ ထွက်ပေါ်လာ၏။ “လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းတုန်းက နဂါးဟန်ကောင်းကင်နတ်ဘုံမှာ ပဋိပက္ခတစ်ခု ဖြစ်ခဲ့ဖူးတယ်... နတ်ဘုရားကုန်းယွင်က ဒီလိုအဖြစ်အပျက်ကြီးမျိုးကို အလွတ်ခံမှာမဟုတ်ဘူး..”
ယန်အာက မေးလေသည်။ “အားချို ကောင်းကင်နတ်ဘုံကို တိုက်ခိုက်တဲ့ အခိုက်အတန့်ဆီ ပြန်သွားလို့ မရဘူးလား... နတ်ဘုရင်ကုန်းယွင်က အဲ့တုန်းက တဟုန်ကို ချုပ်နှောင်ထားတာဆိုတော့.... သူ့ကိုရှာဖို့ အလွယ်လေးပဲ”
ဝေစွေ့ဖုန်းက ခေါင်းခါရမ်းရင်း တစ္ဆေသင်္ဘောကို အသုံးပြုလိုက်သည်။ မြူများ သင်္ဘောကို ၀န်းရံလာစဉ် သူက ပြော၏။ “မင်းတို့လည်း အဲ့ဒီမှာ ရှိနေမှာလေ... မင်းတို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ မပျောက်ကွယ်သွားသရွေ့ တစ်နေရာတည်းမှာ ပြိုင်တူရှိနေလို့မရဘူး... အဲဒါကြောင့် အဲ့ဒီအချိန်ဆီ ပြန်သွားလို့မရဘူး”
သူက ချင်မူနှင့် သစ်ပင်ကို ရထားလှည်းပေါ် တင်တော့မည့်အချိန် အလင်းတန်းများ တုန်ခါလာသည်။ ရထားလှည်းပေါ်တွင် ဧရာမအမိုးကာကြီးတစ်ခု ပေါ်လာသည်။ ၎င်းက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို ညအချိန်ထိ ကာကွယ်ပေးခဲ့သော အမိုးကာဖြစ်၏။ ကာကွယ်ပေးပြီးဖြစ်သည့်အတွက် တစ္ဆေသင်္ဘောဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
အမိုးကာသည် ချင်မူနှင့် တဟုန်ကြားရှိ တိုက်ပွဲကို ခံနိုင်ခဲ့၏။ သို့သော် အမိုးကာက အရှိန်နှင့် ကျလာသဖြင့် ရထားလှည်းမှာ တစစီပျက်စီးသွားတော့သည်။
ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်၍ လက်ဝှေ့ရမ်းလိုက်သည်။ မရေမတွက်နိုင်သော တာအိုသင်္ကေတများက ဧရာမစက်ဝိုင်းကြီးအသွင် ဖွဲ့တည်လျက် ချင်မူနှင့်သစ်ပင်ကို ဆွဲယူလိုက်သည်။
သူက လက်ခုပ်တစ်ချက် ခပ်ဖွဖွ တီးလိုက်ရာ အလင်းစက်ဝိုင်းက ယန်အာ့ခေါင်းနောက်သို့ ဆင်းသက်သွား၏။ ၎င်းကား ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းချီးကြောင့် ဖွဲ့တည်နေသော ရောင်ခြည်တော်စက်၀န်းတစ်ခုအလားပင်။
ဝေစွေ့ဖုန်းက လင်းရှောင်ကို လှမ်းခေါ်သည်။ “ငါ့ကို နောက်မီးအိမ်တစ်လုံး ပေး... နေဦး မီးအိမ်များများ ယူလာခဲ့.... ဖျက်စီးခံရရင် လိုရမယ်ရပေါ့”
ကြက်နဂါးတစ်ကောင်သည် နှုတ်သီးတွင် မီးအိမ်များချိတ်ဆွဲလျက် ပြန်လာ၏။
ဝေစွေ့ဖုန်းက ၎င်းတို့ကို ယူလိုက်ပြီး ကောင်းကင်နဂါးခြောက်ကောင်၊ နဂါးချီလင်နှင့် ယန်အာတို့လည်း တစ်လုံးစီ ယူလိုက်ကြသည်။ သစ်ပင်ပေါ်တွင်လည်း တစ်လုံး ချိတ်ထားပြီး သူက နဂါးချီလင်ကို ပြော၏။ “ငါတို့က မပြောင်းလဲတဲ့ဒြပ်ထုတွေ ဖြစ်လာပြီးနေပြီ.. ဒီနေရာက ထွက်သွားလို့မရဘူး.. အပြင်မှာ လွန်ခဲ့တဲ့ နှစ်ခြောက်သိန်း ဖြစ်နေလား မဖြစ်ဘူးလား... အန္တရာယ်များလား၊ မများလားဆိုတာ ငါ မသိဘူး.... ဂရုစိုက်ပါ”
သူက တိတ်ဆိတ်စွာ တွေးနေပြီးနောက် ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းသာဆို မြောက်နတ်မင်းရဲ့ သားတော်ဆီ သွားတွေ့ပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဖန်သားကောင်းကင်စေတီကို ခိုးလိုက်”