← Chapters

ကောင်းကင်နတ်ဧကရာဇ်၏ လက်ထပ်ပွဲ

Vol. 83 Ch. 1077

ကောင်းကင်နတ်ဧကရာဇ်၏ လက်ထပ်ပွဲ

Vol. 83 Ch. 1077

ဝေစွေ့ဖုန်းက နဂါးချီလင်၊ ယန်အာနှင့် ကျန်သူများ တစ္ဆေသင်္ဘောပေါ်မှ ထွက်ခွာသွားသည်ကို စိုးရိမ်ပူပန်စွာ ကြည့်နေသည်။

ဤခေတ်တွင် သူသည် ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို သုံး၍ နဂါးဟန်ခေတ်သို့ သွားရောက်ကာ ယွီလင်နန်းစောင့်တပ်ဖွဲ့၏‌ တပ်မှူးချုပ် ဖြစ်နေခဲ့ချေပြီ။

ကောင်းကင်နတ်ဧကရီအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ယွီလင်နန်းစောင့်တပ်ဖွဲ့၏ အချိန်ကူးပြောင်းခြင်းလည်း ဤအချိန်တွင် ဖြစ်ပွားနေချေပြီ။

ထိုအချိန်က နဂါးဟန်ခေတ်သည် ထူးဆန်း၏။ တိမ်မြုပ်နေသော အကြောင်းအရာများ ထွက်ပေါ်လာခဲ့ကာ ပြင်းထန်ရက်စက်သည့် စစ်ပွဲကြီးအား လှုံ့ဆော်ခဲ့သည်။ ‌

ယင်းစစ်ပွဲကား ကောင်းကင်နတ်ဧကရာဇ်လူ၀င်စား၏ သေခြင်းရှင်ခြင်းစစ်ပွဲပင်။

ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့သည် ကောင်းကင်နတ်ဧကရာဇ်လူ၀င်စားအား သတ်ဖြတ်ရန် သိုင်းပညာရှင်များစွာ ဦးဆောင်ခဲ့ကြပြီး သခင်မယွမ်မုကလည်း ကျွယ်ဝူချိန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ရှေးဟောင်းနတ်ဘုရားတို့၏ အာဏာစက်ကို အဆုံးသတ်ခဲ့သည်။

ဤခေတ်တွင် မျိုးဆက်သစ် ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်ဘုရားဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ချန်း၊ ကောင်းကင်နတ်အရှင်ယန်တို့ ပေါ်ထွက်လာခဲ့ကြပြီး ကောင်းကင်မဟာမိတ်အဖွဲ့အား ဖြည်းဖြည်ချင်း သိမ်းယူခဲ့ကြ၏။

နဂါးဟန်ခေတ်၏ အကျယ်ပြန့်ဆုံး၊ ရင်သပ်ရှုမောဖွယ်အကောင်းဆုံး၊ အရှုပ်ထွေးဆုံး အချိန်အခါလည်း ဖြစ်ခဲ့သည်။

ဝေစွေ့ဖုန်းမှာ ထိုသမိုင်းကြောင်းကို အပြည့်အ၀ မတွေ့ကြုံခဲ့ရဘဲ ပထမတစ်၀က်ကိုသာ ဖြတ်သန်းခဲ့ရသော်လည်း ဖြစ်ပွားခဲ့သည့် သစ္စာဖောက်ပြားမှုများကို တွေးမိလိုက်တိုင်း ကြက်သီးတဖြန်းဖြန်း ထမိလေသည်။

နဂါးချီလင်နှင့် ယန်အာတို့ မြူခိုးများကြားမှ ‌ထွက်လာကြသည်။ ယန်အာ မေးခွန်းမေးလိုက်သည့်အခါ သူမအနောက်ရှိ ရောင်ခြည်တော်စက်၀န်းက တုန်ခါသွား၏။ “ဖက်တီးနဂါး၊ သူပြောတာ ဘာအဓိပ္ပာယ်လဲ”

နဂါးချီလင်က ခပ်တိုးတိုး ပြောပြသည်။ “ဂိုဏ်းသခင်ကြီးက ‌ကျွန်တော်တို့ကို စေတီခိုးသွားတဲ့ လူလိမ်စုံတွဲ လုပ်ခိုင်းနေတာ... အဲဒီစေတီက ကျွန်တော်တို့ လုံခြုံရေးကို အာမခံပေးနိုင်တယ်တဲ့”

ယန်အာမှာ ကြောင်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလေသည်။ “မင်းသားယိုမင် နေ့တိုင်းဆဲနေတဲ့ လူလိမ်စုံတွဲဆိုတာ ငါတို့လားဟေ”

“ဖြစ်နိုင်တယ်”

နဂါးချီလင်လည်း မသေချာချေ။ သူက ရေရွတ်လိုက်နေသည်။ “ဂိုဏ်းသခင်ကြီးဝေ့က မယုံရဘူး... သူ ကျွန်တော်တို့ကို လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းဆီ မပို့နိုင်လောက်ဘူး... အခြားတစ်ယောက်ယောက် ခိုးသွားတာ ဖြစ်ရင်ဖြစ်မှာ”

သူတို့မြူခိုးထဲမှ ထွက်လာစဉ် နဂါးချီလင်သည် မီးအိမ်တစ်လုံး ကိုင်ထားသော ချီလင်ခေါင်းဖြင့် သန်သန်မာမာ လူငယ်တစ်ယောက် အသွင်ပြောင်းသွား၏။ ယန်အာကလည်း မီးအိမ်ကိုင်ထားသည့် ၀တုတ်တုတ် မိန်းကလေးတစ်ဦး ဖြစ်လာသည်။ ကောင်းကင်နဂါးခြောက်ကောင်က နဂါးခေါင်းများဖြင့် လူအသွင် ဖြစ်လာပြီး မီးအိမ်ကိုယ်စီ ကိုင်ထားကြသည်။

ချင်မူက ယန်အာ့ခေါင်းနောက်ရှိ ရောင်ခြည်တော်စက်၀န်းထဲတွင် ထိုင်နေပြီး မူးနောက်စွာဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်လာသည်။

သူ့နောက်ရှိ နဂါးသွေးရတနာသစ်ပင်အပေါ်မှာ မီးအိမ်မှာ တောက်ပလာ၏။

ထိုအခိုက်အတန့်တွင် ကမ္ဘာဦးသစ်ပင်မှာ ယခင်ကထက် များစွာကြီးမားနေကြောင်း သူ တွေ့မြင်လိုက်ရသည်။

သစ်ပင်ထိပ်ဖျားသည် ကမ္ဘာဦးဘုံတစ်ခုလုံးကို ဖုံးအုပ်လုနီးပါးဖြစ်နေပြီး မရေမတွက်နိုင်သော သစ်ရွက်များက ကောင်းကင်ကို မိုးထားကာ နေ၊လနှင့် ကြယ်တာရာများကို ဖုံးကွယ်ထားသည်။

ချင်မူ တတိယမျက်လုံးကို ဖွင့်သည်ဆိုရုံမျှ ဖွင့်ကြည့်လိုက်ရာ ‌ကောင်းကင်ကို အုပ်မိုးနေသော ကောင်းကင်တာအိုများကို တွေ့လိုက်ရသည်။ ကောင်းကင်နယ်စားမင်းကား ကောင်းကင်ကို ဖုံးထားချေပြီ။

“ကောင်းကင်နတ်ဧကရာဇ်ကို သတ်မယ့်တိုက်ပွဲ စတင်နေပြီ...”

ကမ္ဘာဦးဘုံတွင် ဧရာမတော်လှန်မှုကြီးက တိတ်တဆိတ် ဖြစ်ပွားနေပြီ ဖြစ်သည်။

ယနေ့သည် ကောင်းကင်နတ်ဧကရာဇ်၏လူ၀င်စား ကျွယ်ဝူချိန်ကို လက်ထပ်သည့်နေ့ပင်။ ဤမင်္ဂလာရှိနေသော နေ့မြတ်အတွက် ဧည့်သည်တော်များစွာ ဖိတ်ကြားထား၏။ ကောင်းကင်နတ်ဧကရာဇ်၏ လူ၀င်စားက ဂုဏ်သရေရှိ လူချမ်းသာမိသားစုမှ မွေးဖွားလာသော ချုရှောင်ဟူသည့် ချောချောမောမော လူငယ်တစ်ယောက် ဖြစ်သည်။

ချုရှောင်သည် လိုအပ်သူများအား အမြဲတမ်း ကူညီတတ်၏။ သိုင်းအဆင့်လည်း မြင့်မားပြီး စွမ်းအားလည်း ကြီးချေသည်။ သူ၏ဂုဏ်သတင်းက ကမ္ဘာဦးဘုံ၏ လူငယ်မျိုးဆက်များတွင် မွှေးပျံ့သင်းကြိုက်လျက် ရှိသည်။ သူနှင့် ကျွယ်ဝူချိန်ဟ အချစ်ဇာတ်လမ်းကလည်း ကမ္ဘာဦးဘုံရှိ လူ‌အတော်များများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။

ချုရှောင်က လူသားများကြားတွင်လည်း အဆင့်အတန်းမြင့်မားသလို နတ်ဘုရားတစ်ပိုင်းမိတ်ဆွေများလည်း အမြောက်အများ ရှိ‌လေသည်။

ကျွယ်ဝူချိန်ဆိုသည်မှာမူ ကမ္ဘာဦးဘုံ၏ အလှဆုံး၊ အချောဆုံး မိန်းကလေးဖြစ်သည်။ သူမကို သဘောကျသူများစွာ ရှိသဖြင့် နေရာတိုင်းတွင် သူမနာမည် မကြားဖူးသူ မရှိပေ။ တစ်လင်တစ်မယားစနစ် ကျင့်သုံးသော ကောင်းကင်နတ်အရှင်ယွင်ပင်လျှင် အတွေးတချို့ ကျူးလွန်မိခဲ့ဖူးသည်။

‌ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရီသည် ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ကောင်းကင်နတ်အရှင်ယွင်အား ကျွယ်ဝူချိန်အား မိဖုရားမြှောက်မည့်အကြံကို လက်မလျှော့မချင်း ရိုက်နှက်ဆုံးမခဲ့သည်ဟူသော ‌ကောလဟာလပင် ရှိခဲ့ဖူး၏။

ကောင်းကင်ယင်‌သားတော်လည်း ကျွယ်ဝူချိန်ကို သွေးဆောင်ဖြားယောင်းခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟောင် ထိုးနှက်ခဲ့သောကြောင့် နှစ်ယောက်သား မတည့်တော့ကြောင်း ပြောကြသည်။

သို့သော် ကောင်းကင်နတ်အရှင်ဟောင်လည်း သူမအချစ်ကို မရခဲ့ပေ။ နတ်ဧကရာဇ်လန်ရွှမ်နှင့်‌ ကောင်းကင်နတ်အရှင်ဟောင်သည်လည်း ရေနှင့်မီးပမာ တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုကြ၏။ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြသည့်တိုင် သူမကြောင့် ခွာပြဲခဲ့ရသည်ဟု ပြောကြသည်။

အလားတူပင် နတ်ဧကရာဇ်လန်ရွှမ်မှာလည်း ကျွယ်ဝူချိန်အတွက် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် တိုက်ခိုက်ခဲ့ချေသည်။ ကောလဟာလများအရ ကောင်းကင်နယ်စားမင်းကလည်း အောက်ဘုံ၌ သာမန်လူသားအဖြစ် ပြန်လည်၀င်စားကာ သူမအတွက် တိုက်ခိုက်ခဲ့သေး၏။ ရှေးဟောင်းနတ်ဘုရားဘုရင်က သူ့သား ဖြစ်နေသည့်အပြင် မိန်းကလေးတစ်ဦးတည်းအတွက် သားအဖချင်း တိုက်ခိုက်ရသည်မှာ ရှက်စရာကောင်းသောကြောင့် ရပ်တန့်ခဲ့သည်။

ချုရှောင်သည် ထိုသူရဲကောင်းများကို ကျော်လွန်၍ သူမအချစ်ကို ရယူနိုင်ခဲ့ခြင်းမှာ ကမ္ဘာဦးဘုံမှ နတ်ဘုရားတစ်ပိုင်းများကို အထင်ကြီးစေခဲ့သည်။ ထို့ကြောင့် သူ၏ပုံပြင်သည် လေးစားအားကျ‌ရသော ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာခဲ့၏။

ချုရှောင်နှင့် ကျွယ်ဝူချိန်တို့ လက်ထပ်ထိမ်းမြားသည့် ထိုနေ့တွင် အချစ်ပြိုင်ဘက်များဖြစ်သော ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့သည် သတို့သားမှာ သူတို့မဟုတ်သည့်အတွက် မင်္ဂလာပွဲသို့ ကိုယ်တိုင်မတက်ရောက်ခဲ့ကြပေ။ ထိုအစား လူစားလွှတ်၍ လက်ဆောင်များသာ ပို့ခဲ့ကြသည်။

မည်သို့ဆိုစေ ချူရှောင်တွင် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ဘိုးဘေးနတ်ဘုရင်ကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုပေးသော မိတ်ဆွေများစွာ ရှိသည်။

ယနေ့တွင် ခန်းများတွင် ဧည့်သည်တော်များ ပြည့်နှက်လျက် စည်ကားသိုက်မြိုက်နေသည်။ သို့သော် ချုရှောင်နှင့် ကျွယ်ဝူချိန် လက်ထပ်တော့မည့်အချိန်မှာပဲ ထူးဆန်းသောအရာများ ဖြစ်ပွားလာ၏။

သတို့သားနှင့် သတို့သမီး အချင်းချင်း ကန်တော့နေစဉ် ကျွယ်ဝူချိန်က ချုရှောင်၏ဦးခေါင်းကို လက်ဖဝါးဖြင့် အသာအယာဖိခဲ့သည်။ သူမ၏အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းသည် ဧရာမချောက်နက်ကြီး ဖြစ်လာကာ ချူရှောင်ခေါင်းထဲ အပို့ခံလိုက်ရလေသည်။

“ငါ့ချစ်သူလေးတော့ နေ့ထူးနေ့မြတ်ကြီးကို ဖြတ်သန်းရတော့မှာပဲ” ကျွယ်ဝူချိန်က ရယ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပြုံးရွှင်နေခဲ့ကြသော ဧည့်သည်များက ဝုန်းခနဲ ထလာကြပြီး ချုရှောင်အား တိုက်ခိုက်ကြတော့သည်။

ဓားမရောင်များ ၊ ဓားရိပ်များက မင်္ဂလာခန်းမအား သေခြင်းတရားတို့ ‌ပြည့်နှက်‌နေသည့် ငရဲသဖွယ် ချက်ချင်း ပြောင်းလဲသွားစေလေသည်။

ချုရှောင်သည် သူ လှည့်စားခံခဲ့ရကြောင်း ချက်ချင်း သဘောပေါက်သွား၏။ ကျွယ်ဝူချိန်၏ လှည့်စားခြင်းခံခဲ့ရသည့်တိုင် သူသည် ကောင်းကင်နတ်ဧကရာဇ်၏ လူဝင်စား ဖြစ်နေသေးသည့်အတွက် သူ၏မူလဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲတွင် ကိန်းဝပ်နေခဲ့သည်။

ဤမူလဝိညာဉ်တွင် ဝိညာဉ်နှစ်ခုသာ ရှိသော်လည်း တစ်လောကလုံးတွင် စွမ်းအားအကြီးမားဆုံး ဖြစ်ပေသည်။

သူက အနီ‌ရောင်သတို့သား ဝတ်ရုံ၏ အင်္ကျီလက်အိုးများကို ခါရမ်းလိုက်ရာ သူ့ကို တိုက်ခိုက်လာသည့် မရေမတွက်နိုင်သော ဧည့်သည်များစွာ လဲကျကုန်ကြသည်။

နောက်တစ်ချက် ထပ်ခါလိုက်သည့်အခါ ထိုဧည့်‌သည်များထံမှ သွေးများ၊ အရိုးစများ ထွက်လာကြသည်။ သွေးများက များပြားလွန်းသဖြင့် မြစ်တစ်စင်းပင် ဖြစ်တည်လာ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်က သူ့အား တိုက်ခိုက်သည်။ ‌ကောင်းကင်နတ်အရှင်ယွဲ့က မက်မွန်ပွင့်တစ်ပွင့်ကို ကိုင်ကာ မှုတ်ထုတ်လိုက်သည်။ ပွင့်ချပ်များသည် ညှိုးရော်လျက် ကြွေကျသွား၏။ တစ်ချိန်တည်းမှာပင် ချုရှောင်၏ခန္ဓာကိုယ်မှာလည်း ပွင့်ချပ်များအလား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားချေပြီ။

“ကောင်းကင်နတ်အရှင်ယွဲ့”

ချုရှောင်က ဟိန်းဟောက်၍ သူ၏ ခြေလက်များကို ခန္ဓာကိုယ်နှင့် အတင်းအကြပ် ပြန်ဆက်စေလိုက်သည်။ သို့သော် ရှေးဟောင်းနတ်ဘုရားများသည် သူ့ခေါင်းအား မဟာပေါင်းမိုးတစ်ခုဖြင့် အုပ်ချလိုက်၏။ သူကား ကောင်းကင်နယ်စားမင်း၏ သားဦးဖြစ်သည့်အလျောက် တိုက်ခိုက်ရာတွင် ကျွမ်းကျင်လေသည်။

ပေါင်းမိုးထဲတွင် ‌ကောင်းကင်တာအို ၄၉ ခုက ကောင်းကင်နတ်ဧကရာဇ်၏ မူလဝိညာဉ်ကို ချုပ်၍ သူ့ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားရန် ကြိုးစားနေကြသည်။

ချုရှောင်၏ဆံပင်များ ဖွာကြဲသွားသော်လည်း သူကား ရဲရင့်နေဆဲပင်။။ ကောင်းကင်နတ်ဧကရာဇ်၏ မူလဝိညာဉ် ချုပ်နှောင်ခံထား‌ရသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် ၎င်းကို ရင်ဆိုင်မတိုက်ခိုက်နိုင်ချေ။

ပထမဆုံး ထိပ်တိုက်တွေ့သည့်အချိန်မှာပင် သူက ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရှေးဟောင်းနတ်ဘုရားဘုရင် ဒဏ်ရာအပြင်းအထန် ရသွားစေသည့်အပြင် ကျွယ်ဝူချိန်ကိုလည်း လေပေါ် ပျံတက်လိုက်ရသည့်တိုင်အောင် တိုက်ခိုက်နိုင်လိုက်သည်။

ဝုန်းး....

မင်္ဂလာခန်းမ ပေါက်ကွဲသွားသည့်အခါ ချု‌ရှောင်က အပြင်သို့ ကြည့်လိုက်သည်။ အပြင်တွင် လူများစွာ ရပ်နေကြသဖြင့် ချုရှောင်မှာ စိတ်ဓာတ်ကျသွား၏။ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ‌ကောင်းကင်နတ်အရှင်လင်၊ နတ်ဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်ယင်သားတော်တို့ကို သူ မှတ်မိသည်။

ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များကား ဤနေရာတွင် ပုန်းနေကြ၏။

ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဧကရာဇ်လန်ရွှမ်ကို မြင်ရသည့်အခါ ချုရှောင်၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူက ၀မ်းနည်းမှုများ ပြည့်နှက်နေသည့် မျက်၀န်းတို့ဖြင့် ရယ်လိုက်၏။ “ဒါက တော်လှန်မှုလား... အပေါ်မှာ ကောင်းကင်နယ်စားမင်း၊ အောက်မှာ အမိကမ္ဘာမြေရှိတယ်နော်... မဟာနေဧကရာဇ်ကလည်း ကောင်းကင်ဘုံတွေကို စောင့်ကြည့်နေတာ... မြေအောက်ဘုံအရှင်သခင်လည်း ကြည့်နေတယ်”

“မြေအောက်ဘုံအရှင်သခင် လာမှာမဟုတ်ဘူး”

ချိုနှင့် မိန်းကလေးတစ်ဦး ထွက်လာပြီး ခပ်ပြတ်ပြတ်အံဖြင့် ပြောသည်။ “ဦးရီးတော်၊ မြေအောက်ဘုံအရှင်သခင်က ဦးရီးတော်ကို မုန်းနေတုန်းပဲ”

ချုရှောင်၏အကြည့်သည် ထိုမိန်းကလေးအပေါ် ကျရောက်သွား၏။ သူက အံတင်းတင်းကြိတ်လျက် ပြောသည်။ “ရှု၊ ငါ မင်းကို အပေါ် ခေါ်ပေးခဲ့တာ မမေ့နဲ့”

ထိုမိန်းကလေးသည် မျိုးဆက်သစ် ကောင်းကင်နတ်အရှင်ရှု ဖြစ်၏။ သူမက ပြတ်သားစွာ ပြန်ပြောသည်။ “မမေ့ပါဘူး ၊ ရှင်သင်ပေးခဲ့တာအကုန် ကျွန်မ မှတ်မိတယ်... ကျွန်မက မြေအောက်ဘုံအရှင်သခင်ကို အစားထိုးမှာ ဆိုပေမယ့် ရှင့်ကိုလည်း အစားထိုးချင်တယ်”

“ကောင်းကင်နယ်စားမင်းလည်း လာမှာမဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ဟောင်က အေးဆေးစွာ ပြောသည်။ “ခမည်းတော်၊ အမိကမ္ဘာမြေလည်း လာမှာမဟုတ်ဘူး... တကယ်တော့ သူ ခမည်းတော်ကို စိတ်ကုန်နေပြီ... သူက ကမ္ဘာဦးဘုံကို ဖုံးပေးထားတဲ့အထိ ကျွန်တော်တို့ကို ကူညီပေးချင်နေတာ”

ချုရှောင် မော့ကြည့်လိုက်သည်။ ကောင်းကင်မှာ ကမ္ဘာဦးသစ်ပင်၏ သစ်ပင်ထိပ်ဖျားဖြင့် အုပ်မိုးခံထားရသည်။ ကြယ်တာရာများကို မမြင်ရသလို မဟာနေလုံးကြီး၏ နေအလင်းရောင်လည်း မထိုးဖောက်နိုင်ချေ။

“မျိုးမစစ်ကောင်တွေ... ငါ့ မူလဝိညာဉ်က မင်းတို့အတွက် သန်မာလွန်းတယ်... မင်းတို့တည်းနဲ့...”

ချုရှောင်က တဟားဟား ရယ်နေသည်။ သို့သော် သူ့စကားမဆုံးခင်မှာပင် လူအုပ်ကြီးသည် သူ့အား သတ်ရန် ပြေးဝင်လာချေပြီ။

All Chapters