တစ်နည်းမဟုတ် တစ်နည်း
Vol. 83 Ch. 1079
‘ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲ အရင် ၀င်သွားနိုင်သူက ဘယ်သူများလဲ...”
ချင်မူမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသိစိတ်အလျဉ်ပင်လျှင် ငြိမ်းသေလုနီးပါးဖြစ်သွားသည်။
ရုတ်တရက် ကောင်းကင်နတ်ဘုံဆီ ဦးတည်နေသော လူရိပ်တစ်ခုကို ချင်မူ မြင်လိုက်ရသည်။ ထိုသူသည် ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့၏ အရှေ့တွင် ဖြစ်၏။
'မဟာဧကရာဇ်များလား'
ချင်မူ တုန်လှုပ်သွားသည်။ မျိုးဆက်သစ်၏ ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် ဆယ့်တစ်ယောက်မြောက် ရှိကြောင်း သူ သတိရလိုက်သည်။ မဟာဧကရာဇ်၏ လူ၀င်စားခန္ဓာကိုယ်တစ်ခုက ကောင်းကင်မဟာမိတ်အဖွဲ့၏ ထိပ်သီးပိုင်းပုဂ္ဂိုလ်များတွင် ကောင်းကင်နတ်အရှင်တစ်ဦး ဖြစ်လာခဲ့သည်မဟုတ်လော။
သူသည် ချုံဧကရာဇ်ခေတ် အဆုံးသတ်ခါနီးတွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအတွင်းသို့ ၀င်ရောက်၍ ကောင်းကင်နတ်အရှင်လင်အား ထိုခန္ဓာကိုယ်ဖြင့် သတ်ဖြတ်ခဲ့၏။
ယွင်နှင့် ဟောင်ရှေ့မှ ဦးဆောင်၍ ကောင်းကင်နတ်ဘုံဆီသို့ ဦးတည်သွားနေသော လူသည် မဟာဧကရာဇ်၏ လူ၀င်စားဖြစ်နေမည်လော။
တစ်ချိန်တည်းမှာပင် နတ်ဘုရင်ကုန်းယွင်ကို ချင်မူ မြင်လိုက်ရသည်။ သူမသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ယွင်တို့နောက်မှ လျင်မြန်စွာ လိုက်နေပြီး ချင်မူနှင့် ကောင်းကင်နတ်ဘုံသို့ ဦးတည်နေသော အခြားသူများထက် လျင်မြန်ချေသည်။
သူမအသိစိတ်အလျဉ်က အရှိန်အဟုန်ဖြင့် ဖြာထွက်လာပြီး သူမနှင့် ရင်ဆိုင်မိသည့် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများမှာ သူမ၏အသိစိတ်အလျဉ်ပုံရိပ်ယောင်အတွင်း ကျရောက်ကုန်ကြသည်။ မည်သူမှ မလွတ်မြောက်နိုင်ချေ။
ကြယ်တာရာအရှင်သခင်များနှင့်အတူ ပြေးလာနေသော မဟာနေဧကရာဇ်ပင်လျှင် ၎င်းအတွင်း ကျရောက်သွား၏။ သူတို့မှာ သူတို့ကိုယ်သူတို့ မည်သည့်နေရာ ရောက်နေကြမှန်း မသိကြတော့ပေ။
သူမ ထွက်ပေါ်လာခြင်းက ကောင်းကင်နတ်ဘုံတွင် ရုန့်ရင်းဆန်ခတ် ဖြစ်သွားစေသော်လည်း သူ၏အသိစိတ်အလျဉ်ကို သုံးလိုက်သည့်အခါတွင်တော့ ထိုအခြေအနေများ ရပ်တန့်သွားသည်။ ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်ခန်းမဆီ ဦးတည်သွားနေသော သူမကို မည်သူမှ မမြင်နိုင်သည့်အလား ထင်ရပေသည်။
သူမလည်း ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို လိုချင်နေသည်မှာ ထင်ရှားလှ၏။
‘ကုန်းယွင်က ကမ္ဘာဦးနတ်ဘုရင်တစ်ပါးပဲ... အခုထိတော့ ကောင်းကင်နတ်အရှင်ယွင်နဲ့ တခြားသူတွေအနေနဲ့ သူ့ကို မယှဉ်နိုင်ဘူး..... သူတို့ နတ်ကောင်းကင်ခန်းမထဲ ရောက်သွားရင် သူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ဖို့ အများဆုံးပဲ... ဒါပေမဲ့ ဒီလိုယှဉ်ပြိုင်မှုမျိုးက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဝိညာဉ်နောက်တစ်ခုကို တွေ့သွားစေနိုင်လောက်တယ် မဟုတ်ဘူးလား..”
ချင်မူ အလျင်အမြန် စဉ်းစားလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နောက်တစ်ခုသည် လူဝင်စားပြီး၍ မျိုးဆက်သစ်၏ ကောင်းကင်နတ်အရှင်ရှောင် ဖြစ်နေလောက်ချေပြီ။
‘ရှောင်က ကောင်းကင်နတ်ဘုံမှာလား... ပုန်းစရာနေရာတွေ အများကြီးရှိတာပဲ.... အရှင်မယွမ်မုက ကျွယ်ဝူချိန်ဖြစ်လာပေမယ့် သူလည်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို လိုချင်မှာပဲ.... သူ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကောင်းကင်နတ်ဧကရီတောင် ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ခိုးယူဖို့ ကောင်းကင်နတ်အရှင်တစ်ယောက်အနေနဲ့ ကောင်းကင်နတ်ဘုံမှာ ပုန်းနေနိုင်တယ်..”
ချင်မူမှာ အသက်ကို တစ်ရှိုက်ချင်းစီ ရှုသွင်းနေရသည်။ သူ့မှာ မူးဝေလာ၏။
အတိတ်နှင့်ပတ်သက်လာလျှင် သူ နုံအခဲ့လွန်းသည်။ ကြည့်ရသရွေ့ ဧကရာဇ်အတွက်တိုက်ပွဲမှာ သူ ထင်ထားခဲ့သည်ထက် ပြင်းထန်သည့်ပုံပင်။
‘ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးက တစ်ယောက်နဲ့တစ်ယောက် ပြဿနာရှာပြီး ထိန်းချုပ်ထားခဲ့ကြတယ်... သူတို့က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာအတုကို အတူတူ ထိန်းချုပ်ခဲ့ကြတာ ဆိုတော့ ကြည့်ရတာ အဲဒီအခြေအနေမျိုးက နဂါးဟန်ခေတ်ရဲ့ ခေတ်နှောင်းပိုင်းအလယ်လောက်မှာ ပေါ်ပေါက်ခဲ့တာပဲဖြစ်ရမယ်”
နတ်ကောင်းကင်ခန်းမထဲတွင် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အတွက် တိုက်ခိုက်နေကြသော တိုက်ပွဲကို သူ မမြင်ရချေ။ မမြင်ရသဖြင့် စိတ်ပျက်မိသော်လည်း ထိုသမိုင်းကား ဖြစ်ပြီးသွားချေပြီ။
နဂါးဟန်ကောင်းကင်နတ်ဘုံသို့ ရောက်လာမည့် အပြောင်းအလဲကြီးများအား သူ စိတ်လှုပ်တရှား မျှော်လင့်မိသည်။
ကောင်းကင်နတ်ဧကရာဇ် သေဆုံးသွားပြီးနောက်တွင် အာဏာမှာ ထပ်မံ၍ နှစ်ခြမ်းကွဲသွားပေလိမ့်ဦးမည်။ သူတို့သည် နတ်မင်းလေးပါးကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူတို့တစ်ယောက်ချင်းစီကို ကောင်းကင်နတ်ဘုံမှ ခွဲထွက်စေကာ ဘိုးဘေးမြေများသို့ ပြန်သွားခွင့်ပြုကြလိမ့်မည်။
ကောင်းကင်နတ်ဘုံက ဆက်လက်မြင့်တက်၍ ကမ္ဘာဦးဘုံမှ ထွက်ခွာသွားမည်ဖြစ်သောကြောင့် မည်သူမှ ဘိုးဘေးနန်းတော်၏ နေရာအတိအကျကို ရှာဖွေနိုင်တော့မည်မဟုတ်ပေ။
ကောင်းကင်နတ်ဘုံထံမှ အချုပ်အနှောင်များ ကင်းမဲ့သွားသည့်အခါ အမိကမ္ဘာမြေသည်လည်း ပိုပို၍ သန်မာလာလိမ့်မည်။ သို့သော် သူမက ချုံဧကရာဇ်ခေတ်တွင် လောဘမထိန်းနိုင်တော့ဘဲ မြောက်ပိုင်းချုံဧကရာဇ် ကောင်းကင်နတ်ဘုံအား ထူထောင်နိုင်အောင် သူမ၏သားတော်အား ဧကရာဇ်အဖြစ် တင်မြှောက်လိမ့်မည်။
ဤအရာတို့သည် ယနေ့တိုက်ပွဲမှ အကျိုးဆက်များပင်။
ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့က မဟာဧကရာဇ်၏ လူ၀င်စားနောက်မှ နတ်ကောင်းကင်ခန်းမထဲသို့ ၀င်ရောက်သွားပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် နတ်ဘုရင်ကုန်းယွင်သည်လည်း ခန်းမအပြင် ရောက်လာသည်။
ရုတ်တရက် ဧရာမလက်ဖ၀ါးကြီးတစ်ဖက်က ခန်းမအတွင်းမှ ဖောက်ထွက်လာသည်။
ချင်မူ လက်ဖဝါးကြီးကို ကြည့်လိုက်ရာ ၎င်းသည် ကောင်းကင်၊ မြေကြီးနှင့် မရေမတွက်နိုင်သော ကမ္ဘာများကို ထိန်းချုပ်နိုင်ကြောင်း တွေ့လိုက်ရ၏။
ဤလက်ဖဝါးသည် နတ်ကောင်းကင်ခန်းမထဲမှ ထွက်ပေါ်လာသောကြောင့် သူနှင့် ဝေးကွာသော်လည်း ဖိအားကို ခံစားရသေးလေသည်။ ထောင်ချီသော ကောင်းကင်နှင့် မြေကြီးတာအိုများက ဤလက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား ထင်ရသည်။
လက်ကြီးကား ကောင်းကင်နတ်ဧကရာဇ်၏ လက်ပင်။
၎င်းက ကုန်းယွင်ထံ တန်းတန်းမတ်မတ် ဦးတည်ဝင်ရောက်၍ သူမကို အငိုက်မိသွားစေသည်။ ဇက်ဇက်ကြဲ ကမ္ဘာဦးခေတ်၏အမျိုးသမီးနတ်ဘုရင်၊ မဟာဧကရာဇ်၏ ဇနီးဖြစ်သူမှာ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။
‘ငါ...’ ချင်မူမှာ သွားများ ကြေမတတ် အံကြိတ်လိုက်မိသည်။
သူ ဤနေရာသို့ ရောက်နေခြင်းမှာ နတ်ဘုရင်ကုန်းယွင်ကို ရှာဖွေ၍ သူ၏အသိစိတိအလျဉ်ဒဏ်ရာများအား ကုသပေးခိုင်းရန်အတွက်ပင်။ သို့သော် မမျှော်လင့်ဖွယ်ကောင်းစွာနှင့် ကောင်းကင်နတ်အရှင်တစ်ဦးက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်၍ ကုန်းယွင်အား တစ်ချက်တည်း သတ်ဖြတ်ခဲ့ချေပြီ။
သူ့နဖူးမှ ချွေးများစီးကျလာသည်။ ‘မဟာဧကရာဇ်တော့ မဖြစ်နိုင်ဘူး... ကောင်းကင်နတ်ဧကရာဇ်ကလည်း ကုန်းယွင်ကို ချစ်တဲ့အတွက် သူ့ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားမှာပဲ... ဘယ်သူလုပ်တာများလဲ... ကောင်းကင်နတ်အရှင်ယွင်လား... ကောင်းကင်နတ်အရှင်ဟောင်လား.... အရှင်မယွမ်မုလား...’
ကောင်းကင်နတ်ဧကရာဇ်၏ လက်ကြီးက သွေးများစီးကျနေလျက် ပြန်ရုတ်သွားသည်။ ၎င်းက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ရန် ကြိုးစားနေသည့် အထဲရှိ ကောင်းကင်နတ်အရှင်များထံမှ ထွက်လာခြင်း ဖြစ်ပေလိမ့်မည်။
ကုန်းယွင်ကို တစ်ချက်တည်း သတ်နိုင်ခဲ့ခြင်းက ရုပ်ခန္ဓာ၏ ခွန်အားကို ပြသနေသဖြင့် သူတို့မှာ လုယူရန် ပို၍ပင် စိတ်အားထက်သန်လာကြတော့သည်။
နတ်ဘုရင်ကုန်းယွင်၏သေဆုံးမှုက သူမပုံရိပ်ယောင်ကမ္ဘာဖြင့် ပိတ်လှောင်ခံထားရသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများအား နိုးထလာစေသည်။ မဟာနေဧကရာဇ်က ကြယ်တာရာအရှင်သခင်များ စုစည်း၍ ပတ်၀န်းကျင်ကို ကြည့်ရှုကာ ဟိန်းဟောက်လိုက်သည်။ “အားလုံး အာရုံစိုက်ကြစမ်း ... သူပုန်တွေ ရှိနေနိုင်သေးတယ်..... နတ်ဟိန်းသံခွေးတွေကို လွှတ်လိုက်ကြ”
မရေမတွက်နိုင်သော နတ်ဘုရားများက သံကြိုးများကို လွှတ်ချလိုက်ရာ ခပ်ပိန်ပိန် အနက်ရောင်ခွေးကြီးများသည် တိမ်တိုက်များအပေါ်မှ ခုန်ဆင်း၍ နတ်ဘုရင်ကုန်းယွင်၏ တစစီဖြစ်နေသော အလောင်းဆီ သွားကာ အနံ့ခံလိုက်ကြသည်။
မကြာမီ ခွေးများစွာက ကောင်းကင်ထက်သို့ ပျံတက်၍ ရှာဖွေနေကြသည်။
ကောင်းကင်နတ်ဘုံကား ၀ရုန်းသုန်းကား ဖြစ်နေချေသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် အခြားသူများက နတ်ကောင်းကင်ခန်းမထံ အရှိန်အဟုန်ဖြင့် ပြေးသွားကြကာ သူတို့ကို လိုက်ဖမ်းနေသည့် မဟာနေဧကရာဇ်အား တစ်ယောက်တည်း ကျန်ရစ်စေခဲ့သည်။
ယန်အာ၊ နဂါးချီလင်နှင့် အခြားသူများလည်း ကောင်းကင်နတ်ဘုံထဲသို့ ခိုး၀င်လာကြရင်း ကောင်းကင်နတ်ဧကရာဇ်၏ လက်ဝါးချက်တစ်ချက်တည်းဖြင့် နတ်ဘုရင်ကုန်းယွင် အသတ်ခံရလိုက်ရသည်ကို မြင်သောအခါ ကြက်သီးတဖြန်းဖြန်း ထနေကြသည်။
ယန်အာက ကတုန်ကယင်ဖြင့် မေးလေ၏။ “သခင်လေး၊ ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ”
ချင်မူ ညည်းတွားလိုက်သည်။ သူ စကားပြောတော့မည့်အချိန် နန်းတွင်သူတစ်ဦးက သူတို့အနား ရောက်လာသည်။ သူမက ငေးငေးငိုင်ငိုင်ဖြင့် ယန်အာ့အနားလျှောက်လာကာ သူမနောက်ရှိ ရောင်ခြည်တော်စက်ဝန်းဆီ စကားပြောလိုက်ည်။ “ငါ့ရုပ်ခန္ဓာ သေသွားပြီ... မဟာနေဧကရာဇ်က ငါ့ကို ရှာပြီး အသေသတ်ပစ်ဖို့ ရည်ရွယ်ထားတယ်”
ယန်အာနှင့် နဂါးချီလင်မှာ လန့်သွားကြသည်။ “ရှင်/ခင်ဗျားက နတ်ဘုရင်ကုန်းယွင်လား..”
နန်းတွင်းသူသည် နူးညံ့နုနယ်လှ၏။ သို့သော် အသိစိတ်အလျဉ်မှာ ကမောက်ကမဖြစ်နေသည့်အတွက် သူမခန္ဓာကိုယ်အား ငှားယူရှင်သန်ရန် ခက်ခဲလေရာ သူမ၏ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီးကြီး ဖြစ်နေသည်။ “ငါက မဟာနေဧကရာဇ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.... အဲ့ဒီရှေးဟောင်းနတ်ဘုရားတွေကိုလည်း မခုခံနိုင်ဘူး.... ငါ့ကို ကာကွယ်ပေးပါ ကောင်းကင်နတ်အရှင်မူ”
နဂါးချီလင် ထခုန်မိမတတ် အော်ငေါက်လိုက်မိသည်။ “ဂိုဏ်းသခင်က သူ့ဟာသူတောင် အနိုင်နိုင်ဖြစ်နေတာ ခင်ဗျားကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာတုန်း”
နန်းတွင်းတူက ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင့်ရဲ့ဒဏ်ရာက ငါ့ထက် ပြင်းထန်တယ်.. ငါ့ရဲ့အသိစိတ်အလျဉ်ကို ပြန်ကုသဖို့ မခက်ခဲဘူး.... ဒါပေမဲ့ နင့်ရဲ့အသိစိတ်အလျဉ်ကိုတော့ ငါတစ်ယောက်ပဲ ကုသပေးနိုင်တယ်”
ချင်မူ၏အသိစိတ်အလျဉ်က ပြော၏။ “သူ့ကို ခေါ်သွား”
နဂါးချီလင်က ရေးကြီးသုတ်ပျာ မေးလိုက်သည်။ “ဘယ်ကိုလဲ ဂိုဏ်းသခင်”
“မြောက်နတ်မင်းရဲ့ မဟူရာလိပ်ကောင်းကင်ကင်နန်းတော်ကို..”
ချင်မူ သက်ပြင်းချလိုက်မိသည်။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာ လုနေကြတဲ့ တိုက်ပွဲရလဒ်ကို ငါတို့မသိဘူး... ငါတို့သိရင်တောင် သူတို့က လူလွှတ်ပြီး ကုန်းယွင်ကို ရှာကြဦးမှာပဲ... မဟာနေဧကရာဇ်ရဲ့ နတ်ဟိန်းသံခွေး အရေအတွက်အရ သူ့ကို ရှောင်ဖို့ ခက်ခဲလိမ့်မယ်... ဒါကြောင့် ငါတို့မှာ အဲ့ဒီရတနာရှိမှ ဘေးကင်းမှာ... ဖန်သားကောင်းကင်စေတီကို သွားယူမယ်... အခုချက်ချင်း...”
ယန်အာမှာ စိတ်လှုပ်ရှားလာသည်။ နဂါးချီလင်က သူမကို တစ်ချက်ကြည့်ကာ ပြောသည်။ “တိုးတိုးနေပါဗျ... မဟာနေဧကရာဇ်၊ ကျွန်တော်တို့ကို ရှာတွေ့သွားဦးမယ်..”
ယန်အာမှာ အလျင်အမြန် အသံနိမ့်လိုက်ကာ မြောက်ကြွမြောက်ကြွ မလုပ်ရဲတော့ပေ။ “ငါ အဲ့ဒီနာမည်ကြီး နံပါတ်တစ်ရတနာကို မြင်ဖူးချင်နေတာကြာပြီ... ရတနာ ခိုးသွားတဲ့ လူလိမ်အတွဲကိုရောပဲ...”
နဂါးချီလင်က ဟမ့်ခနဲ နှာခေါင်းရှုံ့ကာ ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်လေသည်။ “အဲ့ဒါ ကျွန်တော်တို့လေဗျာ..”