ခိုးယူပြီး တစ်လောကလုံးကို လှည့်စားခဲ့သော လိပ်နက်နတ်မင်း
Vol. 83 Ch. 1080
ယန်အာမှာတော့ တိတ်တိတ်ကလေး ကြိတ်ပျော်နေသည်။ စိတ်လှုပ်ရှားလွန်း၍ပင် တုန်ရီနေလေသည်။ “ငါတို့က နဂါးဟန်ခေတ်မှာ ရာဇဝင်တွင်တော့မှာပေါ့ဟ... လူတွေအများကြီး ကိုးကွယ်ကြတဲ့ သူခိုးနတ်ဘုရားတွေ ဖြစ်လာတော့မယ် ဟီးဟီး.... ငါတို့ရာဇဝင်က နှစ်ခြောက်သိန်းကြာတဲ့အထိတောင် ပြောစမှတ်တွင်နေမှာ...”
နဂါးချီလင်က သူမကို တစ်ချက်ကြည့်ကာ ပြောသည်။ “ကိုယ့်ကိုကိုယ်လည်း ကြည့်ဦး... ဒီအတိုင်းသာဆို မဟူရာလိပ်ကောင်းကင်နန်းတော်တောင် မရောက်ခင် အဖမ်းခံရတော့မှာပဲ..... စိတ်အေးအေးထားပါးဗျာ မမကြီးယန်အာရာ”
ယန်အာသည် သူ့နဖူးကို ပွတ်ရင်း တခစ်ခစ် ရယ်နေ၏။ “ငါ ကောင်းကင်နတ်အရှင်ယွဲ့နောက် လိုက်ခဲ့တုန်းက ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတာမျိုး တစ်ခါမှ မလုပ်ခဲ့ရဘူး... နင်က တော်တော်သိတာပဲ ဖက်တီးနဂါးရ... ဒီလိုကိစ္စမျိုးတွေတောင် သိနေတယ်”
“ကျွန်တော်က လုံပိပဲဟာ ဒီလောက်တော့ ရှိရမှာပေါ့..”
နဂါးချီလင်က သူ့အမြှီးကို မြှောက်ရန် ပြင်လိုက်သော်လည်း အမြှီးမရှိသည့် လူသားတစ်ယောက် ဖြစ်နေကြောင်း သဘောပေါက်လိုက်သဖြင့် စိတ်ကသိကအောက် ဖြစ်သွားသည်။
“ဂိုဏ်းသခင်က ရွာပြန်တိုင်း ကျွန်တော့်ကို ခေါ်ခေါ်သွားတယ်လေ.... နံပါတ်တစ် သူခိုးနတ်ဘုရား ဘိုးဘိုးထော့ကျိုးက ရွာမှာ ရှိနေတာပဲဥစ္စာ... သူ ဂိုဏ်းသခင်ကို သင်ပေးခဲ့တုန်းက....”
သူက လေးနက်နေသော မျက်ဝန်းများဖြင့် ပြောသည်။ “ကျွန်တော်လည်း သင်ခဲ့ရတယ်... “
ယန်အာမှာ သူ့မျက်လုံးထဲရှိ ကြယ်ကလေးများကို ကြည့်ရင်း အကြီးအကျယ် အထင်ကြီးနေတော့သည်။
နဂါးချီလင်သည် အနည်းငယ် စိတ်ကသိကအောက် ဖြစ်နေသော်လည်း အတော်လေး စိတ်ကျေနပ်သွားသည်။ ‘ငါ့အမြှီးကို မြှောက်ပြီး ယမ်းလို့မရတာ ကံဆိုးတာပဲ.... မဟုတ်ရင် ခပ်မိုက်မိုက်ပုံစံ ဖြစ်နေမှာကို... “
နတ်ဟိန်းသံခွေးများစွာသည် နတ်ဘုရင်ကုန်းယွင်နှင့် သူမ၏ကြံရာပါများကို ရှာဖွေရန် နေရာအနှံ့ အနံ့ခံနေကြ၏။ မဟာနေဧကရာဇ်၏အသံအား မကြာမကြာ ကြားရနိုင်သည်။ “အဲ့သူခိုးမက ကမ္ဘာဦးခေတ်က နတ်ဘုရင်တစ်ပါးပဲ.... အသိစိတ်အလျဉ်မှာ ကျွမ်းကျင်တယ်... သူ့အသိစိတ်အလျဉ် မဖျက်ဆီးခံရသရွေ့ သေမှာမဟုတ်ဘူး... ငါတို့ ရှာမှဖြစ်မယ်..”
ယန်အာနှင့် နဂါးချီလင်သည် နန်းတွင်းသူကို သူတို့နှင့်အတူ ခေါ်ဆောင်သွား၏။ ကုန်းယွင်မှာ ဆက်လက်ရှင်သန်ရန် နန်းတွင်းသူ၏ ခန္ဓာကိုယ်ကို ငှားယူခဲ့သည်။ သူမ၏ အသိစိတ်အလျဉ်ဒဏ်ရာများမှာ သူတို့နှစ်ယောက်စလုံးအား အားကိုးအားထား ပြုရသည်အထိ ပြင်းထန်လွန်းချေသည်။
သို့သော် သူမမှာ နဂါးချီလင်နှင့် ယန်အာကို ကြည့်လိုက်တိုင်း ယုံကြည်ကိုးစားရသူများမဟုတ်ဟု ခံစားရစမြဲပင်။
သူတို့နှင့်အတူ ကောင်းကင်နဂါးခြောက်ကောင် ပါလာ၍ တော်သေးသည်။ ကောင်းကင်နဂါးခြောက်ကောင်သည် အရှေ့နတ်မင်းချင်းလုံ၏ သွေးဆက်ကို ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့် ခွေးများမှာ ထိုသွေးနံ့ကို အနံ့ခံမိသည်နှင့် မချဉ်းကပ်ရဲကြချေ။
ခွေးများသည် ထူးခြားမျိုးစိတ်များ ဖြစ်သော်လည် အရှေ့နတ်မင်းချင်းလုံနှင့် ယှဉ်လျှင်တော့ မှေးမှိန်သွားကြ၏။ ကောင်းကင်နဂါးခြောက်ကောင် လူသားများအဖြစ် ပြောင်းလဲ၍ အတူတကွ လျှောက်လှမ်းသွားကြသည့်အခါ သူတို့အနံ့မှာ အားကောင်းလွန်းသည့်အတွက် ခွေးများကို ငြိမ်ကုပ်သွားစေနိုင်သည်။
သူတို့က ကောင်းကင်နတ်ဘုံ၏ ကသောင်းကနင်းအခြေအနေများအကြား ပြေးလွှားရင်း မြောက်နတ်မင်းရွှမ်းဝူ၏ ကောင်းကင်နန်းတော်သို့ ရောက်ရှိလာကြသည်။ ကောင်းကင်နန်းတော်ဆီ ရောက်သည့်အခါ နဂါးချီလင်က တံခါး၀ရှိ လိပ်နတ်ဘုရားများကို နှိုးလိုက်သည်။
လိပ်နတ်ဘုရားများမှာ ပျင်းလွန်းသဖြင့် ကျောက်ရုပ်ကြီးများသဖွယ် မလှုပ်ကြပေ။ အနိုးခံလိုက်သဖြင့် မကျေမနပ် ဖြစ်သွားကြပြီး ပျင်းရိပျင်းတွဲ မေးလေသည်။ “ဘာလာလုပ်တာလဲ”
“ကျွန်တော်တို့က အရှေ့နတ်မင်းနဲ့ တောင်နတ်မင်းရဲ့ မျိုးဆက်တွေပါ... မင်းသားယိုမင်းကို လာနှုတ်ဆက်တာပါ” နဂါးချီလင်က ပြောသည်။
လိပ်နတ်ဘုရားများက သူတို့ကို အကဲခတ်ကာ သိုင်းပညာရှင်များနှင့် တူသလို ခံစားလိုက်ကြရသည်။ တချို့သည် ကောင်းကင်နဂါးများဖြစ်ကြပြီး နဂါးစာကလေးတစ်ကောင်နှင့် နဂါးချီလင်တစ်ကောင်လည်း ရှိလေရာ အရှေ့နတ်မင်း၏မျိုးဆက်များသွယ် ထင်နေရ၏။ “မင်းတို့က နတ်မင်းနှစ်ပါးရဲ့ မျိုးဆက်တွေပေါ့.... ငါ မင်းတို့ လာလည်တဲ့အကြောင်း သွားလျှောက်တင်နေတုန်း ဒီမှာ ခဏစောင့်ကြ”
လိပ်နတ်ဘုရားတစ်ပါးသည် မဟူရာလိပ်ကောင်းကင်နန်းတော်ထဲသို့ လှည့်ဝင်သွားလေ၏။
မင်းသားယိုမင်းမှာ ထိုအကြောင်းကြားလျှင် အထူးအဆန်း ဖြစ်သွားသည်။ “အရှေ့နတ်မင်းချင်းလုံက ရှုပ်ပွေလွန်းတော့ သူ့သားတွေက တစ်သန်းကျော်လောက်တောင် ရှိရင်ရှိနေမှာ... ကြက်နဂါးမှာတောင် သူ့သွေး ပါတယ်ဆိုပြီး ပြောကြတယ်... ဘယ်ကြက်နဲ့ အတူနေခဲ့တာလဲတော့ ငါလည်း မပြောတတ်ဘူး... သူ့မျိုးဆက်တွေကို ဂရုမစိုက်လို့ရပေမယ့် တောင်နတ်မင်းကတော့ ဖြူဖြူစင်စင်ရယ်ပါ.... သူ့မှာ မျိုးဆက်ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး... အခု သူ့ရဲ့ မင်းသမီးလေးက ဒီကိုရောက်နေတယ်ဆိုတော့ သွားတွေ့ရမှာပေါ့”
လိပ်နတ်ဘုရားက သူ့ကို သတိပေး၏။ “မင်းသားခင်ဗျ... မင်းသားကို လာတွေ့ဖူးတဲ့သူတွေထဲမှာ ကျွန်တော်တို့ရတနာတွေကို လိုချင်လို့ လာရောက်လှည့်ဖြားကြတဲ့သူတွေ ရှိခဲ့ဖူးပါတယ်.... ဒီလူတွေကလည်း အလားတူကြံစည်နေတာမျိုး ဖြစ်နိုင်ပါတယ်...”
မင်းသားယိုမင်းက ပြုံးလျက် မိန့်လေသည်။ “အဓိပ္ပာယ်မရှိတာ.... ရတနာလိုချင်တဲ့သူတွေက ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နဲ့ ကောင်းကင်ယင်သားတော်တို့ပဲ... ငါ့မိဘတွေရဲ့စကားအတိုင်း သူတို့နဲ့ ဝေးဝေးနေပြီးပြီ... ယှဉ်ကြည့်လိုက်ရင် တောင်နတ်မင်းရဲ့ မင်းသမီးလေးကတော့ အဲ့လောက် ကောက်ကျစ်မှာမဟုတ်ပါဘူးကွာ”
လိပ်နတ်ဘုရားမှာ ချီတုံချတုံဖြင့် ပြောလေသည်။ “ကျွန်တော် သခင်ကြီးနဲ့သခင်မကြီးကို လျှောက်တင်ရမလားခင်ဗျ”
“ငါက ကလေးမှမဟုတ်တာ... ဘာလို့ ငါ မိတ်ဆွေဖွဲ့တာကိုပါ ပြောနေရမှာလဲ”
မင်းသားယိုမင်းက ဆက်ပြော၏။ “ဒါ့အပြင် မြောက်နတ်မင်းက ဒီမှာမရှိဘူးလေ... သူတို့က အနောက်နတ်မင်း၊ အရှေ့နတ်မင်းနဲ့ တောင်နတ်မင်းကို သွားရှာကြတာ... ဘယ်အချိန် ပြန်လာမလဲမသိဘူး... အပြင်မှာ စောင့်ခိုင်းထားရမှာလား.... သူများသာ အဲ့အကြောင်းကြားရရင် ငါ့မှာ ယဉ်ကျေးမှုမရှိဘူးဆိုပြီး လှောင်ကြလိမ့်မယ်... သူတို့ကို အထဲခေါ်လာခဲ့လိုက်”
ထိုနတ်ဘုရားမှာ နန်းတော်အပြင်သို့ ထွက်၍ နဂါးချီလင်နှင့် ယန်အာကို ဖိတ်ခေါ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။ “နန်းတော်မှ ကြိုဆိုပါတယ်”
သူတို့အဖွဲ့ မဟူရာလိပ်နန်းတော်ထဲ ၀င်ရောက်သွားကြသည်။ နန်းတော်တွင် ရတနာများ၊ လက်၀တ်လက်စားများဖြင့် ပြည့်နှက်နေချေသည်။ တန်ဖိုးကြီးသည့်အရှိန်အဝါများကလည်း လေထုတွင် လွင့်မျောနေ၏။
“မြောက်နတ်မင်းရဲ့ စံအိမ်တော်က တကယ်ကို ခမ်းနားတင့်တယ်တာပဲ” နဂါးချီလင်မှာ မချီးကျူးဘဲ မနေနိုင်ချေ။
လိပ်နတ်ဘုရားက လမ်းပြဦးဆောင်ရင်း ပြန်ပြောသည်။ “ငါတို့သခင်ကြီးက ကောင်းကင်နတ်မြစ်ကနေ မွေးဖွားလာတဲ့ သူတော်စင်တစ်ဦးဆိုတော့ ပူဇော်ကိုးကွယ်ကြတဲ့ လူတွေ တစ်ပုံကြီးပဲ... ကောင်းကင်နတ်မြစ်က ငါတို့သခင်ကြီးအပိုင်မလို့ ကောင်းကင်နတ်မြစ်က ရတနာမှန်သမျှကလည်း သူ့အပိုင်ချည်းပဲ... ဒါကြောင့် အလိုလို ချမ်းသာကြွယ်ဝနေရောပေါ့”
ကုန်းယွင်က အေးစက်စက် ရယ်၏။ “ခိုးယူပြီး တစ်လောကလုံးကို လှည့်စားနေတာ”
လိပ်သည် သူမကို လှည့်ကြည့်လိုက်သည့်အခါ နန်းတွင်းသူ ကြောင်တောင်တောင် အသွင် ရှိကြောင်း တွေ့လိုက်ရသဖြင့် သိပ်အလေးအနက်မထားတော့ဘဲ တောင်နတ်မင်းနန်းတော်မှ နန်းတွင်းသူတစ်ဦးဟုသာ မှတ်ယူလိုက်သည်။
နတ်မင်းလေးပါးသည် သဘာ၀မှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားများဖြစ်သည်ဟု အခိုင်အမာ ဆိုထားကြသောကြောင့် လူတိုင်းလူတိုင်း ထိုအတိုင်းပြောဆိုကြသော်လည်း ကုန်းယွင်ကမူ သူတို့၏ဇစ်မြစ်များကို သိထား၏။
အနောက်နတ်မင်းကျားဖြူမှာ ကုန်းယွင်၏ နွီရှင်းမျိုးနွယ်စုတစ်စုလုံး စုပေါင်းယဇ်ပူဇော်ခြင်းမှ မွေးဖွားလာသူ မဟုတ်လော။
အခြားနတ်မင်းများတွင်လည်း ကိုယ်ပိုင်နောက်ကြောင်းများ ရှိကြသည်။ မြောက်နတ်မင်းရွှမ်းဝူသည် ကျူယွီမျိုးနွယ်စု၏ ယဇ်ပူဇော်မှုမှ မွေးဖွားလာခြင်းဖြစ်သည်။ နတ်မင်းဝူသည်လည်း ကုန်းယွင်နှင့် ပတ်သက်မှုတချို့ ရှိခဲ့ဖူးသည်။
ကျူယွီမှ ယွီသည် မြောက်အရပ်မှ ရေဟု အဓိပ္ပာယ်ရ၏။ ကျူယွီမျိုးနွယ်စုသည် မြောက်အရပ်မှ ရေများဘေးတွင် နေထိုင်သော ဖန်ဆင်းရှင်များဟု အဓိပ္ပာယ်ရချေသည်။
ကျူယွီမျိုးနွယ်စုက မူလတွင် ကောင်းကင်နတ်မြစ်၏ မြောက်ပိုင်း၌ နေထိုင်ခဲ့ကြကာ ယဇ်ပူဇော်ခြင်းဖြင့် မဟူရာလိပ်ရှေးဟောင်းနတ်ဘုရားကို ဖန်ဆင်းခဲ့ကြသည်။
ထိုနတ်ဘုရားသည် နှစ်ခြမ်းကွဲနေခဲ့၏။ တစ်ခြမ်းက နတ်မင်းရွှမ်းဖြစ်ပြီး နောက်တစ်ခြမ်းက နတ်မင်းဝူဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကုန်းယွင်သည် မဟာဧကရာဇ်၏ဇနီး ဖြစ်သလို၊ နွီရှင်းမျိုးနွယ်စု၏ခေါင်းဆောင်လည်း ဖြစ်သည့်အတွက်ပင်။
နွီရှင်းမျိုးနွယ်စုတွင် အမျိုးသမီးများက ပို၍အဆင့်မြင့်သည်။ ကုန်းယွင် မဟာဧကရာဇ်ကို လက်ထပ်ခဲ့စဉ်က ကျူယွီမျိုးနွယ်စုရှိ သူမ၏အဆင့်အတန်းမှာ ပို၍မြင့်မား၏။ သူမသည် မဟာဧကရာဇ်နှင့် တန်းတူဖြစ်သည့်အတွက် ကျူယွီမျိုးနွယ်စု ယဇ်ပူဇော်သည့်အခါ ရှေးဟောင်းနတ်ဘုရားနှစ်ပါးဖြစ်သည့် နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့ကို ဖန်ဆင်းခဲ့သည်။
သူတို့၏ ယဇ်ပူဇော်မှုသည် လှပသော ဆုတောင်းတစ်ခုအား ကိုယ်စားပြု၏။ ဆုတောင်းက မဟာဧကရာဇ်နှင့် ကုန်းယွင်တို့အနေဖြင့် ပြီးပြည့်စုံသော စုံတွဲအဖြစ်ဖြင့် တူနှစ်ကိုယ် တူယှဉ်တွဲနေနိုင်ကြစေရန် ဖြစ်သည်။
သို့သော် အရှိတရားကား ရက်စက်လှချေသည်။
မြောက်နတ်မင်းသည် ဖန်ဆင်းရှင်တို့၏ ကပ်ဘေးကြီး ဖြစ်ပွားသည့်အချိန်တွင် ကျူယွီမျိုးနွယ်စုကို ဓားပြတိုက်စီးနင်းခြင်းဖြင့် ကြွယ်၀ချမ်းသာလာခဲ့၏။
ရုတ်တရက် ရယ်သံအကျယ်ကြီး ထွက်လာကာ ချောမောသော ခပ်ထွားထွားလူငယ်တစ်ဦးက သူတို့ဆီသို့ လျှောက်လာ၏။ ထိုသူက မင်းသားယိုမင်ပင်။
ထိုအချိန်က မင်းသားယိုမင်မှာ သနားစဖွယ်ဖြစ်မနေချေ။ သန်မာခံ့ညားပြီး အားကောင်းပြင်းထန်သောအရှိန်အဝါနှင့် နဂါးမုတ်ဆိတ်များကို ပိုင်ဆိုင်ထားချေသည်။ သူ၏ ၀တ်ရုံများသည် ခမ်းနားလွန်းပြီး ပန်းပွင့်ပုံနှင့် ရွှေချည်မျှင်များဖြင့် နဂါးရုပ်များ ရေးဆွဲထားသော အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထား၏။
သူ့ခန္ဓာကိုယ်တွင် ဟိုတစ်ခု၊ သည်တစ်ခု ချိတ်ထားသည့် ရတနာများက မျက်စိကို အဖမ်းစားနိုင်ဆုံး ဖြစ်ကြသည်။ ပထမဆုံးအနေဖြင့် သူ့ခါးတွင် ပုလဲလုံး ၂၄ လုံးကို ချိတ်ဆွဲထား၏။ ၎င်းတို့က ကောင်းကင်ဘုံ ၂၄ ဘုံဖြစ်ချေသည်။
သူ့လက်မောင်းနှစ်ဖက်တွင် ပုလဲလုံးများဖြင့် သွန်းလုပ်ထားသော လက်ကောက် လေးငါးကွင်းစီ ၀တ်ထားသည်။ လက်ကောက်၀တ်များ၌မူ ကျောက်စိမ်းလက်ပတ်ကွင်း လေးကွင်းကို ၀တ်ဆင်ထားပြီး လည်ပင်းတွင် လည်ဆွဲတစ်ကုံး နေရာယူထား၏။ လည်ဆွဲတွင် အမည်မသိရတနာတစ်ခု ရှိချေသည်။
သူ၏ဖိနပ်များမှာလည်း တိမ်တိုက်များ ထုတ်လွှတ်ပေးနေသည်။ သူ လမ်းလျှောက်လိုက်တိုင်း တိမ်များက သူ့ကို မြှင့်တင်ပေးသဖြင့် လေထဲသို့ မြောက်တက်နေစေသည်။
နဂါးချီလင်က တွေးနေမိသည်။ ‘ဒီမင်းသားယိုမင်က ခရီးသွားနေတဲ့ ပန်းပဲသမားတစ်ယောက် ကျနေတာပဲ.... သူက ကုန်သည်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်'
ယန်အာက သူ့ကိုမြင်သည်နှင့် နှုတ်ဆက်လေသည်။ “နှုတ်ဆက်ဂါ၀ရပြုပါတယ် အစ်ကိုတော်”
နဂါးချီလင်နှင့် ကောင်းကင်နဂါးခြောက်ကောင်ကလည်း နှုတ်ဆက်ကြသည်။ “နောင်တော်”
မင်းသားယိုမင်းက စိတ်လှုပ်တရှားဖြင့် ပြန်လည်နှုတ်ဆက်၏။ “ငါက သိပ်အပြင်သွားလေ့မရှိတော့ ငါ့ညီအစ်ကိုမောင်နှမတွေနဲ့ သိပ်မရင်းနှီးဘူးဖြစ်နေတယ်.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..”
ယန်အာ၏ ရောင်ခြည်တော်စက်ဝန်းအတွင်းရှိ ချင်မူအား မင်းသားယိုမင် မမြင်အောင် နတ်ဘုရင်ကုန်းယွင်သည် သူ၏အတွေးများအား အသိစိတ်အလျဉ်ဖြင့် ဖုန်းကွယ်ထား၏။ ထို့ကြောင့် သူ့မှာ နဂါးသွေးရတနာသစ်ပင်အောက်ရှိ ကောင်းကင်နတ်အရှင်မူအား သတိမထားမိပေ။
နဂါးချီလင်က အံ့ဩသင့်ဖွယ်ရာ သတင်းတစ်ခုအား ပြောလိုက်သည်။ “နောင်တော်၊ ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲတော့မှာ သိလား”
မင်းသားယိုမင်းမှာ အံ့အားသင့်သွားပြီး သူ့ပါးစပ်ကို အလျင်စလို အုပ်၍ ဟိုဟိုသည်သည် ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “မင်း အဲ့ဒီလိုပြောလို့ သေသွားနိုင်တယ်.... အဓိပ္ပာယ်မရှိတာ လျှောက်မပြောစမ်းနဲ့”
ရုတ်တရက် နတ်ဘုရားများက သတင်းပို့လာသည်။ “နတ်မင်း ပြန်ရောက်လာပါပြီ”
မင်းသားယိုမင်က သွားကြိုရန်အတွက် ကပျာကယာ တောင်းပန်သည်။ “ကျေးဇူးပြုပြီး ဒီမှာ အရင်နေကြပါဦး.... ငါ မကြာခင် ပြန်လာခဲ့ပါ့မယ်”
နတ်မင်းရွှမ်းနှင့် နတ်မင်းဝူသည် ခရီးမှ ပြန်ရောက်လာ၍ ထိုင်နေကြည်။ ယိုမင်က သူတို့ကို အရိုအသေပေးလိုက်သည်။ နတ်မင်းရွှမ်းနှင့် နတ်မင်းဝူက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြောလေသည်။ “အခုတလော အပြင်မထွက်နဲ့... ကောင်းကင်နတ်ဘုံက နှစ်ခြမ်းကွဲတော့မယ်”
မင်းသားယိုမင်းမှာ နဂါးချီလင်၏ စကားကို သတိရသွားပြီး အကြံတစ်ခုပေါ်လာသည်။ “ကျွန်တော် သိပြီးသွားပါပြီ”
နတ်မင်းရွှမ်းနှင့် နတ်မင်းဝူ စိတ်ကျေနပ်သွားသည်။ “ကြည့်ရတာ ငါတို့ရဲ့ သားငတုံးလေးတော့ ကောင်းကင်နတ်ဘုံရဲ့ အခြေအနေကို သိတဲ့အထိ ဉာဏ်အလင်းပွင့်လာပြီထင်တယ်”