သုံးလုံးမြောက် ရှေးဟောင်းနတ်ဘုရားဥ
Vol. 83 Ch. 1082
နဂါးချီလင်က ပြုံးလိုက်ပြီး ခပ်တိုးတိုး ပြောနေသည်။ “အညှာမလွယ်တဲ့ ပုံစံဖမ်းတာကမှ သားကောင်ကို ကိုယ့်ဆီ မျှားခေါ်နိုင်တာတဲ့.... အခု မင်းသားယိုမင်တော့ ကျွန်တော့်လက်ခုပ်ထဲက ရေဖြစ်လာပြီ”
ယန်အာမှာ စိတ်လက်မသက်မသာ ဖြစ်နေကာ ခပ်တိုးတိုး ပြန်ပြောသည်။ “ဒီမင်းသားယိုမင်က ရိုးသားပြီး ဖော်ရွေလွနး်တယ်နော်.... သူ့ရဲ့ ဖန်သားကောင်းကင်စေတီကို ခိုးပြီး မြောက်နတ်မင်း သူ့ကို နှစ်ခြောက်သိန်းတိတိ အကျဉ်းချအောင် လုပ်ခဲ့တဲ့ ငါတို့ လုပ်ရပ်က မလွန်လွန်းဘူးလားဟေ”
နဂါးချီလင်လည်း တွေဝေသွားသည်။ “ကျွန်တော်တို့ မခိုးခဲ့ရင် သူ့အနေနဲ့ ထာ၀ရငြိမ်းချမ်းအင်ပါယာခေတ်တောင် မရောက်ဘဲ သေရင်သေသွားလောက်တယ် .... ခိုးလိုက်တာကဖြင့် သူ့အသက်ကို ကယ်လိုက်တာမဟုတ်လား”
ယန်အာသည် မင်သားယိုမင်ကို လှည့်စားရမည့်အပေါ် လိပ်ပြာမလုံပေ။ သူမက တခဏ တွေးပြီးနောက် ပြောသည်။ “ငါတို့ မခိုးရင်တောင် သူ ကောင်းကင်ယင်သားတော်လို လူစားတွေရဲ့ အသတ်မခံရအောင် မြောက်နတ်မင်းက သူ့ကို ချုပ်ထားဖို့ နည်းလမ်းရှာမှာပဲ... ဖက်တီးနဂါး၊ ငါတို့ ခိုးဖို့မလိုရင် မခိုးသင့်ဘူး”
နဂါးချီလင်မှာ ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီဗျာ... ကျွန်တော်တို့ ဂိုဏ်းသခင် ပြန်မသက်သာခင်အထိ စေတီရဲ့ အကာအကွယ်ကို အားကိုးပြီး ဒီမှာနေလို့တာပဲ”
သူတို့နှစ်ယောက်သည် စိတ်ပိုင်းဖြတ်၍ မင်းသားယိုမင်နောက်မှ မဟူရာလိပ်နန်းတော်၏ နတ်ကောင်းကင်ခန်းမဆီသို့ လိုက်သွားကြသည်။ ခန်းမအထဲသို့ မ၀င်ရသေးခင်မှာတင် ခန်းမ၏ ခံ့ညားထည်ဝါနေမှုက သူတို့ကို ရှိန်လာစေသည်။
အထဲရောက်သည့်အခါ ထပ်မံ၍ အံ့ဩမှင်သက်သွားကြရပြန်သည်။ ဧရာမကျောက်စိမ်းမှန်တိုင်ကြီးတစ်တိုင်သည် မိုးပြာရောင် ထီးတော်အလွှာအထပ်ထပ် မတ်မတ်ထောင်လျက် ရှိနေ၏။
သူတို့ အနီးကပ်ကြည့်လိုက်သည့်အခါ ထီးတော်သည် 巾 စာလုံးများ အထပ်ထပ်ရှိနေသကဲ့သို့ အပြင်သို့ တဖြည်းဖြည်းချင်း ပွင့်ကားလာနေကြောင်း တွေ့လိုက်ရသည်။
ထီးတော်၏အတွင်းတွင် အသေးစားနေများ ကိန်းဝပ်နေသကဲ့သို့ ရတနာအလင်းရောင်မျိုးစုံ ဖြိုးဖြိုးဖျပ်ဖျပ် လက်လာသည်။
နဂါးချီလင်က ထီးတော်၏အောက်၌ ရပ်ကာ မော့ကြည့်လိုက်သည်။ ထီးတော်တစ်ခုစီတွင် ကျောက်စိမ်းပုလဲများ ၊ ကျောက်မျက်ရတနာများ ချိတ်ဆွဲလျက် ရှိနေပြီး အတွင်း၌လည်း ခေါင်းလောင်း၊ မျှော်စင်၊ သစ်ပင်ပင်၊ ပန်းပွင့်၊ တိမ်တိုက်နှင့် မြစ်များကဲ့သို့ ရတနာပေါင်းစုံ တွေ့မြင်ရသည်။
ထီးတော်အတွင်း၌ ကြယ်တာရာများပင်လျှင် လှည့်ပတ်နေသည်။ တစ်ခါတရံတွင် ၎င်းတို့က နီးကပ်နေပြီး တစ်ခါတရံတွင် ဝေးကွာသွားတတ်သည်။ နီးကပ်လျှင် တောက်ပလွန်းပြီး ဝေးသွားသည့်အခါတွင် ညကောင်းကင်ယံထက်က ကြယ်တာရာများပမာ ထင်ရပေသည်။
“ဘုရား... ဘုရား...”
နဂါးချီလင်မှာ တအံ့တဩဖြင့် စပ်စုမိလိုက်သည်။ “နောင်တော်၊ စေတီက ဘယ်လိုအသုံးဝင်တာလဲ”
မင်းသားယိုမင်က ရှေ့သို့ လျှောက်သွားပြီး စေတီကို မ၍ အပြင်သို့ သယ်သွားရင်း ဖြေသည်။ “ဆုတောင်းပြည့်တယ်.... ဒီရတနာက ငါ့မိဘတွေ တစ်သက်လုံး စုဆောင်းထားခဲ့တာတွေကနေ သွန်းလုပ်ထားတာ... အသုံးပြုရတာ လွယ်တယ်”
သူက စေတီကို ရှိခိုးကာ ပြောလိုက်သည်။ “အချစ်လေး... ငါတို့ကို စားစရာနည်းနည်း ပေးပါ”
ဖန်သားကောင်းကင်စေတီ၏ ထီးတော်သည် ညင်သာစွာ လည်သွားပြီး ဟင်းလျာအမျိုးအမျိုးက ၎င်းထံမှ ပြုတ်ကျလာ၏။
နဂါးချီလင်နှင့် ယန်အာမှာ အံ့အားသင့်သွားသည်။
မင်းသားယိုမင်းက ကျလာသော စားစရာများအား ခွဲဝေပေးပြီးနောက် ပြောသည်။ “အချစ်လေး၊ မိုးရွာပါဦး”
သူ့စကားမဆုံးခင်မှာပင် တိမ်များ စုဝေးလာပြီး မဟူရာလိပ်ကောင်းကင်နန်းတော်ပေါ်သို့ မိုးစက်များ ရွာကျလာသည်။
မင်းသားယိုမင်းက ရယ်လျက် ဦးညွှတ်ကာ ပြောလိုက်သည်။ “အချစ်လေး၊ ကျေးဇူးပြုပြီး မဟူလိပ်ကောင်းကင်နန်းတော်ကို ကာကွယ်ပေးပါ”
ဝှစ်...
စေတီသည် ရုတ်တရက် ပြန့်ကားသွားပြီး ထီးတော်များက ကောင်းကင်ဘုံများ ဖြစ်လာကြသည်။ စုစုပေါင်း ကောင်းကင်ဘုံ ၂၈ ဘုံက ကောင်းကင်နန်းတော်ကို ၀န်းရံသွားပြီး တစ်ဘုံချင်းစီမှ ရတနာမျိုးစုံ တွဲလျားကျနေသည်။ နေနှင့်လက ၎င်းကို လှည့်ပတ်နေပြီး ကြယ်တာရာများလည်း ရွေ့လျားလာသည်။ မြင်ကွင်းသည် အင်မတန် ခမ်းနားတင့်တယ်လှ၏။
ကောင်းကင်ဘုံတို့၏ ဟင်းလင်းပြင်ထဲတွင် ကျောက်စိမ်းပုလဲလုံးများလည်း တည်ရှိနေကြပြီး အပြင်အာကာသ၏ ဧရာမဂြိုဟ်ကြီးများအလား ပြန့်ကားလာကြသည်။
ခေါင်းလောင်းများ၊ မျှော်စင်များ၊ ပန်းပွင့်များ၊ သစ်ပင်များ၊ တိမ်တိုက်များနှင့် မြစ်များလည်း ကောင်းကင်ထက်၌ မျောလွင့်လျက် ရှိပြီး ဖြည်းဖြည်းချင်း ရွေ့လျားလျက် နတ်အရောင်အဝါများ ဖြန့်ကျက်နေကြသည်။
နဂါးချီလင် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ဘုံ ၂၈ ဘုံ၏ အထက်တွင် အလုံးကြီးတစ်လုံး ပျံဝဲနေကြောင်း တွေ့လိုက်ရသည်။ ၎င်းအပေါ်တွင် တာအိုသင်္ကေတအမျိုးမျိုးက မှိတ်တုတ်မှိတ်တုတ် တောက်ပနေ၏။ ၎င်းကား စေတီ၏ အမြုတေရတနာ ဖြစ်လိမ့်မည်။
“ဒီအလုံးကြီးက”
ကုန်းယွင် ခန္ဓာကိုယ်ငှားထားသော နန်းတွင်းသူမှာ ရုတ်တရုက် ကြက်သီးမွေးညင်းများ ထသွားသည်။ သူမက အသိစိတ်အလျဉ်ဖြင့် သူမအသံအား ချင်မူ့ထံသို့ ချက်ချင်း ပို့လွှတ်လိုက်သည်။ “မြောက်နတ်မင်းရွှမ်းဝူက ဘိုးဘေးနန်းတော်ကနေ ကြောက်စရာဖြစ်တည်မှုကြီးကို ခေါ်လာခဲ့တာပဲ..... ဒီအတွဲက တကယ်ကို သတ္တိရှိတယ် ဆိုရမယ်... ဒီဥကို ရတနာတစ်ပါး ဖြစ်လာအောင် ဘယ်လိုတောင် သန့်စင်ရဲရတာလဲ”
ချင်မူက သစ်ပင်အောက်တွင် ထိုင်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း ဝေစွေ့ဖုန်း သူ၏ဗိုက်ထဲသို့ လောင်းထည့်ခဲ့သော ကမ္ဘာဦးရေကြည်များကို သန့်စင်နေသည်။ သူ့ခန္ဓာထဲတွင် ကမ္ဘာဦးရေကြည်များ ရှိနေသေးသော်လည်း သူ၏ရုပ်ခန္ဓာနှင့် ချီစွမ်းအင် ပို၍ သန်မာလာနေသည်ကို ခံစားနေရ၏။
‘ဥတဲ့လား’
ချင်မူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၍ ကောင်းကင်ဘုံ ၂၈ ဘုံအထက်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာ၌ အမှန်တကယ်ပင် ဧရာမအလုံးကြီးတစ်လုံးသည် မျောလွင့်နေပြီး အခြားရတနာများနှင့် အလင်းရောင်ချင်း ဖလှယ်နေ၏။
‘အဲ့ဒါ... ဥတစ်လုံးလား’
သစ်ပင်ထဲသို့ ချင်မူ ပို့လွှတ်ထားခဲ့သော အသိစိတ်အလျဉ်မှာ လှိုင်းထသွားသည်။ ထိုအလုံးကြီးသည် အမှန်တကယ် ဥတစ်လုံး ဖြစ်ချေသည်။ ထိုက်ရှစ်နှင့် ထိုက်ချူတို့၏ ဥနှင့်ဆင်တူ၏။
သို့သော် ထိုက်ချူ၏ ဥနှင့် တပ်အပ်မတူချေ။ ထိုက်ချု၏ ဥအတွင်းနံရံတွင် မဟာတာအိုအမှတ်အသားများ ခတ်နှိပ်ခံထားရသည်။ ချင်မူသည် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံတစ်ဝက်ကိုယူကာ သူ၏တတိယမျက်လုံးဖြင့် ပေါင်းစည်းထားသောကြောင့် သူ့အတွက် ရှင်းလင်းနေသည်မှာ မထူးဆန်းချေ။
ထိုက်ရှစ်၏ ဥဆီမှ တာအိုအသံက အတွင်းမှ ထွက်လာသော်လည်း ချင်မူ့အနေဖြင့် ထိုက်ရှစ်၏ တာအိုကို မလေ့လာရသေးချေ။
ဖန်သားကောင်းကင်စေတီ၏ အမြုတေရတနာသည်လည်း ဘိုးဘေးနန်းတော်ဆီမှ ဖြစ်တည်လာသော ဥတစ်လုံး ဖြစ်သည်။ သို့သော် ၎င်း၏မဟာာတာအိုသင်္ကေတများမှာမူ အပြင်နံရံတွင် ခတ်နှိပ်ခံထားရသည်။
‘ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူနဲ့ ထိုက်ရှစ်တို့ရဲ့ ဥတွေအပြင် တခြားရှေးဟောင်းနတ်ဘုရားဥတွေလည်း ရှိနေသေးတာလား’ သူက ဖရိုဖရဲဖြစ်နေသော သူ၏အသိစိတ်အလျဉ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း စပ်စုလိုက်မိသည်။
“မဟူရာလိပ်ကောင်းကင်နန်းတော်က ဘိုးဘေးနန်းတော်ထဲက ဒီဥကို ထုတ်လိုက်လို့ အန္တရာယ်ဖြစ်မှာမကြောက်ဖူးလား” နတ်ဘုရင်ကုန်းယွင်သည် ဘဝင်မကျဖြစ်နေ၏။
ချင်မူမှာ စိတ်လှုပ်ရှားသွားသည်။ ကုန်းယွင်သည် ဤထူးဆန်းသည့် ရှေးဟောင်းနတ်ဘုရားဥအကြောင်း အတော်များများ သိပုံရသဖြင့် သူက မေးလိုက်သည်။ “ဒီဥက ဘယ်ကလာတာလဲ”
သူက အဖြေကို မစောင့်ဘဲ ဆက်ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်က ကျောက်တုံးတွင်းထဲကနေ ကျူယွီမျိုးနွယ်စု တူးယူလာတဲ့ ရှေးဟောင်းဥတစ်လုံးကနေ ပေါက်ဖွားလာမှန်း ကျွန်တော်သိထားတယ်.... ဒါပေမဲ့ အဲ့ဒီလိုဥမျိုး တစ်လုံးထက်ပိုပြီး ရှိနေလိမ့်မယ်လို့ မသိခဲ့ဘူး”
နန်းတွင်းသူက တွန့်ဆုတ်သွားသ်ောလည်း အသိစိတ်အလျဉ်ဖြင့် ပြန်ဖြေသည်။ “နင်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ နောက်ကြောင်းကို သိနေမှတော့ ငါ လျှို့ဝှက်ထားစရာ မလိုတော့ပါဘူး... ကျူယွီမျိုးနွယ်စုက ရှေးအကျဆုံး မဟာကမ္ဘာဦးအစ မူလကျောက်တုံးသတ္ထုတွင်းကို တွေ့ခဲ့ကြပြီး ကမ္ဘာဦးဥကို တူးဖော်ခဲ့ကြတယ်... ကမ္ဘာဦးဥနဲ့ ကမ္ဘာဦးအစ မူလကျောက်တုံးက အတူတူ မွေးဖွားလာတာ... ဥကနေ ပေါက်ဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားက ဒီနေ့ခေတ်ရဲ့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ပဲ... ဒါပေမဲ့ ဖန်ဆင်းရှင်တွေက တခြားကျောက်တုံးတွင်းတွေကိုလည်း တွေ့ခဲ့ကြတယ်... အဲ့ဒီကျောက်တွင်းတွေက ထွက်တဲ့ ကျောက်တုံးတွေက မဟာကမ္ဘာဦးအစ မူလကျောက်တုံး မဟုတ်ဘူး”
ချင်မူ့ရင်မှာ ဒိန်းခနဲ ခုန်သွားသည်။
ကုန်းယွင်က ဆက်ပြောသည်။ “မဟာကမ္ဘာဦးအစ မူလကျောက်တုံးဂူကိုပါ ထည့်ပေါင်းမယ်ဆိုရင် အဲ့ဒီရှေးဟောင်းကျောက်တွင်း စုစုပေါင်း ငါးတွင်းရှိခဲ့တယ်... ထိုက်ချူရဲ့ ဥကို တူးထုတ်သွားတုန်းက အခြားသူတွေလည်း အဲဒီလိုဥတွေ တွေ့ခဲ့ရတယ်.. တွင်းနှစ်တွင်းကတော့ ဘာမှမရှိခဲ့ဘူး....မဟာဧကရာဇ် မျိုးနွယ်စုတွေကို နှိမ်နင်းပြီး ဖန်ဆင်းရှင်တွေကို မျိုးသုဉ်းသတ်ဖြတ်ခဲ့တဲ့ စစ်ပွဲအတွင်းတုန်းကလည်း ဥနှစ်လုံး ပျောက်သွားသေးတယ်”
ချင်မူမှာ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ထိုဥတစ်လုံးသည် ကောင်းကင်နတ်ဧကရာဇ်ဆီတွင် ဖြစ်ပြီး ကျောက်ယန်ခန်းမထဲတွင် ဝှက်ထားခံရ၏။
နောက်တစ်လုံးက မြောက်နတ်မင်းရွှမ်းဝူထံတွင် ဖြစ်ပြီး ရတနာတစ်ပါးအဖြစ် သွန်းလုပ်ခံရကာ ဖန်သားကောင်းကင်စေတီ၏ အမြုတေ ဖြစ်လာခဲ့သည်။
“အဟက်... လိပ်နက်က ရတနာဆိုတာ ဘာမှန်း မသိဘူးပဲ... ရှေးဟောင်းဥတစ်လုံးကိုများ ဧရာမကျောက်ကြီးတစ်တုံးလို ဖန်သားကောင်းကင်စေတီရဲ့ အလယ်ဗဟိုမှာ ထားရတယ်လို့”
ကုန်းယွင်က ရယ်လိုက်သည်။ “ငတုံးတွေ... ရတနာရဲ့အသုံး၀င်မှုဆိုတာ အထဲက ရှေးဟောင်းနတ်ဘုရားအပေါ် ထိန်းချုပ်နိုင်မှုက လာတာ... တုံ့ပြန်နေတာ ဥထဲက ရှေးဟောင်းနတ်ဘုရားပဲ.. မြောက်နတ်မင်းရွှမ်းဝူ တစ်ချိန်ကျ အဲ့ဒါကြောင့် အနှေးနဲ့အမြန် ဒုက္ခရောက်လိမ့်မယ်”
ချင်မူက တွေးနေမိသည်။ အပြင်နံရံ၌ မဟာတာအိုသင်္ကေတများ ရှိနေသော ဤဥသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော ရတနာများနှင့် ဆင်တူ၏။ သို့သော် မြောက်နတ်မင်းအနေဖြင့် ၎င်းအား ရှေးဟောင်းနတ်ဘုရားဥတစ်လုံး ဖြစ်ကြောင်း သတိမထားမိသည်မှာ မူမမှန်နိုင်ချေ။
သတိထားမိသော်လည်း ဥမဖောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အတွင်းရှိ ရှေးဟောင်းနတ်ဘုရား၌ မည်သို့သောစွမ်းအားမျိုး ရှိနေနိုင်သနည်း။
ရုတ်တရက် အဝေးမှ အသံတစ်သံ ပျံ့လွင့်လာသည်။ “တာအိုနောင်တော်ယိုမင်.. တာအိုနောင်တော်ယိုမင်... ကျွန်တော် ယင်ချောင်ကျင့်ပါ”
မင်းသားယိုမင်းမှာ ၀မ်းသာအားရဖြင့် နဂါးချီလင်နှင့်ယန်အာကို ပြောလေသည်။ “အဲ့ဒါ ငါ့သူငယ်ချင်းလေ... သူအကူအညီနဲ့ဆို ပြန်ဖို့ လွယ်လိမ့်မယ်... ငါ သူ့ကို ၀င်ခွင့်ပေးလိုက်မယ်နော်”