← Chapters

အခန်း (၁၃၀၄)

Vol. 94 Ch. 1304

အခန်း (၁၃၀၄)

Vol. 94 Ch. 1304

ထိုအချိန်တွင် ဒိုင်လူကြီးများက ကောင်းကင်တွင်ရှိနေသော သားရဲများကို မတားဆီးနိုင်တော့ပေ။

ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားနိုင်သော သားရဲအုပ်က နည်းပြနှင့် ဒိုင်လူကြီးများ၏ အတားအဆီးကို ချိုးဖောက်ပြီး တောင်ကုန်း၊ တောင်တန်းများဆီသို့ ဆင်းသက်လာကြသည်။

ဓားမော့ကိုင်ထားသော ဟယ်ရန်စွန်းက ဆင်းသက်လာသော သားရဲများဆီသို့ ပြေးဝင်သွားသည်။

ဖုန်းကျူထျန်းက မီးတောက်များနှင့်အတူ ပျံသန်းလာသည်။

ရုပ်သေးရုပ်နှင့် ချပ်ဝတ်မရှိသော ဟယ်ရန်က သူ့ထက် ပိုသန်မာလိမ့်မည်ဟု မယုံပေ။

အောက်တွင် ဟန်မူယဲ့က ခံတပ်သို့ ပြန်ရောက်လာသည်။ သူက တည်ငြိမ်သောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ငါက အစီအရင်ကို ထိန်းချုပ်ထားမယ်။ မင်းတို့က ရုပ်သေးရုပ်တွေကို ထိန်းချုပ်ရမယ်”

“ငါတို့က သားရဲတွေကို မတားနိုင်ရင် သေသွားလိမ့်မယ်”

‘ငါတို့က ခုခံနိုင်မှာလား’

ခံတပ်တွင် လူတိုင်း၏မျက်နှာက ဖြူဖျော့နေသည်။

ယခင်က အစ်ကိုဟန်သည် အပိုလုပ်နေသည်ဟု ထင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် မရေမတွက်နိုင်သော သားရဲများ ဆင်းသက်လာသောကြာင့် အစ်ကိုဟန်၏ ပြင်ဆင်မှုများက မလုံလောက်ဟု ခံစားနေရသည်။

ထိုသားရဲအုပ်ကို သူတို့က ခုခံနိုင်မည်မဟုတ်ပေ။

ကောင်းကင်ထက်တွင်ရှိသော ဒိုင်လူကြီးများကပင် ရုန်းကန်နေရသည်။

ဒိုင်လူကြီးများက အရေအတွက်နည်းသော်လည်း နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ပါဝင်နေသည်။

“အစ်ကိုဟန်၊ ထွက်ပြေးကြရအောင်”

တပည့်တစ်ယောက်က အားတင်းလိုက်ပြီး မတ်တပ်ရပ်သည်။ သူ့စကားကြောင့် တခြားလူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူတို့က မနေနိုင်ဘဲ ကောင်းကင်ကို မော့ကြည့်သည်။

သားရဲအများအပြားက ဒိုင်လူကြီးများကို ကျော်ဖြတ်ပြီး အောက်သို့ ဆင်းသက်လာသော်လည်း နေရာအနှံ့သို့ မရောက်သေးပေ။

ဖုန်းကျူထျန်းနှင့် ဟယ်ရန်စွန်းကလည်း တိုက်ခိုက်နေသောကြောင့် တောင်ကုန်းနံပတ် ၁၄က ယခုအချိန်အထိ လုံခြုံနေသည်။

အကယ်၍ ယခုအချိန်တွင် ထွက်ပြေးသွားလျှင် လွတ်မြောက်နိုင်သည်။

“ထွက်ပြေးရမှာလား”

ဟန်မူယဲ့က တည်ငြိမ်နေပြီး ပေါ့ပါးစွာပြောသည်။

“ဒိုင်လူကြီးတွေက သားရဲတွေကို တားဆီးထားတယ်။ ဖုန်းကျူထျန်းနဲ့ ဟယ်ရန်ကလည်း လှုပ်ရှားနေတယ်။ အခုအချိန်က ထွက်ပြေးဖို့ အကောင်းဆုံးပဲ”

‘အစ်ကိုဟန်က ထွက်ပြေးဖို့ မငြင်းဘူးလား’

စကားပြောလိုက်သော လူငယ်က အံ့အားသင့်သွားသည်။

ဟန်မူယဲ့က မငြင်းဆန်နိုင်သော ပုံစံဖြင့် ဆက်ပြောသည်။

“မင်းက အကြံပြုခဲ့တာဆိုတော့ အရင်ဆုံး ထွက်ပြေးကြည့်လိုက်လေ”

လူငယ်က တုံ့ဆိုင်းနေပြီး ခေါင်းညိတ်သည်။ ထို့နောက် ခံတပ်၏ အပြင်ဘက်သို့ ထွက်ပြေးသွားသည်။

သူက အရင်ဆုံး ထွက်ပြေးလာသောလူ ဖြစ်သောကြောင့် အန္တရာယ်များသည်။

သို့သော် အလုံခြုံဆုံးလည်း ဖြစ်နိုင်သည်။

သူက အမှန်တကယ် လွတ်မြောက်နိုင်ခြေရှိသည်။

လူငယ်က ခံတပ်မှ ထွက်လာပြီး ပေတစ်ရာအကွာသို့ ရောက်သောအခါ ရုတ်တရက် တုန်ခါသွားသည်။

ထို့နောက် သူ့ခန္ဓာကိုယ်က သုံးပိုင်းပြတ်သွားသည်။

‌ပေသုံးဆယ်ကြီးမားသော ကျားသစ်နက်တစ်ကောင်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

ပုန်းကွယ်နိုင်စွမ်း ကောင်းမွန်သော အဆင့်ရှစ်သားရဲ ပုံရိပ်ယောင်ကျားသစ် ဖြစ်သည်။

ထိုကျားသစ် ပေါ်ထွက်လာသောအခါ ပတ်ဝန်းကျင်တွင် ပုံရိပ်တစ်ရာခန့် လှုပ်ရှားသွားသည်။ ကျားသစ်များ၏ နီရဲနေသောမျက်လုံးကို မြင်နိုင်ပြီး ပြန်လည်ပျောက်ကွယ်သွားကြသည်။

ပုံရိပ်ယောင်ကျားသစ်များသည် ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေကြသည်။

ထွက်ပြေးသွားသောလူတိုင်းက သေဆုံးရမည်။

ခံတပ်ထဲတွင်ရှိသော လူတိုင်း၏မျက်နှာထားက လေးနက်နေသည်။ သူတို့က ကြောက်ရွံ့နေသော မျက်လုံးများနှင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

သေဆုံးမှုကသာ လူတိုင်းကို သတိဝင်လာစေသည်။

အဆုံးထိ တိုက်ခိုက်ရမည်။ တခြားနည်းလမ်း မရှိပေ။

ထွက်ပြေးရန် မဖြစ်နိုင်ပေ။

လူတိုင်းက တိတ်ဆိတ်နေသောကြောင့် ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လှုပ်ရှားသည်။

သူက ဆွဲယူထားသော အစီအရင်၏စွမ်းအားကို ဖော်ထုတ်ပြီး အလင်းတန်းကို စုစည်းသည်။

သားရဲများကို ခုခံရုံသာဆိုလျှင် အစီအရင်ကို အသုံးပြုရန် မလိုအပ်ပေ။

ဤအစီအရင်က အလွန်အားကောင်းပြီး တည်နေရာစွမ်းအားကို စုစည်းနိုင်သည်။ သားရဲများကိုလည်း ချုပ်နှောင်နိုင်သည်။

လေ့ကျင့်‌ရေးကွင်းက ထိုအစီအရင်ကြောင့် တည်ရှိလာခဲ့သည်။

ဆယ်စုနှစ်များစွာကြာအောင် အချိန်ယူပြီး ဒါဇင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ပူးပေါင်း၍ တည်ဆောက်ခဲ့သော အစီအရင်၏ စွမ်းအားသည် ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူကိုပင် သတ်ပစ်နိုင်သည်။

သို့သော် ဤအစီအရင်က လေ့ကျင့်ရေးကွင်းအတွက်သာ ဖြစ်သောကြောင့် တိုက်ခိုက်နိုင်စွမ်းကို မပိုင်ဆိုင်ပေ။

ယခုအချိန်တွင် ဟန်မူယဲ့က အစီအရင်၏စွမ်းအားကို ထိန်းချုပ်ပြီး ရုပ်သေးရုပ်များကို အားဖြည့်ပေးရန်သာ လိုအပ်သည်။

ရုပ်သေးရုပ်များကို မည်သူမဆို ထိန်းချုပ်နိုင်သည်။

ရုပ်သေးရုပ်က အားကောင်းနေလျှင် လုံလောက်သည်။

“ဘုန်း”

အစီအရင်စွမ်းအားသည် ရုပ်သေးရုပ်များဆီသို့ တိုးဝင်သွားသည်။

ခံတပ်၏ ပတ်ဝန်းကျင်တွင်ရှိသော ရုပ်သေးရုပ်များက တုန်ခါနေပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကြသည်။

ခန္ဓာကိုယ်တစ်ဝက်သာရှိသော ရုပ်သေးရုပ်များအားလုံးက လက်မြှောက်လိုက်ကြသည်။ သူတို့၏ လက်သီးချက်က မှိန်ဖျော့သောရွှေအလင်းကို သယ်ဆောင်ထားပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးတော့မည်ဟု ထင်ရသည်။

ထိုအရာသည် ရုပ်သေးရုပ်များကို အဆုံးစွန်အထိ အားဖြည့်ပေးထားသော ဝင်္ကပါစွမ်းအား ဖြစ်သည်။

“ဝီ”

ရုပ်သေးရုပ်တစ်ရုပ်က လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

ထိုရုပ်သေးရုပ်က အလွန်နှေးကွေးသည်။ သို့သော် သားရဲအများအပြားကို လွင့်ထွက်သွားစေသည်။

တခြားရုပ်သေးရုပ်က လှံတစ်လက်ကို စုစည်းပြီး ပစ်လွှတ်လိုက်သည်။

လှံရှည်က လျင်မြန်ပြီး ကောင်းကင်ထက်တွင် ပေါက်ကွဲသွားသည်။

ပေတစ်သိန်းပတ်ဝန်းကျင်သည် ပျက်စီးသွားခဲ့သည်။

ထိုလှံချက်သည် သားရဲအများအပြားကို သတ်ဖြတ်ခဲ့သည်။ သို့သော် ပိုမိုများပြားသော သားရဲများကို ဆွဲဆောင်ခဲ့သည်။

ခံတပ်ထဲတွင် လှံရှည်ကို ပစ်လွှတ်ရန် ထိန်းချုပ်ခဲ့သော ရုပ်သေးသခင်က ဖြူဖျော့သွားသည်။

ထိုလှံချက်က အလွန်အားကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထို့အပြင် သူ၏ တိုက်ခိုက်မှုကြောင့် ပိုမိုများပြားသော သားရဲများကို ဆွဲဆောင်မိခဲ့သည်။

ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး စကားမပြောပေ။ သူက ရုပ်သေးရုပ်များကို ဆက်ပြီး အားဖြည့်ပေးနေသည်။

ရုပ်သေးသခင်များက ရုပ်သေးရုပ်၏စွမ်းအားနှင့် အသားမကျသေးပေ။

ရုပ်သေးရုပ်များက ဆက်တိုက်လှုပ်ရှားလိုက်ကြသည်။

သူတို့က နှေးကွေးသော်လည်း ခွန်အားကောင်းသည်။

မရေမတွက်နိုင်သော လက်သီးချက်နှင့် အလင်းတန်းများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ဒိုင်လူကြီးများက နောက်ဆုတ်ပေးလိုက်ရသည်။

မဟုတ်လျှင် မတော်တဆ ထိခိုက်သွားနိုင်သည်။

ဟယ်ရန်စွန်းက အဆင့်ရှစ်သားရဲတစ်ကောင်ကို ခုတ်ချလိုက်ပြီး ခံတပ်ထဲသို့ ပြန်ရောက်လာသည်။ သူက ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်သည်။

တစ်ဖက်တွင် ဖုန်းကျူထျန်းကလည်း ခံတပ်သို့ ပြန်ရောက်လာပြီး ရုပ်သေးရုပ်ကို ထိန်းချုပ်နေသည်။

သူက မီးတောက်ကို အသုံးပြုပြီး ဟယ်ရန်စွန်းထက် ပိုများသော သားရဲများကို သတ်ဖြတ်နိုင်ခဲ့သည်။

‘အဲဒီ ကျောင်းသားဟယ်ရန်က ရုပ်သေးရုပ်၊ ချပ်ဝတ်နဲ့ လိုက်ဖက်ညီနေတာပဲ’

‘အဲဒီလိုအဆင့်မျိုးက လေဟာနယ်မြို့ကြီးတွေမှာတောင် ရှားပါးတယ်’

‘သူက ဘယ်သူလဲ’

ဖုန်းကျူထျန်းက ထိန်းချုပ်ထားသော ရုပ်သေးရုပ်ကို တိုက်ခိုက်ရန် စေခိုင်းသည်။

တခြားတပည့်များက ဟယ်ရန်စွန်းနှင့် ဖုန်းကျူထျန်းကို မယှဉ်နိုင်ကြပေ။ သူတို့၏ တိုက်ခိုက်မှုတိုင်းက သားရဲများကို သတ်ဖြတ်နိုင်ခဲ့သည်။

“ဂါး ....”

နတ်ဘုရားအဆင့် သားရဲတစ်ကောင်က ဒေါသထွက်သွားပုံရပြီး ရုပ်သေးရုပ်နှစ်ရုပ်၏ လက်မောင်းများကို ဖျက်ဆီးပစ်လိုက်သည်။

“အဲဒီသားရဲကို တားလိုက်”

သိပ်မဝေးသောနေရာတွင် လျန်ချီယွမ်က အော်ဟစ်သည်။ သူက ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး နတ်ဘုရားအဆင့်သားရဲကို တားဆီးရန် ကြိုးစားသည်။

ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားအဆင့် ချပ်ဝတ်သခင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လှုပ်ရှားသည်။

ဒိုင်လူကြီးများက အဆင့်မြင့်သားရဲများကို တားဆီးထားကြသည်။

ထိုသို့ဖြင့် စစ်မြေပြင်က ထူးဆန်းစွာ ဟန်ချက်ညီနေသည်။

နတ်ဘုရားသားရဲများက ဒိုင်လူကြီးများနှင့် ခံတပ်၏ ကာကွယ်မှုကို မချိုးဖောက်နိုင်ခဲ့ပေ။

“ဂါး ....”

အဝေးတစ်နေရာတွင် သားရဲများ၏ဟိန်းဟောက်သံကို ကြားနိုင်သည်။

နောက်ကွယ်တွင် အမိန့်ပေးနေသော သားရဲများက စစ်မြေပြင်၏ အခြေအနေကို မကျေနပ်ပေ။

ထိုဟိန်းဟောက်သံကြောင့် သားရဲများ၏ အနေအထားက အနည်းငယ် ပြောင်းလဲသွားသည်။

သားရဲများက ရုပ်သေးများ၏ အတားအဆီးကို ကျော်ဖြတ်ပြီး တောင်ကုန်းနံပတ် ၁၄ဆီသို့ ပြေးဝင်လာကြသည်။ သို့သော် တောင်ကုန်းနံပတ် ၁၄၏ ခံတပ်ထဲတွင် ရုပ်သေးရုပ်အများအပြား ရှိနေသည်။

ထိုရုပ်သေးရုပ်များက ယခင်တစ်ခေါက် သားရဲအုပ်အတွက် ဖန်တီးထားသော ရုပ်သေးရုပ်များ ဖြစ်သည်။ အဆင့်ခုနစ် စွမ်းအားကိုသာ ပိုင်ဆိုင်သည်။

သို့သော် ယခုအချိန်တွင် အစီအရင်စွမ်းအားကြောင့် ပိုမိုသန်မာလာခဲ့သည်။

ထို့ကြောင့် ခံတပ်ဆီသို့ တိုးဝင်လာသော အဆင့်ကိုးသားရဲများကိုပင် တွန်းထုတ်နိုင်ခဲ့သည်။

ထိုရုပ်သေးရုပ်များကို ယာယီအသုံးပြုရန်အတွက်သာ ဖန်တီးထားခြင်းဖြစ်သည်။ ထို့ကြောင့် ပျက်စီးသွားလျှင်လည်း ဂရုစိုက်နေရန် မလိုအပ်ပေ။ အစိတ်အပိုင်းများကို ပြန်ယူပြီး တခြားရုပ်သေးရုပ်တွင် တပ်ဆင်ပေးလိုက်လျှင် အဆင်ပြေသည်။

ခံတပ်တွင် ဒါဇင်ချီသော ပန်းပဲပညာရှင်များက ရုပ်သေးရုပ်များကို ဆက်တိုက် ဖန်တီးပြုပြင်နေရသည်။

ယခုအချိန်တွင် အသက်လုနေရသောကြောင့် လူတိုင်းက သေချာအာရုံစိုက်ထားသည်။

“ဘုန်း”

ကောင်းကင်ထက်တွင် ပေါက်ကွဲသံကို ကြားရသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ထားသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဆင်းသက်လာခဲ့သည်။

“မြို့သခင်ရဲ့ လူတွေပဲ”

“စစ်ကူတွေ ရောက်လာပြီ”

တိုက်ခိုက်နေသော ဒိုင်လူကြီးများက အံ့အားသင့်သွားကြသည်။

သူတို့က အချိန်အတော်ကြာအောင် တိုက်ခိုက်နေခဲ့ပြီး နောက်ဆုံးတွင် စစ်ကူများ ရောက်လာခဲ့သည်။

စစ်ကူက အရေအတွက် နည်းပါးသော်လည်း အနည်းဆုံး မျှော်လင့်ချက်ကို သယ်ဆောင်ထားသည်။

“ဆရာလျန်ချီယွမ်၊ မြို့သခင်နဲ့ ကျောင်းအုပ်က စစ်တပ်ကို ဦးဆောင်ပြီး လျန်ရှုမြို့ရဲ့ ကျွမ်းကျင်သူတွေကို တိုက်ခိုက်ဖို့ ထွက်သွားပါတယ်”

“ရန်သူတွေက နေကြတ်မြို့ကို အလစ်တိုက်ဖို့ ‌စောင့်နေကြတယ်”

“မြို့သခင်က လုံလောက်တဲ့ စစ်ကူတွေကို မပေးနိုင်သေးဘူး။ ဆရာလျန်တို့က ခုခံထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ယူလာသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က လျန်ချီယွမ်ကို ရှက်ရွံ့စွာ ပြောသည်။

နေကြတ်ကျောင်းတော်သည် နေကြတ်မြို့၏ အဓိကထောက်တိုင်တစ်ခု ဖြစ်သည်။ ဤနေရာတွင် ကျွမ်းကျင်သူများအပြင် ပါရမီရှင်များလည်း ရှိနေသည်။

ဥပမာအနေဖြင့် လျန်ချီယွမ်က တိုက်ခိုက်နိုင်စွမ်းမကောင်းသော်လည်း ပန်းပဲပညာရပ်ကြောင့် နာမည်ကြီးသည်။

အကယ်၍ သူက တိုက်ပွဲတွင် သေဆုံးသွားလျှင် နေကြတ်မြို့အတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နေလိမ့်မည်။

လျန်ချီယွမ်၏ နှလုံးသားက လေးလံသွားသည်။

‘ဒါက ငါတို့ရနိုင်တဲ့ စစ်ကူတွေ အကုန်ပဲလား’

ထိုလူများက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို သယ်လာသော်လည်း သားရဲများအားလုံးကို တားဆီးရန် မဖြစ်နိုင်ပေ။

“ကျောင်းသားဟန်မူက ဒီနေရာကို အမိန့်ပေးတယ်။ မင်းတို့က သူ့စကားကို နားထောင်သင့်တယ်”

လျန်ချီယွမ်က သားရဲများကို ကြည့်လိုက်ပြီး ပြောသည်။

‘ကျောင်းသားဟန်မူလား’

‘သားရဲတွေရဲ့လှုပ်ရှားမှုကို သတိထားမိတယ်လို့ သတင်းပေးခဲ့တဲ့ ကျောင်းသားလား’

ဤနေရာသို့ရောက်လာသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက အခြေအနေကို နားလည်ကြသည်။

အကယ်၍ သားရဲများက လေ့ကျင့်ရေးကွင်းကို ချိုးဖောက်နိုင်ခဲ့လျှင် နေကြတ်မြို့ထဲသို့ ရောက်လာလိမ့်မည်။

ထိုသို့ဆိုလျှင် အကျိုးဆက်များကို တွေးမကြည့်နိုင်ပေ။

နေကြတ်မြို့သည် တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့ထားသည်။ အကယ်၍ အပြင်လူများက မြို့ထဲသို့ ဝင်လာချင်လျှင် လေ့ကျင့်ရေးကွင်းမှတစ်ဆင့် ဝင်လာရုံသာ ရှိသည်။

သူတို့က အကြည့်ချင်းဖလှယ်လိုက်ပြီး တောင်ကုန်းနံပတ် ၁၄သို့ ဆင်းသွားကြသည်။

“ဟန်မူက ဘယ်သူလဲ”

အမှန်အတိုင်းပြောရလျှင် မေးနေရန် မလိုအပ်ပေ။ ခံတပ်၏ အခြေအနေကို ကြည့်လိုက်ရုံဖြင့် အလယ်တွင်ရပ်နေသောလူက ကျောင်းသားဟန်မူဖြစ်ကြောင်း သိနိုင်သည်။

“ငါတို့က မြို့သခင်ရဲ့အမိန့်အရ ကူညီပေးဖို့ ရောက်လာတာပဲ”

“ငါတို့က မင်းရဲ့ အစီအစဉ်ကို နားထောင်သင့်တယ်လို့ ဆရာလျန်က ပြောလိုက်တယ်”

နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က ထိုသို့ ပြောလိုက်သော်လည်း မောက်မာမှုကို ဖုံးကွယ်မထားနိုင်ပေ။ သူတို့က ဟန်မူယဲ့၏စကားကို အမှန်တကယ် နားထောင်မည်မဟုတ်ပေ။

All Chapters