သူဌေးကြီးက စီးပွားရေးကတ် တစ်ခု ပေးတယ်
Vol. 72 Ch. 1078
“ ဘာမှ ခက်ခဲတာ မဟုတ်ပါဘူးကွာ… မင်း အစ်ကိုက ဟွာရှန်းဆေးရုံရဲ့ နှလုံးသွေးကြော ခွဲစိတ်ဌာနမှာတောင် ဒါရိုက်တာ လုပ်ခဲ့ဖူးသေးတယ်… ဒီလို ခွဲစိတ်မှုမျိုးဆိုတာ ကလေးကစားတဲ့ အဆင့်လောက် ရှိတာ…”
ဤတစ်ကြိမ်တွင်တော့ သူယောင်သာလျှင် အံ့အားသင့်သွားခဲ့ခြင်း မဟုတ်ပဲ သူသဟိုင်သည်လည်း သတိပြန်ဝင်လာစေရန် အချိန်အတော်ကြာသည်အထိ ယူလိုက်ရသည်။ သူတို့ ဟွမ်ရှီးကျေးရွာကဲ့သို့ မထင်မရှား တောရွာလေးတွင် နေထိုင်ကြပါသော်လည်း ဟွာရှန်းဆေးရုံ၏ နာမည် ဂုဏ်သတင်းကို မကြားဖူးဘဲ မနေချေ။ ၎င်းသည်က ကျိုးဟိုင်ရှိ အကောင်းဆုံးသော ဆေးရုံများထဲမှ တစ်ခု ဖြစ်၏။ ရွာထဲရှိ လူတော်တော်များများလည်း ထိုဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှု ခံယူခဲ့ဖူးလေသည်။ ထိုသို့သော နေရာမျိုး၌ ဒါရိုက်တာ ရာထူး ရနိုင်သူများက အမှန်ပင် အရည်အချင်း ရှိသည်များ ဖြစ်ရပေမည်။
“ မင်း ဒီလောက် ချမ်းသာနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး… မင်းက အဲ့မှာ ဒါရိုက်တာ လုပ်ခဲ့ဖူးတာကိုး…” သူသဟိုင် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ငါ နောက်ကျ ဖျားတာ နားတာ ရှိရင် မင်းဆီမှာ လာခဲ့တော့မယ်နော်…”
“ သေချာတာပေါ့… ဟယ်လို တစ်ချက်လုပ်လိုက်….”
သူယောင် လင်းရီ၏ ဆရာဝန် ဖြစ်ခဲ့ဖူးသည့် အကြောင်းများကို မေးမြန်းရင်းနှင့် သူမရင်ထဲ လင်းရီအပေါ် လေးစားမှုတို့သည်လည်း နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့တော့၏။
ထိုအခိုက်အတန့်တွင် ရှောင်လီတုံ အဝေးမှ လမ်းလျှောက်လာခဲ့ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ရင်း “ ဒါရိုက်တာလင်း … ကျေးဇူးအများကြီး တင်ပါတယ်.. တကယ်လို့ ကျုပ် သမီးလေးသာ ခင်များနဲ့ မတွေ့ခဲ့မိဘူးဆိုရင် ကျုပ်…. တကယ်ကို မတွေးတတ်တော့ဘူးဗျာ…”
“ ရပါတယ်… ကျုပ်က ဟွာရှန်းဆေးရုံမှာ အလုပ်မလုပ်တော့ဘူးဆိုပေမယ့် ကျုပ် မျက်စိရှေ့မှာ ဖြစ်ပျက်သွားခဲ့တာကိုတော့ လျစ်လျူ မရှုထားနိုင်ဘူးလေ…”
ရှောင်လီတုံ ကိုးရို့ကားယား ဖြစ်စွာ ပြုံးလိုက်ပြီး “ ကျုပ် ထပ်ပြီးတော့ တောင်းပန်ပါတယ်.. စောနတုန်းက ကျုပ် သမီးဇောနဲ့ဆိုတော့ နည်းနည်းလေး လွန်သွားတယ်… တကယ့်ကို စိတ်မရှိပါနဲ့ဗျာ… “
“ အဆင်ပြေပါတယ်… ကျုပ် နားလည်တယ်…”
လင်းရီက ပြောရဆိုရ လွယ်ကူသည်ကို မြင်တော့ ရှောင်လီတုံလည်း တရားလွန်ကြီး ယဉ်ကျေးပြမနေတော့ချေ။
“ ဒါရိုက်တာလင်း ဒီည အားလားမသိဘူး.. ကျုပ် ထမင်း တစ်နပ်လောက် ဖိတ်ကျွေးချင်လို့ပါ… ကျေးဇူးတင်ရင်းပေါ့…”
“ ရပြီ… ကျုပ် အသီးတွေ ရောင်းဖို့ ရှိသေးတယ်…”
“ ဒါက ပြဿနာ မဟုတ်ပါဘူး…” ရှောင်လီတုံ ပြောလိုက်ပြီး “ အသီးတွေက ဘယ်လို ရောင်းတာ… ကျုပ် အကုန်ယူမယ်လေ.. တိုက်ဆိုင်ချင်တော့ ကျုပ် သမီးကလည်း နောက် သုံးလေးရက်လောက်အထိ ဆေးရုံမှာ ရှိနေမှာဆိုတော့ သူ စားလို့ရအောင် အသီး နည်းနည်းလောက် ဝယ်ပေးချင်နေတာ…” “ မလုပ်နဲ့… ကျုပ် အသီးတွေက ၅၀၀ ဂရမ်ကို ယွမ် ၃,၀၀၀ နဲ့ ရောင်းတာ… ခင်များ အကုန်ယူလိုက်ရင် ကျုပ် အားနာနေရလိမ့်မယ်… ကျုပ်က ခင်များ ပိုက်ဆံ လိမ်သလို ဖြစ်သွားတော့မှာလေ…”
“ ၅၀၀ ဂရမ်ကို ယွမ် ၃,၀၀၀ ဟုတ်လား…” ရှောင်လီတုံ အင်မတန် အံ့အားသင့်သွားခဲ့တော့သည်။
ဤမျှ ဈေးကြီးသည့် အသီးဈေးနှုန်းကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
“ မနေ့ကတော့ ၂,၅၀၀ နဲ့ ရောင်းတာလေ… ဒီနေ့တော့ ၃,၀၀၀ ပေါ့… ဒါကြောင့်မို့ မဝယ်နဲ့လို့… ကျုပ် ခင်များအပေါ် အခွင့်ကောင်း မယူချင်ဘူး…”
“ ဟာ ရတယ်… ဒါရိုက်တာလင်းက ကျုပ်သမီးလေးရဲ့ အသက်ကိုတောင် ကယ်တင်ပေးထားတာ ဘယ်လောက်ပဲ ကုန်ကျ ကုန်ကျ ထိုက်တန်ပါတယ်..” ရှောင်လီတုံ ရက်ရောလွန်းစွာ ပြောဆိုလိုက်သည်။
“ ခင်များ ဘယ်လောက် ယူမလဲ…”
“ ကျုပ် အကုန်ယူမယ်…”
လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ခင်များ သမီးလည်း အကုန်လုံး မစားနိုင်ပါဘူး… ကျုပ်ကို ကျေးဇူးတင်လို့ ဆိုပြီး အသီးတွေ အကုန် ဝယ်ပေးစရာ မလိုဘူး… အရင်ဆုံး ငါး ကီလိုပဲ ဝယ်သွား… အဲ့တာကုန်တော့မှ ခင်များ ကြိုက်တယ်ဆိုရင် ပြန်လာဝယ်..”
လင်းရီ၏ သဘောထားက ရှောင်လီတုံကို သဘောခွေ့သွားစေသည်။
အကယ်၍ သာမန် အသီးရောင်းသည့် တောင်သူ တစ်ဦး ဖြစ်ခဲ့မည် ဆိုပါက ယခု အခွင့်အရေးကို ကောင်းမွန်စွာ အသုံးချ၍ အားတက်သရောနှင့် အကုန်ပေးလိုက်ပေမည်။
ထိုအကြောင်းတွေးကြည့်လိုက်တော့လည်း ယုတ္တိ ရှိသလို ခံစားလိုက်ရသည်။ လင်းရီသည်က ဤမျှ အသက်ငယ်ငယ်လေးနှင့် ဟွာရှန်းဆေးရုံတွင် ဒါရိုက်တာ တစ်ဦး ဖြစ်ခဲ့သောကြောင့် သူ၏ အရည်အချင်းတို့က ထိပ်တန်းဖြစ်နေမည်မှာ ကျိန်းသေလေသည်။ ထိုသို့သော သူက ပိုက်ဆံ မရှားမည်မှာ သဘာဝပင်။
အနည်းဆုံးတော့ သူ့တွင် ရိုးသားဖြောင့်မတ်မှု ရှိသေးလေသည်။
“ ဒါဆိုလည်း ကျုပ် အရင်ဆုံး ငါးကီလို ဝယ်သွားလိုက်မယ်… ဒါရိုက်တာလင်းပဲ ရွေးပေးတော့…”
“ ရတာပေါ့…”
အသီးများကို အလေးချိန်ပြီးနောက် ရှောင်လီတုံ ယွမ် သုံးသောင်း လွှဲပေးလိုက်၏။
သို့သော်လည်း သူ ပြန်သွားရန် အလျင်မလိုသေးချေ။ အိတ်ကပ်ထဲမှ စီးပွားရေး ကတ်တစ်ခု ထုတ်လိုက်ပြီး “ မစ္စတာလင်း.. ဒါ ကျုပ်ရဲ့ စီးပွားရေး ကတ်ပါ… အနာဂတ်ကျ ပြဿနာ တစ်ခုခု ရှိရင် ကျုပ်ကို ဖုန်းသာ လှမ်းတို့လိုက်.. ကျုပ် တခြားတော့ ဘာမှမပြောရဲပေမယ့် ဒီ ကျိုးဟိုင်မှာ ကျုပ်၊ ရှောင်လီတုံက အာဏာ တစ်ချို့တော့ ရှိပါတယ်…” လင်းရီ စီးပွားရေး ကတ်ကို လက်ခံလိုက်ပြီး ရှောင်လီတုံဟု ခေါ်သည့် အမျိုးသားမှာ အမှန်ပင် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သတိထားမိလိုက်သည်။
သူက ကျိုးဟိုင် စင်ကျူရီ မီဒီယာ၏ ဥက္ကဌ ဖြစ်လေသည်။
လင်းရီ ယခင်က ထို ကုမ္ပဏီကို ကြားဖူးသည်။ နာမည်ကြီး အနုပညာရှင် အမြောက်အများနှင့် စာချုပ် ချုပ်ထားနိုင်သည့် ကျိုးဟိုင်ရှိ အကြီးဆုံး မီဒီယာ တစ်ခု ဖြစ်သည့်ပုံပင်။
ထိုသို့သော စကားမျိုး ပြောဝံ့သည်က ကြွားဝါ နေခြင်း မဟုတ်ချေ။ အမှန်ပင် ဝိတ်တစ်ချို့ ရှိနေသည်။
“ ကောင်းပြီ.. ကျုပ် နားလည်တယ်…”
“ ဒါဆို ကျုပ်လည်း သွားတော့မယ်… တကယ်လို့ အကူအညီ တစ်ခုခု လိုအပ်ရင် အချိန် မရွေး ဖုန်းဆက်လိုက်နော်…”
“ ကောင်းပြီ…”
“ အစ်ကိုကြီးလင်း.. ရှင်တော့ ချမ်းသာပြီ… တစ်စက္ကန့်တည်းနဲ့ ယွမ်သုံးသောင်းတောင် ရလိုက်တယ်…” သူယောင်ပြောလိုက်ပြီး “ ညီမ အထင် ဒါတွေ အကုန်လုံး သူ့ကို ရောင်းပေးလိုက်သင့်တယ်လို့ ထင်တယ်… အလုပ် မရှုပ်တော့ဘူးပေါ့…”
“ လူကြီး လူကောင်းတစ်ယောက်က ပိုက်ဆံကို နှစ်သက်တယ်ဆိုပေမယ့် တရားသဖြင့်ပဲ ယူတယ်… မင်းရဲ့ အစ်ကိုကြီးလင်းက လူကောင်း မဟုတ်ဘူးဆိုပေမယ့် သူ့ ပိုက်ဆံတွေ အကုန်လုံးတော့ အလကား မယူချင်ဘူးလေ…”
သူယောင် ပြုံးစိစိ ဖြစ်သွားခဲ့ပြီး “ အစ်ကိုကြီးလင်း ကိုယ်ကျင့်တရားက အရမ်းမွန်မြတ်မှန်း ခုမှ သတိထားမိတော့တယ်.. သာမန်လူတွေက အစ်ကိုကြီးနဲ့ မယှဉ်နိုင်ပါဘူး…”
“ ငါ့ရဲ့ ရုပ်ရည်က ငါ့ရဲ့ ကိုယ်ကျင့်တရားထက် ပိုကောင်းတယ်….”
“ ခစ်ခစ်ခစ်… ဟုတ်တယ်…”
များမကြာမီ သူသဟိုင်၏ ဟင်းသီးဟင်းရွက်များသည်လည်း အကုန်လုံး ရောင်းကုန်သွားခဲ့ပြီး သားအဖနှစ်ယောက်လုံး ပစ္စည်းပစ္စယများ သိမ်းဆည်ကာ အိမ်သို့ ပြန်သွားကြလေသည်။ လင်းရီကတော့ တစ်ယောက်တည်း ကျန်နေရစ်ခဲ့၏။
သို့ပေမယ့် အထီးကျန်သည်လို့တော့ မခံစားရချေ။ သူ ပျော်ပျော်ကြီး ဂိမ်းကစားနေရင်း အသီးများအား ရောင်းချနေသည်။
“ အစ်ကိုလေး…”
တခြား အသင်း၏ ခရစ်စတယ်ကို ရယူပြီးချိန်မှာပဲ လင်ရီ ရုတ်တရက် သူ့ ရှေ့ ထွက်ပေါ်လာသည့် လှတပတ ပုံရိပ်လေး နှစ်ခုကို လင်းရီ မြင်တွေ့လိုက်ရ၏။
သူ သေချာလေး ကြည့်လိုက်တော့ ယခင်နေ့က သူ့အား အသီး အားပေးသွားသည့် ဖုန်းကျားကျားနှင့် နွှဲ့ရှောင်ဖေ့တို့ ဖြစ်နေကြောင်း သိရှိလိုက်ရသည်။
“ အသီး ထပ်ဝယ်ချင်သေးလို့လား… မင်းတို့ မနေ့က ဒီလောက် အများကြီး ဝယ်သွားကြတာ စားလို့ ကုန်သွားပြီပေါ့….”
နှစ်ယောက်လုံး လင်းရီ မေးသည်ကို တိုက်ရိုက် မဖြေကြချေ။ ထိုအစား သူမတို့ဖုန်းကို လက်ထဲ ကိုင်ထားရင်း စိတ်လှုပ်ရှားတကြီးနှင့် ခုန်ဆွ ခုန်ဆွ ပြုနေကြ၏။
“ မမှားနိုင်ဘူး… သူ့ရုပ်နဲ့ သူ့နာမည်နဲ့က တစ်ပုံစံတည်းရယ်… သူပဲ ဖြစ်ရမယ်…” နွှဲ့ရှောင်ဖေ့ ပြောလိုက်သည်။
“ ဒါ နည်းနည်းလေး မချဲ့ကားလွန်းဘူးလား… မိတ်ဆက် မြင်ကွင်းထဲမှာ သူက လက်ဗလာနဲ့ မိချောင်းကြီးကို သတ်နေတာလေ… တကယ်လို့ အရင်ခေတ်မှာသာဆိုရင် ဝူစုန့်က ကျားနဲ့ သတ်ပုတ်တာနဲ့ အတူတူပဲ… ဒါ သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းသွားပြီ..” ဖုန်းကျားကျား ပြောလိုက်သည်။
နွှဲ့ရှောင်ဖေ့ သူမ ဖုန်းကို လင်းရီဘက် လှည့်ပြလိုက်၏။ စခရင်ပေါ်တွင်တော့ တောတွင်း ရှင်သန်ခြင်း အစီအစဉ်ကို ပြသနေသည်။
“ အစ်ကိုလေး… ဒီလူက နင်ပဲ.. ဟုတ်တယ်မလား…”
“ အာ… အေး… ဟုတ်တယ် ငါပဲ…”
“ ဗုဒ္ဓေါ… နင်က သိပ် အထင်ကြီးဖို့ ကောင်းတာပဲ… ဒီရှိုးက ခု အရမ်း ရေပန်းစားနေတာ သိလား.. ပြီးတော့ နင်က ကျောက်ရင်ညန်နဲ့ တစ်အုပ်စုတည်းလေ… နင် သိပ် ကံကောင်းတာပဲ…”
“ အဲ့တာနဲ့ပဲ ဘာ သိပ်ကံကောင်းသွားလို့…”
“ သူမက ခု နာမည်ကြီး အနုပညာရှင် ဖြစ်နေပြီလေ… ပြီးတော့ အရမ်းလည်း ပေါ်ပြူလာ ဖြစ်နေတာ… ငါသာ သူ့ရဲ့ ကျော်ကြားမှု တစ်ဝက်လောက် ရရင်ကိုပဲ သေပျော်လှပါပြီ…”
“ မင်းတို့ကလည်း အနုပညာ နယ်ပယ်ထဲကပဲလား…”
“ ဆိုပါတော့..” နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး “ ငါတို့က ဒီတိုင်း မော်ဒယ်လေးတွေလေ… တစ်ခါတစ်လေကျမှ ဇာတ်လမ်းတွဲတွေမှာ တတိယ ဒါမှမဟုတ် စတုတ္ထ ဇာတ်ဆောင် အမျိုးသမီး နေရာရတာ… အဲခါကျ ငါတို့လည်း မြိုးမြိုးမြတ်မြတ်လေး ပိုက်ဆံ ရတာပေါ့…”
“ သူ ရှိုးထဲ ဝင်ပါတုန်းက ကျောက်ရင်ညန်က သိပ်ပြီး ပေါ်ပြူလာမဖြစ်သေးဘူး မဟုတ်လား….”
“ ဒါပေမယ့် ဒီအစီအစဉ်က တော်တော်ကြီးကို ရေပန်းစားလာခဲ့တာလေ… အဲ့တာပြီးတော့ သူမလည်း tv ဒရာမာတွေ စရိုက်တော့တာပဲ… ဒုတိယ ဇာတ်ဆောင် မင်းသမီး နေရာက ဆိုပေမယ့် သူမရဲ့ ရေပန်းစားမှုက အဓိက ဇာတ်ဆောင် မင်းသမီးကိုတောင် ကျော်တက်သွားပြီ… အဆင့် A စာရင်းဝင် အနုပညာရှင် တစ်ယောက် ဖြစ်လုနီးပါးပဲ…”
လင်းရီ သူ ရှိုးတွင် ပါဝင်ဆင်နွှဲသည့် အချိန်ကို ပြန်လည် မြင်ယောင် ကြည့်လိုက်သည်။ ကျောက်ရင်ညန်က တကယ်လည်း မိန်းမကောင်းလေး တစ်ယောက် ဖြစ်၏။
သူမ ကြည့်ရသည်မှာ ပျော့တိပျော့ညံ့နှင့် အားနည်းဟန် ရသော်လည်းပဲ အရိုးထဲထိတိုင် ကြီးစိုးနေသည့် ဇွဲနပဲ ကြီးမှု ရှိသည်။ သူနှင့် ပန်းတိုင်ရောက်သည်ထိတိုင်အောင် တောင့်ခံနိုင်ခဲ့လေသည်။ သူမကဲ့သို့ လူစားမျိုးက အနုပညာ နယ်ပယ်တွင် ရှင်သန်နိုင်သည်ကို နားလည်ပေး၍ ရသည်။