← Chapters

ဟွာရှရှိ အတော်ဆုံး ဆရာဝန်

Vol. 72 Ch. 1077

ဟွာရှရှိ အတော်ဆုံး ဆရာဝန်

Vol. 72 Ch. 1077

“ ဟင်… သမီးက ခွဲစိတ်နေတယ်.. ဟုတ်လား…”

မုန့်ဖန်းဖေး ထိတ်လန့်တကြားဖြင့် ဟစ်အော်လိုက်ပြီး “ နင်တို့ ခေါင်းဆောင်ပဲ ပြောတော့ သူ့မှာ ခွဲစိတ်နိုင်တဲ့ အရည်အချင်း မရှိပါဘူးဆို…”

“ ခေါင်းဆောင် ခွဲစိတ်သူလျိုက တကယ်ကြီး မလုပ်နိုင်ပါဘူး… ခုလုပ်နေတာက အသီးရောင်းတဲ့သူလေ…”

“ ဘာ… နင် ပြောတာ အသီးရောင်းတဲ့ ကောင်က ငါ့သမီးကို ခွဲစိတ်ပေးနေတယ် ဟုတ်လား…”

မုန့်ဖန်းဖေးနှင့် ကျန်သူများအားလုံး ကြက်သေသေသွားခဲ့ကြ၏။

အသီးရောင်းတဲ့သူ တစ်ယောက်က တကယ်ကြီး ကြွက်သားမျှင်တဲ့ ပြန်ချုပ်တဲ့ ခွဲစိတ်မှုကို လုပ်ဆောင်နေတယ်တဲ့လား….

ဒါ ဟာသတော့ မဟုတ်ပါဘူးနော်…

ထန်းချိန် အိမ်ယာရှိ လူအနည်းငယ်ကသာလျှင် လင်းရီ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားသည်။

ကြီးမားသည့် မြို့ကြီးပြကြီးလို နေရာမျိုး၌ သတင်းအချက်အလက်သည်က တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်ထားခြင်း မရှိကြချေ။

လူတိုင်းက သီးခြားနေထိုင်လေ့ ရှိကြပြီး အိမ်ချင်း မျက်နှာချင်းဆိုင်တွင် နေထိုင်ကြသူများ ဖြစ်လင့်ကစား ကြုံကြိုက်၍ နှုတ်ဆက်သည်ကတောင် ခပ်ရှားရှား ဖြစ်သည်။

ထန်းချိန် အိမ်ယာကဲ့သို့ လူချမ်းသာ ရပ်ကွက်ရှိ နေထိုင်သူများက ပို၍ပင် သီးခြား နေထိုင်လေ့ရှိကြ၏။

ဤနေရာရှိ အိမ်ဝယ်ပြီး အခြေတကျ နေထိုင်သူများကို မဆိုထားနှင့် အိမ်ငှားနေကြသူများပင် အုပ်စုဖွဲ့ထိုင်၍ အတင်းပြောကြသည့် အလေ့အကျင့်လည်း မရှိကြပေ။

အကယ်၍ ဟွမ်ရှီးကျေးရွာတွင် ဆိုပါက မနက်ပိုင်းတွင် တစ်ခုခု ဖြစ်ပြီဟေ့ ဆိုသည်နှင့် သတင်းပျံ့နှံ့စေရန် ညနေ ရောက်သည်အထိ စောင့်ဖို့ မလိုချေ။ နေ့လည်ပိုင်း၌ပင် ထမင်းစား စားပွဲဝိုင်း၌ လူအများ ဆွေးနွေးစရာ သတင်း တစ်ပုဒ် ဖြစ်နေမည်မှာ အမှန်ပင်။

ထို့ကြောင့် အင်မတန် နည်းပါးသည့် လူတစ်ချို့ကသာလျှင် လင်းရီ၏ အထောက်အထားက သိပ်အထင်ကြီးဖို့ကောင်းကြောင်းကို သိရှိထားကြသည်။

ကျန်သူများကတော့ သူ့ကို သာမန် အသီးရောင်းသည့် လယ်သမား တစ်ယောက် အဖြစ်သာ ပြုမူ ဆက်ဆံကြလေသည်။ ရုပ်လေး ချောမောသည်အပ ၊ အခြားသော အရည်အချင်းများ သူ့တွင် ရှိမနေချေ။

သို့ပေမယ့်လည်း ဤကဲ့သို့ အသီးရောင်းသည့်လူက သူ့သမီးအား ခွဲစိတ်နေသည် ဆိုတာကတော့ လုံးဝကို အဓိပ္ပာယ် မရှိသည့် လုပ်ရပ်တစ်ခု ဖြစ်သွားချေပြီ။

“ မင်းတို့ ဆေးရုံက ဘာဖြစ်နေတာတုန်းကွ…. ပုဂ္ဂလိက ဆေးရုံဆိုရင်တောင် မင်းတို့ ဒီလို လုပ်လို့ မရဘူးလေကွာ…” ရှောင်လီတုံ ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

“ အသီးရောင်းတဲ့သူ ပြောတာ ကျွန်မတို့ အချိန်မီ ခွဲစိတ်မှု မလုပ်ဘူးဆိုရင် လူနာက တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားတော့မှာတဲ့… အဲ့တာကြောင့်မို့ သူ လုပ်လိုက်တာပဲ… ရှင် ကျွန်မကို လာအော်နေရင်တောင် အပိုပဲ…”

“ မဟုတ်ဘူး… ငါအခု အထဲဝင်ကြည့်ချင်တယ်… ငါ့သမီးရဲ့ ကိုယ်ပေါ် အဲ့ကောင် ဓားတင်မှာကို ငါ လုံးဝ လက်သင့်မခံနိုင်ဘူး….”

“ ငါတော့ မင်းတို့ကောင်တွေ အရူးကွက် နင်းနေတယ်လို့ပဲ ထင်တယ်…” သွမ့်ရုံချွမ်း ပြောလိုက်ပြီး “ မင်းတို့ စောင့်ကြည့်ထားလိုက်… မနက်ဖြန် ကျန်းမာရေး ဌာနကို တိုင်စာ ပို့ပြီး မင်းတို့ ဆေးရုံကို ပိတ်ချပစ်မယ်…”

“ ကျွန်မ ပြောပြီးပြီလေ.. ကျွန်မကို လာအော်နေလို့လည်း အလကားပဲလို့… ကျွန်မက ဒီတိုင်း အချိန်ပိုင်း နာ့စ်ပဲ…” အမျိုးသမီး နာ့စ်မှ မောက်မာသည်လည်း မဟုတ်၊ နိမ့်ချသည်လည်း မဟုတ်သော လေသံဖြင့် ပြောဆိုလိုက်၏။

“ ပြီးတော့ ခွဲစိတ်တာက ပြီးတောင်ပြီးလို့ နောက်ဆုံး အရေပြားကို ချုပ်နေကြတာ… ရှင်တို့ အခုချိန် ဝင်သွားရင်တောင် အလကားပဲ…”

“ သူ - သူတကယ်ကြီး ပြီးအောင် ခွဲစိတ်လိုက်တယ်ပေါ့…”

“ အမှန်ပဲ… အဲ့တာကြောင့် ဒီမှာ စောင့်နေပါလို့.. သူတို့ ခဏနေဆို ထွက်လာကြတော့မှာ…”

ရှောင်မိသားစု ဝင်များ၏ မျက်နှာ ဖြူဖပ် ဖြူလျော် ဖြစ်သွားခဲ့ကြသည်။ သူတို့ ကမ္ဘာကြီးလောက်ကို ဒေါသထွက်နေကြပြီး ပြောမပြတတ်အောင်ကိုလည်း ဝမ်းနည်းနေခဲ့ကြလေသည်။

“ သေစမ်း… ငါ့သမီး တစ်ခုခု ဖြစ်လို့ကတော့ အဲ့ကောင်ကို လုံးဝ ခွင့်မလွှတ်ဘူး…”

ချလပ်…

ဆေးကုသခန်း၏ အခန်းတံခါး ပွင့်ဟလာပြီး ရှောင်ယွီထုန် အထဲမှ ထွက်လာခဲ့သည်။ ရှောင်မိသားစုလည်း ချက်ချင်း ထပြီး သူမကို ကြိုဆိုလိုက်ကြ၏။

“ သမီးလေး… အဆင်ပြေတယ်မလားဟင်… နာနေသေးလား….” မုန့်ဖန်းဖေး မျက်ရည်လေး ကလယ်ကလယ်ဖြင့် မေးမြန်းလိုက်၏။

“ သမီး-သမီး အဆင်ပြေပါတယ်… အစ်ကိုလေး ပြောတာ သမီး အနာဂတ်ကျရင် ဆက်ပြီး ကနိုင်သေးတယ်တဲ့…”

ရှောင်လီတုံနှင့် ဖုန်းဖန်းဖေးတို့ နှစ်ဦးလုံး၏ ရင်ထဲ ဝမ်းနည်းစိတ်များ ယိုဖိတ်သွားခဲ့ကြသည်။

သူတို့ သမီးလေးသည် သိပ်ကို အပြစ်ကင်းစင်လွန်းသည်။ လှည့်စားပြီး အမှောင်ထဲတွင် ထိန်းသိမ်းထားခံရလေသည်။

အကယ်၍ အနာဂတ်တွင် သူမ ဘဝတစ်လျှောက်လုံး ဒုက္ခိတ ဖြစ်သွားမည်ဆိုပါက သူတို့ မည်သို့ ပြုလုပ်ရမည်နည်း။

“ မင်း‌ ခွေးကောင်… ငါ့ သမီးကို ခွဲစိတ်ပေးဖို့ မင်းကို ဘယ်သူက ခိုင်းလို့လဲ… မင်း ကိုယ်မင်း ဘာကောင်ထင်နေတာတုန်း…”

လင်းရီကိုမြင်တော့ ရှောင်လီတုံ မျက်လုံးများ နီရဲလာခဲ့၏။ ထိုအခိုက်အတန့်တွင် သူ လင်းရီကို ပြေးပြီး အရှင်လတ်လတ် ဝါးစားချင်စိတ်များ ဖြစ်ပေါ်နေသည်။

“ နေဦး…”

သွမ့်ရုံချွမ်း အော်ဟစ်၍ ရှောင်လီတုံကို ဟန့်တားလိုက်၏။

“ ဒါရိုက်တာလင်း… မင်းလည်း ဒီရောက်နေတာလား…”

သွမ့်ရုံချွမ်းကို မြင်တွေ့လိုက်ရ၍ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ အက်စီးဒင့် ဖြစ်တော့ ကျုပ်က ထန်းချိန် အိမ်ယာ ဝင်ပေါက်ဝမှာ အသီးရောင်းနေတာလေ… ဒါကြောင့်မို့ ကောင်မလေးကို ဒီခေါ်လာလိုက်တာ.. ဒါနဲ့ နေပါဦး… ခင်များက ဒီဘာလာလုပ်တာလဲ…”

“ ဥက္ကဌရှောင်က ငါ့ ဘော်ဒါလေ… သူ့ သမီး တစ်ခုခု ဖြစ်သံကြားလို့ ငါ့ကို လှမ်းခေါ်လိုက်တာ..” သွမ့်ရုံချွမ်း သူ့ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရရင်း ပြောလိုက်သည်။

“ တကယ်လို့ မင်း ဒီမှာရှိနေမှန်း သိရင် ငါ ပြေးမလာပါဘူးကွာ…”

ရှောင်လီတုံနှင့် မုန့်ဖန်းဖေးတို့ နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြ၏။ ထောင်လျို ၊ ဝမ်ထင် နှင့် ကျန်သူများကတော့ ရှုပ်ထွေးသွားခဲ့ကြသည်။

ဘာတွေ ဖြစ်နေတာလဲ…

“ ဘယ်လို ဖြစ်တာ ဒါရိုက်တာသွမ့်… မင်း သူနဲ့ သိနေတာလား… ဘာလို့ သူ့ကို ဒါရိုက်တာဆိုပြီး ခေါ်နေတာလဲ…”

သွမ့်ရုံချွမ်း ပြောလိုက်ပြီး “ ငါမင်းကို မိတ်ဆက်ပေးမယ်… သူ့နာမည်က လင်းရီတဲ့… အရင်က ဟွာရှန်းဆေးရုံရဲ့ နှလုံးသွေးကြော ခွဲစိတ်ဌာနမှာ ဒါရိုက်တာ လုပ်ခဲ့ဖူးတယ်လေ… ဆေးကုသတာ တော်လို့ တော်တော်လေးလည်း နာမည်ကြီးတယ်…”

“ ငါက ဟွာရှန်း ဆေးရုံရဲ့ လက်ထောက် ဒါရိုက်တာခေါင်းဆောင် ဖြစ်ခဲ့ဖူးတယ်ဆိုပေမယ့် စကေးပိုင်း အရဆိုရင် သူ့လောက် မတော်ဘူး… မင်းတို့ ဟွာရှမှာ သူ့ထက်တော်တဲ့ ဆရာဝန် ရှာတွေ့မှာ မဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်… ဒီတော့ ဒီ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မနေနဲ့တော့… မင့် သမီး လုံးဝ အိုကေသွားပြီ… ဒုက္ခိတ ဖြစ်မှာ မဟုတ်တော့ဘူး… “

ဟစ်…..

လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် လူတိုင်း အဆုတ်ထဲသို့ လေအေးကြီးများ ရှူသွင်းလိုက်ကြရ၏။ လူက ဒီလောက်ငယ်သေးတာကို ဆေးပညာမှာ ဆရာတစ်ဆူ ဖြစ်နေပြီ။

ဝမ်ထင်၏ ဘေးတွင် ရပ်နေသည့် ရဲမေကတော့ လင်းရီကို တည့်တည့်စိုက်ကြည့်လိုက်၏။ သူမကိုယ်သူမ ဉာဏ်ရည်မမှီတော့ဘူး ဟုတောင် ခံစားနေရတော့သည်။

အသီးတွေကို ဧရာမ ဈေးတင်ရောင်းနေတဲ့ကောင်က ဆေးပညာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတယ် .. ဟုတ်လား… သူ့မှာ အဲ့လောက်ကောင်းတဲ့ စွမ်းရည်တွေ ရှိနေတယ်ဆိုရင်လည်း ဘာလို့ အသီးလာရောင်းနေလဲ..။

အဲ့တာဆို ဒီထက်တောင် ပိုပြီး ဝင်ငွေကောင်းဦးမယ် မဟုတ်ဘူးလား..။

“ ဟယ်လို မင်္ဂလာပါ ဒါရိုက်တာလင်း… ကျုပ်က လီဝန်ကျစ်းပါ… ကျောင်းထုံးနဲ့ တွဲဖက် ဆေးရုံ တစ်ခုကလေ… ကျုပ် ဒါရိုက်တာလင်းအကြောင်း အများကြီး ကြားဖူးပါတယ်.. နောက်ဆုံးတော့ ကျုပ် လူကိုယ်တိုင် တွေ့ခွင့်ရသွားပြီ…”

“ မင်္ဂလာပါ…”

လင်းရီ ခေါင်းညိမ့်ပြီး သူ့လက်အိတ်ကို ချွတ်လိုက်၏။

“ ခွဲစိတ်မှုက ပြီးသွားပြီ… ဒါပေမယ့် နောက်လဝက်လောက် အထိတော့ သူမကို ကုတင်ပေါ်က ပေးမဆင်းသေးနဲ့ဦး… သူမရဲ့ ခြေထောက်ကြွက်သားတွေ ကြွက်မတက်စေချင်ဘူးဆိုရင် ခင်များတို့ နှိပ်ပေးပြုပေးတာတွေ လုပ်ပေးလို့ရတယ်… နောင်ကို လှုပ်ရှားတဲ့ အခါကျ အခက်တွေ့မှာတွေ စိတ်ပူစရာ မလိုဘူး… အေးအေးဆေးဆေးသာ နား…”

“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်းရှင်..” မုန့်ဖန်းဖေး သူမ မျက်ရည်များအား သုတ်လိုက်ပြီး လင်းရီရှေ့ ချက်ချင်း ဒူးထောက်ချလိုက်၏။ “ ကျေးဇူးတင်ပါတယ်… တကယ်လို့ ဒါရိုက်တာလင်းနဲ့သာ မတွေ့ခဲ့ရဘူးဆိုရင် ကျွန်မ သမီးလေးရဲ့ ဘဝတော့ ဆုံးပါပြီ…”

“ ဒါ ကျုပ် လုပ်သင့်လုပ်ထိုက်တာပါ…ခင်များ ဒီလို လုပ်စရာ မလိုပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ခွဲစိတ်ခတော့ တောင်းမနေတော့ပါဘူး… ဒါပေမယ့် ပစ္စည်းဖိုးတော့ ပေးရလိမ့်မယ်…”

“ ဒါပေါ့ ဒါပေါ့… ကျုပ်တို့ နားလည်ပါတယ်…”

“ ဒါရိုက်တာလင်း… ကျေးဇူးတင်ပါတယ်… ကျုပ် ခုနလေးတင် စိတ်လောပြီး မှားခဲ့မိတယ်ဗျာ… စိတ်မရှိဖို့ မျှော်လင့်ပါတယ်… “ ရှောင်လီတုံ တောင်းပန်တိုလျှိုးသည့် လေသံဖြင့် ပြောလိုက်သည်။

“ ရပါတယ်.. နားလည်ပါတယ်… တကယ်လို့ ကျုပ်သာဆိုရင်လည်း ဒေါသထွက်မိမှာပဲလေ… ဘာပဲဖြစ်ဖြစ် ကျန်တာကိုတော့ ခင်များတို့ ကိုယ့်ဘာကိုယ်ပဲ ကိုင်တွယ်လိုက်ကြတော့….”

လက်အိတ်များကို အမှိုက်ပုံးထဲ ပစ်ပြီးနောက် လင်းရီ တည်ငြိမ်သည့် ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့ပြီး လူတိုင်း မြင်သာနိုင်သော်ငြားလည်းပဲ မရောက်ရှိနိုင်သည့် သူ၏ နောက်ကျောမြင်ကွင်းကို ချန်ထားရစ်ခဲ့လိုက်သည်။

“ ဥက္ကဌရှောင်… မင်း စိတ်ချလက်ချသာ နေလိုက်တော့… ကလေးက အနာဂတ်မှာ သေချာပေါက် အဆင်ပြေလိမ့်မယ်..”သွမ့်ရုံချွမ်း ပြောလိုက်ပြီး “ မင်း မိသားစုက ချမ်းသာတယ်ဆိုပေမယ့် ဒါရိုက်တာလင်းက မင်းတို့ အတွက် ခွဲစိတ်ပေးတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပဲကွ…”

“ သေချာပေါက်ပဲပေါ့.. သမားကောင်းတွေဆိုတာ ကြုံရခဲတယ်လေ….”

“ ကောင်းပြီ… တခြား ကိစ္စ မရှိတော့ဘူးဆိုရင် ငါလည်း ပြန်တော့မယ်… မင်း မေးစရာ ရှိရင် ငါ့ဆီ ဖုန်းလှမ်းဆက်လိုက်…”

“ ငါ လိုက်ပို့ပေးမယ်…”

“ မလိုဘူး… မင်း သမီးက ခုလေးတင် ခွဲစိတ်ပြီးတာလေ… သူနဲ့ နေပေးလိုက်ပါ…” သွမ့်ရုံချွမ်း ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

“ ဒါဆိုလည်း ငါအားမနာတော့ဘူးနော်… နောက်ကျမှပဲ ထမင်းလိုက်ကျွေးတော့မယ်…”

“ အသေးမွှားလေးပါ… အလျင်လိုစရာ မလိုပါဘူး…”

တစ်ချိန်တည်းတွင် လင်းရီ ဆိုင်သို့ ပြန်ရောက်လာခဲ့၏။

“ အစ်ကိုကြီးလင်း… အဲ့က အခြေအနေ ဘယ်လိုတွေ ဖြစ်သွားလဲတဲ့… ဘာလို့ အစ်ကို တစ်ယောက်တည်း ထွက်လာခဲ့တာလဲ…”

ရှောင်ယွီထုန်ကို ဆေးရုံသို့ ခေါ်ဆောင်သွားပြီးနောက် သူယောင်မှာ ဆိုင်သို့ ပြန်လာခဲ့သည်။ သို့ပေမယ့် လင်းရီက အကြာကြီး နေခဲ့လိမ့်မည်လို့တော့ သူမလည်း မျှော်လင့်မထားခဲ့ပေ။

“ ငါ အဲ့မှာ ခွဲစိတ်မှု လုပ်နေတာလေ… အဲ့တာကြောင့် ခဏ ကြာသွားတယ်…”

“ ဟင်… အစ်ကိုကြီးလင်းက ဘယ်လို ခွဲစိတ်ရမလဲဆိုတာ သိတယ်ပေါ့ ဟုတ်လား…”

All Chapters