← Chapters

ရုတ်ချည်း ပြောင်းလဲမှု

Vol. 72 Ch. 1075

ရုတ်ချည်း ပြောင်းလဲမှု

Vol. 72 Ch. 1075

အမျိုးသမီး ယာဉ်ထိန်းရဲ နှစ်ဦးမှ သူမတို့၏ ဆိုင်ကယ်များကို စက်သတ်လိုက်ကြပြီး ဆိုင်ကယ် ဦးထုပ်ကို ချွတ်လိုက်ကြသည်။

ထိုအထဲ တစ်ယောက်ကတော့ ရှည်လျားသည့် ဆံနွယ်တို့ဖြင့် လေတိုက်တိုင်း လေပေါ်၀ဲနေပြီး ဖြူဖွေးသည့် နှာတံ တစ်ခုကို ပိုင်ဆိုင်ထားကာ တော်တော်လေးလည်း ကြည့်လို့ကောင်းလှသည်။ တစ်ချက် တစ်ချက် မျောလွင့်နေသည့် ဆံနွယ်များကို နားနောက်သည့် သပ်လိုက်သည့် ပုံမှာ သူမကို ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။

အခြားယာဉ်ထိန်းရဲ အမျိုးသမီး တစ်ဦး၏ သွင်ပြင်က မဆိုးလှသော်လည်း သူမ၏ အဖော်နှင့် အတူရှိနေချိန်တွင်တော့ မထင်မရှား ဖြစ်သွားခဲ့ရ၏။

" လိုင်ချီးနဲ့ ချယ်ရီးသီးတွေ ဘယ်လိုရောင်းလဲ... "ဆံပင် အရှည်နှင့် ယာဉ်ထိန်းရဲမေမှ မေးလိုက်သည်။

သူမတို့က အသီးများ ၀ယ်ရန် ရောက်လာကြသည်ကို မြင်တော့ လင်းရီလည်း စိတ်ထဲ သတိကပ်ထားသည်ကို ပြန်လည် ချထားလိုက်တော့၏။

" ၅၀၀ ဂရမ်ကို ယွမ် ၃,၀၀၀... အလှလေးတို့ ကြိုက်တဲ့ အသီးယူကြ... ရောထည့်လို့လည်း ရတယ်...."

အဘယ်ကြောင့်ဆိုသော် ဟော်ယွမ်ယွမ်မှ မနေ့က တနင့်တပိုး စားသွားပြီး သူ လက်ဆောင်ပေးသည်များကိုပါ ထည့်တွက်ကြည့်လိုက်တော့ အသီး ကီလို၀င်ကို ယွမ် ၂,၅၀၀ နှင့် ဆက်လက် ရောင်းချနေ၍ မဖြစ်တော့ချေ။ ထို့ကြောင့် လင်းရီ ပျှမ်းမျှ ဈေးကို အနည်းငယ် တင်လိုက်ပြီး ပိုက်ဆံ တစ်ချို့ ၀င်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။

" နင်ဘာပြောလိုက်တယ်... ၅၀၀ ဂရမ်ကို ယွမ် ၃,၀၀၀ ဟုတ်လား... "

" ဟုတ်တယ်.. ကြားတာ မှန်တယ်.. အဲ့ဒီဈေးပဲ... "

" နင် ပိုက်ဆံ လိုချင်လွန်းလို့ ရူးသွားပြီလား... နိုင်ငံခြားက တင်သွင်းလာတဲ့ အသီးတွေတောင် ဒီလောက် ဈေးမကြီးဘူး... "

" ကျုပ် ရောင်းတဲ့ ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီလေ.. ၀ယ်တာ မ၀ယ်တာ ခင်များတို့ အလုပ်... ဘာဆိုင်လို့ ကျုပ်ကို အရူးလို့ လာပြောနေတာ... "လင်းရီ ပြောလိုက်ပြီး " ပြီးတော့ ဘာလို့ ပြည်တွင်းမှာ စိုက်တဲ့ အသီးတွေက နိုင်ငံခြားက တင်သွင်းလာတဲ့ အသီးတွေထက် ဈေးမြင့်ပြီး ရောင်းလို့ မရတာလဲ... ခင်များတို့က ဘယ်လိုတွေ စဉ်းစားနေကြတာ... ပြည်တွင်းမှာ စိုက်ပျိုးထားတဲ့ အသီးတွေက နိုင်ငံခြားက လာတဲ့ အသီးတွေထက်ကို စုတ်ပြတ်သပ်နေမှ ဖြစ်မှာမို့လို့လား...."

"......... "

" ထင်ထင်... ငြင်းမနေနဲ့တော့... နင့် အဆင့်အတန်းကို ပြန်သတိရဦးနော်... " သူမနှင့် အတူ ပါလာသည့် ရဲမေမှ ပြောလိုက်သည်။

" ငါ မစဉ်းစား တတ်တော့လို့ပါ... ဘယ်လို အသီးမျိုးမို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲလို့... "

" ဒီကိစ္စက စက်မှုနဲ့ ကူးသန်းရောင်း၀ယ်ရေး ဗျူရိုရဲ့ ခန့်ခွဲမှုအောက်မှာလေ... ငါတို့က ယာဉ်ထိန်းရဲတွေပဲ... သူ့ကို ဒဏ်ကြေးကောက်ခွင့် မရှိဘူး... ဒီတိုင်းပဲ မ၀ယ်ကြစို့.. ဟုတ်ပြီလား..."

" ဒါလည်း ကောင်းတာပဲလေ.. "လင်းရီ ပြောလိုက်သည်။

၀မ်ထင် လင်းရီကို အကြည့်စူးစူး တစ်ချက် ပေးလိုက်ပြီး " ငါ နင့်ကို ဒဏ်ကြေး မကောက်နိုင်ဘူးဆိုပေမယ့် နင် ပိုပြီး ဂရုစိုက်တာ ကောင်းမယ်... ဒါက အရမ်း ဈေးကြီးလွန်းတယ်... ဗျူရိုက အရာရှိကြီးတွေ နင့်ကို လာမရှာပါစေနဲ့လို့သာ ဆုတောင်းထားပေတော့..."

" အဲ့တာ ခင်များလေးတို့ ကိစ္စ မဟုတ်ပါဘူး.. ကိုယ့်အလုပ်ကိုယ်သာ လုပ်ကြစမ်းပါ..."

" အဲ့တာ ဘာလေသံလဲ..."၀မ်ထင် ဒေါသ ထောင်းခနဲ ပြန်ဖြစ်လာပြီး " နင့်ကိုယ်နင် ဟုတ်လှပြီ ထင်နေတာလား... ထန်းချိန် အိမ်ယာမှာ နေတဲ့သူတွေကို အရူးလို့ နင်ထင်နေတာလား... လူတွေက နင် ရောင်းတဲ့ ဒီဈေးနဲ့ ၀ယ်လိမ့်မယ်လို့ နင်ထင်နေတာလား...."

လင်းရီ ပခုံးတွန့်လိုက်ပြီး " ကျုပ် ယွမ် သောင်းချီဖိုး ရောင်းပြီးသွားပြီ... ခင်များ ဘာပြောချင်သေးလဲ..."

" နင်.... "

ပြောကြသည်က စည်းမရှိ ကမ်းမရှိသူများသည် နွမ်းပါးသည့် တောင်တန်းဒေသများနှင့် ဆိုးရွားသည့် မြစ်လက်တက်တို့မှ ရောက်လာကြသည်ဟု စကားရှိသည်။ ၀မ်ထင် နောက်ဆုံးတွင်တော့ ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့ချေပြီ။

ဤ အသီးသည်က စကားကို အကျိုးသင့် အကြောင်းသင့် ပြောလို့ကို မရပေ။

" တူမလေး... စိတ်လျှော့ပါဦး..."သူသဟိုင် မတ်တပ်ထရပ်၍ နှစ်ဖက်ကို ရင်ကြားစေ့ပေးရန် ကြိုးပမ်းလိုက်ပြီး " ငါ နင်တို့ကို ဟင်းသီးဟင်းရွက်တစ်ချို့ ထည့်ပေးလိုက်မယ်လေ.. အကုန်လုံးက စိမ်းစိုပြီး လတ်လတ်ဆတ်ဆတ်တွေပဲ.. ဦးလေးတို့က ရွာကနေ အတူလာခဲ့ကြတာ... တူမလေးတို့က ကိုယ့်အဆင့်အတန်းကို မနိမ့်ချလိုက်ကြပါနဲ့ကွယ်..."

လူကောင်းတို့မည်သည် ဘယ်သောအခါမှ ရဲအရာရှိတို့နှင့် ရန်မဖြစ်ဟု စကားရှိထားသည်။ ထိုစကားကို သူသဟိုင် ရင်ထဲ စွဲမြဲစွာဖြင့် နှလုံးသွင်းထားလေသည်။

ဤအရာရှိများက သူစော်ကား၍ မရနိုင်သည့် တည်ရှိမှုများ ဖြစ်၏။

သူသဟိုင်၏ စကားလုံးများက ၀မ်ထင်ကို တည်ငြိမ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းရွက်သည် ဦးလေးကြီး၏ သွင်ပြင်မှာ ရိုးသားသည့် လူတစ်ယောက်နှင့် တူနေသောကြောင့်ပင်။

" စည်းကမ်းတွေအရ ကျွန်မတို့ ပစ္စည်းတွေကို ကြုံသလို လက်ခံလို့ မရပါဘူး... "

ပြောပြီးနောက် ၀မ်ထင် သူမ၏ လုပ်ဖော်ကိုင်ဖက်ကို ကြည့်လိုက်ပြီး " ပြန်သွားကြစို့... "

" အင်း... ငါတို့ ကိစ္စ အသေးလေးအပေါ်မှာ ဒေါသထွက်နေလို့ မဖြစ်ဘူးလေ... "

" ကယ်ကြပါ..."

သူမတို့ နှစ်ယောက် လှည့်ထွက်သွားတော့မည့် အချိန်တွင်ပဲ ရုတ်တရက် ကျယ်လောင်သည့် ဝုန်းခနဲ မြည်သံကြီး ထွက်ပေါ်လာသည်။ သူမတို့ အချိန်မီ သတိပြန်မ၀င်နိုင်သေးခင်မှာပဲ လူတိုင်းကို ကြက်သေသေသွားစေသည့် ကျယ်လောင်သည့် အကူအညီတောင်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့တော့၏။

" သွားပြီး တစ်ချက်ကြည့်ကြစို့..."

သူမတို့က ယာဉ်ထိန်းရဲများ ဖြစ်ကြသော်လည်း အကယ်၍ အက်စီးဒင့် တစ်ခုခု ရှိလာပြီဆိုပါက ချက်ချင်း သွားကြည့်ရမည်။

" အစ်ကိုကြီးလင်း... ရပ်ကွက်ထဲ တစ်ခုခု ဖြစ်သွားခဲ့တယ်နဲ့ တူတယ်နော်... "

" အင်း... "

သူတို့ နှစ်ယောက်သည်လည်း လုပ်စရာ မရှိသောကြောင့် ရပ်ကွက်ထဲ ၀င်လာခဲ့ကြ၏။ အသီးဆိုင်ကိုတော့ လင်းရီ သူသဟိုင်နှင့် ထားပစ်ခဲ့လိုက်လေသည်။

သူတို့ နှစ်ယောက် ရပ်ကွက်ထဲ ၀င်လာသည့် အချိန်မှာပဲ အခင်းဖြစ်ပွားသည့် နေရာကို မြင်တွေ့လိုက်ရ၏။

အမျိုးသမီး နှစ်ယောက် ရှိနေပြီး လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်။ လူငယ် မိန်းမငယ်လေးက အသက် နှစ်ဆယ် အရွယ်လောက်သာ ရှိသေးပုံပေါ်သည်။ သူမ၏ ခြေထောက်အပေါ် လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ကြီးက ဖိထားပြီး နီရဲသည့် သွေးတို့က ဒဏ်ရာမှ တစ်ဆင့် လွတ်လပ်စွာ စီးဆင်းနေခဲ့ကြ၏။ ကောင်မလေး၏ မျက်နှာသည်လည်း ဖြူဖျော့နေပြီး အချိန်မရွေး သတိလစ်တော့မည့် အသွင်ပင်။

" အစ်ကိုကြီးလင်း... သူမအပေါ် အဲ့ဆိုင်းဘုတ်ကြီး ပြုတ်ကျလာတာပဲ... "

သူယောင် လင်းရီ၏ လက်မောင်းကို ခပ်တင်းတင်း ဆွဲထားလိုက်မိသည်။ သူမ အင်မတန် တုန်လှုပ်နေသည်မှာ သိသာလေသည်။

" စိတ်အေးအေးထား..."

လင်းရီ အရှိန်တင်၍ အခင်းဖြစ်သည့် နေရာသို့ ယာဉ်ထိန်းရဲ အမျိုးသမီး နှစ်ယောက်နှင့်အတူ ပြေးလာခဲ့သည်။

" အရာရှိကြီး.. ကျေးဇူးပြုပြီး ကူညီပေးကြပါဦး... ကျွန်မ သမီးလေး ခြေထောက် ကြေမွသွားပြီ...."

သက်လတ်ပိုင်း အမျိုးသမီးမှ ဆွဲဆွဲငင်ငင် အော်မြည်ငိုကြွေးနေပြီး စိုးရိမ်လွန်း၍ စဉ်းစားတွေးခေါ်နိုင်စွမ်းပါ ဆုံးရှုံးသွားခဲ့ကာသူမ မျက်လုံးထဲ ယာဉ်ထိန်းရဲနှင့် မှုခင်းရဲကိုပင် မသဲကွဲတော့ချေ။

" စိတ်အေးအေးထားနော် အစ်မကြီး... ကျွန်မတို့ သေချာပေါက် ကူညီပေးမယ်... "

" ဒီလိုဖြစ်ပြီးမှတော့ ဘယ်သူက စိတ်အေးအေး ထားနိုင်မှာလဲ.. မြန်မြန် ဒီဆိုင်းဘုတ်ကြီး ကူမ ပေးကြဦး... "

လင်းရီ၏ အော်ဟစ်သံကို ကြားပြီးနောက် ပတ်၀န်းကျင်မှ လူများလည်း ဆိုင်းဘုတ်ကို မရန် ရောက်လာခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ရပ်ကွက်ထဲရှိ လုံခြုံရေး အစောင့်များလည်း ရောက်လာခဲ့ကြပြီး ဆိုင်းဘုတ်ကြီးကို လမ်းဘေး ကောက်ပစ်လိုက်ကြ၏။

ကောင်မလေးက လှပသည့် ဂါ၀န်ရှည် တစ်ထည်ကို ၀တ်ဆင်ထားပြီး သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော ခြေထောက်များအား လှစ်ဟာပြနေသည်။ အဓိက ထိခိုက်သွားခဲ့သည်မှာတော့ သူမ၏ ညာဘက် ခြေထောက်ပင်။ တော်တော်ကြီးကို သွေးသံ သရဲရဲနှင့် ဖြစ်နေပြီး အရေပြားနှင့် အသားများလည်း စုတ်ဖြဲခံလိုက်ရသည်။ ငယ်ရွယ် နုနယ်သေးသည့် ကောင်မလေး တစ်ယောက်ကို ယခုလို အခြေအနေမျိုးနှင့် မြင်နေရသည်မှာ တော်တော်ကြီးကို စိတ်မကောင်း ၀မ်းနည်းဖွယ်ရာပင်။

သို့‌‌သော် အခြားတစ်ဖက်ရှိ လင်းရီ အဖို့ကတော့ ဤသည်က ဘာမျှ မဟုတ်ချေ။ ယခုလို မြင်ကွင်းက သူ့အတွက် အသေးအမွှားလေးမျှသာ ဖြစ်၏။

သို့ပေမယ့် လင်းရီ မျက်မှောင် နှစ်ခုကို တင်းကြပ်စွာ ကြုတ်ထားမိသည်။

ကြည့်ရသည်မှာ သူမ၏ ကြွက်သားမျှင်များ ထိခိုက်သွားသည့် ပုံပင်။ အနာပေါ်တွင် ဖန်အကွဲစများကလည်း စိုက်လျက်ရှိပြီး အခြေအနေကို ပို၍ ဆိုးရွားအောင် ပြုလုပ်နေခဲ့ကြ၏။

အသက် အန္တရာယ် မစိုးရိမ်ရသော်လည်း သူမ တစ်ဘ၀လုံး ဒုက္ခိတ ဖြစ်သွားနိုင်ချေတော့ ရှိသည်။ ဤသည်က ငယ်ရွယ်လွန်းသည့် ကောင်မလေး တစ်ယောက်အဖို့တော့ သေသည်ထက်ပင် ဆိုးရွားသည့် ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။

" အန်တီ.. အသက်ကို မှန်မှန်ရှူ... စိတ်ကို အေးအေးထား... ကျွန်မ အခု ၁၂၀ ကို ဖုန်းဆက်နေပြီနော်... " ၀မ်ထင် ဖုန်းကိုင်ထားရင်း ပြောလိုက်သည်။

" ဟုတ်တယ် ဟုတ်တယ် .. ၁၂၀ ကို မြန်မြန်ခေါ်... ငါတို့ မိသားစုက ဆေးရုံက တစ်ယောက်နဲ့ ရင်းနှီးတယ်... ငါတို့ သမီးလေးအတွက် အကောင်းဆုံး ဆရာ၀န်ကို ရှာပေးလို့ရတယ်... "

" ၁၂၀ ကို ခေါ်မနေနဲ့.. အလကားပဲ... "

လင်းရီ ကောင်မလေးကို ကောက်ပွေ့လိုက်ပြီး " သူမ ခြေထောက်က ကြွက်သားမျှင်တွေ၊ သွေးကြောမျှင်တွေနဲ့ နာ့ဗ်အကြောတွေပါ ထိခိုက်သွားတယ်... ၁၂၀ လာတဲ့ အချိန်ထိ စောင့်ပြီး ဆေးရုံခေါ်သွားမယ်ဆို သူ့ခြေထောက်လည်း တစ်သက်လုံး ဒုက္ခိ ဖြစ်ပြီ... "

" နင် တကယ်ကြီး ဒါတွေ နားလည်တယ်ပေါ့... "

" ခင်များထက်တော့ ပိုသိတယ်.. အနည်းဆုံးတော့.... "

" ကောင်လေး.. ဒါဆို အန်တီတို့ ဘယ်လို လုပ်ကြမလဲ... အန်တီ့ကို မြန်မြန် ကူစဉ်းစားပေးပါဦးဟယ်... "

" ခု လုပ်သင့်တာက သွေးကြောမျှင်တွေနဲ့ နာ့ဗ်ကြောတွေကို တတ်နိုင်သမျှ မြန်မြန် ပြန်ချုပ်ဖို့ပဲ.. ပြီးရင် ဖနောင့်ကြော ကြွက်သားမျှင်ကို ချုပ်ရမယ်... ဒါပေမယ့် အချိန်တိုအတွင်း ပြီးအောင် ချုပ်ဖို့တော့ လိုမယ်... အချိန်ပိုပြီး ကြာနေလေ... တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားနိုင်တဲ့ အခြေပနေ များလေပဲ... "လင်းရီ ပြောလိုက်ပြီး " ရပ်ကွက် အပြင်ဘက်မှာ ပုဂ္ဂလိက ဆေးရုံ တစ်ခုရှိတယ်... ကလေးကို အဲ့ပို့ထားလိုက်ရင် သူ အဆင်ပြေနိုင်သေးတယ်... "

ပြောပြီးနောက် လင်းရီ မိသားစု၀င်များ သဘောတူသည်ကို စောင့်မနေတော့ပဲ ကောင်မလေးကို သယ်၍ ပြေးသွားတော့၏။

တစ်ချိန်တည်းတွင် ကောင်မလေး၏ အမေနှင့် ၀မ်ထင်သည်လည်း နောက်မှ လိုက်လာသည်။ သူမတို့သည်လည်း အခင်းသို့ ရောက်နှင့်နေပြီး ဖြစ်သောကြောင့် ကောင်မလေးအတွက် တာ၀န်ယူပေးရလိမ့်မည်။

ကျိုးဟိုင်ရှိ အချမ်းသာဆုံး ရပ်ကွက်များထဲမှ တစ်ခု ဖြစ်သည်နှင့်အညီ ထန်းချိန် အိမ်ယာ အနီးတွင် အင်မတန် နာမည်ကြီးသည့် ပုဂ္ဂလိက ဆေးရုံတစ်ခု ရှိသည်။

တွေဝေနေခြင်း မရှိ၊ လင်းရီ ဒဏ်ရာရနေသည့် ကောင်မလေးကို ထိုနေရာသို့ ခေါ်သွားလိုက်၏။ အဘယ်ကြောင့်ဆိုသော် သွေးကြောများကို ချုပ်ရသည့် အလုပ်က တိကျ သေချာနေရန် လိုအပ်သောကြောင့်ပင်။ အခြေခံ လိုအပ်သည့် နည်းပညာ ပစ္စည်း တစ်ချို့ ရှိသရွေ့ ပြီးဆုံးအောင် ချုပ်ပေးနိုင်သည်။

ထို့ကြောင့် ဟွာရှန်းဆေးရုံကဲ့သို့ ဆေးရုံကြီး တစ်ခုဆီ အချိန်ကုန်ခံပြီး ပို့နေစရာ မလိုတော့ချေ။

" ဘာဖြစ်တာလဲ... ဟင်... မြန်မြန် ဒဏ်ရာရ လူနာကို အထဲခေါ်လာခဲ့ကြ... "

လင်းရီ လက်မောင်းထဲတွင် တစ်စုံတစ်ယောက် ပွေ့ပြီး ပြေးလာနေသည်ကို မြင်တော့ တံခါးစောင့်နေသည့် နာ့စ်မှ ချက်ချင်း တံခါးဖွင့်ပေးပြီး ဆေးကုသခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

နာ့စ်မှာ လင်းရီ ထန်းချိန် ‌အိမ်ယာ ၀င်ပေါက်၀တွင် အသီးရောင်းနေသည်ကို စလာသည့် နေ့ကတည်းက မြင်ဖူးထားလေသည်။

သူက အင်မတန် ခန့်ညားလွန်းတော့ သူမတို့ကဲ့သို့ ငယ်ရွယ်သည့် နာ့စ်လေးများသည် လင်းရီကို သဘာ၀ အလျောက် နှစ်ကြိမ် သုံးကြိမ်ခန့် သမင်လည်ပြန် ကြည့်မိမည်မှာ အမှန်ပင်။

သို့သော်လည်း အချောလေး ရောင်းနေသည့် အသီးက ၅၀၀ ဂရမ်ကို ယွမ် ၂,၅၀၀ ဆိုတော့ သူမတို့သည်လည်း နောက်ပြန်ဆုတ်သွားကြရတော့၏။

တစ်ချိန်တည်းတွင် ပုဂ္ဂလိက ဆေးရုံရှိ ဒေါက်တာများ ၀င်ရောက်လာသည်။ စစ်ဆေးပြီးနောက် သူ လူနာ၏ မိခင်ကို ဘေးသို့ ခေါ်သွားပြီး " ကျွန်တော့် နာမည်က ထောင်လျို.. ကျွန်တော်က ဒီ ပုဂ္ဂလိက ဆေးရုံကြီးရဲ့ ဒါရိုက်တာ တစ်ယောက်ပါ... " " အန်တီ့သမီးရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် အခြေအနေက တော်တော်လေးကို ပြင်းထန်တယ်... သူ့ရဲ့ ဖနောင့်ကြွက်သားတွေ ပေါက်ပြဲနေပြီ... ဒီလို ဒဏ်ရာမျိုးကို ချုပ်ဖို့ ကျွန်တော်တို့ ဆေးရုံအနေနဲ့ အရည်အချင်းနဲ့ မလောက်ငှဘူး... သူမကို ဟွာရှန်းဆေးရုံ ဒါမှမဟုတ် ကျောင်းထုံးတကက္ကသိုလ်ရဲ့ တွဲဖက် ဆေးရုံဆီ ပို့နိုင်မယ်ဆို အကောင်းဆုံးပဲ.. အဲ့က ‌ဒေါက်တာတွေပဲ ဒီလိုမျိုး ခွဲစိတ်မှု လုပ်ဖို့ အရည်အချင်း ပြည့်မှီတာ.... “

All Chapters