← Chapters

အမျိုးသမီး ယာဉ်ထိန်းရဲ အရာရှိများ

Vol. 72 Ch. 1074

အမျိုးသမီး ယာဉ်ထိန်းရဲ အရာရှိများ

Vol. 72 Ch. 1074

လင်းရီသည်လည်း ရန်ကွမ်းရှ၏ စကားလုံးများကို နားလည်ပေသည်။

ယခုသူက အင်မတန် ချမ်းသာနေပြီး ဖြစ်သော်လည်း အာဏာပါဝါကြီးမားသူများ၏ မျက်လုံးထဲတွင်တော့ သူသည်က အမှန်ပင် ဘာကောင်မျှ မဟုတ်ချေ။

အကယ်၍ လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်ခဲ့လျှင်ပင် သူ၏ လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်နှင့် ရှိနေလိမ့်ဦးမည် ဖြစ်၏။

သို့သော်လည်းပဲ အကယ်၍ သူသာ အာဏာ၏ စက်၀န်းနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့မည် ဆိုပါက သူ၏ အနာဂတ်တွင် အကန့်အသတ်မဲ့ ဖြစ်ပေလိမ့်မည်။

“ ကျုပ် နားလည်ပါပြီ…”

“ မင်း နားလည်ရင် ပြီးတာပဲ..” ရန်ကွမ်းရှ ပြောလိုက်ပြီး “ မင်း ဝက်ပေါ်ပြီးရင်လည်း ငါ့ဆီ အသားနည်းနည်းလောက် ပို့ပေးဖို့ မမေ့နဲ့ဦးနော်… ငါ ဝက်သား စားဖို့ စောင့်နေမှာ…”

“ ကျုပ် အကြီးအကဲဆီ လူတိုင်းထက်ကို အရင်ဆုံး ပို့ပေးလိုက်ပါ့မယ်… ဟုတ်ပြီလား… အကြီးအကဲက အသက်ဖြင့် ဒီလောက်ကြီးနေပြီကို လောဘလေး ဘာလေးလည်း နည်းနည်းပါးပါးလောက် လျှော့ပါဦး…”

“ ငါ စောင့်နေမယ်…”

ခေတ္တ စကားပြောပြီးနောက် လင်းရီ ကားထဲမှ ထွက်၍ ထွက်ခွာသွားခဲ့သည်။

လင်းရီ ထွက်ခွာသွားခဲ့သည်ကို ကြည့်ရင်း မိုဟုန်ရှန်းမှ “ ခေါင်းဆောင်… သူ့ကို ဒီအကြောင်းတွေ ပြောပြလိုက်တာက နည်းနည်းလေး စောလွန်းတယ်လို့ မထင်ဘူးလား….”

“ မဟုတ်ဘူး… ငါတော့ အချိန်ကျပြီလို့ ထင်တယ်… သူ ရှေ့တစ်ပတ်လောက်တုန်းက ကျုံးဝေ့တပ်ဖွဲ့မှာ မစ်ရှင်ဆောင်ရွက်ပြီး ဒုတိယအဆင့် သူရသတ္တိ တံဆိပ် ဆုချီးမြင့်ခံခဲ့ရတယ်… သူ ဘာလုပ်ခဲ့လဲ ငါမသိဘူးဆိုပေမယ့် ဒုတိယအဆင့် သူရသတ္တိ တံဆိပ်ကို ရဖို့ ဘယ်လောက်ထိ ခက်ခဲလဲ မင်းသိပါတယ်…”

“ သူက တပ်ဖွဲ့ထဲ ဝင်ပြီးတာတောင် သိပ်မကြာသေးဘူး ဒုတိယအဆင့် သူရသတ္တိ တံဆိပ်ကို ရခဲ့တယ်ပေါ့ … ဟုတ်လား…”

မိုဟုန်ရှန်း နှင့် ကောင်းချုံတို့ ရှော့ခ်ရသွားခဲ့ကြသည်။

“ ငါတောင် စစ်တပ်ထဲ နေလာတာ ဒီလောက်ကြာပြီ… ဒါတောင် တတိယအဆင့် ဆုတံဆိပ်ပဲ ရတယ်…”

“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးက လျှို့ဝှက်လွန်းတော့ ငါလည်း ဒီအကြောင်း သိပ်မမေးလိုက်ဘူး… ဒါပေမယ့် ဒုတိယအဆင့် ဆုတံဆိပ် ရခဲ့တာကို ကြည့်ရင် လင်းရီ လုပ်ခဲ့တာက ကမ္ဘာမြေ တုန်ဟီးလောက်စရာ ကိစ္စ တစ်ခု ဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်လို့ရတယ်… သာမန်လူဆို ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး…”

“ ခေါင်းဆောင် အခုလိုပြောနေတယ်ဆိုတာက သူ သစ္စာဖောက်သွားမှာကို စိုးရိမ်လို့ ပြောပြနေတာမလား….”

“ ငါ အဲ့တာကို စိတ်ပူနေတာ… သူက သိပ် ထူးချွန်လွန်းတယ်… စည်းရိုးအပြင်ဘက်က လူတွေရဲ့ ပစ်မှတ်ထားခြင်း ခံရဖို့ ဘယ်လောက်မှ သိပ်ကြာတော့မှာ မဟုတ်ဘူး… အဲ့နောက်မှာ အမျိုးမျိုး အဖုံဖုံ ဆွဲဆောင်မှုတွေ လိုက်ပါလာမယ်… ဒီလို ကိစ္စမျိုးဆိုတာ ကျုံးဝေ့တပ်ဖွဲ့ သမိုင်းမှာ ပုံမှန်ပဲ… သူက နိုင်ငံကို သစ္စာဖောက်မယ့် လူစားမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်… ဒါပေမယ့် သိသင့် သိထိုက်တာတော့ သိထားရမှာပဲ… သူ လမ်းမှားကြီး လျှောက်လိုက်မိမှာကို ငါတကယ်ပဲ စိုးရိမ်တယ်…”

မိုဟုန်ရှန်းနှင့် ကောင်းချုံတို့ အချင်းချင်း ပြန်ကြည့်ပြီး ပြုံးလိုက်ကြသည်။

“ အဲ့တာက ဖြစ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး.. သူ့ရဲ့ စရိုက်က ကျွန်တော်တို့ ထင်ထားတာထက်တောင် ခိုင်မာသေးတယ်… အဲ့လို အရာလေးတွေလောက်နဲ့တော့ ရင်ခုန်မှာ မဟုတ်ဘူး… ပြီးတော့ သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဓားတစ်စင်း ဖြစ်လာဖို့ သိပ်မကြာတော့ဘူးဆိုတာကို ယုံကြည်တယ်… တိလိရာ့ကျွန်းကို သိမ်းပိုက်နိုင်ဖို့ ဆိုတာ အချိန်တစ်ခုပါပဲ…”

“ ဟားဟား….” ရန်ကွမ်းရှ ရယ်မောလိုက်ပြီး “ ငါလည်း အဲ့လို ထင်ပါတယ်… ဒီလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ လူကို မမြင်ရတာ နှစ်တွေ ဘယ်လောက်‌တောင် ကြာနေပြီလဲ… သူ ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါယုံတယ်…”

ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ထန်းချိန် အိမ်ယာသို့ ကားကို မောင်းသွားလိုက်သည်။

သူ ရောက်သွားတော့ သူသဟိုင်နှင့် သူယောင်တို့က ဆိုင်ခင်းပြီးနေချေပြီ။

“ အစ်ကိုကြီးလင်းက ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ.. ညီမတို့ စောင့်နေတာ‌တောင် တော်တော်လေး ကြာနေပြီ…”

သူယောင် ရောက်လာပြီး ပြောလိုက်၏။

“ အိမ်မှာ ကိစ္စလေး တစ်ခု ပေါ်လာလို့လေ… အဲ့တာကြောင့် နောက်ကျနေတာ… “

လင်းရီ သူသဟိုင် ရှေ့ရှိ ဟင်းသီး ဟင်းရွက်များကို ကြည့်ရင်း “ အစ်ကိုဟိုင်… ဘယ်လိုလဲ .. အခြေအနေကောင်းတယ်မလား… ကုန်တွေတောင် တစ်ဝက်ပဲ ကျန်တော့တာပဲ…”

“ မနေ့ကထက်တော့ ပိုကောင်းလာတာ အမှန်ပဲ… ငါ့အထင် နေ့လည်မရောက်ခင်ကို အကုန် ရောင်းလို့ ကုန်သွားတော့မယ် ထင်တယ်..”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဒါဆို ခုကစပြီး အိမ်မှာ ရောင်းစရာတွေ ရှိရင် ဒီမှာပဲ လာရောင်းလိုက်လေ… ကောင်တီမှ သွားရောင်းတာထက် စာရင် ပိုကိုက်တာပေါ့..”

သူသဟိုင် ရိုးသားသည့် အပြုံးလေးဖြင့် “ အမှန်ဆို ငါလည်း မင်း ရှိလို့သာ ဒီမှာ ဆိုင်လာဖွင့်ရဲတာ… နောက် မင်းမရှိတော့ရင် ငါတို့လည်း ကောင်တီမှာပဲ သွားရောင်းရမှာပဲ…”

“ ခင်များက ဘာတွေ ကြောက်နေတာ… ကျုပ်ကတောင် နေရာ ကြိုလုပ်ပေးပြီးသားကို ဒီမှာပဲရောင်းပေါ့.. ဘယ်သူမှ လာ မရှုပ်စေရဘူး…”

“ အဲ့လိုလည်းမဖြစ်ဘူး…” သူသဟိုင် ပြောလိုက်ပြီး “ ငါ အခု ဒီမှာ အရွက်တွေ လာရောင်းနေတယ် ဆိုတာ ရွာက လူတွေ သိပ်သိကြသေးတာမဟုတ်ဘူး.. တကယ်လို့ ကြာပြီး သတင်းတွေ ပျံ့သွားခဲ့ရင် သူတို့ မင်းဆီ သေချာပေါက် လာရှာပြီး မြို့ထဲမှာ အရွက်တွေ ရောင်းလို့ရအောင် အကူအညီတောင်းကြတော့မှာ… အဲ့ခါကျ မင်းလည်း အနှောက်အယှက် ဖြစ်မယ်… ငါ မင်းကို အနှောင့်အယှက် မပေးချင်ဘူး…”

“ အင်း… ဒါလည်း ဟုတ်တာပဲ…” လင်းရီ ပြုံးလိုက်သည်။

လင်းရီ ဟွမ်ရှီးကျေးရွာ၌ နေထိုင်ရသည်ကို နှစ်သက်ခြင်း အကြောင်းရင်းက ရိုးရှင်းသည့် ရွာသူရွာသားများကြောင့်ပင်။

သူတို့အားလုံးက ကိုယ့်အကြောင်းကိုယ်လည်း အင်မတန် နားလည်ကြပြီး တစ်ဖက်သူအတွက်လည်း စဉ်းစားပေးတတ်ကြ၏။ တစ်ဖို့တည်း ကြည့်သည့် တစ်ကိုယ်ကောင်းသမားများ မဟုတ်ကြချေ။

“ အစ်ကိုကြီးလင်း… အဖေနဲ့ စကားမပြောသေးနဲ့ဦး…ညီမ အစ်ကို့ကို မေးစရာ တစ်ခု ရှိလို့..”

သူယောင် လင်းရီကို ဘေးဘက်သို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားပြီး မျက်နှာထက်တွင်လည်း ဆန်းကြယ်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

“ ဘာဖြစ်တာလဲ..”

သူယောင် သူမ ဖုန်းကို ထုတ်လိုက်ပြီး ကျူကျူ အက်ပ်ကို ဖွင့်လိုက်၏။

“ ညီမ ဒီမနက်တင်ပဲ တောတွင်း ရှင်သန်ခြင်း အစီအစဉ်ကို ကြည့်ခဲ့တာ အဲ့ထဲမှာလေ… အစ်ကိုရီနဲ့ နာမည်ရော ရုပ်ပါ တစ်ပုံစံတည်းတူတဲ့ သူကို မြင်ခဲ့တယ်.. အဲ့တာ အစ်ကိုကြီးလင်းလားဟင်…”

လင်းရီ ဗွီဒီယိုကို ကြည့်လိုက်၏။

ယင်းက ရန်စီ ယခင်တုန်းက ရိုက်ကူးထားသည့် ရှိုးတစ်ခုဖြစ်သည်။ ယခုလို လျှင်မြန်စွာ ပြသလာလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ချေ။

“ အင်း.. အဲ့တုန်းက အပျော်ပဲ ဝင်ပါခဲ့တာလေ… ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့ကွာ.. ဘာမှ ဟုတ်တာလည်း မဟုတ်ပဲနဲ့….”

“ အဲ့တာက ဘာမှမဟုတ်ဘူးပေါ့… ဟုတ်လား…” သူယောင် မျက်လုံး အရောင် လက်သွားခဲ့ပြီး “ အစ်ကိုကြီးက ရှိုးပွဲတစ်ခုမှာလည်း ပါဝင်ဖူးတယ်… တကယ်လို့ အစ်ကိုကြီးလင်းသာ နည်းနည်းလောက်လေး ကြိုးစားလိုက်မယ်ဆိုရင် ဆယ်လီတစ်ယောက် ဖြစ်ဖို့က ပြဿနာ ရှိမှာ‌တောင် မဟုတ်ဘူး… အရေးကြီးဆုံးက အစ်ကိုကြီးက ကျောက်ရင်ညန်နဲ့ တစ်သင်းသားတည်းတွေ ဖြစ်နေတာလေ… ဒါက ဧရာမ ရေပန်းစားမှုကြီးတောင် ဖြစ်လာနိုင်တယ်…”

“ သူက ဒီတိုင်း အဆင့် B စာရင်းထဲပဲ ဝင်တဲ့ ဆယ်လီသာသာလေးပါကွာ… သူ့မှာ ဖန် ဘယ်လောက်များများ ရှိနိုင်မှာမို့လို့…”

“ ဒါကတော့ အစ်ကိုကြီး တွက်တာမှားသွားပြီ…” သူယောင် ပြောလိုက်ပြီး “ ဒီရဲ့ ရှိုးကြောင့်ပဲ သူ့ရဲ့ ရေပန်းစားမှုက မြင့်တက်လာခဲ့တာလေ… ပြီးတော့ ရှေ့သုံးလေးရက်လောက်တုန်းကတောင် TV ဒရာမာ တစ်ခုမှာ ပေါ်လာခဲ့သေးတယ်… ဒုတိယ ဇာတ်ဆောင် မင်းသမီး နေရာကဆိုပေမယ့် တော်တော်လေး ရေပန်းစားနေသေးတုန်းပဲ.. ဝေ့ပေါ်မှာဆိုလည်း ဆက်တိုက်ကို ရေပန်းစားနေတာ အဆင့် A စာရင်းထဲ ဝင်ဖို့တောင် ဘယ်လောက်မှ သိပ်ကြာမှာ မဟုတ်တော့ဘူး… တကယ်လို့ ဒီရှိုးထဲမှာ အစ်ကိုရီက သူနဲ့ တစ်သင်းသားချင်း ဖြစ်ခဲ့တာသာ လူတွေ သိကုန်ရင် အနာဂတ်ကျ သေချာပေါက် မြင့်တက်လာမှာပဲလေ… အစ်ကိုကြီးက အဆင့် A စာရင်းထဲ ဝင်တဲ့ ဆယ်လီတောင် ဖြစ်လာနိုင်သေးတယ်…”

“ မင်းလည်း ငါ့အနေအထားကို မသိတာကျနေတာပဲ.. အဲ့လောက် ပိုက်ဆံ နည်းနည်းလေးလောက်ကို ငါတကယ်ကြီး မမှုတာ…”

“ ဒါလည်း ဟုတ်တာပဲ…”

သူယောင် သူမ ကျိုးဟိုင်သို့ ရောက်လာခဲ့သည့် နေ့ကို ပြန်လည် မြင်ယောင်မိသွားခဲ့သည်။ နေထိုင် စားသောက်စားရိတ်အတွက် ယွမ် သုံးသိန်းကျော်ခန့် အသုံးပြုခဲ့ရသောလည်း အစ်ကိုကြီးလင်းက မျက်တောင် တစ်ချက် မခတ်ခဲ့ပေ။ ယခုလို အနုပညာနယ်ပယ်မှ ရရှိသည့် အနုပညာကြေးက အစ်ကိုကြီးလင်းအဖို့ မစို့မပို့ ပမာဏလေးလောက်သာ ဖြစ်နေနိုင်သည်။

“ နင့် အစ်ကိုကြီးရဲ့ အချိန်ကို သွားဖြုန်းမနေနဲ့… ဒီအသီးတွေ အဖေ့ လာကူချပေးဦး…”

“ ဟုတ် အဖေ….”

သူယောင် လင်းရီ၏ အသီးများကို ချကူလိုက်ပြီး အလုပ်လုပ်ရန် ဟန်ပြင်လိုက်သည်။

နေ့လည်ပိုင်းရောက်တော့ သူယောင်မှ နေ့လည်စာ ထမင်း သုံးဘူး သွားဝယ်လိုက်ပြီး ဤသို့ဖြင့် နေ့လည် ကိစ္စ ဖြေရှင်းပြီး ဖြစ်သွားခဲ့လေသည်။

“ ဒါနဲ့.. မင်း ဒီကို နေ့တိုင်းလာပြီး ဟင်းရွက် လာရောင်းကူနေတာ ကျောင်းတက်ဖို့ မလိုတော့ဘူးလား…”

“ လွန်ခဲ့တဲ့ လဝက်လောက်ကတည်းကရင် နှုတ်ထွက်ထားတာလေ… ညီမက အခု ဒုတိယ အချီအတွက် ပြင်ဆင်နေတာ…”

“ မင်းရဲ့ ရေးဖြေ စာမေးပွဲကရော ပြီးသွားပြီလား..”

“ ပြီးတာ ကြာပေါ့..” သူယောင် ပြုံးလိုက်ပြီး “ နောက် ဆယ်ရက်ဆိုရင် အင်တာဗျူး ဖြေရတော့မှာ … ညီမ အလုပ်သင် လုပ်နေတယ်ဆိုတာက အတွေ့အကြုံ ပိုရအောင်လို့ပဲလေ… ဒါပေမယ့် အင်တာဗျူးဖြေရတော့မှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိသား…”

“ မင်း ရေးဖြေမှာ ဘယ်လောက် ရတာ…”

သူ ကျောင်းတွင် အချိန်တစ်ခုကြာအောင် ကျောင်းဆရာ လုပ်ဖူးသောကြောင့် ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲများနှင့် ပတ်သက်ပြီး နားလည်မှု တစ်ချို့ ရှိထားလေသည်။

ကျောင်းက ဘွဲ့လွန်ကျောင်းသားများ၏ ရေးဖြေ အမှတ်နှင့် အင်တာဗျူး နှစ်ခုပေါင်းပြီးမှ လက်ခံကြခြင်းပင်။

ထို့ကြောင့် အကယ်၍ ရေးဖြေ စာမေးပွဲတွင်သာ အမှတ်ကောင်းခဲ့မည် ဆိုပါက အင်တာဗျူးတွင် ရင်ဆိုင်ရမည့် ဖိအားသည်လည်း သိပ်ကြီးမားလိမ့်မည် မဟုတ်တော့ချေ။

“ ရေးဖြေရလဒ်က အရမ်းတော့ မကောင်းဘူး… ညီမက အောင်တယ်ဆိုပေမယ့် အဆင့် ရှစ်ပဲ ရခဲ့တာ… အင်တာဗျူးကျရင် အများကြီး ကြိုးစားဖို့ လိုနေသေးတုန်းပဲ…”

“ ကောင်းပါတယ်.. မင်း ထင်သလောက်လည်း မဆိုးပါဘူးဟ… အောင်မြင်နိုင်တဲ့ အလားအလာကောင်းတွေ ရှိပါတယ်…”

“ ကျေးဇူးပါ အစ်ကိုကြီးလင်း.. ညီမ သေချာပေါက် ကြိုးစားသွားမယ်…”

မွန်းလွဲပိုင်း တစ်နာရီလောက်ရောက်တော့ သူသဟိုင်၏ ဟင်းသီးဟင်းရွက်များအားလုံး ရောင်းကုန်လုနီးပါး ဖြစ်သွားခဲ့သည်။ ယနေ့ အတွက် သူတို့ အလုပ်ပြီးရန် သိပ်မလိုတော့ချေ။

အခြားတစ်ဖက်ရှိ လင်းရီ၏ စီးပွားရေးကတော့ အခြေအနေ ဆိုးရွားနေသည်။

အသီးများ၏ အရောင်အဆင်း အလုံးအဖန်ကို နှစ်သက်၍ စိတ်ဝင်စားသူများက ဈေးလာလာမေးကြသော်လည်း ဈေးနှုန်းကိုကြားတော့ သရော်ပြုံး ပြုံးသွားခဲ့ကြသည်။

အဆုံးတွင် သူ ယွမ်တစ်သောင်းဖိုးလောက်သာ ရောင်းချလိုက်ရလေသည်။ တော်တော်လေး ဝမ်းနည်းဖွယ်ရာကောင်းသည့် ရလဒ်တစ်ခုဟု သတ်မှတ်၍ရ၏။

ထိုအခိုက်အတန့်တွင်ပဲ လင်းရီ သူ့ဆိုင်ရှေ့သို့ အမျိုးသမီး ယာဉ်ထိန်းရဲ နှစ်ဦး ရောက်ချလာသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်သွားပြီး စိတ်ထဲတွင် ယခုလို ရေရွတ်လိုက်မိတော့၏။

အရင်ဦးဆုံး စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဗျူရိုက အရာရှိတွေ ရောက်လာတယ်.. အဲ့နောက် အထွေထွေရဲတွေ ရောက်လာတယ်… အခုကျပြန်တော့လည်း ယာဉ်ထိန်းရဲတွေ ရောက်ကြလာပြန်ပြီ။

ဘာလို့လဲကွာ…။ သူ ဆိုင်လေး ကောင်းကောင်းဖွင့်နိုင်ဖို့ကို ဌာနပေါင်းစုံက အရာရှိတွေ လာပြီး စစ်ဆေးခိုင်းဖို့ လိုသေးတာလား။

All Chapters